ယန်သခင်လေး
Vol. 1 Ch. 3
ပန်းပုထုရန်အတွက် ပစ္စည်းများစွာ လိုအပ်ပေသည်။ ဆောက်၊တူ၊ဓားပြား၊ပုဆိန်၊လွှ စသဖြင့် ရှိပေသည်။
ပုဆိန်နှင့် လွှများမှာမူ ဝယ်ကူရန် လွယ်သည့်တိုင် သူလိုအပ်သော အခြားပစ္စည်းများမှာမူ ဤကမ္ဘာတွင် ရှိမနေခဲ့ချေ။
ထို့ကြောင့် ပန်းပဲဖိုသို့ ရောက်သောအခါ လီချန်ချင်းသည် လိုအပ်သည့်ပစ္စည်းများ၏ ပုံတူကို အသေးစိတ်ရေးဆွဲပြပြီးနောက် ပန်းပဲဆရာကို ထုလုပ်ခိုင်းရတော့လေသည်။
လီချန်ချင်းတယောက် ထိုထူးဆန်းသည့် ပစ္စည်းများကို ဘာလို့ လိုချင်တာလဲဆိုတာကို ပန်းပဲဆရာက နားမလည်သော်လည်း ငွေစငါးစကို လီချန်ချင်းက ပေးလိုက်သောအခါတွင် ပစ္စည်းများကို သုံးရက်အတွင်း ရစေရမည်ဟု ပြုံးပြုံးရွှင်ရွှင်နှင့် ကတိပြုခဲ့လေတော့သည်။
ထို့နောက်တွင် လီချန်ချင်းသည် သစ်သားများကို စတင်၍ ရွေးချယ်တော့လေသည်။
ပန်းပုထုရန်အတွက် မှန်ကန်သော သစ်သားများကို ရွေးချယ်ရန်မှာလည်း လွန်စွာ အရေးကြီးလှပေသည်။
အလွန်မာကျောသော သစ်သားများသည်လည်း ပန်းပုထုရန်အတွက် အဆင်မပြေပေ။ထို့အတူ အလွန်းပျော့ပျောင်းသော သစ်သားများသည်လည်း အဆင်မပြေပြန်ချေ။လီချန်ချင်း၏ အရင်ဘဝတုန်းက ဟွမ်ဟွာလီနှင့် ကျိထန် သစ်သားအမျိုးအစားမျိုးကို အများဆုံး အသုံးပြုခဲ့လေသည်။သို့သော် ဤလောကတွင်တော့ ထိုကဲ့သို့သော သစ်သားမျိုးကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
ရက်နည်းနည်းကြာသည်အထိ လီချန်ချင်းသည် မြို့အတွင်းရှိ သစ်ဆိုင်များစွာတို့ထံ သွားကာ သူ့အတွက် သင့်တော်မည့် သစ်သားကို သွားရောက်ရှာဖွေခဲ့လေသည်။နောက်ဆုံးတွင် ခရမ်းရောင်ကတ္တပါဟူသော သစ်သားမျိုးကို ရွေးချယ်ခဲ့တော့လေသည်။ထိုသစ်သားများမှာ နှင်းဆီသစ်သားနှင့် ဆင်တူသောကြောင့် သူ့အတွက် ပန်းပဲထုလုပ်ရာ၌ အသုံးဝင်လိမ့်မည်ဟု လီချန်ချင်းက ထင်မြင်ခဲ့လေ၏။
ထို ခရမ်းကတ္တပါသစ်သားကို ဝယ်ယူခြင်းသည် လီချန်ချင်းအား ငွေစနှစ်စသာ ကုန်ကျခဲ့လေ၏။
သစ်သားများကို အိမ်သို့လာပို့သောအခါတွင် သူက ခြံဝင်းထဲ၌ ပစ်ထားလိုက်လေသည်။နေ့လည်စာ စားပြီးသည့်အခါတွင် ပန်းပဲဖိုမှနေ၍ သူမှာထားသော ပစ္စည်းများကို လာပို့လေသည်။
ပစ္စည်းများကို စစ်ဆေးကြည့်ပြီးသောအခါတွင် ပန်းပဲဆရာ၏ လက်ရာများမှာ အမှန်တကယ်ကို ကောင်းမွန်လှသည်ဟု လီချန်ချင်း တိတ်တဆိတ် ချီးကျူးလိုက်လေသည်။သူပြုလုပ်ထားသော ပစ္စည်းများမှာ သူ ရေးဆွဲပေးလိုက်သည့်အတိုင်း တိတိကျကျ လုပ်ထားပြီး အသုံးပြုရန်လည်း လွယ်ကူလှပေသည်။
ဒီရက်ပိုင်းတွင် လီချန်ချင်းမှာ ဆုံးဖြတ်ချက် ချထားခဲ့လေသည်။စစချင်းမှာ ကြီးမားလှသော အရာဝတ္ထုများကို ပန်းပုထုရန်မှာ မဖြစ်နိုင်သေးပါချေ။ထိုအရာများကို ထုလုပ်ရန်မှာ အချိန်အကြာကြီး ပေးရမည့် အပြင် ပန်းပုရုပ်ထုများကို ရောင်းချသည့် ဈေးကွက်ရှိ မရှိဆိုသည်ကို သူ မသေချာပေ။ထို့ကြောင့် လီချန်ချင်းသည် လွယ်ကူသောအရုပ်များကိုသာ အရင်ဆုံး ထုလုပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူက မထုလုပ်ခင်မှာ စာရွက်ပေါ်၌ အရင်ဆုံး ပုံကြမ်းကို ချဆွဲပြီးမှသာ အလုပ်စလိုက်တော့လေသည်။
လီချန်ချင်းသည် ဤလောကသို့ စရောက်စဉ်ကာလတုန်းက သူသည် ရင်ထဲထိအောင် ကြောက်ရွံ့သော ခံစားချက်ကို ခံစားခဲ့ရလေတော့သည်။ဒါပေမယ့် သူနှင့် ရင်းနှီးကျွမ်းဝင်ပြီး သူကိုယ်တိုင် နှစ်ခြိုက်သော အလုပ်ကို လုပ်ဆောင်လိုက်သောအခါတွင် သူသည် ပုံမှန်နှင့်မတူညီစွာ စိတ်ငြိမ်သွားခဲ့တော့လေသည်။
သူသည် ပန်းပုထုခြင်း၏ ဆန်းကြယ်သောအာရုံတွင် နစ်မြောသွားခဲ့တော့လေသည်။
သူ့နဖူးထက်၌ အပြာနုရောင်အလင်းတန်းဖျော့ဖျော့ လင်းလက်လာသည်ကို လီချန်ချင်းကိုယ်တိုင်ပင်လျှင် သတိမထားမိပါချေ။
တနာရီမပြည့်မှီအချိန်လေးမှာပင် လီချန်ချင်း၏ လက်ထဲတွင် အသက်ရှိနေသည့်ဟန်ပန် ရှိနေသော ပန်းပုရုပ်တခု ဖြစ်လာခဲ့တော့သည်။
ပန်းပုရုပ်မှာ အရောင်အသွေးစုံလင်နေသော ကျားတကောင်၏ အရုပ်ဖြစ်ပါသည်။
၎င်းသည် လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့်ရှိပြီး သက်ဝင်ရုပ်လုံးကြွအောင် ထုလုပ်ထားမှုကြောင့် ကျားရုပ်မှာ အသက်ရှိနေသကဲ့သို့ပင်။
၎င်း၏ စူးရှနေသော မျက်လုံးအစုံမှာ သားကောင်ကို ချောင်းမြောင်းနေသည့်အလား တလက်လက်နှင့် တောက်ပနေခဲ့တော့သည်။
ကျားရုပ်၏ နဖူးထက်တွင် “ဘုရင်” ဟူသော စကားလုံးကို ခမ်းနားစွာ ထွင်းထုထားလေ၏။
ကျားရုပ်ထုမှာ ထူးဆန်းသော ကျောက်တုံးတတုံး၏ အပေါ်တွင် ဝပ်နေပြီး စူးရဲသော အကြည့်များနှင့် သားကောင်ကို ကြည့်နေပြီး အချိန်မရွေး ထ ခုန်အုပ်တော့မည့်အလားပင်။၎င်း၏ ပုံစံမှာ အသက်ဝင်နေသည့်အလား အလွန်တရာကို စစ်မှန်လွန်းလှပေသည်။
လီချန်ချင်းသည် စိတ်ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်တော့လေ၏။
ဘာတွေဖြစ်သွားလဲဆိုတာတော့ သူမသိပေ။ပန်းပုထုလိုက်သောအခါတွင် အချိန်များသည် ကုန်မှန်းမသိ ကုန်သွားသည်ဟု သူခံစားလိုက်ရလေတော့သည်။သူက ထိုကဲ့သို့ အချိန်အကြာကြီးပေးပြီး ပန်းပုမထုဖြစ်သည်မှာ အလွန့်ကို ကြာမြင့်ခဲ့ချေပြီ။
ထိုကဲ့သို့ အချိန်အကြာကြီး ပန်းပုထုတာတောင်မှ သူက မပင်ပန်းသည့်အပြင် သူက ပိုပြီး ခွန်အားတိုးကာ လန်းဆန်းလာသလိုပင် ခံစားနေခဲ့ရတော့သည်။
“ကြည့်ရသလောက်ကတော့ ပန်းပုထုတဲ့နေရာမှာ ငါ့ရဲ့ ကျွမ်းကျင်မှု လက်ရာက ပိုတိုးလာခဲ့ပြီပဲ” လီချန်ချင်းသည် သူ၏ လက်ရာကို စိတ်ကျေနပ်စွာကြည့်ကာ တီးတိုး ဆိုလိုက်လေတော့သည်။
“ဒါကို ဈေးဘယ်လောက်နဲ့ ရောင်းရင်ကောင်းမလဲ”
လီချန်ချင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ အချိန်အကြာကြီးတွေးတောလိုက်လေသည်။နောက်ဆုံးတွင်တော့ ငွေပြားငါးပြားနှင့်ရောင်းရန် ဆုံးဖြတ်လိုက်တော့လေသည်။
ရောင်းထွက်ပါ့မလားဆိုတာတော့ သူကိုယ်တိုင်လည်း မသေချာပေ။
သားတယောက်ကို မွေးရသည်မှာ မလွယ်ကူပေ။သူ့သားထံမှ ငွေကြေးများကို မျှော်ကိုးပြီး နေနေ၍ မဖြစ်ပါချေ။သူက သူ့သားကို ရှေးဟောင်းတာအိုတောင်ဂိုဏ်းတွင် သက်တောင့်သက်သာနှင့်သာ ကျင့်ကြံစေလိုပါသည်။သူ့အတွက်နှင့် သူ၏သားဖြစ်သူမှ စိတ်လေးနေရမည်ကို သူမလိုချင်နေခဲ့ပေ။
လီချန်ချင်း၏ ပန်းချီဆိုင်မှာ ရက်အတန်ကြာသည်အထိ ပိတ်ထားခဲ့လေ၏။
နောက်တနေ့နံနက်ခင်းတွင် လီချန်ချင်းသည် လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် ဆိုင်တံခါးနှင့် ပြတင်းပေါက်များကို ဖွင့်လိုက်လေသည်။သူသည် နံရံတွင်ချိတ်ထားသော ပန်းချီကားချပ်များကို ဖြုတ်မချခဲ့ပေ။ဒီဆိုင်က ပန်းချီဆိုင်ပဲ မဟုတ်ပါလား။
သူက ပန်းပုရုပ်တရုပ်ထဲကိုပဲ ဆိုင်ထဲမှာ ထားထား၍ မဖြစ်ပေ။ထိုသို့ လုပ်ခဲ့ပါက သံသယဝင်စရာ အလွန်ကောင်းလိမ့်ပေမည်။
ထိုပန်းချီကားချပ်များမှာ သိပ်မကောင်းသည့်တိုင် တယောက်ယောက်က လိုချင်သည်ဆိုပါက သူက ငွေရရန်အတွက် ရောင်းမည်သာ။
သူထုလုပ်ထားသော ကျားရုပ်ကို ဆိုင်ခန်းရှိ စင်မြင့်လေးပေါ်တွင် တင်ထားလေတော့သည်။ထို့နောက်တွင် လီချန်ချင်းသည် ဈေးဝယ်သူလာမည်ကိုသာ ထိုင်စောင့်နေလိုက်တော့လေ၏။
မနက်မှ ညနေထိတိုင်အောင် လီချန်ချင်းမှာ စောင့်နေခဲ့တော့လေသည်။လူမပြောနှင့် တစ္ဆေပင်လျှင် သူ့ဆိုင်ခန်းသို့ ရောက်မလာခဲ့ချေ။
လူမလာရခြင်းများ၏ ပထမအချက်မှာ သူ့ ဆိုင်ခန်းရှိနေရာနေရာသည် လူအသွားအလာခြောက်ကပ်ကာ ချောင်ကျသော နေရာတွင် ရောက်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ဒုတိယအအချက်မှာ လီချန်ချင်း၏ ပန်းချီကားများမှာ အလွန်သာမန်ဆန်သော အရည်အသွေးတွင်သာ ရှိနေကြောင်းကို လူတိုင်းသိကြသောကြောင့် ဖြစ်လေသည်။
ထိုကဲ့သို့သော သာမန်ဆန်လွန်းသောကြောင့် သူ့ပန်းချီကားများကို ဝယ်ယူသူမှာ အရှုံးကြီးသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူ့ထံသို့ ဝယ်သူများ မလာကြခြင်းသာ ဖြစ်၏။
သူ ဆိုင်ဖွင့်တာ သုံးရက်ရှိခဲ့ချေပြီ။ဝယ်သူ တယောက်မှ မရောက်လာခဲ့ချေ။ထိုကဲ့သို့ ဖြစ်နေမှုမှာ လီချန်ချင်းအား လွန်စွာ ထိတ်လန့်သွားစေခဲ့လေသည်။သူက ဝယ်သူများကို စွဲဆောင်နိုင်သည့် နည်းလမ်းတခုခုကို တွေးမှ ဖြစ်တော့မည်။
နေ့ခင်းကိုတောင် ရောက်နေပြီ ဖြစ်၏။နေ့လည်စာ စားသောက်ပြီးသောအခါတွင် လီချန်ချင်းသည် တရေးအိပ်ရန် ဆုံးဖြတ်ထားလေသည်။သို့ပေမယ့် ထိုအချိန်မှာပင် ပုံရိပ်တခုသည် လီချန်ချင်း၏ ဆိုင်တံခါးဝသို့ ချဉ်းကပ်လာခဲ့တော့၏။
ထိုပုံရိပ်မှာ အသက် ၁၃နှစ် ၁၄နှစ်ခန့်အရွယ်သာ ရှိဦးလိမ့်မည်ဖြစ်သော လူငယ်လေးတယောက်သာ ဖြစ်ပေ၏။သူ၏ မျက်လုံးအရောင်များမှာ မှိန်ဖျော့နေလေ၏။သူ၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်လေးသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသည်ကို သိနိုင်ပေ၏။
“ကြိုဆိုပါတယ် အေးအေးဆေးဆေး လှည့်ပတ်ကြည့်လိုက်ပါဦး” လီချန်ချင်းသည် အလျင်အမြန်ပင် ထိုကောင်လေးအား နှုတ်ဆက်လိုက်လေတော့သည်။ထိုကောင်လေးသည် ကလေးသာသာ လူငယ်လေးဖြစ်သည့်တိုင် ဈေးဝယ်သူဖြစ်သောကြောင့် လေးလေးစားစား ဆက်ဆံရလိမ့်မည်ဖြစ်ပေ၏။
“ခင်ဗျား ကျုပ်ကို မသိဘူးလား” လူငယ်လေးက ရုတ်တရက်မေးလိုက်ခြင်းဖြစ်ပါသည်။
“မင်းကို သိ၊မသိဆိုတာက အရေးပါလို့လား။ငါ့ဆိုင်ထဲကို မင်းရောက်လာမှတော့ မင်းဟာ ငါ့ရဲ့ ဧည့်သည်ပဲလေ။ငါတို့က အရင်ကတည်းက တွေ့ထားဖူး၊သိထားဖူးဖြစ်ဖို့အတွက် လိုအပ်လို့လား” လီချန်ချင်းသည် တည်ငြိမ်စွာနှင့် ပြန်ဖြေလိုက်တော့သည်။
“ငါတို့က အရင်ကတည်းက သိထားဖို့ဆိုတာ လိုအပ်လို့လား” လူငယ်လေးသည် ထိုစကားကြောင့် တွေးတောစရာတခု ရသွားတော့လေသည်။ထိုစကားမှာ စိတ်ဝင်စားဖို့ကောင်းသည်ဟု သူခံစားလိုက်ရတော့လေ၏။
သူက ချန်ထင်မြို့၏ ယန်မိသားစုမှ သခင်လေးဖြစ်လေသည်။ချန်ထင်မြို့ရှိ မိသားစုကြီးများထဲမှ တခုဖြစ်သောကြောင့် ယန်မိသားစုသည် အင်အားကြီးမားကာ လူသိများလှပေသည်။ထို့အပြင် သူက ယန်မိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သော ယန်ပါးထောင်၏ သားလည်းဖြစ်ပေသည်။
ချန်ထင်မြို့က လူတိုင်း ထိုအကြောင်းကို သိကြပေသည်။
ကံဆိုးစွာနှင့် လီချန်ချင်းမှာမူ မသိပါချေ။
ယန်ယွီရှစ်သည် ယန်ပါးထောင်၏ သားဖြစ်ပြီး ယန်မိသားစု သခင်လေးဖြစ်သော်လည်း သူ့၏ ကျင့်ကြံမှုစွမ်းအားမှာ လွန်စွာနိမ့်ပါးလှပေသည်။
ယန်မိသားစုသည် ယန်ယွီရှစ်တစ်ယောက် ကောင်းမွန်စွာ လေ့လာနိုင်ရန်အတွက် ပန်းချီကားချပ်များကို ပန်းချီဆရာများစွာတို့ထံမှ ဝယ်ယူပေးခဲ့လေ၏။
သို့သော် ယန်ယွီရှစ်၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ လိုအပ်သော အဆင့်သို့ မရောက်လာနိုင်ခဲ့ပေ။
ထို့ကြောင့် ပန်းချီကားချပ်များမှာ ဉာဏ်အလင်းပွင့်မှုများကို ရရှိပြီး သူ၏ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွက်နိုင်ခြင်းမှာ လုံးဝကို မဖြစ်လာနိုင်သေးပေ။
ထိုကဲ့သို့နှင့် သုံးနှစ်ကြာမြင့်သွားခဲ့ချေပြီ။
ယန်မိသားစုရှိ အကြီးအကဲများသည် ယန်ပါးထောင်အား နောက်ထပ် ဆက်ခံသူအသစ်ကို ရွေးချယ်ရန်အတွက် ဝိုင်းဝန်းပြီး အကြံပေးနေကြတော့သည်။
စစချင်းတော့ ယန်ပါးထောင်သည် ထိုအကြံပေးချက်များကို ပယ်ချခဲ့ပါသည်။သို့သော် သုံးနှစ်ကြာပြီးနောက်တွင် သားဖြစ်သူ၏ အခြေအနေမှာ တိုးတက်လာခြင်း မရှိသောကြောင့် ယန်ပါးထောင်အနေနှင့် အကြီးအကဲများ၏ ဖိအားပေးမှုများကို ငြင်းဆန်ရန်မှာ တဖြေးဖြေးနှင့် ခက်ခဲလာခဲ့တော့လေသည်။
ယနေ့တွင် မိသားစုရှိ အခြားလူများသည် သူ့အား မကြားတကြားနှင့် လှောင်ပြောင်ကာ ပြောဆိုနေခဲ့တော့လေသည်။သူက ကလေးသာသာအရွယ်ရှိသော လူငယ်လေးတယောက်သာဖြစ်နေသေးသည်မဟုတ်ပါလား။ထိုကဲ့သို့သော ပြောဆိုမှုများကို မည်ကဲ့သို့ ခံနိုင်လိမ့်မည်နည်း။
ထို့ကြောင့် သူက စိတ်ကို ရှင်းရန်အတွက် အပြင်ထွက် လမ်းလျှောက်ခဲ့ခြင်းသာ ဖြစ်လေသည်။
သူ့စိတ်ထဲတွင် အတွေးများစွာနှင့်ယောက်ယက်ခတ်နေခဲ့ခြင်းကြောင့် သူသည် မသိလိုက်မသိဘာသာနှင့် ချင်းယွင်ရပ်ကွက်သို့ ရောက်လာရင် ချန်ချင်းပန်းချီဆိုင်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် ရောက်လက်စနှင့် ယန်ယွီရှစ်သည် အထဲသို့ဝင်ကာ လျှောက်ကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်တော့လေသည်။သူက ပန်းချီဆရာလီဟူသော လူတစ်ယောက်အကြောင်းကို ကြားဖူးလေ၏။ထိုသူ၏ ပန်းချီကားများမှာ လွန်စွာမှကို သာမန်ဆန်လွန်းသည်တဲ့။ဤတကြိမ်တော့ သူကိုယ်တိုင် မြင်တွေ့ရပေတော့မည်။