← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ယန်ယွီရှစ်သည် ဆိုင်ခန်းအတွင်းသို့ လှည့်ပတ်ကာ ကြည့်ရှုလိုက်လေတော့လေသည်။ပန်းချီကား အားလုံးနီးပါးမှာ လက်နက်များနှင့် သားရဲများ၏ ပုံများ ဖြစ်နေတော့လေသည်။

သို့သော် လက်နက်များမှာလည်း ဆွဲဆောင်မှုများ လှစ်ဟာနေခဲ့တော့၏။သားရဲများ၏ ပုံများမှာလည်း လွန်စွာ ညံ့ဖျင်းစွာ ရေးဆွဲထားသည့်အပြင် စိတ်ဝိဉာဉ်စွမ်းအားများလည်း လစ်လပ်နေခဲ့တော့လေသည်။ယန်ယွီရှစ်သည် ထိုအရာများကို မြင်သော် စိတ်ပျက်မသွားခဲ့ပေ နဂိုကတည်းကပင် လီချန်ချင်းကို ကြီးကြီးမားမား မျှော်လင့်မထားခဲ့မိပေ။

သူက ဒီနေရာသို့ လာပြီး အချိန်လာဖြုန်းခြင်း သက်သက်သာ ဖြစ်ပေသည်။ယန်မိသားစုတွင် ရှိသော ပန်းချီကားများနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ ပန်းချီကားမှာ များစွာ နိမ့်ကျနေခဲ့လေတော့၏။အဆင့်တူတွင် လုံးဝကို ရှိမနေခဲ့ချေ။

သူ့အမြင်တွင် လီချန်ချင်းသည် ပန်းချီဆရာတယောက်၏ အဆင့်အတန်း စံနှုန်းတွင်ရှိမနေခဲ့ချေ။

သူ၏ ပန်းချီကားများမှာ လွန်စွာ ညံ့ဖျင်းကာ ဆိုးရွားလှလွန်းသောကြောင့် ဘယ်သူ့ကိုမှ ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ပို့နိုင်ပေလိမ့်မည် မဟုတ်ပါချေ။

သူ့လိုမျိုး ကျင့်ကြံရာ၌ အခက်အခဲရှိသောသူအတွက်ဆိုလျှင် ထည့်ပြောဖို့ပင် မလိုတော့ပါချေ။

သူ၏ ခေါင်းကို ငြင်သာစွာ ခါယမ်းလိုက်ပြီးနောက် ယန်ယွီရှစ်သည် အနောက်ကို လှည့်ကာ အပြင်သို့ ထွက်ရန်ပြင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးထောင့်မှနေ၍ တစုံတခုကို မြင်လိုက်လေတော့သည်။

“အဲ့ဒါက ဘာလဲ” ယန်ယွီရှစ်သည် အနီးသို့ကပ်သွားကာ အံ့အားသင့်နေသည့် ပုံနှင့် မေးလိုက်လေတော့သည်။

ကြမ်းကြုတ်သော ပုံစံရှိသည့် ကျားတကောင်၏ သက်ရှိရုပ်ထုကို သူတွေ့လိုက်ခြင်းဖြစ်ပါသည်။

ယန်ယွီရှစ်သည် သူ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်ခြင်းကို ခံစားလိုက်ရလေတော့၏။သူက ထို သစ်သားပန်းပုရုပ်ထု ရှိနေရာသို့ ဖြေးညင်းစွာ တိုးကပ်သွားလေတော့သည်။

သူက ထိုနေရာတွင် တောင့်တောင့်ကြီးနှင့် ရပ်နေမိတော့လေ၏။

ထိုကျားရုပ်ပန်းပုမှာ အခြား အခြားသော ပန်းချီကားများထက် သူ့အား အဘယ်ကြောင့် ပိုမို စွဲဆောင်နိုင်စွမ်းရှိနေတာလဲဆိုတာကို ယန်ယွီရှစ် မသိပေ။သူ့အမြင်တွင် ထိုကျားရုပ်မှာ အသက်ဝင်လာတော့မည့် အလားပင်။သူက တောင်ပေါ်မှ ကျားဟိန်းသံကိုပင် ကြားလိုက်ရသကဲ့သို့ပင် ခံစားနေရတော့လေသည်။

ကျားဟိန်းသံမှာ ကောင်းကင်ကို ဖောက်ထွင်းသွားကာ သူ၏ နားစည်ကို တုန်ခါသွားစေတော့၏။

ထိုအသံမှာ ပဲ့တင်အထပ်ထပ် ဖြစ်ပေါ်နေပြီး သူ့စိတ်ခံစားချက်တခုလုံးကို လှုပ်ကိုင်သွားခဲ့လေတော့သည်။ယန်ယွီရှစ်သည် ချက်ချင်းပင် ကြီးမားလှသော ဖိအားကြီးကို ခံစားလိုက်ရလေတော့၏။

ဘယ်လိုဖြစ်ပြီး ဒီအရုပ်က ဒီလိုမျိုး စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရတာလဲ။

ယန်ယွီရှစ်မှာ သူသာ ထိုရုပ်ထုကို ကြည့်ကာ လေ့လာမည်ဆိုပါက ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင်လိမ့်မည်ဟု ကောင်းကောင်းကို သိနေခဲ့တော့လေ၏။

ဒီလိုဆိုင်သေးသေးလေးမှာ အံ့ဩဖို့ကောင်းတဲ့ ရတနာတခု ရှိနေခဲ့ရတာလား။

“ဒီသစ်သားပန်းပုရုပ်ကို မင်းသဘောကျတာလား” လီချန်ချင်းသည် ထိုအချိန်တွင် အနားသို့ လျှောက်လာ၏။သူက ယန်ယွီရှစ်တစ်ယောက် သစ်သားပန်းပုရုပ်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရောင်းရန်အခွင့်အရေး ရပြီဟု တွေးထင်သွားတော့လေ၏။

“ပန်းပုရုပ်ထု?” “ဒါကို အဲ့လိုခေါ်တာလား” ယန်ယွီရှစ်သည် သူ့ရင်တွင်း၌ ဖြစ်ပေါ်နေသော အရာများကို မည်သို့ ဖော်ပြရမှန်းမသိအောင် ဖြစ်သွားလေတော့သည်။သူ သိသမျှသော ချီးမွန်းနိုင်သော စကားများမှာ ထိုပန်းပုရုပ်ကို ချီးမွန်းရန် မလုံလောက်သလို ခံစားနေခဲ့ရလေ၏။

ထိုပန်းပုရုပ်မှာ သူ့အား အလွန့်အလွန်ကို သဘောကျစေမိသွားတော့၏။

ယန်ယွီရှစ်၏ လေသံမှာ ချက်ချင်းပင် နူးညံ့ပျော့ပျောင်းသွားခဲ့ပြီးနောက်တွင် လီချန်ချင်းအား လက်သီးဆုပ်ကာ အရိုအသေပေးလိုက်လေ၏။

“ကျွန်တော့်ရဲ့ အပြုအမူတွေက ရိုင်းပျသွားသလို ဖြစ်သွားတာကို ခွင့်လွှတ်ပေးပါ စီနီယာ”

“ဟင် “ လီချန်ချင်းသည် တခဏ ငေးကြောင်သွားခဲ့ရလေတော့သည်။သူက ဘာတွေလုပ်နေခဲ့တာလဲ။

ဘယ်တုန်းက သူ့အပြုအမူတွေက ရိုင်းပျသွားခဲ့ရတာလဲ

ယန်ယွီရှစ်၏ အမြင်တွင် လီချန်ချင်းမှာ ပိုပို၍ပင် ဆန်းကြယ်လာခဲ့တော့လေသည်။လီချန်ချင်းပြုလုပ်ထားသော ပန်းပုရုပ်မှာ ယန်မိသားစုတွင် သူတို့ ငှားရမ်းထားသော ပန်းချီဆရာများ၏ လက်ရာထက် များစွာကို သာလွန်နေခဲ့သည် မဟုတ်ပါလား။

“စီနီယာ ဒီ သစ်သားပန်းပုရုပ်က ရောင်းပါသလား” ယန်ယွီရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်လေတော့သည်။ထိုကဲ့သို့သော ရတနာမှာ ‌ရောင်းချရန် လုံးဝမဖြစ်နိုင်ပေ။

သို့ပေမယ့် ယန်ယွီရှစ်သည် အလွန်တရာမှကို လိုချင်နေခဲ့၏။

ထို သစ်သားပန်းပုရုပ်မှာ သူ့အတွက် မျှော်လင့်ချက်ဟု သူခံစားနေခဲ့မိလေတော့သည်။ထိုရုပ်ထုသာ ရှိနေသရွေ့ သူဉာဏ်အလင်းပွင့်ကာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ပေ၏။

ထိုအချိန်ကျလျှင် သူက ယန်မိသားစု၏ နောက်တက်မည့် မိသားစု ခေါင်းဆောင်ငယ်တယောက် ဖြစ်လာနိုင်ပေလိမ့်မည်။

“ပြောရမယ်ဆိုရင်...” လီချန်ချင်းသည် ထို ပန်းပုရုပ်ကို ဝယ်ယူ၍ ရသည်ဟု ပြောမလို့ရှိသေး စိတ်မရှည်နိုင်သော ယန်ယွီရှစ်မှာ သူ့ အရှေ့တွင် ချက်ချင်းကို ဒူးထောက်ချလိုက်တော့လေ၏။

“ကျွန်တော်‌တောင်းပန်ပါတယ် စီနီယာ၊ကျွန်တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ” ယန်ယွီရှစ်မှာ မျှော်လင့်ကိုးစားသော လေသံနှင့် တောင်းဆိုလိုက်လေတော့သည်။

အဲ့လောက်ထိလုပ်ဖို့က လိုအပ်လို့လားဟ

သူက အဲ့ဒီ့ပန်းပုရုပ်ကို အဲ့လောက်‌တောင်မှ ကြိုက်နေရတာလား။

ယန်ယွီရှစ်မှာ ထိုကဲ့သို့ စိတ်အားတက်ကြွနေမှန်းကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တော့သည်။

“ရတယ်လေ” လီချန်ချင်းက ခပ်မြန်မြန်ပင် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ထရပ်လိုက်ပါ”

“ဒီ ပန်းပုရုပ်က တန်ဖိုးဘယ်လောက်ရှိလဲဆိုတာကို ကျွန်တော်မသိပါဘူး” ယန်ယွီရှစ်သည် ခပ်မြန်မြန်ပင် ပြောလိုက်လေတော့သည်။

လီချန်ချင်းသည် နဂိုကတည်းက တွက်ဆထားသော ရောင်းဈေးအတိုင်း လက်ငါးချောင်းထောင်ပြလိုက်လေ၏။

ငွေပြားငါးပြား...

ယန်ယွီရှစ်သည် ထိုဈေးကို ဈေးများသည်ဟု ထင်နေပါက ငွေပြားသုံးပြားအထိ ဈေးလျှော့ပေးရန် ဆုံးဖြတ်ထားလေ၏။

ထိုထက် နိမ့်ကျသော ဈေးနှုန်းဆိုလျှင်တော့ သူ မရောင်းရန် ဆုံးဖြတ်ထားလေသည်။

လီချန်ချင်း၏ လက်ငါးချောင်းကို မြင်သည်နှင့် ယန်ယွီရှစ်မှာ လုံးဝ တုန့်ဆိုင်းမနေခဲ့ပေ။သူ၏ ဝတ်ရုံလက်မှ ငွေလက်မှတ်များကို ထုတ်ကာ စားပွဲပေါ်သို့ ရိုက်ချလိုက်လေ၏။

“ကျွန်တော် ဝယ်မယ်ဗျာ”

လီချန်ချင်း၏ တုန့်ပြန်မှုကိုပင် စောင့်မနေ‌တော့ပဲ ယန်ယွီရှစ်သည် ပန်းပုရုပ်ထုကို ရင်ဘက်ထဲပိုက်ကာ ဆိုင်အပြင်သို့ ပြေးထွက်သွားခဲ့လေတော့၏။သူ့ ပုံစံမှာ လီချန်ချင်းတယောက် စိတ်ပြောင်းကာ မရောင်းတော့မည်ကို စိုးရိမ်နေသည့်အလား ဖြစ်နေ၏။

“ဒီကောင်လေး ဘာတွေကို စိတ်ပူနေတာလဲ မသိဘူး”

“ငွေပြားငါးပြားနဲ့ ညီမျှတဲ့ ငွေလက်မှတ်ကော ရှိလို့လား” လီချန်ချင်းသည် စိတ်ရှုပ်ထွေးစွာနှင့် ငွေလက်မှတ်များကို ကောက်ယူလိုက်တော့လေသည်။

ဟ ငွေပြား ငါးထောင်တောင်

မှန်၏ သူ့ကို ပေးသွားသည်မှာ ငွေပြားငါးထောင်တန် ငွေလက်မှတ်ပင် ဖြစ်ပေ၏။

“ဘာတုန်းဟ” လီချန်ချင်း၏ ပထမဆုံး အမူအရာမှာ ထိုငွေလက်မှတ်များမှာ အတုတွေ ဖြစ်သည်ဟူသော အမူအရာပင် ဖြစ်၏။အတုများ ဖြစ်သောကြောင့် ယန်ယွီရှစ်တယောက် အသည်းအသန် ထွက်ပြေးသွားခြင်း ဖြစ်ရမည်။

သို့သော် အချိန်ကြာကြာ စစ်ဆေးကြည့်ရှုပြီးသောအခါတွင်မူ ငွေလက်မှတ်များမှာ အတုနှင့် တူမနေခဲ့ပေ။

လီချန်ချင်းသည် ထိုင်ခုံပေါ်သို့ ပစ်ကျသွားပြီးနောက် ဘဝနှင့်ပတ်သက်ပြီး မယုံကြည်နိုင်အောင် သံသယတွေဝင်သွားခဲ့တော့လေ၏။

ပန်းပုရုပ်လေးတရုပ်ကို ငွေပြားငါး‌ထောင်နဲ့ ဝယ်တယ်တဲ့လား။

ဒါက အနုပညာကို ရူးသွပ်တာ မဟုတ်တော့ဘူး။

ဦးနှောက်ချောင်နေတာပဲ

ဤလောကတွင် ငွေပြားငါးထောင်က မည်မျှတန်သလဲဆိုတာကို သူကောင်းကောင်း သိလေသည်။ သာမန်လူများအဖို့ သူတို့တဘဝလုံးရှာတာတောင် ထိုငွေပြားငါးထောင်တန်ဖိုးကို မရရှိကြချေ။

သူ၏ သားဖြစ်သူ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ကျင့်ကြံကာ တပည့်ဖြစ်နေသူပင်လျှင် တလမှ ငွေပြား တစ်ရာကျော်သည်ဆိုရုံလေးသာ ရရှိပေ၏။

ခုနက ကောင်လေးက ဘယ်သူမို့လို့လဲ။သူက ဘာလို့များ အဲ့လောက်ထိတောင် ချမ်းသာနေခဲ့ရတာလဲ‌။

ချမ်းသာသလောက် ဦးနှောက်မရှိဘူးပဲ

ဒီတကြိမ် အရောင်းအဝယ်နဲ့တင်ပဲ သူ အငြိမ်းစားယူပြီး အနားယူလို့ရပြီ မဟုတ်လား

“နေဦး” လီချန်ချင်းသည် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်လေတော့သည်။သူက ကလေးပဲ ရှိသေးတော့ ငွေကြေးတန်ဖိုးကို ကောင်းကောင်းမသိဘူးထင်တယ်။

ငွေပြားငါးထောင်ဆိုတာက ချမ်းသာတဲ့ မိသားစုအတွက်ဆိုရင်တောင်မှ သေးငယ်တဲ့ ပမာဏမှ မဟုတ်တာ။

သူ့မိသားစုထဲမှ လူကြီးများသည် ထိုကလေးမှ ပန်းပုရုပ်အတွက်နှင့် ငွေပြားငါးထောင်ကို ဖြုန်းတီးခဲ့သည်ကို သိရှိသွားပါက အိမ်သို့ တံခါးလာခေါက်ကာ ပြန်တောင်းကြလိမ့်မည် ဖြစ်ပေသည်။

သူသာ ပြန်မပေးပါက သူ့အား အရှင်လတ်လတ် အရေခွံနွှာမလားဆိုတာ မပြောတတ်ပေ။ဤ ရှေးဟောင်းကမ္ဘာတွင် အကျိုးအကြောင်း ပြောဆို၍ ရချင်မှ ရမည်။လက် အရင်ပါနိုင်ခြေ ရှိပေ၏။

“ဟူးး” လီချန်ချင်းသည် လက်ထဲရှိ ငွေလက်မှတ်များကို ကြည့်ကာ သက်ပြင်းဖျော့တချက်ကို ချလိုက်လေတော့သည်။

“တယောက်ယောက်လာယူမလားဆိုတာကို ကြည့်ရအောင်။လာရင်တော့ ပြန်ပေးရမှာပေါ့”

တကယ်လို့ တယောက်မှ လာမယူရင်တော့ တခြားတနည်းကို စီစဉ်ရတော့မှာပေါ့။

ယန်အိမ်တော်

နေဝင်ရီတရောအချိန်

“သခင်ကြီး တကယ်ပဲ အဲ့ဒီ့လို ဆုံးဖြတ်လိုက်ပြီလား”

အခန်းတွင်းတွင် တန်ဖိုးကြီးမားပြီးလှပသော အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတယောက်သည် သူမ၏ အရှေ့တွင် ရှိသော အမျိုးသားကို စိတ်မချမ်းမြေ့သော အမူအရာနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

ထိုအမျိုးသားမှာ ယန်ပါးထောင်မှ လွဲ၍ အခြားသူ မဟုတ်ချေ။လက်ရှိ ယန်မိသားစု ခေါင်းဆောင်ပင် ဖြစ်ပါသည်။

သူ့မျက်နှာမှာ ခံစားချက်ကင်းမဲ့နေကာ သူ့မျက်လုံးများမှာလည်း ဆုံးဖြတ်ထားပြီးသော အမူအရာနှင့် ဖြစ်နေ၏။

“ငါ ဆုံးဖြတ်ပြီးပြီ ယင်းအာ။ငါက ယန်မိသားစုခေါင်းဆောင် ဖြစ်ပေမယ့် မိသားစု တစုလုံးက ငါ့လက်အောက်ကို လုံးလုံး မရောက်နေသေးဘူး” ယန်ပါး‌ထောင်သည် တည်ငြိမ်စွာနှင့် ပြောလိုက်လေတော့သည်။

“ယွီရှစ်က နောက်နှစ်ဆိုရင်ပဲ ၁၅နှစ်ပြည့်ပြီ ဒါပေမယ့် သူက သေမျိုးလောကကို ကျော်လွန်ပြီး တက်လှမ်းခြင်းအဆင့်ကိုတောင် မရောက်နိုင်သေးဘူး။သူသာ တာအိုကို မဖမ်းဆုပ်နိုင်ဘူးဆိုရင် အနာဂတ်မှာ ယန်မိသားစုကို သူဦးဆောင်နိုင်မှာ မဟုတ်ဘူး။ဒါကြောင့် ငါဒီဆုံးဖြတ်ချက်ကို မလွဲမရှောင်သာနဲ့ ဆုံးဖြတ်ရတာပဲ”

“ဒါပေမယ့် ဒါက ယွီရှစ်အတွက် ရက်စက်လွန်းရာ ကျပါတယ်” အမျိုးသမီးမှာ ဝမ်းနည်းနာကျင်စွာ ဆိုလိုက်တော့လေသည်။

“သူက မငယ်တော့ဘူး။အနှေးနဲ့ အမြန် သူကြုံတွေ့ရမယ့်အရာတွေဆိုတာ ရှိနေတယ်” ယန်ပါးထောင်သည် သက်ပြင်းတချက်ချကာ ဆိုလိုက်လေတော့သည်။

“ယုယွင်သာ ယောကျ်ားလေးသာ ဖြစ်လို့ကတော့ မိသားစုခေါင်းဆောင်နေရာကို အသာလေးဆက်ခံလို့ရတယ်။မဟုတ်ရင် အခုလို အခြေအနေမျိုးကို ရောက်လာစရာ အကြောင်းကို မရှိဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ယန်ပါးထောင်သည် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားတော့လေသည်။ထိုအချိန်တွင် အပြင်ဖက်ရှိ ခြံဝန်းလေးထဲတွင် ပုံရိပ်ခြောက်ခုမှာ သူ့အား စောင့်ဆိုင်းနေခဲ့ကြတော့၏။

ထို လူခြောက်ယောက်စလုံး၏ အကြည့်များမှာ ယန်ပါးထောင်ကို စိုက်ကြည့်နေကြတော့သည်။

“မိသားစုခေါင်းဆောင်က ဆုံးဖြတ်ချက်ချပြီးသွားပြီလား” အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်မှာ ‌ရှေ့သို့ ခြေတလှမ်းတိုးကာ အလွန်ရိုသေစွာနှင့် မေးလိုက်လေတော့သည်။

“မဆုံးဖြတ်ရသေးဘူးဆိုရင်လည်း ကျုပ်တို့ ဒီနေရာမှာပဲ ဆက်စောင့်နေပါ့မယ်”

“သွားကြစို့” ယန်ပါးထောင်၏ အေးစက်သော အကြည့်မှာ အားလုံးကို လွှမ်းခြုံသွားလေတော့၏။

“ယွီရှစ်ကို သွားရှာကြမယ်။ငါတို့က သူ့ရဲ့ သခင်ငယ်လေးဆိုတဲ့ အဆင့်အတန်းကို ရုတ်သိမ်းမယ်ဆိုမှတော့ သူ့ကို မျက်နှာချင်းဆိုင် တဲ့တိုး ပြောပြသင့်တာပေါ့”

All Chapters