အခန်း (၆)
Vol. 1 Ch. 6
လီချန်ချင်းသည် သူတို့လာမယ်မှန်း ကြိုသိထားလေသည်။
သားဖြစ်သူမှာ ပန်းပုရုပ်ထုလေးတခုကို ငွေစငါးထောင်တောင် ပေးဝယ်မှတော့ မိဘတွေကိုယ်တိုင်လိုက်လာပြီး ငွေပြန်တောင်းမှာပဲလေ။
ထို့ကြောင့် လီချန်ချင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်လေ၏။
ယန်ယွီရှစ်၏ အပြုအမူများမှာ လွန်စွာ ရိုသေခြင်းကိုလည်း သူ မအံ့ဩနေပါချေ။အဘယ်ကြောင့်ဆိုသော် သူတို့က ငွေပြန်တောင်းဖို့ ရောက်လာကြသည်မဟုတ်ပါလား။သူတို့၏ အပြုအမူများမှာ ယဉ်ကျေးနေကြမည်မှာ ပုံမှန်သာ ဖြစ်၏။
သူတို့သည် ဆိုင်ထဲသို့ ရောက်လာပြီးနောက်တွင် ဆိုင်ရှိ ခင်းကျင်းပြသထားသည့် ပစ္စည်းများကို မြင်သည့်တိုင် ဘာတခွန်းမျှ မပြောကြပါချေ။
လီချန်ချင်း တယောက် အနောက်သို့ လှည့်ကာ သစ်သားသေတ္တာလေးထဲမှ ငွေငါးထောင်ကို ထုတ်ယူနေစဉ်အချိန်တွင် ယန်ပါးထောင်က သားဖြစ်သူ ယန်ယွီရှစ်အား မျက်စပစ်လိုက်လေသည်။
ဘုတ် (ဒူးထောက်ကျသံ)
ယန်ယွီရှစ်သည် ချက်ချင်းကို ဒူးထောက်ချလိုက်တော့လေ၏။
“မင်းဘာလုပ်နေတာလဲ” လီချန်ချင်းသည် ထို ဒူးထောက်ချလိုက်သော အသံကြောင့် ရုတ်တရက် ထိတ်လန့်သွားခဲ့လေတော့၏။ငွေပြန်အမ်းရန်အတွက် ထိုမျှ ကြီးလေးသော အပြုအမူမျိုးကို တဖက်လူဖက်က လုပ်လိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ပါချေ။
“မနေ့ကတုန်းက ဒီကလေးက မသိနားမလည်ပဲ ဟောဒီ့က ဆရာကြီး အပေါ်ကို ရိုင်းပျမိခဲ့ပါတယ်။ဒီနေ့ ဒီကလေးက ရိုင်းပျမှုအတွက် လာတောင်းပန်တာပါ”
ယန်ယွီရှစ်သည် ပြတ်သားစွာဆိုလိုက်ပြီးနောက် နဖူးနှင့် မြေကြီး ထိအောင် ဝပ်တွားလိုက်လေတော့၏။
“ဟမ်?” လီချန်ချင်းသည် ယန်ယွီရှစ်၏ စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားခဲ့လေ၏။
စော်ကားမိလို့ လာတောင်းပန်းတယ်ဆိုတာက ဘာကြီးလဲ?
“ဆရာကြီးခင်ဗျား ကျုပ်တို့ ယန်မိသားစုဝင်တွေ ဒီနေ့ ရောက်လာခဲ့ရတာကတော့ ဒီကလေးရဲ့ မသိနားမလည်ပဲ ပြုမူခဲ့တဲ့ အပြုအမူတွေ အတွက် လာပြီး တောင်းပန်တာပါ”
ယန်ပါးထောင်နှင့် ကျန် အကြီးအကဲသုံးဦးတို့မှာ နောက်သို့ ဆုတ်ကာ ဦးခေါင်းများကို နှိမ့်ကာ အရိုအသေပေးပြီး တောင်းပန်နေကြတော့လေသည်။
ဘာတွေဖြစ်နေတာလဲ
လီချန်ချင်းသည် လက်ရှိအခြေအနေကြောင့် ခေါင်းတော်တော် ရှုပ်နေခဲ့ချေပြီ
လီချန်ချင်း၏ ခေါင်းထဲ၌ အတွေးများစွာတို့ ဖြတ်ပြေးနေခဲ့ချေပြီ။သို့ပေမယ့် သူက ဘာတခွန်းမျှ မပြောသေးပါချေ။ဒီအခြေအနေက ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်ချက်ချလိုက်လေသည်။ထို့ကြောင့် သူက ငွေပြားငါးထောင်ကို အိပ်ထဲမှ မထုတ်သေးပဲ အင်္ကျီဝတ်ရုံလက်ထဲတွင် ခဏ ဝှက်ထားလိုက်လေသည်။
ထို့နောက်တွင် သူက တည်ငြိမ်စွာ ပြောလိုက်တော့လေသည်။
“ကျေးဇူးပြုပြီး ထိုင်ကြပါဦး။ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး”
“ဆရာကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
ထိုလူစုမှာ တညီတညာတည်း သံပြိုင်အော်ဟစ်လိုက်ပြီး အရိုအသေ ထပ်ပေးကာ ကုလားထိုင်များတွင် ဝင်ထိုင်လိုက်ကြလေတော့သည်။
ယန်ယွီရှစ်မှာလည်း ဒူးထောက်ရာမှ ထကာ ယန်ပါးထောင်၏ နံဘေးတွင် ဝင်ထိုင်လိုက်လေ၏။
လီချန်ချင်းမှာ ခပ်မဆိတ်နေရင်း တဖက်မှ စကားစပြောမည်ကို စောင့်စားနေခဲ့သည်။သူက ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိချင်နေမိ၏။
“ဒီသေးငယ်တဲ့ ချန်ထင်မြို့လေးမှာ ဆရာသခင်တယောက် ပုန်းကွယ်နေမယ်လို့ ကျုပ်တကယ် မထင်ခဲ့မိဘူး”
ယန်ပါးထောင်သည် သူ၏ လက်ကို အရိုအသေပြုဟန် ဆုပ်ကိုင်ရင်း ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။
“မနေ့ကတုန်းက ဒီကလေးက အကောင်းအဆိုးကို နားမလည်ပဲနဲ့ ဆရာကြီးရဲ့ ရတနာကို ရောင်းတဲ့ ပစ္စည်းအမှတ်နဲ့ ယူသွားခဲ့မိပါတယ်၊အဲ့ဒီ့လုပ်ရပ်က တကယ့်ကိုပဲ မသင့်တော်လှပါဘူး။ကံကောင်းတာက ဆရာကြီးက ကလေးရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်သည်းခံပေးခဲ့ပါတယ်”
ယန်ပါးထောင်သည် စကားပြောဆိုနေရင်းနှင့်ပင် သေတ္တာလေးတလုံးကို ထုတ်ယူလိုက်တော့သည်။ထို သေတ္တာထဲတွင်တော့ သူမနေ့က ထုလုပ်ထားသော ကျားရဲရုပ်ထု ရှိလေသည်။
လီချန်ချင်းသည် ပန်းပုရုပ်ထုကို တချက်ကြည့်ကာ ခန့်မှန်းလိုက်လေ၏။အခြေအနေကို တိတိပပ မသိသော်လည်း သူက တည်ငြိမ်စွာ ပြုံးရင်း ယန်ပါးထောင် ဆက်ပြောမည့် စကားကိုသာ စောင့်နေလေတော့၏။
ဒီလိုမျိုး ရတနာက ငွေငါးထောင်ထက်မက ပိုပြီး တန်လွန်းပါတယ်ဗျာ၊ကျုပ်တို့က ဒီရတနာကို မနေ့ကတည်းကိုက လာပေးချင်ခဲ့တာပါ။ဒါပေမယ့်ဗျာ ဒီကလေးက ဒီရတနာကို အသုံးချပြီးတော့ ဉာဏ်အလင်းပွင့်သွားခဲ့ရတယ်လေ။အဲ့ဒါကြောင့် ရတနာထဲမှာ ပါဝင်တဲ့ စွမ်းအား နည်းနည်းတော့ လျော့ပါးသွားခဲ့တယ်။အဲ့လိုဖြစ်သွားခဲ့တာကြောင့် ကျုပ်တို့ ယန်မိသားစုက ဆရာကြီးဆီကို လာပြီး ခွင့်လွှတ်မှုကို လာတောင်းခံရတာပါ”
ထိုစကားဆုံးသွားသည်နှင့် ယန်ပါးထောင်နှင့် ကျန်သူများသည် ချက်ချင်းထရပ်လိုက်ကြပြီး လီချန်ချင်းကို ဦးညွတ်အရိုအသေ ပေးလိုက်ကြပြန်သည်။
ထိုအချိန်ကို ရောက်မှသာ လီချန်ချင်းသည် ဖြစ်ပျက်နေသမျှကို လုံးစေ့ ပတ်စေ့ နားလည်သွားခဲ့လေတော့သည်။
တချိန်တည်းမှာပင် ထိုအဖြစ်ကြောင့် သူ့ကို အနည်းငယ် လန့်သွားစေမိသည်။
ဒီပန်းပုရုပ်တွေက တကယ်ပဲ ဒီကောင်လေးကို ဉာဏ်အလင်းပွင့်သွားစေခဲ့တာလား။
ဉာဏ်အလင်းပွင့်တယ်ဆိုတာက ပန်းချီကားတွေကို ကြည့်ပြီးမှ ရလာတာမျိုး မဟုတ်ဘူးလား။
ဖြစ်နိုင်တာက သူထုတဲ့ ပန်းပုရုပ်ထုတွေမှာကော ဒီလိုမျိုး သက်ရောက်မှုတွေ ရှိနေခဲ့တာလား။
ဟုတ်တော့လည်း ဟုတ်ပါသည်။ပန်းချီနှင့် ပန်းပုတို့မှာ အနုပညာသဘောတရားအရ အတူတူသာ ဖြစ်လေသည်။ထို့အပြင် ပန်းပုမှာ ပိုမိုစစ်မှန်ပြီး ရှု့ထောင့်ပေါင်းစုံမှ ကြည့်ရှုလေ့လာနိုင်ပေသည်။ဖြစ်နိုင်တာက အဲ့ဒီ့လို အားသာချက်ကြောင့်ပဲ သာမန် ပန်းချီကားထက် ဉာဏ်အလင်းရတာ ပိုလွယ်ကူနေတာများလား
အခု အခြေအနေကို ကြည့်ရသလောက်ကတော့ သူတို့က ငွေ ပြန်လာတောင်းတဲ့ ပုံစံမျိုးတော့မဟုတ်နေဘူး။
“ခင်ဗျားက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ” လီချန်ချင်းသည် သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ချုပ်ထိန်းရင်း တည်ငြိမ်စွာနှင့် ဆိုလိုက်တော့လေသည်။
“ကျုပ်က ဒီကလေးနဲ့ ကံစပ်နေတာမို့လို့ပါ။ဒီကလေးက ပန်းပုရုပ်ကို မြင်မြင်ချင်း သဘောကျပြီး ရွေးချယ်သွားတဲ့ လုပ်ရပ်ကပဲ ကံတရားကြောင့်ဆိုတာကို သက်သေပြပြီးသား ဖြစ်နေခဲ့ပါပြီ။ကံတရားကို အတင်းအကြပ်လုပ်ယူလို့ မရဘူး။ကံတရားဆိုတာက သူ့အလိုလို ဖြစ်တည်လာတဲ့ အရာပဲ။အရာရာတိုင်းမှာ သူ့လမ်းကြောင်းနဲ့ သူရှိတယ်။ကျုပ်က လမ်းကြောင်းအတိုင်းကို လျှောက်ခဲ့ရုံတင်ပါ”
“အဲ့လိုဆိုရင်တောင်မှ ဆရာကြီးကို ကျွန်တော်က ကျေးဇူးတင်ရပါဦးမယ်” ယန်ယွီရှစ်မှာ ရင်တွင်းမှ ပါသော လေသံနှင့် လီချန်ချင်းအား ကျေးဇူးတင်လိုက်ပြန်လေသည်။လီချန်ချင်းကြောင့်သာ မဟုတ်ပါက သူသည် ယခုလောက်ဆိုလျှင် ယန်မိသားစု၏ ခေါင်းဆောင်ငယ်ဟူသော နေရာကို ဆုံးရှုံးသွားခဲ့ရချေလောက်ပြီ မဟုတ်ပါလား။
သူ့ ဘဝတလျှောက်လုံးတွင် သာမန်လူတယောက်ဘဝကဲ့သို့ နေထိုင်နိုင်သွားရလောက်သည် မဟုတ်ပါလား။
ထိုကဲ့သို့သော အဖြစ်မျိုး မဖြစ်အောင် လီချန်ချင်းက ပြောင်းလဲပစ်ခဲ့လေသည်။
“ဆရာကြီး ဒီသစ်သားပန်းပုရုပ်ထုက အဖိုးမဖြတ်နိုင်ဘူးဆိုတာကို ကျုပ်တို့တွေ သိပါတယ်။အဲ့ဒါကို ငွေစငါးထောင် ပေးဝယ်ခဲ့တယ်ဆိုတာက လုံးဝကို ဟာသကြီး ဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့် ကျုပ်တို့က နည်းမှန်းသိတာတောင် လက်ဆောင်လေးတခု ပြင်ဆင်လာခဲ့ပါတယ်။ဆရာကြီး လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သစ်သားပန်းပုရုပ်ထုလောက် တန်ဖိုးမရှိတာတောင် ကျုပ်တို့ ယန်မိသားစုရဲ့ စေတနာကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်။”
ယန်ပါးထောင်သည် သေတ္တာအနက်ရောင်လေးတလုံးကို သူ့အင်္ကျီဝတ်ရုံလက်အောက်မှ ထုတ်ယူလိုက်လေသည်။ထိုသေတ္တာကို အနီရောင်စည်းတံဆိပ် ခပ်ထားသောကြောင့် ကြည့်လိုက်ရုံနှင့် သာမန်မဟုတ်မှန်း တန်းပြောနိုင်ပေ၏။
ဒီလို လက်ဆောင်တွေ ပေးတဲ့ အထိတောင် ဖြစ်လာခဲ့ပြီလား?
ငါ့ ပန်းပုရုပ်က ဘယ်လောက်တောင် တန်ဖိုးရှိနေတာမို့လို့လဲဟ
သူ၏ အရင်ဘဝတုန်းက သူ၏ ပန်းပုလက်ရာများကို မည်သူမျှ အထင်မကြီးကြချေ။သူက ပန်းပုထုသည့် ဗီဒီယိုများကိုပင် အင်တာနက်ပေါ်တွင် တင်ခဲ့သည့်တိုင် လူအများ၏ လှောင်ပြောင်ပြောဆိုခြင်းကိုသာ ခံခဲ့ရလေ၏။ဒါပေမယ့် ဒီလောကမှာတော့ သူ့လက်ရာက တကယ်ပဲ လူနှစ်ခြိုက်တာကို ခံနေရတာလား
ငါ့ ကံဇာတာတွေ တက်လာတဲ့ အချိန်ကို ရောက်လာပြီလား။
“ဒါက...” လီချန်ချင်းသည် ထိုသေတ္တာအနက်မှာ ဘာဆိုတာကို မသိသည့်တိုင် တန်ဖိုးကြီးမှန်းတော့ ခန့်မှန်းမိပေသည်။
“ဒါက နှစ်နှစ်ရာ သက်တမ်းရှိတဲ့ သွေးဂျင်ဆင်းပါ” ယန်ပါးထောင်မှ အလျင်အမြန်ပင် ရှင်းပြလိုက်လေ၏။
“ဒါကို ရတနာတခုလို့ သတ်မှတ်နိုင်ပါတယ်။ဆရာလီချန်ချင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
“ဒီလိုဆိုမှတော့ ကျုပ်လက်ခံနိုင်ပါ့မယ်။အားလုံးကို ဒုက္ခများစေရပြီ။ကျေးဇူးပါပဲ” လီချန်ချင်းသည် လက်ဆောင်ကို လက်ခံလိုက်လေ၏။သူ မသုံးပဲ သားဖြစ်သူ လီဟမ်ရှန်းကို ပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။လီဟမ်ရှန်းမှာ လတိုင်း ငွေတုံးများစွာတို့ကို သူ့ထံသို့ ပို့ပေးခဲ့လေသည်။ထိုကဲ့သို့ ပြန်ပို့ခြင်းကြောင့် ကျင့်ကြံမှုအတွက်လိုအပ်သော အရင်းအမြစ်များကို ဝယ်ယူသုံးစွဲနိုင်လိမ့်မည် မဟုတ်ချေ။တခါမှ မမြင်ဖူးသော သူ့သားအတွက် လီချန်ချင်း၏ နှလုံးသားမှာ တဆစ်ဆစ်နှင့်ကို နာကျင်နေခဲ့ရချေပြီ။သားဖြစ်သူ၏ သိတတ်မှုကြောင့် သူသည် ခံစားသွားရတော့လေ၏။မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမှားများကို သူက ကြေလည်အောင် ပြန်လုပ်ပေးချင်နေမိတော့သည်။
ထို့ကြောင့် သစ်သားပန်းပုကို ရောင်းချ၍ ရသော ငွေငါးထောင်နှင့် နှစ်ရာကျော် သက်တမ်းရှိသော သွေးဂျင်ဆင်းကို သူ သုံးစွဲရန် စိတ်မကူးထားပေ။ထိုအစား သားဖြစ်သူ လီဟမ်ရှန်းကို ပို့ပေးရန်အတွက် စိတ်ဆုံးဖြတ်ထားခဲ့သည်။
လီချန်ချင်းက သူတို့၏ လက်ဆောင်ကို လက်ခံလိုက်သောကြောင့် ယန်အိမ်မှ လူတိုင်းသည် ပျော်ရွှင်သွားခဲ့လေတော့၏။လီချန်ချင်းသည် ယန်မိသားစု၏ စေတနာကောင်းကို လက်ခံလိုက်ပြီ မဟုတ်လား။
ယန်မိသားစုသည် ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်နှင့် သိကျွမ်းရခြင်းမှာ ကောင်းမွန်နေပြီ မဟုတ်ပါလား။
အနာဂတ်တွင် သူတို့သည် လီချန်ချင်းထံမှ ပန်းပုရုပ်များ ဆက်လက်ရရှိနိုင်လိ့မ်မည်ဆိုပါက ယန်မိသားစု၏ အင်အားမှာ တဟုန်ထိုးကို တိုးတက်လာတော့မည် ဖြစ်၏။
သို့သော် သူတို့သည် စိတ်လောကြီးနေလို့ မဖြစ်ချေ။နောက်ထပ်တောင်းဆိုမှုများ ပြုလုပ်ပါက လီချန်ချင်းကို စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရွံ့သောကြောင့် သူတို့အရင်ဆုံး ထွက်သွားကြရန်သာ ဆုံးဖြတ်ထားကြလေ၏။
အနာဂတ်တွင် တောင်းဆိုရန်အတွက် အချိန်အများကြီး ကျန်ပေဦးလိမ့်မည်။
“အကြီးအကဲချန်ချင်း ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး။ယန်မိသားစုရဲ့ အကူအညီကို လိုအပ်ရင် အချိန်မရွေး လာရောက်လို့ရပါတယ်”
ယန်ပါးထောင်သည် အမိန့်ပြားတခုကို စားပွဲပေါ်သို့တင်ကာ ပြောလိုက်ခြင်းဖြစ်ပါသည်။
“ဒါက ယန်အိမ်တော်ရဲ့ အမိန့်ပြားပါ။ဒီဟာနဲ့ဆိုရင် အကြီးအကဲက ယန်အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်လို့ရပါတယ်”
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” လီချန်ချင်းသည် ခေါင်းငြိမ့်ရင်း တည်ငြိမ်စွာ ဆိုလိုက်တော့လေသည်။
သူ့ကို ကျွမ်းကျင်သူဆရာကြီး တယောက်ကဲ့သို့ သူတို့က ဆက်ဆံနေသဖြင့် သူလည်းပဲ ဆရာကြီးတပါးကဲ့သို့ ဣန္ဒြေနှင့် နေရပေလိမ့်မည်။
ကမ္ဘာမြေမှာ နေထိုင်စဉ်ကာလတုန်းက ဝတ္ထုများဖတ်ခဲ့သည်များမှာ ယခုအခြေအနေတွင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
“အဲ့ဒါဆိုရင် ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး”
ယန်ပါးထောင်နှင့် ကျန်သူများသည် လက်ဟန်အရိုအသေပေးကာ ပြောလိုက်၏။
တံခါးဝသို့ သူတို့ကို လိုက်ပို့ပြီးနောက် ထွက်ခွာသွားသော သူတို့၏ ပုံရိပ်ကို လီချန်ချင်းက ကြည့်နေမိတော့လေသည်။သူ အနောက်သို့ လှည့်ကာ အထဲသို့ ဝင်ဟန်ပြုရုံရှိသေး ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စာပို့သမားသည် သူ့ဆိုင်ခန်းရှိရာသို့ ပြေးလာနေသည်ကို မြင်လိုက်ရလေတော့သည်။
“လီချန်ချင်း..ခင်ဗျားအတွက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကနေ စာပါလာတယ်ဗျို့” စာပို့သမားသည် လီချန်ချင်းအား စာကို ကမ်းပေးလိုက်လေသည်။
“နောက်ထပ်စာတစောင်လား” လီချန်ချင်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့လေတော့သည်။သူက လွန်ခဲ့တဲ့ ရက်နည်းနည်းကတင်ပဲ စာတစောင် ရခဲ့သည် မဟုတ်ပါလား
သူ့သားများ တခုခု ဖြစ်လို့များလား။
ထိုအတွေးကြောင့် လီချန်ချင်းသည် ခပ်မြန်မြန်ပင် စာကို ဖောက်ဖတ်လိုက်လေတော့သည်။
စာကို ဖတ်ပြီးမှသာ လီချန်ချင်းသည် သက်ပြင်းမောကို မှုတ်ထုတ်နိုင်သွားလေ၏။လီဟမ်ရှန်း တခုခုဖြစ်သောကြောင့် ရောက်လာသော စာမဟုတ်ချေ။
စာပါ အကြောင်းအရာမှာ လီဟမ်ရှန်းမှ လီချန်ချင်းအား ဒီရက်ပိုင်း ဂရုစိုက်ရန်အတွက် မှာကြားခြင်းပင် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော တစ္ဆေကျင့်ကြံသူတစ်ယောက်၏ ခြေရာလက်ရာများကို မင်ဟုန်ခရိုင်ဘက်တွင် တွေ့ခြင်းကြောင့်ပင် ဖြစ်၏။
သားဖြစ်သူ ဘေးကင်းသောကြောင့် စိတ်အေးနေပြီ ဖြစ်သော လီချန်ချင်း၏ နှလုံးမှာ တဒိန်းဒိန်းနှင့် ခုန်လာပြန်တော့လေ၏။
နေပါဦး တစ္ဆေကျင့်ကြံသူလား?
ဒီလောကကြီးမှာ တစ္ဆေတွေ၊သရဲတွေက ရှိလို့လားဟ??