← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ယန်မိသားစုသည် ယနေ့တွင် သူတို့၏ တံခါးများကို ပိတ်ထားကာ မည်သည့် ဧည့်သည်မျှကို လက်မခံခဲ့ချေ။

ယန်မိသားစုထံသို့ ၎င်းတို့၏ မိတ်ဆွေများစွာတို့ လာလည်ပတ်ကြသည့်တိုင် သူတို့အားလုံးမှာ တံခါးဝမှာပင် ဝင်ခွင့်ရဖို့ အငြင်းဆိုခံခဲ့ကြရလေသည်။ထိုလုပ်ရပ်ကြောင့် လူအများသည် ယန်အိမ်တော်၌ တခုခုဖြစ်နေပြီဟု ထင်သွားကြတော့သည်။

ဖြစ်နိုင်တာက အရေးကြီးပုဂ္ဂိုလ်တယောက်ယောက်များ ရောက်နေလို့များလား

ထိုအချိန်တွင် ယန်မိသားစု၏ ယန်ဟောင်ခန်းမတွင် ယန်ပါးထောင်အပါအဝင် ကျန်ရှိသော အကြီးအကဲများသည် လွန်စွာရိုသေသော အမူအရာနှင့် မတ်တပ်ရပ်နေခဲ့ကြတော့သည်။သူတို့မှာ လွန်စွာ အရှိန်အဝါကြီးသော ဧည့်သည် တယောက်နှင့်တွေ့နေသည့်အလားပင်။

“ကျေးဇူးပြုပြီး ထိုင်ပါဦး။ခင်ဗျားတို့အားလုံးက မထိုင်ပဲ မတ်တပ်ရပ်နေတာက ကျုပ်ကို နေရထိုင်ရ အရမ်းခက်စေတယ်”

ထိုသို့ ပြောလိုက်သူမှာ မနေ့ညက ချန်ထင်မြို့ငယ်လေး၌ ပေါ်လာသော သက်လတ်ပိုင်းအရွယ် တာအိုသခင်ပင် ဖြစ်လေသည်။လက်ရှိအချိန်၌ သူသည် ခြေတဖက်ကို ခုံတလုံးပေါ်တွင် ပစ်တင်ထားပြီး လက်ထဲ၌လည်း ငှက်ပျောသီးတလုံးကို ကိုင်ထားလေ၏။သူက ထိုငှက်ပျောသီးကို စားရင်းနှင့် ကျန်သူများကို ပြောလိုက်ခြင်းပင် ဖြစ်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့” လူတိုင်းသည် တညီတညွတ်တည်း ပြောလိုက်ပြီး အလျင်အမြန်ပင် ထိုင်ချလိုက်လေ၏။

“မူဟိုင်ဖုန်းတောင်သခင် ရောက်လာမယ်ဆိုတာ မသိလို့ ကျုပ်တို့က ကြိုဆိုဖို့အတွက် ဘာမှ မပြင်ဆင်ထားမိလိုက်ဘူး။အဆင်မပြေဖြစ်စေမိရင် တောင်းပန်ပါတယ်”

ယန်ပါးထောင်မှ တရိုတသေနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

ယနေ့မနက်တွင် ယန်ပါးထောင်သည် သူတို့ ယန်မိသားစုထံသို့ တောင်ထိပ် ၃၆ ခုမှ တခု အပါအဝင်ဖြစ်သော မူဟိုင်ဖုန်းတောင်ထိပ်သခင် ရောက်လာသည်ကို သိလိုက်ရခြင်းဖြစ်လေသည်။

ရှေးဟောင်းတာအိုဂိုဏ်း၏ တောင်ထိပ်သခင်ဟူသည့် ဂုဏ်ပုဒ်မှာ သာမန်မဟုတ်ပဲ ထူးခြားကာ ကြီးကျယ်သော အရှိန်အဝါ ရှိပေသည်။

ထို့အပြင် ယန်ပါးထောင်၏ သမီးဖြစ်သူ ယန်ယုယွင်သည်လည်း ရှေးဟောင်းတာအိုဂိုဏ်း၏ တပည့်မတယောက်ဖြစ်နေပြန်သည် မဟုတ်ပါလား။ထို့ကြောင့် သမီးဖြစ်သူ၏ ဂိုဏ်းမှ တောင်ထိပ်သခင် ရောက်လာသောကြောင့် သူတို့၏ အပြုအမူကို သေချာထိန်းသိမ်းမှ ဖြစ်ရပေမည်။

“အဲ့လောက်ထိ လုပ်စရာမလိုပါဘူးဗျ။ကျုပ်က အဲ့လောက်ထိ ကြီးကျယ်တဲ့လူလည်း မဟုတ်ပါဘူး”

သက်လတ်ပိုင်း တာအိုသခင်သည် စားပွဲပေါ်သို့ ငှက်ပျောခွံကို ပစ်တင်လိုက်ပြီးနောက် သူ့ အမူအရာမှာ လွန်စွာလေးနက်သွားခဲ့လေတော့သည်။

“ကျုပ် ချန်ထင်မြို့ကို မနေ့ညက ရောက်လာတာက ယန်ဒေါင်ချန်ကို လိုက်ဖမ်းနေလို့ပဲ”

“ယန်ဒေါင်ချန်?” ထိုနာမည်ကို ကြားသည်နှင့် ရောက်နေကြသူတိုင်း ပင့်သက်ရှိုက်သွားခဲ့တော့လေသည်။

ယန်ဒေါင်ချန်၏ ဂုဏ်သတင်းမှာ ကြီးမားလွန်းလှပေသည်။

စွမ်းအားကြီးမားသော တစ္ဆေကျင့်ကြံသူတစ်ယောက်၊သူ၏ ကျင့်ကြံဆင့်မှာ မူလနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။သူသည် တစ္ဆေကျင့်ကြံခြင်း ယင်တန်မျှော်စင်တွင်မှာပင် လွန်စွာ ကျော်ကြားလှပေသည်။သို့ပေမယ့် ယင်တန်မျှော်စင်မှ လူများသည် မင်ဟုန်ခရိုင်၌ ပေါ်မလာခဲ့သည်မှာ လွန်စွာမှကို ကြာမြင့်လှခဲ့ချေပြီ။

ဘာကြောင့်များ ယန်ဒေါင်ချန်က မင်ဟုန်ခရိုင်၌ ရုတ်တရက် ပေါ်လာခဲ့ရတာများလဲ။ဖြစ်နိုင်တာက သူက မင်ဟုန်ခရိုင်က တခုခုကို အာရုံစိုက်မိသွားတာများလား။

ယင်တန်မျှော်စင်မှ လူများသည် အုတ်ဂူဖောက်ခြင်းများကို ပြုလုပ်ခြင်းများကြောင့် လူအများက ရွံရှာ မုန်းတီးကြလေသည်။ သို့ပေမယ့် ၎င်းတို့၏ တည်နေရာမှာ ဆန်းကြယ်ကာ ဖမ်းမမိကြချေ။

“အဲ့ဒါက တိုက်ဆိုင်သွားတာပါ” မူဟိုင်ဖုန်း တောင်သခင်က အရေးမစိုက်စွာ ပြောလိုက်လေသည်။

“ဒါပေမယ့် ယန်ဒေါင်ချန်က မင်ဟုန်ခရိုင်မှာ အခုလိုမျိုး ပေါ်လာတာဆို‌တော့ သူ့မှာ မကောင်းတဲ့ အကြံအစည်ပဲ ရှိဖို့များလိမ့်မယ်။ကျုပ်နဲ့ သူနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ကျုပ်က သူ့ကို သေလုမြောပါး ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့် ဒီငတိက ပြေးတာမြန်လွန်းတယ်။ကျုပ် သူ့အနောက်ကို နှစ်ရက်နဲ့ နှစ်ညလိုက်ပြီး ချန်ထင်မြို့ကို ရောက်မှပဲ မှီလာခဲ့တာ”

“သူ ဘယ်မှာရှိလဲဆိုတာကို ကျုပ်က နောက်ယောင်ခံပြီး လိုက်ခဲ့ပြီးပြီ။မနေ့ညက ကျုပ်သူ့အနောက်လိုက်တုန်းက သူက ခင်ဗျားရဲ့ ချန်ထင်မြို့က ချန်ချင်းပန်းချီဆိုင်ထဲကို ဝင်သွားတာကို တွေ့ခဲ့တယ်”

“ချန်ချင်းပန်းချီဆိုင်လား” လူတိုင်းမှာ ထိုအမည်ကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့တော့လေ၏။

“ဟင်” မူဟိုင်ဖုန်းတောင်သခင်သည် သူ့အရှေ့ရှိလူများကို တအံ့တဩနှင့် ကြည့်လိုက်လေတော့သည်။၎င်းတို့၏ တုန့်ပြန်မှုများမှာ သူထင်ထားသည်ထက် ကြီးမားနေခဲ့သည် မဟုတ်ပါလား။

“ချန်ချင်းပန်းချီဆိုင်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့တွေ သိထားတာ တခုခု ရှိနေလား”

မူဟိုင်ဖုန်းတောင်သခင်သည် လူတိုင်းကို ကြည့်လိုက်လေ၏။၎င်းတို့၏ တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် ချန်ချင်း ပန်းချီဆိုင်မှာ မရိုးရှင်းလှပေ။

“တောင်သခင်ကို လျှောက်တင်ပါတယ်။ချန်ချင်းပန်းချီဆိုင်မှာ ကျွမ်းကျင်သူဆရာကြီး တစ်ယောက် နေထိုင်ပါတယ်” ယန်ပါးထောင်သည် လီချန်ချင်းအား ရည်ညွှန်းရာတွင် အလွန်တရာ ရိုသေသည့် လေသံနှင့် ပြောလိုက်တော့လေသည်။

“ကျွမ်းကျင်သူတစ်ယောက်လား” တောင်သခင်က တီးတိုးရေရွတ်လိုက်လေ၏။

“အံ့ဩစရာမရှိတော့ဘူးပဲ”

“အဲ့ဒီ့နောက်တော့ ဘာဆက်ဖြစ်ခဲ့လဲ” အကြီးအကဲတစ်ယောက်မှာ သိချင်စိတ်အပြည့်နှင့် မေးလိုက်လေတော့သည်။

“ယန်ဒေါင်ချန်က ချန်ချင်း ပန်းချီဆိုင်ထဲကို ဝင်သွားပြီးနောက်မှာ သေသွားတယ်” တောင်သခင်သည် လျို့ဝှက်မထားပဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေ၏။

“ဟင် သေသွားတယ်လား”

လူတော်တော်များများသည် ထိုစကားကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့တော့လေသည်။သူတို့က လီချန်ချင်းမှာ သာမန် မဟုတ်မှန်းကို သိသည့်တိုင် ယန်ဒေါင်ချန်ဆိုသော ပုဂ္ဂိုလ်မှာလည်း နှယ်နှယ်ရရ မဟုတ်ပေ။ထိုသူက မူလအဆင့်သို့ ရောက်နေသော သူ ဖြစ်ပေသည်။သူ့လိုလူတောင် လီချန်ချင်း၏ လက်ထဲတွင် ထွက်တောင်မပြေးနိုင်ပဲ သေဆုံးခဲ့ရတာလား?

လီချန်ချင်းက ဘာအကွက်တွေ ထုတ်သုံးလိုက်တာလဲ

“အဲ့ဒီ့ကျွမ်းကျင်သူ ဆရာကြီး အကြောင်းကို ကျုပ်ကို ပြောပြ” မူဟိုင်ဖုန်းတောင်သခင်သည် လီချန်ချင်းကို စိတ်ဝင်စားနေမိတော့သည်။သူက ယင်တန်မျှော်စင်မှ ကျွမ်းကျင်သူဖြစ်သော ယန်ဒေါင်ချန်တစ်ယောက်မှာ လီချန်ချင်း၏ လက်ထဲမှ ထွက်တောင် မပြေးပဲ အသတ်ခံလိုက်ရသည့် အကြောင်းကို သိချင်နေမိတော့လေ၏။

“ကျွန်တော်မျိုး ပြောပြပါရစေ” ယန်ပါးထောင်သည် ဘာမှ မလျို့ဝှက်ထားပဲ လီချန်ချင်း၏ အခြေအနေကို ရှင်းပြလိုက်လေတော့သည်။

ယန်ပါးထောင်၏ လီချန်ချင်းနှင့် ပတ်သက်သော အလွန်အကျူး ပြောပြမှုကို ကြားလိုက်ပြီးနောက်တွင် မူဟိုင်ဖုန်းတောင်သခင်၏ နောက်ကျိနေသော စိတ်များမှာ အနည်းငယ် ကြည်လင်သွားခဲ့ရလေတော့၏။

ပန်းပုရုပ်ကို ကြည့်ပြီး တာအိုကို ဆုပ်ကိုင်နိုင်တဲ့ ဉာဏ်အလင်း ရတာတဲ့။

လူတွေကို မူလအဆင့်ထိ ရောက်အောင် ဉာဏ်အလင်းရအောင် ပြုလုပ်ပေးနိုင်တဲ့ ပန်းချီကို ရေးဆွဲနိုင်တဲ့ ပန်းချီဆရာတွေက ပန်းချီသူတော်စင်အဆင့်ကို ‌ရောက်နေပြီဆိုတာကို သိသင့်တယ်။

အဲ့ဒါဆိုတော့ လီချန်ချင်းရဲ့ ကျွမ်းကျင်မှုက ပန်းချီသူတော်စင်တယောက် နဲ့ နှိုင်းယှဉ်လို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား။

“ယန်ဒေါင်ချန်ကတော့ ကံဆိုးပြီးတော့ သူ့ကို နိုင်တဲ့လူနဲ့ တွေ့ခဲ့ရတာပဲ” မူဟိုင်ဖုန်းတောင်သခင်သည် တီးတိုးရေရွတ်လိုက်လေသည်။သူ့မျက်လုံးများတွင်လည်း အကြောက်တရားနှင့် ပြည့်လျှံနေခဲ့တော့၏။

ကျင့်ကြံသူများမှာ ၎င်းတို့၏ ခန္ဓာကိုယ်ကို သန်မာအောင် ကျင့်ကြံရလေသည်။ပန်းချီပညာရှင်များမှာမူ ၎င်းတို့၏ စိတ်ဝိဉာဉ်ကို ကျင့်ကြံကြရလေ၏။

ပန်းချီသူတော်စင်အဆင့်သို့ ရောက်နေကြသူများ၌ လွန်စွာမှကို ကြောက်မက်ဖွယ်ကောင်းလှပြီး စွမ်းအားကြီးမားလှသော နတ်ဘုရားဝိဉာဉ်ကျင့်ကြံခြင်းများ ရှိကြပေ၏။

“စကားမစပ်ပဲ ပြောရဦးမယ် တောင်သခင်” အကြီးအကဲတစ်ယောက်သည် ရှေ့သို့ တိုးလာပြီးနောက် ရိုသေစွာ ပြောလိုက်လေတော့သည်။

“ဆရာကြီး လီချန်ချင်းက စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပေမယ့် သူက တိတ်တဆိတ်သာနေထိုင်နေတာပါ။သူ့မှာ သားတစ်ယောက်ရှိပြီးတော့ အဲ့ဒီ့သားဖြစ်သူက တောင်သခင်ရဲ့ ဂိုဏ်းဖြစ်တဲ့ ရှေးဟောင်တာအိုဂိုဏ်းမှာ ကျင့်ကြံနေပါတယ်”

“ရှေးဟောင်းတာအိုဂိုဏ်းမှာလား” မူဟိုင်ဖုန်းတောင်သခင်သည် အံ့အားသင့်စွာနှင့် ရေရွတ်လိုက်ပြီး မေးလိုက်တော့လေသည်။

“ဒီဆရာကြီးရဲ့ သားဖြစ်သူက နာမည်ဘယ်လိုခေါ်လဲ”

“တောင်သခင်ကို လျှောက်တင်ပါတယ်။ဆရာကြီးလီချန်ချင်းရဲ့ သားဖြစ်သူကို လီဟမ်ရှန်း လို့ခေါ်ပါတယ်”

ယန်ပါးထောင်က လျင်မြန်စွာ ပြောလိုက်သည်။

“လီဟမ်ရှန်း” မူဟိုင်ဖုန်းတောင်သခင်သည် မျက်မှောင်ကြုံ့ကာ ထိုအမည်ကို မှတ်မိရန် ကြိုးစားလိုက်ပြီး ပြန်တွေးလိုက်လေသည်။တောင်ထိပ် ၃၆ခုမှ ပါရမီရှင် တပည့်များစွာတို့၏ အမည်များကို အချိန်အကြာကြီးအထိ ပြန်လည်တွေးခေါ်ပြီးသည့်တိုင် လီဟန်ရှန်း၏ အမည်မှာ သူ့ခေါင်းထဲ၌ မပေါ်လာခဲ့ချေ။

“ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ယောက်က ချန်ထင်မြို့မှာ သိုဝှက်ပြီးနေထိုင်နေတယ်။ သူ့ သားဖြစ်သူကလည်း ရှေးဟောင်းတာအိုဂိုဏ်းမှာ ကျင့်ကြံနေတာတောင် ဂိုဏ်းမှာ မထင်မရှားဖြစ်နေတယ်ပေါ့လေ။သူ့ကို တောင်သခင် ငါတောင် မသိရပါလား”

မူဟိုင်ဖုန်းတောင်သခင်သည် မျက်မှောင်ကြုံ့လိုက်လေတော့၏။

ဘာတွေဖြစ်နေတာလဲ

ဒီလူက ချန်ထင်မြို့မှာ တိတ်တဆိတ်နေ နေတဲ့ အပြင်၊သားဖြစ်သူကိုပါ ‌ရှေးဟောင်းတာအိုဂိုဏ်းကို ပို့လိုက်သေးတယ်။ဘာသဘောလဲ။သူ့ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။

ဖြစ်နိုင်တာက သူက ရှေးဟောင်းတာအိုဂိုဏ်းနဲ့ အတိတ်က ပတ်သက်မှုဆက်ဆံရေး ရှိတဲ့ လူမို့လို့ပဲလား။

အချိန်အတော်ကြာသည်အထိ မူဟိုင်ဖုန်းတောင်သခင်သည် ဖြောင့်ဖြောင့်တန်းတန်း မတွေးခေါ်နိုင်တော့ပေ။သူက ထိုကဲ့သို့သော အရေးကြီးကိစ္စရပ်ကို ဂိုဏ်းချုပ်ကို သတင်းပို့မှ ဖြစ်မည်ဟု တွေးလိုက်မိလေတော့သည်။

ထိုအချက်ကို တွေးမိပြီးနောက်တွင် မူဟိုင်ဖုန်းတောင်သခင်သည် အချိန်ကြာကြာဆက်မနေတော့ပဲ ရှေးဟောင်းတာအိုဂိုဏ်းသို့ ပြန်ရန် ပြင်ဆင်တော့လေ၏။

နှစ်ရက်ကြာသော်

ရှေးဟောင်းတာအိုဂိုဏ်း၏ သတ်ဖြတ်သူတသောင်းတောင်ထိပ်

ရှေး‌‌ဟောင်းတာအိုဂိုဏ်းတွင် တောင်သခင် ၃၆ဦး ရှိသော်လည်း တောင်ထိပ်မှာမူ ၃၇ခု ရှိလေ၏။

ထိုသို့ဖြစ်ရခြင်းမှာ သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ ရှေးဟောင်းတာအိုဂိုဏ်း၏ အစေခံတပည့်များ နေထိုင်ရာတောင်ထိပ်ဖြစ်သောကြောင့်ပင်။

ထိုအစေခံတပည့်များမှာ ထူးခြားသော ပါရမီဟူ၍ မရှိသည့်အပြင် နောက်ခံကောင်းကောင်းဟူ၍လည်း ရှိမနေခဲ့ပေ။သူတို့အတွက် ကျင့်ကြံရေးအရင်းအမြစ်များကို ထောက်ပံ့နိုင်သည့် ချမ်းသာသော မိသားစုကြီးများလည်း မရှိနေသောကြောင့် သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်သာ ကျင့်ကြံနေကြရတော့၏။

တာအိုကို ဖမ်းဆုပ်မိသောအခြေအနေသို့ ရောက်ရှိနေမှသာ ရှေးဟောင်းတာအိုဂိုဏ်း၏ အစေခံတပည့် ဖြစ်ခွင့်ရှိပေသည်။

သူတို့၏ သေမျိုးခန္ဓာကို ချွတ်ချပြီး ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖြတ်နိုင်မှသာ အပြင်စည်းတပည့် ဖြစ်လာပြီး တောင်ထိပ် ၃၆ခုမှ တခုသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်လေသည်။

ထိုကဲ့သို့ စည်းကမ်းချက်ရှိသည့်တိုင် တကယ့်တကယ်တန်းတွင် အပြင်စည်းတပည့်ဖြစ်လာရန်အတွက် မျှော်လင့်ချက်မှာ လွန်စွာမှကို နည်းပါးလှသည်။ သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ လွန်စွာ ကျယ်ပြန့်လှပေသည်။ထိုနေရာတွင် နေထိုင်ကာ ကျင့်ကြံကြသော အစေခံတပည့်များမှာ ထောင်ချီအောင် ရှိလေ၏။သို့သော် နှစ်တိုင်း ဝင်ခွင့်စစ်ဆေးပြီးချိန်တွင် အပြင်စည်းတပည့် ဖြစ်လာသော အရေအတွက်မှာ လက်တဆုပ်ခန့်သာ ရှိလေသည်။

ကြမ်းတမ်းသော တောင်မျက်နှာပြင်သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရွာသွန်းခဲ့သော မိုးရေများကြောင့် တောင်တက်လမ်းမှာ ဗွက်ထနေခဲ့၏။

လူငယ်လေးတစ်ယောက်သည် ကြီးမားလှသော ထင်းတုံးကြီးနှစ်တုံးကို ကျောတွင် ကြိုးနှင့်ချီကာ သယ်ဆောင်ပြီး တောင်တက်လမ်းမှ ဆင်းလာ‌ခဲ့သည်။သူ၏ ခြေဗလာနှင့် ခြေထောက်များသည် ရွံ့ဗွက်များနှင့် ပေကျံနေ၏။

သူသယ်ဆောင်လာသော ထင်းတုံးကြီးနှစ်တုံးမှာ ပေါင်လေးဆယ်ခန့် အလေးချိန်ရှိသော်လည်း ကောင်လေး၏ ပုံစံမှာ အနည်းငယ်သာ မောပန်းနေဟန် ရှိပေသည်။

“အကိုလီ”

ထိုအချိန်တွင် ငွေခေါင်းလောင်းကဲ့သို့ အသံလွင်လွင်လေး တသံထွက်ပေါ်လာခဲ့တော့လေ၏။ထို အသံကိုကြားသော် ကောင်လေး၏ မျက်လုံးများမှာ လင်းလက်သွားခဲ့တော့၏။

သူ မော့ကြည့်လိုက်ရာ သူ့အား လှပစွာ ပြုံးပြနေသော မိန်းမပျိုလေးတစ်ယောက်ကို မြင်တွေ့လိုက်ရတော့လေသည်။

ထို မိန်းမပျိုလေးမှာ ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူမ၏ တင့်တယ်နေသော အကြည်ဓာတ်လေးကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။သူမ၏ ကလေးဆန်သော မျက်နှာလေးတွင် ကြီးမားဝိုင်းစက်သော မျက်ဝန်းတောက်‌တောက်ကြီးများသည် ကွေးညွတ်နေသော မျက်ခုံးများ၏ ဝန်းရံမှုနှင့် တဖျတ်ဖျတ် တောက်ပနေခဲ့သည်။သူမ၏ ပုံစံမှာ စာဖတ်သူတို့၏ ချစ်ဖို့ကောင်းသော အိမ်နီးချင်း မိန်းကလေးတယောက်နှင့် ဆင်တူသည်ဟု အနီးစပ်ဆုံး ပြောနိုင်ပေသည်။

“လုညီမလေးပါလား... ဒီနေရာမှာ ဘာလုပ်နေတာလဲ”

လီဟမ်ရှန်းသည် အပြုံးတခုနှင့် မေးလိုက်တော့သည်။

“ကျွန်မအခုပဲ ပို့ဆောင်ရေးခန်းမကနေပြန်လာတာ အကို့ရဲ့ ပါဆယ်ထုတ်ရောက်နေလို့ အဲ့ဒါ လာပို့ပေးတာ အကိုရဲ့”

မိန်းမပျိုလေးက ပြောလိုက်လေ၏။

All Chapters