အခန်း (၉)
Vol. 1 Ch. 9
“ငါ့ရဲ့ ပါဆယ်ထုတ်?”
လီဟမ်ရှန်း၏ အမူအရာမှာ အံ့အားသင့်သွားဟန်ရှိလေ၏။ထို့နောက်တွင် သူက သယ်ဆောင်လာသော ထင်းတုံးကြီးနှစ်တုံးကို မြေပြင်ပေါ်သို့ လျင်မြန်စွာ ပစ်ချလိုက်ပြီးနောက် လုချောင်းချောင်း၏ လက်ထဲမှ ပါဆယ်ထုတ်ကို လှမ်းယူလိုက်သည်။ပါဆယ်ထုတ်မှာ အနည်းငယ် လေးလံနေခဲ့သည်။
သူက လမ်းနံဘေးရှိ ကျောက်တုံးတတုံးပေါ်တွင် ထိုင်ချလိုက်၏။ပါဆယ်ထုတ်ပေါ်တွင် သူ့နာမည်ကို မြင်လိုက်သောအခါတွင် သူ့မျက်လုံးများတွင် ပျော်ရွှင်သော ခံစားချက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။သို့သော် ချက်ချင်းပင် လီဟမ်ရှန်းသည် ခါးသက်သက် ပြုံးလိုက်ပြီး ပါဆယ်ထုတ်ကို ဖွင့်ရန် တွန့်ဆုတ်နေခဲ့တော့လေ၏။
“အကိုလီ ဘာဖြစ်လို့ မဖွင့်သေးတာလဲဟင်” လုချောင်းချောင်းသည် လီဟမ်ရှန်း၏ နံဘေးတွင် တောက်ပစွာ ပြုံးရင်း
“အကို့အဖေက စာပြန်မပို့လို့ အကိုပဲ အမြဲတဗျစ်တောက်တောက်နဲ့ ပြောနေခဲ့တာမဟုတ်ဘူးလား။အခု သူစာပြန်ပို့ပြီလေ အဲ့ဒါကို ဘာလို့ အကို့ရုပ်ကြီးက စူပုတ်နေရတာလဲ”
ထိုစကားကို ကြားသော် လီဟမ်ရှန်းမှာ ခါးသက်စွာပြုံးကာ သက်ပြင်းမောကြီးတချက်ချလိုက်တော့လေသည်။
“ငါ့အဖေက ပန်းချီပညာကို အရမ်းရူးသွပ်လွန်းနေတယ် ဒါပေမယ့် သူ့မှာက ပန်းချီပါရမီ ပါမလားဘူး။အရင်တုန်းက ငါက သူ့ကို ငွေနည်းနည်းပဲ ပို့နိုင်ခဲ့တယ်။သူက ခဏခဏ ငွေထပ်တောင်းပေမယ့် ငါလည်း ဒီမှာ သုံးစွဲဖို့ လိုသေးတာမို့လို့ ငါ သူ့ကို စာပြန်မပို့ခဲ့သလို သူတောင်းခဲ့တဲ့ ငွေတွေကိုလည်း မပေးခဲ့ဘူး။အဲ့ဒါကြောင့် ငါ့အဖေက ငါ့ကို စိတ်ဆိုးပြီး နှစ်ဝက်တိတိ စာလုံးဝ မရေးခဲ့ဘူး”
လုချောင်းချောင်းသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။သူမ အရှေ့က လူငယ်လေး၏ ကြမ်းတမ်းခက်ခဲသော ဘဝကို သူမ သိနားလည်ပေသည်။
အစေခံတပည့်ဖြစ်နေသောကြောင့် လီချန်ချင်းသည် တလကို ငွေပြားတစ်ရာကျော်ခန့်သာ ဂိုဏ်းက ကျင့်ကြံခြင်းအရင်းအမြစ်အနေနဲ့ ထုတ်ပေးခြင်းကို ခံရလေသည်။ထိုရရှိသော ငွေကြေးများမှ တဝက်ခန့်ကို တွင်းနက်ကြီးကဲ့သို့ ဘယ်လောက်ထည့်ထည့် မပြည့်နိုင်သော ဖခင်ဖြစ်သူကို ပြန်ပို့ပေးခဲ့ရပြန်သည်။
ဂိုဏ်းသို့ ရောက်ရှိသော နှစ်နှစ်ကာလအတွင်းတွင် သူမ၏ ကျင့်ကြံဆင့်မှာ တက်လှမ်းခြင်း အဆင့်၇သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လီဟမ်ရှန်းမှာမူ တက်လှမ်းခြင်း အဆင့်၃သာ ရှိနေသေးသည်။
ကျင့်ကြံခြင်းအရင်းအမြစ် နည်းပါးလှမှုကြောင့် လီဟမ်ရှန်း၏ ကျင့်ကြံမှုအရှိန်ကို အလွန်အင်မတန်ကို နှေးကွေးသွားစေခဲ့၏။
ထိုရလဒ်ကြောင့် သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် လီဟမ်ရှန်းမှာ လူအများဟားတိုက်စရာ ပစ်မှတ်ဖြစ်လာပြီး မကြာခဏ အနိုင်ကျင့်ခံရလေ့ရှိသည်။
တခါတရံ၌ လုချောင်းချောင်းသည် သူမ ရရှိသော ကျင့်ကြံခြင်းအရင်းအမြစ်များကို လီဟမ်ရှန်းကို မျှဝေပေးလိုသော်လည်း လီဟမ်ရှန်းမှ အမြဲလိုလို ငြင်းပယ်ခဲ့လေသည်။
ထိုလုပ်ရပ်ကြောင့် လုချောင်းချောင်းသည် လီဟမ်ရှန်း အပေါ်၌ ဂရုဏာသက်မိသလို လေးလဲလေးစားမိတော့သည်။
သူမသည် ရှေးဟောင်းတာအိုဂိုဏ်းသို့ စတင်ရောက်ရှိလာခဲ့သော အချိန်များကို မှတ်မိနေပေသေး၏။သူမ၏ အခက်ခဲဆုံးသောအချိန်ကာလများကို အဆင်ပြေအောင် ကူညီကာ ဆောင်ရွက်ပေးခဲ့သူမှာ လီဟမ်ရှန်းသာ ဖြစ်လေသည်။သူက သူမ မလုပ်နိုင်သည့် ကိစ္စရပ်များကိုလည်း အပင်ပန်းခံကာ ဝင်ရောက်လုပ်ကိုင်ကာ ကူညီခဲ့ပါသေး၏။ယခုတော့ သူ အဆင်မပြေသည့်အခိုက်တွင် သူမက မကူညီနိုင်ခဲ့ပေ။
“ငါ့အဖေက ရုတ်တရက် စာထရေးတာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်”
လီဟမ်ရှန်းသည် သူ့လက်ထဲမှ ပါဆယ်ထုတ်ကို ကြည့်ရင်း ဖွင့်ဖို့ တွန့်ဆုတ်နေမိတော့လေ၏။
“ဖွင့်လိုက်ပါ။ညီမလဲ အကိုလီရဲ့ အနားမှာ ရှိနေပါတယ်။ဘာတွေပဲ ဖြစ်လာဖြစ်လာ ညီမတို့ နှစ်ယောက်အတူတူ ရင်ဆိုင်ကြမယ်လေနော်”
လီဟမ်ရှန်း၏ နံဘေးတွင် ထိုင်နေသော လုချောင်းချောင်းသည် လွန်စွာ တိုးညှင်းကာ ငြင်သာသော အသံနှင့် ပြောလိုက်လေသည်။
သူမ၏ ပျော့ပျောင်းသော အသံကြောင့် လီဟမ်ရှန်း၏ မျက်နှာမှာ နီရဲလာပြီး သူ့ နှလုံးသားမှာ တဒိတ်ဒိတ်နှင့် ခုန်ပေါက်လာခဲ့တော့လေ၏။သူက မျက်နှာကြီး နီရဲနေကာ လုချောင်းချောင်းကို မျက်လုံးချင်းဆုံပြီးတော့ပင် မကြည့်ရဲတော့ချေ။
လီဟမ်ရှန်းသည် ထိုဂျူနီယာညီမလေးကို နှစ်နှစ်ကာကာကို ချစ်မြတ်နိုးနေခဲ့သည်။သူမကို ပထမဦးဆုံး စတွေ့သည့် အချိန်ကတည်းကပင် သူ၏ နှလုံးသားက အခိုးယူခြင်းခံလိုက်ရခြင်းသာ ဖြစ်လေသည်။
သို့ပေမယ့် လီဟမ်ရှန်းမှာ သူ၏ ခံစားချက်များကို ထုတ်ဖော်မပြောဝံ့ပါချေ။သူ့ နှလုံးသားထဲတွင် သူက သူမနှင့် မထိုက်တန်ကြောင်းကို ကောင်းကောင်း သိနားလည်ပေ၏။သူ့တွင် တွင်းနက်ကြီးလို ဖြုန်းမလောက်၊သုံးမလောက်သော ဖခင်သာ ရှိပြီး တခြား ဘာနောက်ခံမှ ရှိမနေခဲ့ချေ။ထို့အပြင် ကျင့်ကြံရာတွင်လည်း သူ့တွင် ထူးထူးခြားခြား မည်သည့် ပါရမီမှ ရှိမနေခဲ့ချေ။
လုချောင်းချောင်းသည်လည်း ကြွယ်ဝသော မိသားစုမှ လာသည်မဟုတ်သည့်တိုင်၊သူမ၏ မိသားစုမှာ အနည်းငယ် လွှမ်းမိုးနိုင်သော အာဏာ ရှိနေပေ၏။ထို့အပြင် သူမသည်လည်း ကျင့်ကြံရာ၌ ပါရမီ ရှိနေခဲ့ပြန်သည်။တနှစ်၊နှစ်နှစ်အတွင်းမှာပင် သူမသည် တက်လှမ်းခြင်းအဆင့်ကို ကျော်လွန်ကာ အပြင်စည်းတပည့်ဖြစ်နိုင်ခြေ အလားအလာ လွန်စွာ များပြားလှပေ၏။
ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့်...
သူက...
သူမနဲ့...
လုံးဝကို မထိုက်တန်ဘူးလေ....
ထို့ကြောင့် လီဟန်ရှန်းသည် နီရဲနေသောမျက်နှာနှင့် ဦးခေါင်းငိုက်စိုက်ချကာ သူ၏ ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်စေလိုက်၏။
ထို့နောက်တွင် ပါဆယ်ထုတ်၏ အပြင်ဖက်ကို ဆွဲဖြဲကာ အတွင်းဖက်တွင် ထုတ်ပိုးထားသည်များကို ချောင်းကြည့်လိုက်လေတော့၏။
“ဟင်”
ပါဆယ်ထုတ်၏ အတွင်းဖက်တွင် ဘူးတဘူးနှင့် စာတစောင်ကို တွေ့လိုက်ရလေ၏။ထိုအရာများကို လီဟမ်ရှန်းသည် အံ့အားသင့်စွာနှင့် စိုက်ကြည့်နေခဲ့မိလေတော့သည်။ယခုအကြိမ်သည် ဖခင်ဖြစ်သူ လီချန်ချင်းမှ သူ့အား တစုံတခုကို ပို့ဆောင်သည့် ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။
ဘူးလေးကို မကြည့်ပဲ သူက စာအိတ်ကိုသာ ဖောက်ဖွင့်လိုက်၏။
စာအိတ်ပွင့်သွားသည်နှင့် တစုံတခုမှာ စာအိတ်ထဲမှ ထွက်ကျလာခဲ့လေတော့သည်။ထိုအရာနှင့် မြေပြင်နှင့် ရိုက်ခတ်မိသဖြင့် အသံတခု ထွက်ပေါ်လာခဲ့လေတော့သည်။ထိုအသံမှာ သတ္တုသံအနည်းငယ်ပေါက်နေခဲ့၏။
“ဒါက ဘာလဲ” လုချောင်းချောင်းသည် ထို သတ္တုပုံစံအရာကို ကောက်ယူလိုက်ရာ ထိုအရာပေါ်၌ “ချီ” ဟူသော စကားလုံးကို ရေးထွင်းထားသည်ကို တွေ့လိုက်ရလေတော့သည်။ထိုသတ္တုပြားသည် ရှေးဟောင်းအငွေ့အသက်များ ရနေခဲ့လေ၏။ထို့အပြင် ဆန်းကြယ်သော ပုံစံများကိုလည်း သတ္တုပြားပေါ်၌ ရိုက်နှိပ်ထားခဲ့ပြန်လေသည်။ရုတ်တရက်ကြည့်လျှင် အနုပညာပစ္စည်းတခုအလားပင်။
ဒါပေမယ့် လီဟမ်ရှန်းမှာမူ ထိုသတ္တုပြားကို စိတ်မဝင်စားချေ။သူက စာအိတ်ထဲမှ မြောက်မြားစွာသော ငွေလက်မှတ်များကို ထုတ်ကြည့်ပြီး ပါးစပ်အဟောင်းသားနှင့် အံ့ဩနေခဲ့တော့လေသည်။
ငွေလက်မှတ် ခုနစ်ထောင်
လီဟမ်ရှန်းသည် သူ့မျက်လုံးများကိုပင် သူမယုံနိုင်ခဲ့ပေ။ဒီ ငွေတွေက ဘယ်ကရောက်လာရတာလဲ။
လုချောင်းချောင်းပင်လျှင် မြောက်မြားစွာသော ငွေများကို မြင်သော် တုန်လှုပ်သွားခဲ့လေတော့သည်။ သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ တပည့်များအကြားတွင် ထိုကဲ့သို့ မြောက်မြားစွာသော ငွေကြေးကို ပိုင်ဆိုင်ထားသူဟူ၍ လုံးဝကို ရှိမနေပေ။
“အကို့အဖေက ငွေပို့လိုက်တာပဲ” လုချောင်းချောင်း၏ မျက်ဝန်းများသည် အရောင်တောက်သွားခဲ့လေတော့သည်။သူမသည် လီဟမ်ရှန်းအတွက် စတင်၍ ပျော်ရွှင်လာခဲ့လေတော့သည်။
လီဟမ်ရှန်းမှာ စာကို ဖွင့်ဖောက်လိုက်လေ၏။စာထဲတွင် စာကြောင်းရေအနည်းငယ်သာ ပါရှိလေသည်။စာထဲတွင် သူ့အား ကျင့်ကြံခြင်းကို အာရုံစိုက်ရန်ပြောထားပေ၏။ဖခင်ဖြစ်သူမှာ ပန်းချီရေးဆွဲပြီး ရောင်းချခြင်း၌ အဆင်ပြေနေပြီ ဖြစ်သောကြောင့် အိမ်သို့ ငွေပြန်ပို့ရန်မလိုအပ်တော့ကြောင်းပြောထားလေသည်။ငွေလက်မှတ် ခုနစ်ထောင်နှင့် သွေးဂျင်ဆင်းမှာ သူ၏ ကျင့်ကြံမှုတွင် အသုံးပြုရန်အတွက် ပို့ပေးလိုက်ကြောင်းနှင့် အချိန်တိုတိုအတွင်း အောင်မြင်စေရန် ဆုတောင်းပေးပါကြောင်း ပါရှိလေသည်။
လီချန်ချင်းမှာ အဖော်ထုတ်ခံရမည်စိုးသဖြင့် များများစားစား မပြောရဲပါချေ။လက်ရေးကိုပင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ လက်ရေးနှင့် တထပ်တည်း တူညီစေရန် အသည်းအသန် ကြိုးစားခဲ့ရလေ၏။
လီဟမ်ရှန်းမှာလည်း အနည်းငယ် ထူးဆန်းနေသလို ခံစားနေခဲ့ရလေသည်။
သူသည် အိပ်မက်မက်နေသလားဟုပင် ထင်မြင်နေမိတော့သည်။
“အကိုလီ၊ ဒါတွေကို ခပ်မြန်မြန်သိမ်းလိုက်။တခြားလူတွေ မမြင်စေနဲ့ဦး”
လီဟမ်ရှန်းမှာ မလှုပ်မယှက်နှင့် ငေးငိုင်နေသည်ကို မြင်သောကြောင့် လုချောင်းချောင်းက အလျင်အမြန်ပင် သူ့အား သတိပေးလိုက်တော့လေသည်။
ငွေသားခုနစ်ထောင်ဆိုသည်မှာ သေးငယ်သော ပမာဏ ဟုတ်မနေပေ။သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ အခြားလူများသည် လီဟမ်ရှန်း၌ ထိုကဲ့သို့ များပြားလှသော ငွေကြေးများ ရှိနေသည်ကို သိသွားပါက လီဟမ်ရှန်း ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။
ကြွယ်ဝခြင်းနှင့် ရတနာများသည် ဘေးအန္တရာယ်ကို ဆွဲဆောင်တတ်သည် မဟုတ်ပါလား။
“အို အို” လီဟမ်ရှန်းသည် ထိုအချိန်မှ ပြသနာကို သဘောပေါက်ကာ ပတ်ဝန်းကျင်ကို အလျင်အမြန် လှည့်ပတ်ကြည့်ရှုမိလေသည်။ထို့နောက် ငွေလက်မှတ်များကို ခပ်သွက်သွက် သိမ်းဆည်းလိုက်လေတော့၏။
“အကိုလီ ဒါလည်း ကျန်သေးတယ်” လုချောင်းချောင်းသည် သူမ၏ လက်ထဲမှ သံတံဆိပ်လေးကို လီဟမ်ရှန်းထံသို့ ကမ်းပေးလိုက်ပြန်တော့သည်။
“ဒါက ဘာလဲ”
လီဟမ်ရှန်းသည် ထိုအရာကို ကြည့်လိုက်သည့်တိုင် ဘာမှန်း သူမသိပေ။
“ညီမလည်း မသိဘူး။အကို့အဖေပို့လိုက်တဲ့ စာအိတ်ထဲက ထွက်ကျလာတာ။မာတာတော့ တော်တော်လေးပါတယ်”
လီဟမ်ရှန်းသည် ထိုအရာကို ပြန်ကမ်းပေးလိုက်ပြီး
“ဒါက ဘာလဲဆိုတာတော့ အကိုမသိဘူး။ဒါပေမယ့် လုညီမလေး ကြိုက်ရင် အကိုက ညီမကို လက်ဆောင်အဖြစ် ပေးချင်ပါတယ်”
လီဟမ်ရှန်းက သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း သွားများပေါ်အောင် ပြုံးရင်း ပြောလိုက်တော့သည်။
ထိုစကားကိုကြားသော် လုချောင်းချောင်းက ရုတ်တရက် နောက်ပြောင်လိုက်တော့လေသည်။
“ဒါက အကိုလီက ညီမကိုပေးတဲ့ မိသားစုတံဆိပ်ပြားဆိုတဲ့သဘောလား”
“ဟင်” လီဟမ်ရှန်းသည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြာယာခတ်သွားတော့လေ၏။
“မိသားစုတံဆိပ်ပြား? ချစ်သူမိန်းကလေးကို မင်းက ငါ့မိန်းကလေးဆိုပြီး ချစ်သက်လက်ဆောင်အနေနဲ့ ကိုယ့်မိသားစုတံဆိပ်ပြားကို ပေးတာကို သူမက ပြောနေတာလား”
“ငါ....” လီဟမ်ရှန်းသည် ဘာပြောရမှန်းကို သူ မသိတော့ချေ။
ထို့ကြောင့်
“ဒါက ဘယ်လိုတံဆိပ်ပြားလဲ။ကျိုးပဲ့နေတဲ့ သံပြားတံဆိပ်ကြီးပါ။မနက်ဖန်ကျရင် ရတနာတထောင်တောင်ထိပ်ကို အကိုသွားမယ်။ညီမအတွက် အရမ်းလှတဲ့ ကျောက်စိမ်းဆွဲပြားဝယ်ပေးမယ်။
လီဟမ်ရှန်း၏ စိတ်လှုပ်ရှားနေသော အကြည့်ကို မြင်ပြီး လုချောင်းချောင်းက ငြင်သာစွာ ရယ်မောလိုက်လေ၏။သူမ၏ မျက်ဝန်းများမှာ လခြင်းကွေးလေးလို ကွေးညွတ်သွားလေတော့သည်။
“ဟုတ်ပါပြီ အကိုလီရယ်။ညီမက အကို့ကို နောက်တာပါ။တခြားပစ္စည်းတွေကို လျှောက်မဝယ်ပါနဲ့။ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး စွမ်းအားတိုးလာအောင် ကျင့်ကြံဖို့ လုပ်ပါ။အကိုလီက ညီမကို တကယ်ပဲ စေတနာရှိလို့ ပေးချင်တယ်ဆိုရင်လည်း ဒီသံတံဆိပ်ပြားနဲ့ပဲ အဆင်ပြေပါတယ်။သူ့ရဲ့ အပေါ်မှာ ရိုက်နှိပ်ထားတဲ့ ပုံစံတွေကိုလည်း ညီမ သဘောကျတယ်”
လုချောင်းချောင်းသည် ထိုသံမဏိပြားကို ဆွဲယူလိုက်ပြီး လီဟမ်ရှန်း၏ မျက်နှာအရှေ့တွင် ဝှေ့ယမ်းပြလိုက်လေတော့သည်။
“အကိုလီက ဒါကို နှမြောနေမှာပဲစိုးတာ” လုချောင်းချောင်းက ပြုံးရင်းနှင့် မေးလိုက်တော့၏။
“လုညီမလေး ကြိုက်မှတော့ ယူသာယူလိုက်ပါ” လီဟမ်ရှန်းက အလျင်အမြန်ပင် ပြောလိုက်သည်။
“ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အကိုလီ” လုချောင်းချောင်းသည် ဂရုတစိုက်နှင့် သံပြားကို သိမ်းဆည်းလိုက်လေသည်။ထိုအရာက ဘာမှန်းမသိသည့်တိုင် လီဟမ်ရှန်း၏ လက်ဆောင်ဖြစ်သောကြောင့် သူမ နှစ်ခြိုက်လေသည်။
“လုညီမလေး ငါ ထင်းတုံးတွေ သွားပို့ရတော့မယ်” လီဟမ်ရှန်းသည် အလျင်အမြန်ပင် ထရပ်ကာ ထင်းတုံးကြီးနှစ်တုံးကို ကောက်ယူလိုက်တော့သည်။သူ ထင်းပို့တာ နောက်ကျလျှင် အခြားစီနီယာအကိုများမှ သူ့အား ဆူပူကြပေလိမ့်မည်။
“ဟုတ်ပြီ အကိုလီ မြန်မြန်သွားပါ” လုချောင်းချောင်းက အလျင်အမြန် ပြောလိုက်၏။
ထိုအချိန်တွင် တောက်ယွမ်တောင်ထိပ်တွင် မူဟိုင်ဖုန်းတောင်သခင်သည် ရုတ်တရက် ပေါ်လာတော့၏။သူက ရှေးဟောင်းတာအိုဂိုဏ်းသို့ အလျင်အမြန်ပြန်လာပြီး ဂိုဏ်းချုပ်ကို လာတွေ့ခြင်းသာ ဖြစ်ပေသည်။
ဂိုဏ်းချုပ်ကို သူ လျှောက်တင်ရန် ကိစ္စများစွာ ရှိပေသည်။လီချန်ချင်းနှင့် ပတ်သက်သော အကြောင်းအရာများသာမက၊သူ ဂိုဏ်းသို့ အပြန်လမ်းတွင် တစ္ဆေကျင့်ကြံသူတစ်ယောက်၏ ခြေရာလက်ရာများကို တွေ့ခဲ့ခြင်းကြောင့်ပင်။