အခန်း (၁၀)
Vol. 1 Ch. 10
တောက်ယွမ်တောင်ထိပ်တွင် မြောက်မြားစွာသော ပန်းများ ပွင့်လန်းနေခဲ့တော့သည်။ထိုနေရာတွင် မတူညီသော နေရာတိုင်းမှ ပန်းများစွာတို့ကို ဂိုဏ်းချုပ် လော ရှောင်ချွမ်က ယူဆောင်လာပြီး တောင်တခုလုံး၌ စိုက်ပျိုးထားသည်ဟု ကောလဟာလ ရှိနေခဲ့ပါသည်။
ပန်းတိုင်းမှာ အရောင်စုံကာ တောက်ပနေခဲ့တော့လေ၏။လောကကြီးတခုလုံးကို ဆေးရောင်စုံခြယ်ထားသည့်အလားပင် ဖြစ်နေခဲ့သည်။
လမ်းအဆုံးတွင်တော့ ဝါးတောလေးရှိသည်။လော ရှောင်ယွမ်သည် ထိုနေရာ၌ နေထိုင်လေ့ရှိ၏။ဝါးတော၏ အပြင်ဖက်တွင်တော့ ဆန်းကြယ်သော အက္ခရာများကို ရိုက်နှိပ်ထားသည့် ကျောက်လိပ်ရုပ်ထုကြီးများ ရှိလေသည်။
မူဟိုင်ဖုန်းတောင်သခင် ဝါးတောအစပ်နားသို့ ရောက်စဉ်မှာပင် ဝါးတောထဲမှ တစုံတယောက် ထွက်လာသည်ကို သတိပြုမိလိုက်လေသည်။
ထိုပုဂ္ဂိုလ်သည် ဆွတ်ဆွတ်ဖြူနေသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အသက်လေးဆယ်ခန့် ရှိပေသည်။သူ၏ ကြယ်တာရာကဲ့သို့ မျက်ဝန်းများမှာ မြင့်မြတ်ကာ စွမ်းအားကြီးမားလှသည့် ဓားအရှိန်အဝါများ လှိုင်လှိုင်ထွက်ပေါ်နေခဲ့လေသည်။သူ၏ ဟန်အမူအရာများ မြင့်မြတ်မှုနှင့် အေးစက်မှုတို့ ရောယှက်နေသောကြောင့် သူ၏ ပုံစံမှာ ဆန်းကြယ်နေကာ ခန့်ညားချောမောနေခဲ့တော့သည်။
“ဒုဂိုဏ်းချုပ်”
ထိုလူကို မြင်သည်နှင့် မူဟိုင်ဖုန်းတောင်သခင်သည် လက်ကိုဆုပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်လေ၏။
“ရှမူဟိုင်?” မူဟိုင်ဖုန်းတောင်သခင်ကို မြင်သော် ထိုပုဂ္ဂိုလ်က တည်ငြိမ်စွာ ဆိုလိုက်၏။
“ဂိုဏ်းချုပ်ကို လာရှာတာလား”
“ဟုတ်ပါတယ်။ကျုပ်မှာ ဂိုဏ်းချုပ်ကို အရေးတကြီးသတင်းပို့စရာ ရှိနေပါတယ်” ရှမူဟိုင်က ခေါင်းညိမ့်လိုက်လေသည်။
အမြဲလိုလို အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားကာ နေတတ်သော ရှမူဟိုင်တယောက် လွန်စွာလေးနက်နေသောကြောင့် အဖြူရောင်ဝတ်စုံနှင့် လူက ခေါင်းညိတ်ကာ ဖြေလိုက်၏။
“လောလောဆယ် ဂိုဏ်းချုပ်က ဂိုဏ်းထဲမှာ မရှိဘူး။မင်း ပြောချင်ရင်တော့ ငါ့ကို ပြောလို့ရတယ်”
ထိုသို့ပြောပြီး အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ကျောက်တုံးတတုံးပေါ်၌ ထိုင်ချလိုက်လေသည်။
ရှမူဟိုင်သည် အချိန်တခုကြာအောင် ငြိမ်သက်သွားလေသည်။ထို့နောက် သူတင်လျှောက်ရမည့် ကိစ္စနှစ်ရပ်ကို အပြန်ပြန်အလှန်လှန် သုံးသပ်နေခဲ့တော့လေ၏။ထို့နောက်မှ ပြောပြလိုက်လေတော့သည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ပြောနေသည့်ကာလပတ်လုံး အမူအရာ လုံးဝပြောင်းလဲခြင်း မရှိခဲ့ပေ။ရှမူဟိုင် ပြောပြီးသည့်အခါမှသာ သူကစကားစပြောလေသည်။
“လီချန်ချင်းက မကောင်းတဲ့ အပြုအမူဘာတခုမှ မလုပ်ထားဖူးဘူး။ပြီးတော့ သူ့နာမည်ကိုလည်း ငါလုံးဝကို မကြားဖူးဘူး။သူ့ကို စောင့်သာကြည့်နေချေ။လိုအပ်လာရင် သူ့ကို ကောင်းကောင်းမွန်မွန်လေး ဆက်ဆံပေး”
”ဒီလို ကျွမ်းကျင်သူနဲ့ မိတ်ဆွေဖြစ်နေတာမျိုးက ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းအတွက် အကျိုးဖြစ်နိုင်တယ်
ထိုကဲ့သို့ ပြောပြီးနောက်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသား၏ အကြည့်များမှာ ရုတ်တရက် စူးရှလာခဲ့ပြီး
“တစ္စေဂိုဏ်းကိစ္စနဲ့ပတ်သက်ပြီးတော့ အပြင်ဖက်မှာ ကင်းလှည့်နေတဲ့ တပည့်တွေကို သတိကြီးကြီးထားခိုင်းလိုက်။ကိစ္စကြီးကြီးမားမား ထူးထူးခြားခြားမရှိရင် တစ္ဆေဂိုဏ်းကလည်း ဘာမှ လှုပ်ရှားမှာ မဟုတ်ဘူး။ယန်ဒေါင်ချန်က ရုပ်သေးရုပ်သာသာပါ။သူ့အနောက်မှာ တကယ်ကိုင်တွယ်နေတဲ့ ငါးအကြီးကြီးတကောင်တော့ ရှိနေလိမ့်မယ်။နောက်ထပ် ကိစ္စတွေ ရှိသေးရင် ဂိုဏ်းကိုသာ ပြန်သတင်းပို့ပါ။အားလုံးကို ငါကိုင်တွယ်လိုက်မယ်”
“ဒုဂိုဏ်းချုပ်က ဒီလိုပြောမှတော့ ကျုပ် စိတ်အေးနိုင်ပါပြီ။ဒီတစ္ဆေကျင့်ကြံသူတွေက ကျုပ်တို့ ရှေးဟောင်းတာအိုဂိုဏ်းထဲမှာ ပြသနာလာရှာရဲတယ်ဆိုရင် သူတို့ သေချင်နေကြတာပဲ ဖြစ်ရမယ်။”
ရှမူဟိုင်က ရယ်မောကာ ဆိုလိုက်လေသည်။
“ဒါဆိုလည်း ကျုပ်ပြန်လိုက်ပါဦးမယ်”
ရှမူဟိုင်သည် ထိုအဖြူရောင်ဝတ်စုံနှင့် လူ၏ စကားများကို လုံးဝသံသယမဝင်ပေ။
ထိုသူက ကြွားဝါပြောနေခြင်းဟုလည်း မထင်ခဲ့ပေ။
ရှေးဟောင်းတာအိုဂိုဏ်း၏ ဒုဂိုဏ်းချုပ် ရွှယ်ချမ်းပိုင်သည် ချမ်းရွှယ်အာဏာဓါး ဟူသော ဂုဏ်ပုဒ်ရှိပေသည်။
ထိုဂုဏ်ပုဒ်မှာ အလကားမဟုတ်နေပေ။ရှေးဟောင်းတာအိုဂိုဏ်းနယ်မြေတွင် လာရောက်သောင်းကျန်းပြီးနောက် ချမ်းရွှယ်အာဏာဓါးနှင့် ရင်ဆိုင်ရပြီး အသက်ရှင်လျက် ပြန်သွားနိုင်သည့် တစ္ဆေကျင့်ကြံသူဟူ၍ လောကကြီးတခုလုံး၌ လက်ချိုးရေလျှင် လက်တဖက်ပင် မပြည့်ချေ။
မူဟိုင်ဖုန်းတောင်ထိပ်သို့ ပြန်ရောက်သောအခါတွင် ရှမူဟိုင်သည် သူ၏ တပည့်များကို သတင်းဖြန့်စေကာ တစ္ဆေကျင့်ကြံသူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်စေခဲ့သည်။
တချိန်တည်းမှာပင် ရှမူဟိုင်သည် တောင်ထိပ်တိုင်းကို လူများစွာ လွှတ်ကာ လီဟမ်ရှန်းကို လိုက်ရှာခိုင်းခဲ့၏။
ရက်အနည်းငယ်ကြာသော် တောင်ထိပ်များကို သူလွှတ်လိုက်သော တပည့်များမှ ပြန်သတင်းပို့ကြရာ လီဟမ်ရှန်းဆိုသော အမည်နှင့် တပည့်သည် တောင်ထိပ်တိုင်းတွင် မရှိပါဟူသော အဖြေကိုသာ ရရှိခဲ့လေသည်။
ထို ရလဒ်မှာ ရှမူဟိုင်ကို အံ့အားသင့်သွားစေခဲ့လေသည်။
ယန်မိသားစုမှ သူ့ကိုပြောခဲ့သော သတင်းအရ လီချန်ချင်း၏ သားဖြစ်သူသည် လွန်ခဲ့သော သုံးနှစ်ခန့်က အိမ်မှ ထွက်ပြေးလာပြီးနောက် ရှေးဟောင်းတာအိုဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလား။အဲ့ဒါဆိုရင် ဘာလို့ တောင်ထိပ် ၃၆ခုလုံးမှာ လီဟမ်ရှန်းက မရှိရတာလဲ။
ဖြစ်နိုင်တာက လီဟမ်ရှန်းက ဒီကို လုံးဝကို ရောက်မလာခဲ့တာများလား။
လီချန်ချင်းရဲ့ စွမ်းအားနဲ့ ဆိုရင် သားဖြစ်တဲ့ လီဟမ်ရှန်းက ပါရမီရှင် ဖြစ်ပြီးတော့ အခုလောက်ဆိုရင် အတွင်းစည်း တပည့်ဖြစ်ပြီး ဂိုဏ်းထဲမှာ ကျော်ကြားနေရမှာလေ မဟုတ်ဘူးလား။
ဘာတွေ ဖြစ်နေတာလဲဟ
လီဟမ်ရှန်းသည် ရက်နည်းနည်းကြာအောင် တံခါးပိတ်ကာ ကျင့်ကြ့နေခဲ့တော့လေသည်။
သူက ကျင့်ကြံရန် အရင်းအမြစ်များကို ယခင်က လုံးဝ မရရှိခဲ့ဘူးပါ။
ယခုအချိန်တွင်တော့ သူ့ လက်ထဲတွင် ငွေများစွာ ရှိလာပြီ ဖြစ်သောကြောင့် လီဟမ်ရှန်းသည် ငွေစများအားလုံးကို ယခင်ကတည်းက သူလိုချင်နေခဲ့သော အရင်းအမြစ်များတွင် သုံးစွဲလိုက်ခဲ့လေသည်။သူ လုပ်ဆောင်ရန် ရှိနေသော အလုပ်များကို လုပ်ဖို့ပါ လူငှားထားလေ၏။ထိုမှသာ သူအေးအေးသက်သာ ကျင့်ကြံ၍ ရလိမ့်မည် ဖြစ်လေသည်။
သူက ရွယ်တူများထက် အဆင့်များစွာ နောက်ကျကျန်ရစ်ခဲ့လေပြီ။ထို့ကြောင့် သူအလျင်အမြန်လိုက်မှ ဖြစ်ပေမည်။
တက်လှမ်းခြင်းအဆင့်ကို ကျော်လွန်မည်။အပြင်စည်းတပည့်ဖြစ်အောင် လုပ်မည်။တောင်ထိပ် ၃၆ခုမှ တခုကို ဝင်မည်။ထို့နောက် ရှေးဟောင်းတာအိုဂိုဏ်း၏ အစစ်အမှန် တပည့်တယောက်ဖြစ်လာအောင် လုပ်မည်။
တက်လှမ်းခြင်းအဆင့်မှာ မိမိ၏ ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံမှ တိုးတက်အောင် လုပ်ရခြင်း ဖြစ်ပေသည်။ခန္ဓာကိုယ်အင်အား၊အရိုး၊ကလီစာ၊သွေး အားလုံးတို့မှာ သာမန်သေမျိုးတို့ထက် သာလွန်အောင် ပြောင်းလဲရခြင်းဖြစ်လေသည်။ကျင့်ကြံခြင်း၏ ပထမခြေလှမ်းမှာ ထိုအရာများကို ပြောင်းလဲပြီး တက်လှမ်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်ရန် ဖြစ်ပေသည်။
“အကိုလီကို မတွေ့ရတာ ရက်တော်တော်ကြာနေပြီ”
လီဟမ်ရှန်း နေထိုင်ရာနှင့် မလှမ်းမကမ်းနေရာတွင် လုချောင်းချောင်းသည် လီဟမ်ရှန်း၏ အဆောင်ကို ကြည့်နေခြင်းဖြစ်သည်။ထိုနေ့မှ စ၍ သူမသည် လီဟမ်ရှန်းကို မတွေ့ရတော့ခြင်းဖြစ်ပါသည်။
လီဟမ်ရှန်းမှာ တံခါးပိတ်ကျင့်ကြံနေသည်ကို သူမ သိပေသည်။သူမသည်လည်း သူ့အတွက် ကျင့်ကြံရန်အရင်းအမြစ်များရရှိနေခြင်းကြောင့် ပျော်ရွှင်ပါသည်။သို့သော် လီဟမ်ရှန်းအား ရက်တော်တ်ောကြာကြာ မတွေ့ရခြင်းသည် လုချောင်းချောင်းအား စိတ်ဓာတ်ကျကာ လမ်းပျောက်စေသလို ခံစားစေရ၏။
သူမ၏ ဝတ်ရုံရင်ဘတ်ကြားမှ လက်ကိုင်ပုဝါလေးကို ထုတ်ကာ ဂရုတစိုက်နှင့် ဖြေချလိုက်လေသည်။လက်ကိုင်ပုဝါလေး၏ အလည်တွင် သူမအား လီဟမ်ရှန်း ပေးထားသော သံပြားလေးရှိပေသည်။ထိုအရာက ဘာဆိုတာမှန်း သူမ မသိသည့်တိုင် ခပ်ဖျော့ဖျော့ ပြုံးရင်း သူမ ကြည့်နေမိသည်။လီဟမ်ရှန်းမှ သူမအား ပထမဦးဆုံးအကြိမ်အဖြစ် လက်ဆောင်ပေးခြင်း ဖြစ်သောကြောင့် သူမ တန်ဖိုးထားမှ ဖြစ်လိမ့်မည်။
ထိုအရာမှာ ဘာဆိုတာကို သူမမသိပေ။ထိုအရာမှာ တန်ဖိုးမရှိသည့် ပုံစံဖြစ်နေသည့်တိုင် လီဟမ်ရှန်း ပေးထားခြင်းဖြစ်သောကြောင့် သူမအတွက် ရတနာ တပါးကဲ့သို့ ဖြစ်နေခဲ့တော့သည်။
တချိန်တည်းမှာပင် ထိုတံဆိပ်ပြားက ဘာဆိုတာကို သူမ သိချင်နေမိတော့သည်။ထိုသတ္တုပြားမှာ သံထက်လေးပေ၏။အခြား သူမသိသော သတ္တုအမျိုးအစားလည်း မဟုတ်နေပေ။လုချောင်းချောင်းသည် ထိုကဲ့သို့ ဆန်းကြယ်သော သတ္တုမျိုးကို ယခင်က မမြင်ဖူးခဲ့ပါချေ။ထို တံဆိပ်ပြား၏ အစွန်းဖက်ကို ဖြေးညင်းစွာ ပွတ်သပ်လိုက်ပြီးနောက်တွင် ခပ်စူးစူးခံစားချက်ကို သူမခံစားလိုက်ရလေတော့သည်။
“အမလု”
ထိုအချိန်တွင် အသံတသံသည် ရုတ်တရက်ထွက်ပေါ်လာပြီး လုချောင်းချောင်း၏ ပုခုံးထက်သို့ လက်တဖက်ရောက်လာသောကြောင့် သူမ အလွန်လန့်သွားခဲ့လေ၏။
ထို ရုတ်တရက်ထိတ်လန့်မှုကြောင့် သူမ၏ လက်ထဲမှ သံတံဆိပ်နှင့်သူမ၏ လက်ချောင်းမှာ ရှသွားလေတော့၏။
“အားးး” လုချောင်းချောင်းမှာ နာကျင်လှသောကြောင့် အော်ဟစ်လိုက်လေတော့သည်။
လုချောင်းချောင်း၏ နာကျင်စွာ အော်ဟစ်သံမှာ သူမကို ပုခုံးပုတ်လိုက်သူအားလည်း ကြောက်လန့်သွားစေခဲ့သည်။ထိုသူမှာ ရှယွဲ့ယွဲ့ ဟုခေါ်သော မိန်းမပျိုလေးတယောက်ဖြစ်ပြီး သာမန်အချိန်တွင် လုချောင်းချောင်းနှင့် ဆက်ဆံရေးကောင်းများ ရှိကြလေသည်။
သူမသည် လုချောင်းချောင်းတယောက် တွေဝေငေးငိုင်နေသည်ကို မြင်လိုက်ရသောကြောင့် တမင်သက်သက် လန့်ဖြန့််သွားအောင် စနောက်မိလိုက်ခြင်းသာ ဖြစ်လေသည်။
လုချောင်းချောင်း၏ လက်ချောင်းမှ သွေးများထွက်နေသည်ကိုမြင်လိုက်သဖြင့် ရှယွဲ့ယွဲ့မှာလည်း ထိတ်လန့်သွားခဲ့လေတော့သည်။
“တောင်းပန်ပါတယ် တောင်းပန်ပါတယ် ချောင်းချောင်း၊ ငါ ငါ မရည်ရွယ်ပါဘူး။သွေးတိတ်အောင် မြန်မြန်လုပ်ပါဦး” ရှယွဲ့ယွဲ့သည် သူမ၏ ရင်ဘက်အတွင်းမှာ လက်ကိုင်ပုဝါကို ထုတ်ယူကာ လုချောင်းချောင်း၏ သွေးထွက်နေသော လက်ကို အလျင်အမြန် ပတ်လိုက်လေတော့သည်၊
သို့သော် လုချောင်းချောင်းမှာ ထိုအရာများကို ဂရုမစိုက်ပေ။သူမ ဂရုစိုက်သည်က သံပြားလေးတွင် သူမ၏ သွေးများ စွန်းထင်းသွားမည်ကိုသာ ဖြစ်သည်။သို့သော် သံပြားမှာ သွေးတစက်မှ စွန်းထင်းမနေသောကြောင့် သူမ အံ့အားသင့်သွားခဲ့ရလေတော့သည်။
လုချောင်းချောင်း မသိလိုက်ရသည်မှာ သူမ၏ သွေးစက်များကို သံပြားလေးမှ စုပ်ယူသွားခြင်းကိုပင်။
ထိုအချိန်တွင် မင်ဟုန်ခရိုင်အတွင်းရှိ အမှောင်လောကတွင် လူအချို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ကြတော့လေ၏။
“ချီရှန်း အမိန့်ပြားကို တယောက်ယောက်က သန့်စင်လိုက်ပြီ”
အစွန့်ပစ်ခံထားရသော ရှေးဟောင်းဘုံကျောင်းတွင် ညစ်ပတ်နေသော ကျောက်တုံးစင့်မြင့်ပေါ်တွင် စုတ်ပြတ်နေသော လူတစ်ယောက်ထိုင်နေလေ၏။သူ၏ ဆံပင်များမှာ ရှုပ်ပွနေခဲ့သည်။သူ၏ မျက်လုံးများကို ထူထဲသော အဝတ်စကြီးနှင့် ပတ်ကာချည်နှောင်ထား၏။သူ့ပုံစံမှာ လောကကြီးကို မြင်ခွင့်မရှိသော မျက်မမြင်တစ်ယောက်နှင့် တူပေသည်။
ထိုစကားထွက်ပေါ်လာသည်နှင့် သူ့အရှေ့တွင် မတ်တပ်ရပ်နေကြသူများ၏ အမူအရာများသည် ပြောင်းလဲသွားခဲ့တော့လေ၏။
ချီရှန်းအမိန့်ပြားက အသန့်စင်ခံလိုက်ရပြီတဲ့လား
တယောက်ယောက်က သူတို့ မလှုပ်ရှားခင်မှာ ဦးအောင် လှုပ်ရှားသွားခဲ့တာများလား
“ဘယ်သူလဲ ယင်တန်မျှော်စင်ကလား”
စွမ်းအားကြီးမားသည့် တစ္ဆေကျင့်ကြံသူမှာ မယုံကြည်နိုင်စွာနှင့် ပြောလိုက်လေတော့သည်။