အခန်း (၁၁)
Vol. 2 Ch. 11
“မဖြစ်နိုင်ဘူး”
မျက်မမြင်လူကြီးသည် တည်ငြိမ်စွာဆိုလိုက်တော့လေသည်။
“ချီရှန်း အမိန့်ပြားရဲ့ တည်နေရာက ရှေးဟောင်းတာအိုဂိုဏ်းမှာ ရောက်နေတာ။အဲ့နေရာကို ယင်တန်မျှော်စင်အနေနဲ့ လုံးဝကို မရောက်နေနိုင်ဘူး”
“ငါတို့ လူတွေကလည်း ရှေးဟောင်းတာအိုဂိုဏ်းကို မျက်ခြေမပြတ်ပဲစောင့်ကြည့်နေခဲ့တာ။လောလောဆယ် အဲ့ဒီ့မှာ ဘာလှုပ်ရှားမှုကိုမှ မတွေ့ရဘူး”
“အဲ့ဒါတောင် ဘယ်လိုလုပ် တယောက်ယောက်က သန့်စင်သွားတာက ဖြစ်နိုင်မှာလဲ” လူတော်တော်များများသည် ထို အချင်းအရာကို မယုံကြည်နိုင်အောင် ဖြစ်နေဆဲပင်။
“ဖြစ်နိုင်တာက လူသားတစ်ယောက်ယောက်က သန့်စင်သွားတာများလား”
မျက်မမြင်လူကြီးသည် ဖြေးညင်းစွာ ပြောလိုက်လေတော့သည်။
“ ဒါကလည်း မဖြစ်နိုင်ဘူးဆိုတာတော့လည်း မဟုတ်ပြန်ဘူး။ချီရှန်း အမိန့်ပြားကို သန့်စင်ဖို့ လိုအပ်ချက်က မြင့်မားနေတာမှ မဟုတ်နေတာ။သွေးစက်ချလိုက်တာနဲ့ ရပြီလေ။လူသားတစ်ယောက်ယောက်က တိုက်တိုက်ဆိုင်ဆိုင် သန့်စင်လိုက်မိတာလည်း ဖြစ်နိုင်ခြေအများကြီး ရှိတယ်”
သူတို့စကားပြောနေစဉ်မှာပင် စာကလေးငှက်လေးတကောင်သည် ၎င်း၏ အတောင်ပံများကို တဖတ်ဖတ်ခတ်ကာ ဘုံကျောင်းထဲသို့ ပျံသန်းလာခဲ့လေတော့သည်။မျက်မမြင်ကြီးမှာ လက်ကို ဆန့်တန်းလိုက်ရာ စာကလေးငယ်လေးမှာ သူ၏ လက်ဖဝါးထက်တွင် နာခံစွာ နားလိုက်လေ၏။
စာကလေးမှာ ငှက်အော်သံများပြုလုပ်ပြီး မျက်မမြင်လူအိုကြီးကို စကားပြောလိုက်သည်။မျက်မမြင်ကြီးမှာ ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်ကို မြှောက်လိုက်လေ၏။စာကလေးငယ်လေးမှာ အဝေးသို့ ပျံသန်းသွားခဲ့တော့သည်။
“အကြီးအကဲ ဘာအခြေအနေထူးခြားလို့လဲ” တစုံတယောက်က အလျင်အမြန်မေးလိုက်တော့လေသည်။
“ရှေးဟောင်းတာအိုဂိုဏ်းရဲ့ တပည့် လုချောင်းချောင်း” မျက်မမြင်လူကြီးသည် ဖြေးညင်းစွာ မတ်တပ်ထရပ်လိုက်လေတော့သည်။
“ချီရှန်းအမိန့်ပြားကို အဲ့ဒီ့လူက သန့်စင်လိုက်တာပဲ”
“ကျုပ်တို့ ဘာလုပ်ကြမလဲ” အောက်ရှိလူများသည် ခက်ခဲသော အမူအရာများ ဖြစ်သွားကြလေတော့၏။
“အခုချီရှန်းအမိန့်ပြားကို အဲ့ဒီ့လူက သန့်စင်ပြီးသွားပြီဆိုမှတော့ ငါတို့က လုချောင်းချောင်းကို ကံကြမ္မာကြယ်ခန်းမကို ခေါ်လာရုံပဲ ရှိတော့မှာပေါ့”
မျက်မမြင်ကြီးသည် လူစုကို ပြောလိုက်ခြင်း ဖြစ်ပါသည်။
“အခြေအနေတွေက ငါတို့ ခန့်မှန်းထားတာတွေနဲ့ လွဲနေပေမယ့် ဖြေရှင်းလို့ မရတာမျိုးတော့ မဟုတ်ဘူး။ငါတို့ လက်ထဲမှာ ချီရှန်းအမိန့်ပြား ရောက်နေသေးသရွေ့တော့ အားလုံးအဆင်ပြေတယ်”
“ဟုတ်တယ်” လူစု၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့တော့လေသည်။
“ငါတို့အပြင် အခြား တစ္ဆေကျင့်ကြံသူတွေလည်း ဒီကိစ္စကို သတိထားမိသွားကြလောက်ပြီ။သူတို့မှာလည်း ငါတို့နဲ့ အကြံတူတူပဲ ရှိနေလောက်တယ်။”
ဘာစကားမှ ဝင်မပြောပဲ တိတ်ဆိတ်နေသည့် တစ္ဆေကျင့်ကြံသူက ထပြောလိုက်လေသည်။
“ငါတို့က လုချောင်းချောင်းကို ရှေးဟောင်းတာအိုဂိုဏ်းကနေ ခေါ်ထုတ်ဖို့က နည်းနည်းတော့ ခက်ခဲလိမ့်မယ်”
“အထူးသဖြင့် ယင်တန်မျှော်စင်ပဲ”
တစ္ဆေကျင့်ကြံသူတစ်ယောက်၏ မျက်ဝန်းများမှာ ကြမ်းတမ်းမှုများနှင့် ပြည့်နှက်နေကာ ဆိုလိုက်လေတော့သည်။
“သူတို့လုပ်ရပ်တွေက အမြဲတမ်းကို ယုတ်မာလွန်းတယ်။သူတို့က သိပ်မကြာခင်မှာ လှုပ်ရှားကြတော့မယ်။ယင်တန်မျှော်စင်ကနေ ဒီတခေါက် လှုပ်ရှားမယ့် လူက စုန့်ယွင်နျန်းပဲ။အဲ့ဒီ့မိန်းမက လူဖမ်းဖို့အတွက် အခုလောက်ဆိုရင် ပြင်ဆင်ပြီးလောက်ပြီ”
“စုန့်ယွင်နျန်း က အာရုံနောက်ဖို့ကောင်းလွန်းတယ်။ဒါပေမယ့် အဲ့ကောင်မက ရှေးဟောင်းတာအိုဂိုဏ်းက လူကို ဖမ်းဖို့ဆိုရင်တော့ သူ့ကိုယ်သူ အထင်ကြီးနေတာပဲ”
မျက်မမြင်လူအိုကြီးက သရော်လိုက်တော့လေသည်။
“လော ရှောင်ချွမ်က ရှေးဟောင်းတာအိုဂိုဏ်းထဲမှာ ရှိမနေပေမယ့်လို့ ရွှယ်ချမ်းပိုင် ကတော့ ရှိနေသေးတယ်။တကယ်လို့ စုန့်ယွင်နျန်းကသာ ရှေးဟောင်းတာအိုဂိုဏ်းကလူကို ဖမ်းဆီးချင်တယ်ဆိုရင်တော့ သေဖို့ကိုပါ အသင့်ပြင်ထားမှပဲ ဖြစ်လိမ့်မယ်”
ရွှယ်ချမ်းပိုင်၏ အမည်ကို ကြားလိုက်ကြသော် လူတိုင်း၏ နှလုံးသားမှာ လေးလံသွားခဲ့လေတော့သည်။ချမ်းရွှယ်အာဏာဓါးသည် တိမ်တိုက်ကို ထိုးဖောက်ကာ နတ်ဘုရားနှင့် မိစ္ဆာတစ္ဆေများကို သုတ်သင်ပစ်လျှင် မည်သည့်မျိုးနွယ်မှ ထွက်ကာ ရင်မဆိုင်ရဲကြချေ။
ထို့ကြောင့် ထိုအမည်ကို ပြောလိုက်တိုင်း လူတိုင်းသည် အေးစက်မှုကိုသာ ခံစားလိုက်ကြရတော့လေ၏။
သူတို့မှာ ရှေးဟောင်းတာအိုဂိုဏ်းသို့ ဝင်ကာ လူဖမ်းရန်အတွက် မလှုပ်ရှားရဲပါချေ။
ရွှယ်ချန်းပိုင်ကို အသာထားဦး။ တောင်ထိပ်သခင် ၃၆ ယောက်ထဲက တယောက်ပင်လျှင် ထိပ်သီးကျွမ်းကျင်သူများ ဖြစ်နေကြချေပြီ။
“အခွင့်အရေးကို စောင့်ရအောင်” လူစုမှာ လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်ကြလေသည်။မျက်မမြင်လူကြီးမှာ ပြန်ထိုင်ချလိုက်လေသည်။သူ၏ အရှိန်အဝါမှာ ပြန်လည်တည်ငြိမ်သွားလေတော့၏။
မင်ဟုန်ခရိုင် နောင်တမဲ့မြို့
ထိုမြို့ရှိ အကြီးမားဆုံးသော စားသောက်ဆိုင်သည် အင်မော်တယ်ခန်းမ ဟုခေါ်သော စားသောက်ဆိုင်ဖြစ်သည်။ထိုဆိုင်တွင် မက်မွန်အင်မော်တယ်ဝိုင်သည် အင်မော်တယ်ခန်းမတွင် အကျော်ကြားဆုံးသော ဝိုင်အရက် ဖြစ်ပါသည်။
လက်ရှိအချိန်တွင် စားသောက်ဆိုင်ရှိ လူတိုင်းသည် ဆိုင်ပြတင်းပေါက်နားတွင် ထိုင်နေသော မိန်းမပျိုလေးအား သက်ပြင်းတချချနှင့် ကြည့်နေကြတော့လေသည်။ထိုအမျိုးသမီးသည် အသက်သုံးဆယ်ခန့် အရွယ်ရှိပြီး နှစ်လိုဖွယ်ကောင်းသော အရှိန်အဝါမျိုး ရှိနေပေသည်။
တကယ့်တကယ်တန်းတော့ သူမ၏ လှပမှုကြောင့် သူမအား ဝိုင်းကြည့်နေကြခြင်း မဟုတ်ပေ။သူမကို လူတိုင်း ဝိုင်းကြည့်နေကြရခြင်းမှာ သူမ၏ ခြေထောက်နားတွင် ချထားပြီးသား ဖြစ်သော ဝိုင်ကရားအလွတ်များကြောင့်သာ ဖြစ်၏။
ထိုအမျိုးသမီးသည် ဆိုင်ကို ရောက်ကတည်းက ဝိုင်ကရား ၇၀ခန့် သောက်ပြီးသည့်တိုင် ယခုထိ ဆက်သောက်နေဆဲပင် ဖြစ်သည်။
ထိုကဲ့သို့ အရက်သောက်နိုင်စွမ်းသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။
“ကောင်းလိုက်တဲ့ ဝိုင်” အမျိုးသမီးသည် ရီဝေစွာ ပြောလိုက်၏။သူမ၏ မျက်ရည်ဝဲဝဲ မျက်ဝန်းများတွင် မူးယစ်နေသည့် အရိပ်အယောင်များကို တွေ့နေရပြီ ဖြစ်သည်။
ထိုအချိန်တွင် ပုံရိပ်တခုသည် ပြတင်းပေါက်အပြင်ဖက်မှ ပေါ်ထွက်လာခဲ့လေ၏။
“စုန့်ယွင်နျန်း ဒါက အခုလေးတင်မှ ရောက်လာတဲ့ သတင်းပဲ”
ရောက်လာသူသည် စာတစောင်ကို အမျိုးသမီးထံ တရိုတသေနှင့် ကမ်းပေးလိုက်တော့၏။
စုန့်ယွင်နျန်းသည် အလေးမထားသလို စာကိုဖွင့်ကာ ဖတ်လိုက်လေသည်။ထို့နောက် တချက်ပြုံးကာ လက်ဖဝါးပေါ်ရှိ စာကို ဖျက်ဆီးလိုက်လေ၏။
“ဒီတော့ ကျန်းဟူလည်း ရောက်လာတယ်လား” စုန့်ယွင်နျန်းသည် လေတချက်တက်ကာ ဆက်ပြောသည်။
“ဒီလုချောင်းချောင်းက တကယ်ကြီး ချီရှန်းအမိန့်ပြားကို သန့်စင်လိုက်တယ်ပေါ့လေ။ဒါက စိတ်ဝင်စားစရာပဲ”
“စုန့်ယွင်နျန်း မင်း ငါတို့ကို လုချောင်းချောင်းကို ဖမ်းဆီးစေလိုပါသလား” စာလာပို့သည့် လူမှာ လေသံတိုးတိုးနှင့် ပြောလိုက်လေ၏။
“အေ့” စုန့်ယွင်နျန်းသည် လေတချက်တက်သွားပြီးနောက် ထိုသူ့ကို စိုက်ကြည့်လိုက်၏။သူမ၏ အကြည့်မှာ အရူးတစ်ယောက်ကို ကြည့်နေသည့်အလားပင်။နောက်ဆုံးတွင် ထိုသူ၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်၏။
“လူငယ်လေး နင့်ရဲ့ သတ္တိကတော့ လေးစားလောက်ပါတယ်။နင့်အပေါ်ကို ငါက အများကြီးမျှော်လင့်ထားတယ်။နင် သွားဖမ်းလိုက်လေ”
ထိုသူမှာ မထင်ထားသော အပြုအမူကြောင့် အံ့အားသင့်သွားခဲ့၏။
“ကျုပ်တယောက်တည်းနဲ့ အဆင်ပြေလား”
“အာ နင်အရင် ဦးဆောင်ပြီး သွားထားနှင့်ပါ။အချိန်ကျလာရင် နင်က အဖြူရောင်ကို ဝတ်ထားတဲ့ ဓားသမားနဲ့ ရင်ဆိုင်ရလိမ့်မယ်။သူ့ကိုသာ သတ်နိုင်မယ်ဆိုရင် နင် ယင်တန်မျှော်စင်ကို ပြန်လာရင် ငါ့အဖေကို ပြောပြီး နဝမခန်းမသခင် ရာထူးပေးမယ်” စုန့်ယွင်နျန်းသည် လှောင်ပြုံးနှင့် ပြောလိုက်သည်။
“ဒါက…” ထိုသူသည် ချက်ချင်းပင် လောဘတက်သွား၏။သို့သော် သူက အရူးမဟုတ်ပေ။သူက အနေခက်စွာ ပြုံးလိုက်ရင်း
“စုန့်ယွင်နျန်း နင်က ဟာသလုပ်နေတာပဲ။။ငါ မသွားတော့ဘူး”
သူက စုန့်ယွင်နျန်းပြောသည့် အဖြူရောင်ဝတ်စုံနှင့် ဓားသမားက မည်သူမှန်း မသိသော်လည်း သူ ပစ်မှားလို့ မရသော သူဖြစ်ကြောင်းကိုတော့ သိနေပါသေး၏။
“အဲ့ဒါဆိုလည်း လစ်တော့၊ ငါအရက်သောက်နေတာကို လာမရှုပ်စမ်းနဲ့”
“ဟုတ်ပါပြီ ငါသွားပြီ ငါသွားပြီ”
သူ လျင်လျင်မြန်မြန်ပင် ထွက်သွားလိုက်တော့သည်။သူသာ စုန့်ယွင်နျန်းကို ဒေါသထွက်စေမိပါက နောက်ဆက်တွဲမှာ ပြသနာများလိမ့်မည်။
တစ္ဆေကျင့်ကြံသူတိုင်းသည် ချီရှန်းအမိန့်ပြားက ရှေးဟောင်းတာအိုဂိုဏ်းတွင် ရှိနေမှန်းကို သိသည့်တိုင် မည်သူမျှ မလှုပ်ရှားရဲကြချေ။
၎င်းတို့သည် အခွင့်အရေး ပေါ်လာမည်ကိုသာ စောင့်နေကြတော့၏။သားကောင်မှ ငါးစာကို ဟပ်မည့်အချိန်ကာလကို စောင့်ဆိုင်းနေသော စိတ်ရှည်သည့် မုဆိုးတစ်ယောက်လို ဖြစ်ပေသည်။သူတို့သည် ရှေးဟောင်းတာအိုဂိုဏ်းမှ သိရှိသွားမည်ကို စိတ်မပူပေ။အဘယ်ကြောင့်ဆိုသော် ချီရှန်းအမိန့််ပြားမှာ သူတို့်လို တစ္ဆေမျိုးနွယ်များသာ အာရုံခံမိနိုင်ခြင်းကြောင့်သာ ဖြစ်သည်။လူသားမျိုးနွယ်မှာ အာရုံခံမိကြလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့နှင့် ခုနစ်ရက် ကုန်ဆုံးသွားတော့သည်။
အရာရာက အေးဆေးဖြစ်နေပါသေးသည်။
တစ္ဆေစွမ်းအင်ကို ပထမဦးဆုံး အာရုံခံမိသည့် ရှမူဟိုင်ပင်လျှင် အံ့အားသင့်နေမိတော့၏။မင်ဟုတ်ခရိုင်တွင် တစ္ဆေကျင့်ကြံသူ၏ အရှိန်အဝါက ကျိန်းသေပေါက်ကို ပေါ်လာခဲ့ပြီး ဖြစ်လေသည်။သူတို့က ဘာကြောင့်များ မလှုပ်ရှားကြရတာများလဲ။
အဓိပ္ပာယ်လုံးဝကို ရှိမနေပေ။
မင်ဟုန်ခရိုင်တွင် ယန်ဒေါင်ချန်ပေါ်လာခြင်းကြောင့် ယင်တန်မျှော်စင်မှ လူများလည်း ကျိန်းသေပေါက်ကို ထွက်ပေါ်လာရလိမ့်မည်ဟု ရှမူဟိုင်က မျှော်လင့်ထားခဲ့လေ၏။သူက ၎င်းတို့၏ အားနည်းချက်ကို ပြသမည့် အချိန်ကို စောင့်မျှော်နေခြင်းသာ ဖြစ်ပေ၏။
ဒီတစ္ဆေကျင့်ကြံသူတွေက မင်ဟုန်ခရိုင်ကို လာပြီး ပြသနာရှာတာလား?
ဒါမှမဟုတ် ဖြတ်သွားရုံသက်သက်ပဲလား။
ထို အခြေအနေမှာ ရှမူဟိုင်ကို လွန်စွာ ဝေခွဲမရအောင် ဖြစ်နေတော့၏။
ယနေ့တွင် လီဟမ်ရှန်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့တော့သည်။
“ငါ့ရဲ့ ပါရမီကတော့ တကယ့်ကို သာမန်ပါပဲလား” လီဟမ်ရှန်းသည် တီးတိုးရေရွတ်လိုက်သည်။သူက လီချန်ချင်းပို့လိုက်သည့် ငွေလက်မှတ်များကို သုံးကာ အရင်းအမြစ်များစွာတို့ကို ဝယ်ယူခဲ့လေ၏။ဒါပေမယ့် ခုနစ်ရက်တိုင်တိုင် ကျင့်ကြံပြီးသော် တက်လှမ်းခြင်းအဆင့်သုံးမှ တက်လှမ်းခြင်း အဆင့်၄အထိသာ ရောက်ရှိပါသေးသည်။တံခါးပိတ်မကျင့်ကြံမီ သူက တက်လှမ်းခြင်းအဆင့်သုံး၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီး ဖြစ်ပေသည်။
သူ၏ ပါရမီမှာ သာမန်မျှသာ ဖြစ်ကြောင်းကို သူသိပါသည်။သူ့ အဖေနှင့် အတူတူသာ ဖြစ်သည်။စွမ်းဆောင်ရည်တော့ ကောင်းပေမယ့် အလားအလာမရှိနေပေ။
တာအိုနှင့် သိုင်းပညာရပ်များကို ကျင့်ကြံနိုင်ရုံကပင် တော်တော်လေး ဟုတ်နေခဲ့ပြီ ဖြစ်သည်။
ကြီးမားသော အောင်မြင်မှုများ ရရှိရန် အတွက်ကိုမူ လီဟမ်ရှန်းသည် လုံးဝကို မမျှော်လင့်ထားခဲ့ပါချေ။
ယခုတွင်မူ သူ့တွင် ကျင့်ကြံရန်အတွက် ငွေကြေးနှင့် ပြည့်စုံနေပြီ ဖြစ်သည်။လီဟမ်ရှန်းသည် သူ၏ အနာဂတ်မှာ တောက်ပလိမ့်မည်ဟု ကောင်းစွာ ယုံကြည်ထားသည်။
သူ့တွင် ငွေကြေးလုံလုံလောက်လောက်သာ ရှိနေပါက ကျင့်ကြံခြင်းအရင်းအမြစ်များကို လုံလောက်အောင် အမြဲဝယ်ယူနိုင်လိမ့်မည် ဖြစ်၏။ ထိုအခြေအနေသာ အမြဲဖြစ်နေပါက တချိန်ကျလျှင် သူသည် အမြင့်ဆုံးသော နယ်ပယ်အထိ ကျင့်ကြံနိုင်မည်။
ယနေ့တွင် သူက ကျင့်ကြံခြင်းကို ရပ်နားပြီး အပြင်သို့ ထွက်လာခဲ့ရခြင်းမှာ ယနေ့သည် အစေခံတပည့်များအားလုံးသည် တောင်ပေါ်မှ ဆင်းကာ ဂိုဏ်းအတွက် လိုအပ်သော အရင်းအမြစ်များကို ဝယ်ယူရန် အချိန်ကျလာသောကြောင့်ပင်။
ထိုအရာမှ သူရှောင်လွှဲ၍ မရနိုင်သော အခြေအနေပင် ဖြစ်လေသည်။
“အကိုလီ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီပဲ”
ထိုအချိန်တွင် ရင်းနှီးနေသော အသံချိုချိုလေးကို ကြားလိုက်ရသည်။