← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

ထိုအသံကို ကြားသဖြင့် လီဟမ်ရှန်း လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်သော ဟန်အမူအရာတခု ပေါ်ပေါက်လာခဲ့တော့လေသည်။

“လုညီမလေး”

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာချိန်တွင် မိမိ ချစ်မြတ်နိုးသူကို တွေ့ရခြင်းလောက် ပြီးပြည့်စုံတာ ရှိပါဦးမလား

လီဟမ်ရှန်းသည် လုချောင်းချောင်း၏ မျက်နှာလေးကို ကြည့်လိုက်လေတော့သည်။ သူမလေး၏ မျက်နှာမှာ အနည်းငယ် နွမ်းလျနေသည့်တိုင် နှစ်လိုဖွယ်ကောင်းနေဆဲပင်။

“ဂျူနီယာညီမလေး ဒီရက်ပိုင်း အိပ်လို့မပျော်ဘူးလား။ညီမကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ”

လီဟမ်ရှန်းသည် သိလိုစွာနှင့်မေးလိုက်၏။

“ဘာမှမဖြစ်ပါဘူး စီနီယာအကို။အကို စိတ်ပူနေဖို့ မလိုပါဘူး။ညီမက ဒီရက်ပိုင်း ကိစ္စတွေ ရှုပ်နေလို့ဖြစ်မှာပါ။ဒီနေ့ ပြန်ရောက်ရင် ကောင်းကောင်းအိပ်လိုက်မယ်လေ” လုချောင်းချောင်းသည် အပြုံးတခုနှင့် ပြန်ဖြေလေသည်။

လီဟမ်ရှန်းသည် လုချောင်းချောင်း၏ စကားကို သံသယလုံးဝမဝင်ခဲ့ပေ။

လုချောင်းချောင်းမှာ ခြင်းတောင်းကြီးကို လွယ်ထားသည်ကို လီဟမ်ရှန်းမှ ရုတ်တရက်သတိပြုမိသွားခဲ့လေတော့သည်။ထို့ကြောင့် ထပ်မေးလိုက်ပြန်သည်။

“ဂျူနီယာညီမလေးက တောင်အောက်ကို ဒီခြင်းတောင်းနဲ့ သွားမလို့လား။အကို မှတ်မိတာကတော့ ညီမက ဈေးဝယ်ရမယ့် တာဝန်မဟုတ်ဘူးလေ”

“ဟုတ်တယ် ဒီတကြိမ်တော့ ညီမ တောင်အောက်ကို ဆင်းမလို့။တခြားတယောက်နဲ့ ညီမ တာဝန်လဲလိုက်တယ်”

လုချောင်းချောင်းက ပြုံးကာဆိုလိုက်တော့သည်။

“တောင်ပေါ်မှာ နေရတာ နည်းနည်းပျင်းလာလို့လေ။အဲ့ဒါကြောင့် အပြင်ထွက်ပြီး အပန်းဖြေချင်လို့ပါ”

“အပန်းဖြေတာကတော့ ကောင်းပါတယ်” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။

“အဲ့ဒါဆိုရင်လည်း စီနီယာအကို၊ညီမ တောင်တံခါးကို သွားပြီး တန်းစီထားနှင့်လိုက်မယ်။အကို့ ပစ္စည်းတွေ အမြန်ယူပြီး လိုက်ခဲ့တော့”

လုချောင်းချောင်းသည် ထိုကဲ့သို့ ပြောပြီးနောက်တွင် ခြင်းတောင်းကို လွယ်ကာ ထွက်သွားလေသည်။

လုချောင်းချောင်းတယောက် အနည်းငယ် ပုံမှန် မဟုတ်ဖြစ်နေမှန်း လီဟမ်ရှန်း တစ်ယောက် ခံစားနေရသော်လည်း မည်သည့်အရာက လွဲမှားနေမှန်းကို သူ တိတိပပ မပြောနိုင်ပေ။ထို့ကြောင့် သူက ဂိုထောင်ထဲသို့ သွားကာ ခြင်းတောင်းသွားယူလိုက်လေ၏။

ခြင်းတောင်းရပြီးသော် တောင်တံခါးဝ၌ တန်းသွားစီရလေသည်။သူတို့အား တောင်အောက်သို့ ဆင်းကာ ပစ္စည်းဝယ်ရန်အတွက် သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ အကြီးအကဲက ဦးဆောင်သွားလိမ့်မည် ဖြစ်သည်။

သို့ပေမယ့် လီဟမ်ရှန်းက သူ၏ ပစ္စည်းများကို ယူကာ အပြင်သို့ ထွက်လာချင်းချင်းမှာပင် သူ့အားကြည့်နေသော ပုံရိပ်တခုကို မြင်တွေ့ခဲ့ရ၏။

“ဂျူနီယာညီမလေးရှ ပါလား” လီဟမ်ရှန်းက မေးလိုက်ပြန်သည်။

“ညီမလေးလည်း ခြင်းတောင်းလာယူတာပဲလား။အကို မှတ်မိတာကတော့ ညီမလေးက ဒီနေ့ တောင်အောက်ကို မဆင်းရဘူးလေ”

“နင်က တကယ့်ကို ငနုံ၊ငအပဲ” ရှယွဲ့ယွဲ့က စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

“ဂျူနီယာညီမလေးလုရဲ့ စိတ်အခြေအနေမကောင်းဘူးဆိုတာကို နင်မမြင်ဘူးလား”

“မြင်တယ်လေ။ဒါပေမယ့် သူမှ မပြောချင်တာ အဲ့ဒီ့တော့ ငါလဲ မမေးတော့တာလေ” လီဟမ်ရှန်းက ခေါင်းကိုခါယမ်းလိုက်လေ၏။

“အဲ့လိုတွေ ဖြစ်နေလို့ ငါကဘေးကနေ ကြည့်မနေနိုင်တော့တာပဲ” ရှယွဲ့ယွဲ့သည် သူမ၏ လက်ကလေးများကို တင်ပါးပေါ်သို့ တင်ကာပြောလိုက်တော့သည်။

“လီဟမ်ရှန်း နင် သိရဲ့လား။ဟိုးအရင်ရက်တုန်းက လုညီမလေးရဲ့ မိသားစုက တယောက်ယောက်က ဂိုဏ်းကို ရောက်လာခဲ့တယ်။သူတို့က ဒီလကုန်မှာ လုညီမလေးကို ဂိုဏ်းကနေ ထွက်ခိုင်းပြီး ရီဖန်းမြို့က ဟိုင်မိသားစုရဲ့ ဒုတိယသခင်လေးနဲ့ လက်ဆက်ပေးဖို့ စီစဉ်နေကြတယ်”

ထိုစကားကို ကြားသော် လီဟမ်ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့တော့လေသည်။

လက်ထပ်ပွဲ?

လီဟမ်ရှန်း၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ရှားနေတော့သည်။လုချောင်းချောင်းက မိသားစုအကျိုးအတွက် လက်ထပ်ရမှာလား။

“လုညီမလေးက နင့်ကို တကယ်သဘောကျနေတာကို ငါပြောနိုင်တယ်။သူက မပြန်ချင်ဘူး ဒါပေမယ့် မိသားစုရဲ့ အမိန့်ကိုလည်း မလွန်ဆန်နိုင်ပြန်ဘူး”

ရှယွဲ့ယွဲ့သည် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်လေတော့သည်။

“လီဟမ်ရှန်း နင်က ယောကျ်ားတယောက် ဖြစ်တယ်ဆိုရင် နင့်ရဲ့ ခံစားချက်တွေကို လုညီမလေးကို ဝန်ခံပြီးတော့ သူမကို မင်ဟုန်ခရိုင်ကနေ အဝေးကို ခေါ်သွားလိုက်တော့”

“နင်သာ ဖွင့်ပြောလိုက်ရင် လုညီမလေးက နင်နဲ့ အတူတူလိုက်မှာပဲ” ရှယွဲ့ယွဲ့သည် ခပ်မြန်မြန် ထပ်ပြောလိုက်၏။

“ငါ…” လီဟမ်ရှန်း၏ စကားလုံးများသည် သူ၏ လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့တော့လေသည်။

သူလည်းပဲ လုချောင်းချောင်းကို မကြိုက်ဘူးလား..ကြိုက်တာပေါ့ ဒါပေမယ့် လုချောင်းချောင်းကို နှစ်သက်ဖို့အတွက် သူ့မှာ ဘာများ ထိုက်တန်နေလို့လဲ

မိသားစု နောက်ခံအရ ကြည့်မည်ဆိုပါက သူ့တွင် ဘာမှ မရှိပေ။သာမန်ပန်းချီဆရာတစ်ယောက်ကို ဖခင်တော်စပ်ထားရသည်။

ကျင့်ကြံခြင်းအရ ကြည့်ပြန်ရင်လည်း သူ့ ပါရမီမှာ လွန်စွာမှကို သာမန်ဆန်နေပြန်သည်။သူ၏ ပါရမီမှာ လွန်စွာ နည်းပါးလှသောကြောင့် ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်အထိသာ ကျင့်ကြံနိုင်မည့်ပုံပင်။မူလအဆင့်မှာမူ ရေကန်ထဲက လရိပ်သာ ဖြစ်ပြီး သူဘယ်တော့မှ ရောက်ရှိနိုင်မည့် အဆင့် မဟုတ်ချေ။

သူသာ လုချောင်းချောင်းကို ခေါ်ကာ နှစ်ယောက်အတူ ဘဝတခု ထူထောင်မည်ဆိုပါက သူ့လိုလူက သူမအား ဘာများပေးနိုင်မှာမို့လို့လဲ

ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝတခုလား

ကိုယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးကို ဘယ်ယောကျ်ားက ခက်ခဲကြမ်းတမ်းတဲ့ ဘဝတခုမှာ နေထိုင်ခိုင်းရက်မှာလဲ။

“နင် ဘာတွေ တွေဝေနေတာလဲ” ရှ ယွဲ့ယွဲ့မှ စိတ်မရှည်စွာ ပြောလိုက်လေတော့သည်။

“ဟိုင်မိသားစုက ဒုတိယသခင်လေးနဲ့ လက်ထပ်လို့ လုညီမလေးက မပျော်နိုင်ဘူးဆိုတာကို နင်က ကျိန်းသေ သိလို့လား”

လီဟမ်ရှန်းက ရှယွဲ့ယွဲ့၏ အကြည့်ကို ရှောင်တိမ်းရင်း တိုးညှင်းစွာ ဆိုလိုက်၏။

“လုမိသားစုနဲ့ ဟိုင်မိသားစုက အဲ့ဒီ့လက်ထပ်ပွဲကြောင့် အင်အားပိုတောင့်တင်းလာကြလိမ့်မယ်။လုညီမလေးကလည်း ပိုပြီးကောင်းမွန်တဲ့ အရင်းအမြစ်တွေကို ရလာဦးမှာ။အဲ့ဒါက ဘာများမှားနေလို့လဲ”

“နင်..နင် စောက်ရူး…သတ္တိမရှိတဲ့ကောင်” ရှယွဲ့ယွဲ့သည် ဒေါသထွက်စွာနှင့် အော်ဟစ်လိုက်လေသည်။

ဒါပေမယ့် လီဟမ်ရှန်းမှာ ဦးခေါင်းကိုသာ ငုံ့ထားပြီး ခြင်းတောင်းကိုလွယ်ကာ ရှယွဲ့ယွဲ့၏ ဆူပူကြိမ်းမောင်းကာ ဆဲဆိုနေမှုများကို လျစ်လျူရှုပြီး တောင်တံခါးဝသို့ ထွက်သွားလေတော့သည်။လီဟမ်ရှန်း၏ လက်သီးများမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကိုတော့ ရှယွဲ့ယွဲ့မှ မမြင်တွေ့ခဲ့ပါချေ။

သူ တောင်တံခါးဝသို့ ရောက်သောအခါတွင် တပည့်အယောက်နှစ်ဆယ်ခန့်မှာ ကြိုရောက်နေပြီးသား ဖြစ်လေသည်။

အရှေ့ဆုံးမှ အကြီးအကဲသည် နောက်ဆုံးမှရောက်လာသော လီဟမ်ရှန်းကို တချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပါချေ။

သူက အနောက်သို့ လှည့်ကာ ပြောလိုက်လေတော့သည်။

“ကောင်းပြီ တောင်ပေါ်ကနေဆင်းရအောင်”

တပည့်များသည် ထိုအကြီးအကဲ၏ အနောက်မှ လိုက်ပါသွားတော့လေသည်။

လီဟမ်ရှန်းသည် လုချောင်းချောင်း၏ နံဘေးမှ ကပ်ရပ်လျှောက်နေခဲ့သည်။

အချိန်ကြာသည်အထိ သူမကို ဘာပြောရမှန်း သူ မသိပါချေ။

လုချောင်းချောင်းသည် လီဟမ်ရှန်းကို တချက်ကြည့်လိုက်ပြီး ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့တော့သည်။

“ဟို ရှယွဲ့ယွဲ့ဆိုတဲ့ ကောင်မစုတ်လေးက အကို့ကို တခုခု လာပြောသေးလား” လုချောင်းချောင်းက တည်ငြိမ်စွာ မေးလိုက်လေသည်။

လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒီကောင်မလေးကတော့လေ” လုချောင်းချောင်းက ပြုံးကာ ဆိုလိုက်လေ၏။သို့သော် သူမ၏ အပြုံးတွင် ခါးသက်မှုများ ပါဝင်နေခဲ့တော့သည်။

“ဒီမိသားစု လက်ထပ်ပွဲအတွက် ပြန်သွားမှာလား”

လီဟမ်ရှန်းသည် တခဏတွေးပြီး ခေါင်းကိုငုံ့ကာ မေးလိုက်လေ၏။

“ဟုတ်တယ် ပြန်မသွားပဲ ညီမက ဘာလုပ်ရမှာလဲ” လုချောင်းချောင်းက တည်ငြိမ်စွာဆိုလိုက်လေသည်။

“ညီမကို ကြီးပြင်းလာအောင် မွေးမြူခဲ့တဲ့ မိသားစုကပဲ ညီမအတွက် တခုတည်းသော ရွေးချယ်မှုပဲလေ။မိသားစုရဲ့ အမိန့်ကို ညီမနာခံမှ ဖြစ်မယ်။ဒါကပဲ မိသားစုကြီးတွေက ကလေးတွေရဲ့ ကံကြမ္မာပဲလေ အကို။ညီမသာ အတွင်းစည်းတပည့်ဖြစ်နေရင်တော့ လက်ထပ်ပွဲကို ငြင်းလို့ရနိုင်ပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ဘူးပဲ”

“အင်း” လီဟမ်ရှန်းသည် ဘာပြောရမှန်းကို တကယ် မသိပေ။ထို့ကြောင့် အသံထွက်ရင်းသာ တုန့်ပြန်လိုက်လေသည်။

ရှယွဲ့ယွဲ့ သူ့အားပြောသော စကားကို သူသတိရမိသွားတော့လေသည်။သူ လုချောင်းချောင်းနှင့် ထွက်ပြေးသင့်သလား။

“အကိုလီက ညီမကို ခိုးမပြေးချင်ဘူးလား”

ထိုအချိန်တွင် ရုတ်တရက် လုချောင်းချောင်းသည် သူ့ နားနားသို့ကပ်ကာ စနောက်သည့်လေသံနှင့် တီးတိုးပြောလိုက်တော့လေသည်။

လီဟမ်ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်နေကာ သူ့မျက်နှာနှင့် လွန်စွာနီးကပ်နေသော လုချောင်းချောင်း၏ ပြုံးနေသော မျက်နှာကို ကြည့်လိုက်တော့လေသည်။သူ ဘာပြောရမလဲဆိုတာကို မသိသောကြောင့် အသည်းအသန် စဉ်းစားနေမိတော့သည်။

“ဟီးဟီး ညီမက အကို့ကို နောက်နေတာပါ။အကို ဘယ်လောက်ကြောက်သွားလဲဆိုတာကို မှန်ရှိရင် ကိုယ့်မျက်နှာကို ကိုယ်ပြန်မြင်ရအောင် ထောင်ပြလိုက်ချင်ပါသေးတယ်” လုချောင်းချောင်းသည် ရယ်သံလွင်လွင်လေးနှင့် ရယ်ရင်း ပြောလိုက်သည်။

လီဟမ်ရှန်းသည် ဦးခေါင်းကိုသာ ငုံ့ထားပြီး သူ၏ ရှက်ရွံ့မှုအား ဖုံးကွယ်ထားပြီး ခြောက်ကပ်ကပ်နှင့် ရယ်မောလိုက်လေသည်။

ရှေးဟောင်းတာအိုဂိုဏ်းမှ ထွက်လာပြီးသောအခါတွင် သူတို့သည် အနီးဆုံးမြို့ဖြစ်သော ပုဟောင်မြို့သို့ သွားကြရမည် ဖြစ်သည်။ထိုမြို့သို့်ရောက်ရန်အတွက် နှစ်နာရီခန့်ကြာမြင့်လေသည်။ခရီးလမ်းတလျှောက်တွင် လုချောင်းချောင်းကော,လီဟမ်ရှန်းပါ စကားတခွန်းမှ မပြောဆိုပဲ အတွေးနက်နေကြတော့သည်။

သူတို့ လူစုသည် တံတားတခုကို ဖြတ်ကျော်ပြီးသည့်အခိုက် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။

“အန္တရာယ်” လူစုကို ဦးဆောင်နေသော အကြီးအကဲ လင်ဖန်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့တော့၏။

ချက်ချင်းပင် ပန်းပွင့်မြောက်မြားစွာတို့သည် ကောင်းကင်ထက်မှ ကြွေကျဆင်းလာကြတော့သည်။ထို ပန်းပွင့်များအကြားတွင် လက်နက်ပုန်းများစွာတို့လည်း ပါလာခဲ့ကြလေ၏။

အကြီးအကဲလင်ဖန်းသည် ချက်ချင်းပင် သူ၏ ဝတ်ရုံအား ခါယမ်းလိုက်လေတော့သည်။သူ၏ အတွင်းအားများမှာ တလိပ်လိပ်တက်လာပြီး အလွန်များပြားလှသော လက်နက်ပုန်းများကို အဝေးသို့ လွင့်ထုတ်သွားစေခဲ့သည်။သို့သော် လက်နက်ပုန်းနှစ်ခုမှာမူ သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်နှစ်ယောက်ကို ထိမှန်သွားခဲ့လေသည်။

ထိုတပည့်နှစ်ယောက်မှာ ချက်ချင်းပင် နေရာတွင် လဲကျသွားခဲ့လေ၏။

လူတိုင်းသည် ဘာဖြစ်သွားတာလဲဆိုတာကို နားလည်နိုင်အောင် ကြိုးစားနေခဲ့ကြတော့သည်။

လီဟမ်ရှန်းနှင့် လုချောင်းချောင်းတို့၏ မျက်နှာများသည်လည်း ချက်ချင်း ပြောင်းလဲသွားခဲ့ကြသည်။

မင်ဟုန်ခရိုင်တွင် ရှေးဟောင်းတာအိုဂိုဏ်း၏ တပည့်များကို ချောင်းမြောင်းတိုက်ခိုက်ခြင်းမျိုးသည် ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် သူတို့ မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။

“ဘယ်သူလဲ”

အကြီးအကဲ လင်ဖန်းသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်လေ၏။သူ၏ ဒေါသနှင့် အော်ဟစ်သံမှာ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားခဲ့တော့သည်။

သူ့စကားဆုံးသွားသည်နှင့် တံတားအောက်ရှိ ရေထဲမှ ပုံရိပ်များစွာတို့ ခုန်ထွက်လာခဲ့တော့၏။၎င်းတို့၏ ကိုယ်များမှာ ယုတ်ညံ့သော အရှိန်အဝါများနှင့် ပြည့်နှက်နေခဲ့တော့လေသည်။သူတို့အားလုံးမှာလည်း ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေကြချေပြီ။

“တစ္ဆေကျင့်ကြံသူတွေ”

ပေါ်ထွက်လာကြသူများကို ကြည့်ပြီးနောက်တွင် အကြီးအကဲ လင်ဖန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့တော့လေသည်။သူသည် ထိုကဲ့သို့ များပြားလှသော တစ္ဆေကျင့်ကြံသူများကို မြင်တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့မိပါချေ။

“အဲ့ဒီ့ကောင်မလေးကလွဲပြီးတော့ အားလုံးကို သတ်ပစ်” ဦးဆောင်လာသော တစ္ဆေကျင့်ကြံသူမှာ လူအုပ်ထဲရှိ လုချောင်းချောင်းကို လက်ညှိုးညွှန်ပြပြီးနောက် ပြောလိုက်ခြင်းဖြစ်သည်။

လုချောင်းချောင်းကိုယ်တိုင်ပင် ထိုစကားကြောင့် အံ့အားသင့်သွားတော့လေသည်။

ဘာလို့ သူမလဲ?

တဒါဇင်ခန့်ရှိသော တစ္ဆေကျင့်ကြံသူများသည် လေထုထဲသို့ ခုန်တက်လာခဲ့ကြသည်။၎င်းတို့၏ ပြန်လည်မွေးဖွားခြင်းအဆင့်ကျင့်ကြံမှုများနှင့် ဆိုလျှင် သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်များအဖို့ သိုးများ၊ဆိတ်များ အလား အသတ်ခံရဖို့ စောင့်နေသလိုပင်။လုံးဝကို မခုခံနိုင်ကြချေ။

“ပြေးကြ” ထိုကဲ့သို့ များစွာသော လူများ အရှေ့တက်လာသောကြောင့် အကြီးအကဲ လင်ဖန်း၏ ပထမဦးဆုံးသော တုန့်ပြန်မှုမှာ လက်ရှိ နေရာမှ အမြန်ထွက်ပြေးရန် ဖြစ်သည်။သူက ထိုတစ္ဆေကျင့်ကြံသူများကို မကြောက်လန့်သော်လည်း ထို ရန်သူများနှင့် တိုက်ခိုက်နေချိန်တွင် တပည့်များကို လုံးဝ ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါချေ။

ထို့အပြင် အမှောင်ထဲတွင် လွန်စွာမှပင် ကြောက်ရွံ့ဖို့ကောင်းသော တစုံတယောက်က စောင့်ကြည့်နေသည်ကို အကြီးအကဲလင်ဖန်းက အာရုံခံမိနေခဲ့ပြန်သည်။

ထိုစောင့်ကြည့်နေသူမှာ မူလအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

“နတ်ဘုရား ခြေလှမ်း” ခပ်ဆတ်ဆတ် အော်သံနှင့်အတူ အကြီးအကဲလင်ဖန်းသည် လက်ဟန်ခြေဟန်နှင့် စည်းတံဆိပ်များကို ပုံဖော်ပြီးသည့်နောက်တွင် အားလှိုင်းတခုမှာ သူနှင့် ကျန်တပည့်များအားလုံးကို ဖုံးလွှမ်းသွားခဲ့လေတော့သည်။ထို့နောက်တွင် လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်မှာ ပေါ့ပါးလာသည်ကို ခံစားလာခဲ့ကြရတော့ပြန်သည်။

၎င်းတို့၏ လှုပ်ရှားမှုများသည်လည်း အဆတစ်ရာခန့် ပိုမို၍ သွက်လတ်လာသလို ခံစားနေခဲ့ရတော့သည်။

အားလုံးမှာ တုန့်ဆိုင်းမနေကြပဲ အနောက်သို့ လှည့်ကာ အသည်းအသန် ထွက်ပြေးကြလေတော့၏။

“ရှေးဟောင်းတာအိုဂိုဏ်းရဲ့ စည်းတံဆိပ်ငါးချက်လား။ဒါကို မြင်ဖူးတာ ပထမဦးဆုံးအကြိမ်ပဲ”

လူတိုင်း ထွက်ပြေးနေကြစဉ်တွင် တည်ငြိမ်သော အသံတသံ ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံမှာ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာပြီး မည်သည့်နေရာမှ ပြောလိုက်သည်ဆိုသည်ကို ခန့်မှန်းရခက်လွန်းလှပေသည်။

လူတိုင်း ထွက်ပြေးနေခြင်းမှာ မီတာတစ်ရာခန့်သို့ ရောက်ရှိသည့်အချိန်၌ ကောင်းကင်ပေါ်မှ အရာဝတ္ထုတခု ကျဆင်းလာခဲ့တော့သည်။ထိုအရာမှာ စာလိပ်တလိပ်ဖြစ်သည်။

All Chapters