အခန်း (၁၄)
Vol. 2 Ch. 14
မူလအဆင့်ကျင့်ကြံသူသည် ဓားနှင့် ခုတ်လိုက်၏။
သာမန်ဓားချက်ဟု ထင်ရသော်လည်း အကြီးအကဲ လင်းဖန်အဖို့ သူ၏ အင်မော်တယ်သိုင်းကွက်များကို အစွမ်းကုန် ထုတ်ထားသည့်အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည့် အန္တရာယ်အာရုံကို ခံစားနေခဲ့ရတော့သည်။
သူက လက်ဖဝါးကို အရှေ့သို့ ထုတ်ကာ ကျဆင်းလာသော ဓားချက်ကို တားဆီးရန် ကြိုးစားလိုက်၏။သူ့တကိုယ်လုံးကို ဖုံးအုပ်ထားသော ရွှေအိုရောင်အလင်းတန်းများမှာ သူ၏ လက်ဖဝါးထက်တွင် မျက်စိကျိန်းစက်မတက်ကို စုစည်းလာပြီး ဓားချက်ကို ခုခံရန် ကြိုးပမ်းလိုက်၏။
သို့ပေမယ့် ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် မူလအဆင့်မှာ တဆင့်သာကွာသော်လည်း ကွားခြားမှုမှာ မိုးနဲ့မြေပင် ဖြစ်နေခဲ့သည်။
ဓားချက်၏အောက်တွင် ရွှေအိုရောင်အလင်းတန်းမှာ တို့ဖူးတုံးတတုံးကဲ့သို့ နှစ်ပိုင်းပြတ်သွားကာ အကြီးအကဲ လင်းဖန်း၏ သွေးများမှာ ဖြာထွက်ကုန်သည်။သူ၏ လက်မောင်းတဖက်လုံးမှာ ဓားချက်ကြောင့် အရင်းမှ ပြတ်ကာ လွင့်ထွက်သွားတော့၏။
“အကြီးအကဲ”
အနောက်တွင် ရပ်နေကြသော သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေ၏။
အကြီးအကဲ လင်းဖန်၏ မျက်နှာမှာ ဖြူရော်သွားကာ နာကျင်သော ညည်းသံတခုသည် သူ၏ နှုတ်မှ ထွက်လာခဲ့သည်။သူက သွေးများ ဖြာကျနေသော ညာလက်ကို ဘယ်ဖက်လက်နှင့် အုပ်ကိုင်ကာ အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်လေတော့သည်။
သူ့ အရှေ့တွင် ရပ်နေသော သူမှာ မျက်လုံးကို အဝတ်စည်းထားသော မျက်မမြင်တစ်ယောက်ဖြစ်ပေသည်။
“မင်း…မင်းက ကျန်းဟူပဲ” အကြီးအကဲလင်းဖန်မှာ အံကို ကြိတ်ပြီး ပြောလိုက်လေ၏။သူ့ ရင်တွင်း၌လည်း ကူကယ်ရာမဲ့သော ခံစားချက်များ ပေါ်ထွက်လာခဲ့လေတော့သည်။
ကံကြမ္မာကြယ်ခန်းမက ကျန်းဟူ
လွန်စွာ ရက်စက်သော လူတစ်ယောက်
သူ၏ လက်ရှိ စွမ်းအားနှင့်ဆိုလျှင် ကျန်းဟူကို သူ လုံးဝ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ ငါ့ကို မှတ်မိနေသေးတယ် လူ ရှိနေသေးတာပဲ” ကျန်းဟူသည် တချက်ရယ်မောလိုက်တော့သည်။
“ကံဆိုးတာက မင်းရဲ့ စည်းတံဆိပ်ငါးချက် ကျင့်ကြံမှုက မလုံလောက်သေးတာပဲ။မင်းသာ အဆုံးထိကျင့်ကြံထားပြီးရင် ငါနဲ့ အကွက်နည်းနည်းတော့ တိုက်ခိုက်နိုင်မှာပဲ”
“မင်းတို့ တစ္ဆေမျိုးနွယ်တွေက ဘာလုပ်ချင်တာလဲ။ဘာလို့ လုချောင်းချောင်းကို ခေါ်သွားချင်ရတာလဲ” အကြီးအကဲလင်းဖန်က ဒေါသတကြီးနှင့် မေးလိုက်သည်။
“သေမယ့် လူက အဲ့ဒါတွေ သိစရာ မလိုဘူး” ကျန်းဟူက ခေါင်းကိုခါယမ်းကာ ပြောလိုက်လေ၏။
“ကောင်မလေးကို ခေါ်သွားစမ်း” ကျန်းဟူက နံဘေးက တစ္ဆေကျင့်ကြံသူကို ပြောလိုက်ခြင်းပင်။
တစ္ဆေကျင့်ကြံသူ အနည်းငယ်သည် လုချောင်းချောင်းရှိရာထံသို့ ပြေးလာကြသည်။
“ ဘယ်ကောင် လုပ်ရဲလဲ”
ထိုအချိန်၌ လီဟမ်ရှန်းမှာ အသံနက်ကြီးနှင့် အော်ဟစ်လိုက်လေ၏။သူ့မျက်လုံးများမှာ သွေးများကဲ့သို့ ရဲရဲနီနေခဲ့ချေပြီ။ပြေးလာသော တစ္ဆေကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်မျိုး၌ သူက ဝံပုလွေကဲ့သို့သော ကိုယ်နေဟန်ထားကို အသင့်ပြင်ထားလိုက်သည်။
ဒါပေမယ့် တစ္ဆေကျင့်ကြံသူများသည် လီဟမ်ရှန်းကို ဖုတ်လေသည့် ငပိ ရှိသည်ဟုပင် မမြင်၊ဂရုမစိုက်ကြချေ။
တက်လှမ်းခြင်းအဆင့်၄ လောက်ကများ၊ ပါးတချက်ရိုက်တာနဲ့ သေမယ့်ကောင်
“အ..အကိုလီ” လုချောင်းချောင်းသည် အလွန်ကြောက်လန့်နေခဲ့ချေပြီ။အမှန်တကယ်တော့ သူမကြောက်လန့်နေသည်မှာ သူမကြောင့် လီဟမ်ရှန်း တစုံတခု ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းပင်။
သို့သော် ထိုအချိန်၌ ပြောင်းလဲမှုတခုဖြစ်ပေါ်လာခဲ့လေ၏။မတ်တပ်ရပ်နေသော ကျန်းဟူမှာ တစုံတခုကို အာရုံခံနေသည့်အလား ဦးခေါင်းကို စောင်းလိုက်၏။ထို့နောက်တွင် ချက်ချင်းပင် သူ၏ ဓါးကို ဆွဲထုတ်လိုက်လေသည်။
သူ့ ပုံရိပ်မှာ လျှပ်စီးလက်သလို အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လေထုထဲသို့ ခုန်တက်လိုက်ကာ ကောင်းကင်ကို ခုတ်ချလိုက်လေ၏။
သူ၏ ဓားမှာ အဆိပ်ပြင်းထန်သော မြွေတကောင် ဉာဏ်များနေသည့်အလား လုချောင်းချောင်းထံသို့ ပျံဝဲလာသော ရွှေကြာပွတ်တခုကို လှမ်းကာလိုက်သည်။
လေထုအလည်၌ အားလှိုင်းနှစ်ခု၏ ရိုက်ခတ်မှုမှာ အသံလှိုင်းပေါက်ကွဲမှု တရပ်ကို ဖြစ်ပေါ်သွားစေခဲ့လေသည်။
ကြာပွတ်မှာ လုချောင်းချောင်းကို ဦးတည်ထားသော်လည်း ကျန်းဟူ၏ ဓားကြောင့် ပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။
ထန်…
ဓားရှည်မှာ ၎င်း၏ ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့တော့လေ၏။
ကျန်းဟူက ဖြေးညင်းစွာပြောလိုက်သည်။
“ယင်တန်မျှော်စင်က ဈေးပေါပေါအကွက်တွေကို အမြဲသုံးတာပဲ။ စုန့်ယွင်နျန်း နင်က မိန်းမတယောက်ဖြစ်ပြီး တော်တော်အရှက်မဲ့တာပဲ”
သူ့စကားဆုံးသွားသည်နှင့် ပန်းချီရတနာဖြစ်သော စီးဆင်းနေသည့်မြစ်ပြင်ကျယ်ရတနာကို ဖြတ်ကာ လူတစ်ယောက်က ထွက်ပေါ်လာခဲ့လေ၏၊
ထိုလူမှာ အရက်အိုးကြီးပေါ်၌ စီးနင်းလာကာ လက်ထဲ၌လည်း ဝိုင်ပုလင်းတလုံးကို ကိုင်ဆောင်ထားပြန်သည်။သူမ၏ မျက်နှာမှာ သံလိုက်ဓာတ်ပါဝင်နေသကဲ့သို့ ပုရိသအပေါင်းတို့ကို ဆွဲဆောင်ကာ ညှို့ငင်နေသည်။သူမသည် စုန့်ယွင်နျန်းပင် ဖြစ်သည်။
“မျက်မမြင်ဖြစ်နေတာတောင်မှ ထိုးထွင်းပြီး မြင်နိုင်နေတော့ ဘယ်ဆိုးလို့လဲ” စုန့်ယွင်နျန်းသည် ကျန်းဟူမှ သူမအား အရှက်မရှိသောလူဟု ပြောဆိုခြင်းကို ဘယ်လိုမှကို မခံစားရပေ။
“ငါတို့က အင်အားကို ချွေတာလို့ရတဲ့ အခွင့်အရေးကြီးကို ရထားမှတော့ အင်အားကို ချွေတာရမှာပေါ့။ကံကြမ္မာကြယ်ခန်းမက စပြီးလှုပ်ရှားနေမှတော့ ကျွန်မတို့ ယင်တန်မျှော်စင်ကလည်း ဒီအခြေအနေကို အခွင့်ကောင်းဝင်မယူရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား။အဲ့ဒါနဲ့ အရှက်ရှိတာ မရှိတာက ဆိုင်လို့လား။
ကံကြမ္မာကြယ်ခန်းမက ရှေးဟောင်းတာအိုဂိုဏ်းရဲ့ အစေခံတပည့်တွေကို အနိုင်ကျင့်နေတာကမှ ရှက်ဖို့ကောင်းတာ မဟုတ်ဘူးလား”
“ယင်တန်မျှော်စင်က မင်းသမီး စုန့်ယွင်နျန်း”
အကြီးအကဲ လင်းဖန်၏ နှလုံးသားမှာ အေးစက်သွားခဲ့ပြန်သည်။နောက်ထပ် ရင်ဆိုင်ရ ခက်ခဲသော တယောက် ထပ်ရောက်လာခဲ့ပြန်ပြီ မဟုတ်ပါလား။
စုန့်ယွင်နျန်းမှာ မိန်းကလေး တယောက်ဖြစ်သော်လည်း သူမ၏ နည်းလမ်းများမှာ လွန်စွာမှကို ရက်စက်လွန်းလှပေသည်။ကျန်းဟူနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
ကျန်းဟူတစ်ယောက်နှင့်ပင် ကိုင်တွယ်ရ အတော်ခက်ခဲလွန်းလှပြီ ဖြစ်၏။ယခုတွင် နောက်ထပ်တစ်ယောက်ပါ ထပ်တိုးလာခဲ့ပြန်ပြီ။
ထို့ထက် ပိုဆန်းတာက စုန့်ယွင်နျန်းကလည်း လုချောင်းချောင်းကို ဖမ်းဆီးဖို့ ရောက်နေခဲ့ရခြင်းပင်။လုချောင်းချောင်းမှာ ဘယ်လို လျို့ဝှက်ချက် ရှိနေရတာမို့လို့လဲ။
အကြီးအကဲ တစ်ယောက်အနေနှင့် သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ တပည့်များ၏ မိသားစုနောက်ခံများနှင့်အခြေအနေများကို ကောင်းကောင်းသိပေ၏။ရှေးဟောင်းတာအိုဂိုဏ်းသည် တပည့်လက်မခံခင် နောက်ကြောင်းများကို သေချာစုံစမ်းလေ့လာထားပြီးသား ဖြစ်၏။လုချောင်းချောင်းနှင့်ပတ်သက်ပြီးတော့ မည်သည့်အရာမှ ထူးခြားမနေခဲ့ချေ။
လုချောင်းချောင်း၏ နောက်ခံဖြစ်သော လုမိသားစုခေါင်းဆောင်ပင်လျှင် သာမန် တက်လှမ်းခြင်းအဆင့်သာ ရောက်နေသော အကြီးအကဲတစ်ယောက်က ခေါင်းဆောင်တက်လုပ်နေခြင်းသာ ဖြစ်ပါသည်။ယင်တန်မျှော်စင်ကော၊ကံကြမ္မာကြယ်ခန်းမကပါ ဒီလို ပိစိကွေးမိသားစုလေးကို စိတ်ဝင်စားနေတယ်ဆိုတာက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား။
“စုန့်ယွင်နျန်း ကံကြမ္မာကြယ်ခန်းမက လုချောင်းချောင်းကို ခေါ်သွားမှာ။ယင်တန်မျှော်စင်က စောစောစီးစီး လက်လျှော့လိုက်ရင် ကောင်းမယ်။ငါ နင့်ကို မသတ်ချင်ဘူး”
ကျန်းဟူ၏ အတွင်းအားလှိုင်းမှာ လုံးဝကို အားမနည်းခဲ့ပေ။
“နင့်ဟာလို့ ပြောလိုက်ရုံနဲ့ နင်ပိုင်သွားကောလား စောက်မျက်ကန်း”
စုန့်ယွင်နျန်းသည် သူမ၏ မျက်ဝန်းများကို ကျဉ်းမြောင်းကာ ပြောလိုက်ခြင်း ဖြစ်သည်။
“ကံကြမ္မာကြယ်ခန်းမက သူခိုးတွေပဲ။ဒါပေမယ့် အဲ့ဒီပစ္စည်းက ငါတို့ယင်တန်မျှော်စင်က ပိုင်ဆိုင်တာပဲ”
“ယန်ဒေါင်ချန်က သေပြီ။အဲ့ဒီ့ပစ္စည်းကလဲ ယန်ဒေါင်ချန်ရဲ့ လက်ထဲကနေ ဆုံးရှုံးသွားခဲ့ပြီ။အဲ့ဒါကြောင့်မို့ နင်တို့ ယင်တန်မျှော်စင်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး” ကျန်းဟူက လှောင်ပြောင်လိုက်လေသည်။
“နင် လုဖို့ကြိုးစားနေမယ်ဆိုရင် ငါ့လည်း နင့်နည်းလမ်းအတိုင်း လိုက်ကစားပေးရမှာပဲ။အဲ့ဒီ့အချိန်ကျမှ ငါ့ကို အဆိုးမဆိုနဲ့”
“ကျွတ် ကျွတ်… ကြည့်ရသလောက်ကတော့ ဒီနေ့ကိစ္စက ညှိနှိုင်းလို့တော့ မရနိုင်တော့ဘူးပဲ”
စုန့်ယွင်နျန်းသည် ဝိုင်ကရားကို ကောက်ယူကာ နှုတ်ခမ်း၌ တေ့ကာ တငုံသောက်လိုက်လေ၏။ထို့နောက်တွင် ကရားအား မြေကြီးပေါ်သို့ ပစ်ပေါက်ကာ ရိုက်ခွဲလိုက်သည်။
ဝိုင်ကရားမှာ အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားခဲ့သည်။
စုန့်ယွင်နျန်းသည် လေချဉ်တချက် တက်ကာ ပြုံးပြလိုက်လေသည်။
“နင်တကယ်တိုက်ချင်ရင် ရတယ်လေ။ဒါပေမယ့် အရင်ဆုံး လုချောင်းချောင်းကို ဖမ်းခေါ်သွားမယ်။ပြီးမှ တိတ်ဆိတ်တဲ့ နေရာတခုကို ရှာပြီးတော့ အသေကြေ တိုက်ကြတာပေါ့။ငါတို့ ရောက်နေတဲ့ ဒီနေရာက ရှေးဟောင်းတာအိုဂိုဏ်းရဲ့ ပိုင်နက်ထဲမှာပဲ ရှိနေသေးတယ်။ရွှယ်ချမ်းပိုင်သာ သူ့ဓားကို ဆွဲပြီးရောက်လာရင် နင်ကော ငါကော အလောင်းတောင် ကျန်မှာ မဟုတ်ဘူး”
ကျန်းဟူသည် တခဏမျှ တွေးတောနေရင်း လုချောင်းချောင်းကို ကြည့်လိုက်သည်။
သူက ခေါင်းညိတ်ပြလိုက်သည်။
ရှေးဟောင်းတာအိုဂိုဏ်းသည် ယခုဖြစ်နေသည်များကို အာရုံခံမိသွားလောက်ချေပြီ။ရွှယ်ချမ်းပိုင်သာ ရောက်လာပါက သူတို့အားလုံး သေလိမ့်မည်။
အချိန်ဖြုန်းနေ၍ မဖြစ်ပေ။လုချောင်းချောင်းကို အရင်ဆုံး ဖမ်းဆီးမှ ဖြစ်လိမ့်မည်။
လုချောင်းချောင်းသည် သူမ၏ အရှေ့ရှိ လူနှစ်ယောက်ကို ကြောက်ရွံ့စွာ ကြည့်ရှုလိုက်သည်။
“ရှင်..ရှင်တို့တွေ ကျွန်မကို ဘာလို့ ဖမ်းချင်နေကြရတာလဲ” လုချောင်းချောင်းသည် တုန်လှုပ်နေသည့်တိုင် ဖိအားအလွန်များလာသောကြောင့် အော်ဟစ်ကာ မေးလိုက်တော့လေသည်။
“နင်က ဉာဏ်ကောင်းတဲ့ မိန်းကလေးပါ” စုန့်ယွင်နျန်းက ပြုံးရင်း ပြောလိုက်တော့သည်။
“ဒါကို လောလောဆယ် နင်သိဖို့ မလိုသေးဘူး။လိမ်လိမ်မာမာနဲ့ ငါတို့ ခေါ်ရာနောက်ကိုသာ လိုက်ခဲ့ချေ။”
“သေချာ ဘာမှ မရှင်းပြရင်တော့ ဘယ်သူ့နောက်ကိုမှ မလိုက်နိုင်ဘူး” လုချောင်းချောင်းက ခေါင်းကို ခါလိုက်လေသည်။
“ဒါကို ဆုံးဖြတ်ရမှာ နင်မဟုတ်ဘူး” ကျန်းဟူက ဖြတ်ပြောလိုက်သည်။
“ရွှယ်ချမ်းပိုင် မလာခင် အမြန်လုပ်”
“ရွှယ်ချမ်းပိုင်က လာနိုင်မှာ မဟုတ်တော့ဘူး”
ထိုအချိန်တွင် ထူးဆန်းသော အသံတသံ ထွက်ပေါ်လာခဲ့လေ၏။ထိုအသံကြောင့် ကျန်းဟူကော၊စုန့်ယွင်နျန်းပါ မျက်မှောင်ကြုံ့သွားစေခဲ့သည်။
ထိုအချိန်တွင် ပန်းချီရတနာဖြစ်သော မြစ်ပြင်ကျယ်ကြီးသည် တစစီပျက်စီးသွားကာ စာလိပ်အဖြစ်သို့ အသွင်ပြန်ပြောင်းသွားလေတော့သည်။ထို့နောက် စာလိပ်မှာ ကျန်းဟူထံသို့ ပျံသန်းလာခဲ့လေ၏။
ကျန်းဟူသည် လက်ဆန့်တန်းကာ စာလိပ်ကို လှမ်းဖမ်းလိုက်သည်။သူ့စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ၊ခံစားချက်များ ပြည့်နှက်လာခဲ့တော့သည်။
သူ၏ ပန်းချီရတနာမှာ တစုံတယောက်ကြောင့် မူလအခြေအနေသို့ ပြန်လည် အသွင်ပြောင်းသွားခဲ့လေသည်။ယခုရောက်ရှိလာသူ၏ စွမ်းအားမှာ အထင်သေး၍မရချေ။
လူတိုင်းသည် သူတို့ထံသို့ ဖြေးညင်းစွာနှင့် လျှောက်လှမ်းလာသော ပုံရိပ်တခုကို မြင်လိုက်ကြတော့သည်။အသစ်ရောက်လာသူမှာ အရပ်ကိုးပေခန့်အမြင့်ရှိပြီး ဘီလူးကြီးတကောင်နှင့် တူပါသည်။
သူက အပေါ်ပိုင်းဗလာကျင်းထားပြီး အနီရောင်သန်းနေသော ကြွက်သားကြီးများသည် သွေးကြောများ အပြိုင်းပြိုင်းထနေခဲ့တော့သည်။
သူ့ ခန္ဓာကိုယ်မှာ ပြင်းထန်သော ပေါက်ကွဲနိုင်စွမ်းအား အပြည့်ရှိပုံပေါ်သည်။
သူ့ လက်သီးတချက်နှင့်ပင် အရာရာကို ဖြေရှင်းနိုင်စွမ်းရှိသည့် ပုံစံပင်
(ONE PUNCH Man ;3)
“ဘီလူးမျိုးနွယ်” စုန့်ယွင်နျန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့တော့သည်။သူမသည် ဘီလူးမျိုးနွယ်ဝင်တစ်ယောက်ကို ဤနေရာ၌ တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဒါပေမယ့် သူတို့ကို အံ့ဩသွားစေသည်မှာ ဘီလူးမျိုးနွယ်ဝင်ကြောင့် မဟုတ်ပေ။ဘီလူးမျိုးနွယ်ဝင်၏ ပုခုံးထက်တွင် ထိုင်နေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရခြင်းကြောင့်ပင်။
ထိုလူငယ်လေးသည် အသက် ၁၅၊၁၆ခန့်သာ ရှိဦးမည် ပုံဖြစ်ပြီး ဘီလူးကြီး၏ ခေါင်းကို ပျင်းရိပျင်းတွဲ့စွာဖြင့် မှီထားလေသည်။သူ၏ အနက်ရောင်ဝတ်ရုံ၏ အနားစများကို ရွှေချည်မျှင်များနှင့် ကွပ်ထားပြီး သူ့ဦးခေါင်းထက်တွင်လည်း ရွှေသရဖူတခုကို ဆင်မြန်ထားပေသည်။