← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

သရဖူမှာ ဆန်းကြယ်သော စွမ်းအားများပါဝင်နေသည့်အလား သူတို့အားလုံးကို ဖိနှိပ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။

လူငယ်လေးမှာ ပျင်းရိနေသည့်အလား သမ်းပင် သမ်းဝေလိုက်သေးသည်။

ဘီလူးကြီး နီးကပ်လာသည်နှင့်အမျှ မြေပြင်မှာ လှုပ်ခါလာခဲ့လေသည်။ဘီလူးကြီးထံမှ ထွက်ပေါ်နေသည့် ကြောက်ရွံ့တုန်လှုပ်ဖွယ် ဖိအားမှာ ပိုမို၍ ကြီးမားလာသောကြောင့် ရောက်နေကြသူတိုင်းသည် တုတ်တုတ်မျှ မလှုပ်ရဲကြချေ။

“အားနူ ဒီနေရာမှာပဲ ရပ်လိုက်” လူငယ်လေးသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဘီလူးကြီးသည် အမိန့်ကို နာခံစွာနှင့် ရပ်တန့်လိုက်ပြီး ဆက်လက်၍ မသွားတော့ပေ။

ထိုအချိန်၌ လူငယ်လေးသည် သူ၏ မျက်လုံးကို ပိတ်ထားရာမှ ဖွင့်လိုက်သည်။

ထို လူငယ်လေး၏ မျက်လုံးကို မြင်လိုက်ရသူတိုင်းသည် အလွန်အံ့ဩသင့်သွားခဲ့တော့သည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သာမန်မျက်လုံးများ ဟုတ်မနေခြင်းကြောင့်ပင်။

သူ့မျက်လုံးများသည် ယင်နှင့်ယန်ကို သီးခြားခွဲထုတ်ထားသည့် ပုံပေါ်နေသည်။ထိုက်ချိပုံစံကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုမျက်လုံးများသည် လွန်စွာ ချောက်ချားဖွယ်ရာပင် ဖြစ်နေသည်။

ထိုလူငယ်လေး၏ အကြည့်မှာလည်း လုချောင်းချောင်းထံသို့ ရောက်ရှိလာခဲ့သည်။သူက ပြုံးလိုက်ပြီး

“နင်က သွက်လတ်နေတဲ့ ကောင်မလေးတယောက်ပဲ”

ထိုလူငယ်လေး၏ စိုက်ကြည့်ရခြင်းကို ခံလိုက်ရသော လုချောင်ချောင်းမှာ သူမ ဖော်ပြနိုင်စွမ်းမရှိသော အကြောက်တရားကို ခံစားခဲ့ရတော့လေသည်။အထူးသဖြင့် သူ၏ မျက်လုံးများပင် ဖြစ်သည်။ထိုမျက်လုံးများက သူမကို လွန်စွာမှကို အနေရခက်စေ၏။

“နင်က ဘယ်သူလဲ” ထိုကဲ့သို့ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသော အခြေအနေနှင့် ဘီလူးကြီးနှင့် လူငယ်လေးတို့ ပေါ်ပေါက်လာမှုကြောင့် စုန့်ယွင်နျန်းနှင့် ကျန်းဟူတို့သည် အနည်းငယ် နားမလည်နိုင်သလို ဖြစ်နေခဲ့တော့သည်။ထိုလူငယ်လေးမှာ သူတို့လိုမျိုးပင် တစ္ဆေကျင့်ကြံသူ ဖြစ်သည်ကို အာရုံခံမိကြသော်လည်း မည်သည့်အင်အားစုကဖြစ်သည်ကို သူတို့ မခန့်မှန်းနိုင်ကြချေ။

လူငယ်လေးမှာ ကျန်းဟူနှင့် စုန့်ယွင်နျန်းတို့၏ မေးခွန်းကို မကြားသည့်အလား ဂရုပင်မစိုက်ချေ။သူက လုချောင်းချောင်းကိုသာ ဆက်ပြောလိုက်လေသည်။

“နင်က လုချောင်းချောင်းမဟုတ်လား။ငါနဲ့ လိုက်ခဲ့”

“ဘာလို့ သူက မင်းနောက်ကို လိုက်ရမှာလဲ” လီဟမ်ရှန်းသည် ထိုလူငယ်လေးအား အကြောက်တရားမဲ့စွာ ကြည့်လိုက်လေသည်။

သူ၏ လက်သီးများမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တောင့်တင်းစွာ ရပ်နေခဲ့သည်။

လူငယ်လေးမှာ လီဟမ်ရှန်းကို ကြည့်ကာ တချက်ရယ်မောလိုက်လေသည်။

“မင်းရဲ့ ချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးကို ကာကွယ်ချင်တယ်ပေါ့လေ။မင်းရဲ့ စိတ်ဓာတ်ကိုတော့ ငါချီးကျူးပါတယ်။ဒါပေမယ့် မင်းမှာ စွမ်းအားမလုံလောက်ဘူး။ငါ့အနေနဲ့ဆိုရင် မင်းက ပိုးကောင်တကောင်ထက်တောင်မှ နိမ့်ကျလွန်းနေတယ်”

“ငါက လုချောင်းချောင်းကို စကားပြောနေတာ။မင်းကို ပြောနေတာမဟုတ်ဘူး။တိတိကျကျ ပြောရမယ်ဆိုရင် မင်းလို အောက်တန်းစားကောင်မျိုးက ငါ့လို မင်းသားနဲ့ စကားပြောဖို့အတွက် အဆင့်အတန်းမမှီဘူး။ဒါပေမယ့်လည်း ဒီနေ့မှာ ငါက စိတ်ကောင်းဝင်နေတာဖြစ်လို့ မင်းကို ငါက စကားနည်းနည်းပြောခွင့်ပြုလိုက်မယ်။ကျေးဇူးတင်နေစရာမလိုဘူး အောက်တန်းစား ပိုးကောင်လေး”

ထိုကဲ့သို့ ချစ်ရသူ၏ ရှေ့မှောက်တွင် အရှက်ခွဲခံရသောကြောင့် လီဟမ်ရှန်းသည် ထိုလူငယ်လေး၏ ပါးစပ်ပေါက်ကို အားနှင့် ဆွဲဖြဲချင်နေခဲ့မိသည်။ဒါပေမယ့် သူသာ ရှေ့တိုးလိုက်ပါက သေရမည်ကို ကောင်းကောင်း သဘောပေါက်ပေသည်။

“မင်းသားလေး?”

ထိုဂုဏ်ပုဒ်ကို ကြားသော် စုန့်ယွင်နျန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ သူမ၏ အသက်ရှုသံများမှာလည်း မြန်လာတော့လေ၏။

“နင်.. နင်က အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကလား။ နင့် နာမည်က ချူးချန်ခုန် လား”

“ချူးချန်ခုန်?” ကျန်ဟူပင်လျှင် ထိုအမည်ကိုကြားသော် အံဩသွားခဲ့ရလေသည်။

အဆုံးမဲ့ညရှေးဟောင်းနိုင်ငံသည် တချိန်တုန်းက လွန်စွာ နာမည်ကြီးမားခဲ့ပါသည်။သို့သော် ဖော်ပြမနိုင်သော အကြောင်းရင်းတခုကြောင့် ညတွင်းချင်းပင် နိုင်ငံတခုလုံးမှာ ပျောက်ဆုံးသွားခဲ့ပြီး နှစ်ငါးဆယ်အတွင်း လုံးဝ ပြန်မပေါ်လာခဲ့ပေ။

နှစ်ပေါင်းငါးဆယ်ကြာမြင့်ပြီးသောအခါဝယ် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးသည် ပေါ်ထွက်လာခဲ့တော့သည်။သူ့အမည်မှာ ချူပုမီ ဟုခေါ်သည်။ထိုအချိန်မှစ၍ ချူပုမီသည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ၏ အုပ်ချုပ်သူအရှင်သခင်အသစ် ဖြစ်လာခဲ့တော့သည်။

သူက အခြားသောမျိုးနွယ်စုများမှ စွမ်းအားကြီးမားသူများကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့လေသည်။ထိုမျှနှင့် မကျေနပ်ပဲ ထျန်းဟိုင်မြို့သို့ပင်သွားကာ စန်းယွမ်နယ်မြေ၏ အရှင်သခင် ကျန်းထျန်းယွင်ကိုပင်လျှင် စိန်သွားခေါ်ခဲ့သေးသည်။ထိုတိုက်ပွဲ၏ အနိုင်အရှုံးကိုမူ မည်သူမျှ မသိကြပါချေ။

အဆုံးမဲ့ညရှေးဟောင်းနိုင်ငံသည် ထိုအချိန်မှစတင်ကာ လူအများ၏ ရှေ့မှောက်သို့ ပြန်လည်၍ ရောက်ရှိလာခဲ့သည်။သို့သော် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ လူများသည် စန်းယွမ်နယ်မြေကြီးထဲသို့ ခြေချသည်မှာ လွန်စွာမှကို ရှားပါးလွန်းလှပါသည်။ထို့အပြင် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ၏ တည်နေရာကိုလည်း မည်သူမျှ မသိကြချေ။

လွန်ခဲ့သော ၁၅နှစ်ခန့်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်သည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတွင် မွေးဖွားခဲ့ပါသည်။သူသည် မွေးကင်းစကတည်းကပင် မျက်လုံးများမှာ ယင်ယန်သင်္ကေတများ ဖြစ်နေခဲ့ပြီး သူ့အမည်မှာ ချူးချန်ခုန် ဟု ခေါ်ပေသည်။

သူက အသက်ခြောက်နှစ်အရွယ်မှာပင် ပြန်လည် မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိခဲ့ပါသည်။

အသက် ၁၁နှစ်တွင် မူလအဆင့်သို့ ရောက်ရှိခဲ့သည်။

ကောလဟာလများအရတော့ ထိုကောင်လေးမှာ ချူပုမီကဲ့သို့ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ရောက်နိုင်မည်ဟု ဆိုကြသည်။

ထိုကဲ့သို့ နာမည်ကျော်ကြားသော ချူးချန်ခုန်သည် ဤနေရာသို့ ရောက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ကျန်းဟူနှင့် စုန့်ယွင်နျန်းပင်လျှင် ခန့်မှန်း၍ လုံးဝမရသော အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကပင်လျှင် ဒီကိစ္စကို ဝင်ပါလာလိမ့်မည်ဟူ၍ မမျှော်လင့်ထားခဲ့မိကြချေ။

အကယ်၍ ချူးချန်ခုန်သာ လုချောင်းချောင်းကို ခေါ်ဆောင်သွားမည်ဆိုပါက ကံကြမ္မာကြယ်တာရာခန်းမနှင့် ယင်တန်မျှော်စင်တို့မှာ သူ့ကို တားဆီးနိုင်မည်လော?

“လုချောင်းချောင်း ဒီမင်းသားလေးနဲ့အတူတူ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကို ပြန်ကြမယ်ဆိုရင်ကော? ဘယ်လိုသဘောရလဲ”

ချူးချန်ခုန်ကအပြုံးတခုနှင့် ပြောလိုက်၏။

“နင်သာ လိုက်လာမယ်ဆိုရင် အုပ်ချုပ်သူကို ပြောပြီး အဆုံးမဲ့ညရှေးဟောင်းနိုင်ငံရဲ့ သူတော်စင်မ ဆိုတဲ့ဘွဲ့ကို ပေးအပ်ခိုင်းမယ်။နင်က အကောင်းဆုံး အရင်းအမြစ်ထောက်ပံ့မှုတွေကို ရလာလိမ့်မယ်”

“ဟမ့် အဲ့လောက်ကတော့ ငါတို့ ကံကြမ္မာကြယ်ခန်းမကလည်း လုပ်နိုင်တယ်” ကျန်းဟူက ရှေ့သို့ ခြေတလှမ်းတိုးကာ ပြောလိုက်တော့သည်။

“နင်သာ ငါတို့ကံကြမ္မာကြယ်ခန်းမအနောက်ကိုသာ လိုက်လာရင် ကြယ်မြစ်ပန်းချီရတနာထဲက အဖိုးမဖြတ်နိုင်တဲ့ ကြယ်တာရာကောင်းကင်စာလိပ်ကို လေ့လာပြီး ကျင့်ကြံရမယ်လို့ ငါအာမခံတယ်”

ရှင်းပြ၍မရနိုင်တော့သော အခြေအနေသို့ ပြောင်းလဲလာခြင်းကြောင့် စုန့်ယွင်နျန်းသည်လည်း ထိတ်လန့်လာပြီး အလျင်အမြန်ပင် ဆိုလိုက်သည်။

“ငါတို့ ယင်တန်မျှော်စင်မှာလည်း မရေမတွက်နိုင်တဲ့ ပန်းချီရတနာတွေမှ အများကြီးရယ်။နင်သာ လိုက်လာမယ်ဆိုရင် နင်တောင်းဆိုတာ မှန်သမျှက်ို ဖြည့်ဆည်းပေးမယ်”

ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့် လူတိုင်းက စိတ်ရှုပ်ကုန်ခဲ့တော့သည်။

သူတို့ ထိုကဲ့သို့ ပြိုင်ဆိုင်နေရလောက်သည်အထိ လုချောင်းချောင်းက ဘာများအဖိုးတန်နေရတာလဲ

“မင်းတို့အတွက် ကံဆိုးတာက လုချောင်းချောင်းက ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ တပည့်ဖြစ်နေတာပဲ။မင်းတို့တွေ ဘယ်သူ့မှ သူ့ကို ခေါ်သွားလို့မရဘူး”

ပုံရိပ်များစွာတို့သည် အဝေးမှ ရောက်ရှိလာခဲ့ကြတော့လေသည်။

သူတို့အားလုံးသည် ရှေးဟောင်းတာအိုဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြလေ၏။

ရှေးဟောင်းတာအိုဂိုဏ်းမှ လူများရောက်ရှိလာသည်ကို မြင်လိုက်မှသာ အကြီးအကဲလင်းဖန်သည် စိတ်အေးသွားခဲ့တော့၏။

စုန့်ယွင်နျန်းသည်လည်း လန့်ဖြန့်သွားခဲ့သည်။သို့ပေမယ့် ရောက်လာကြသူများတွင် ရွှယ်ချန်းပိုင် မပါလာသည်ကို မြင်လိုက်မှသာ သူမသည်လည်း အနည်းငယ် စိတ်အေးသွားခဲ့လေသည်။

“ပြသနာပဲ…လူတွေက ဒီလောက် မြန်မြန်နဲ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ချူးချန်ခုန်သည် ခေါင်းကို စောင်းရင်း ကူကယ်ရာမဲ့စွာနှင့် ဆိုလိုက်တော့သည်။သို့ပေမယ့် သူက လုံးဝကို စိတ်မပူနေခဲ့ပေ။

“သူတို့တွေက ငါတို့ဂိုဏ်းက စွမ်းအားကြီး ကျင့်ကြံသူတွေပဲ”

“ငါတို့ အကယ်တင်ခံလိုက်ရပြီ”

သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ တပည့်များသည် သေဘေးမှ လွတ်မြောက်ပြီ ဖြစ်သောကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျဆင်းလာခဲ့တော့သည်။လီဟမ်ရှန်းသည်လည်း ထိုအချိန်မှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့လေ၏။သူက လုချောင်းချောင်း၏ လက်ကို စိတ်လှုပ်ရှားစွာနှင့် ကိုင်ဆွဲကာ ပြောလိုက်သည်။

“လုညီမလေး ငါတို့ လုံခြုံသွားပြီ”

သို့သော် လုချောင်းချောင်းမှာမူ ရှေးဟောင်းတာအိုဂိုဏ်းမှ ရောက်ရှိလာကြသူများကိုသာ ပျော်ရွှင်မှု၊ဝမ်းနည်းမှုကင်းမဲ့သော အမူအရာနှင့် စိုက်ကြည့်နေခဲ့တော့သည်။

ဝှစ် ဝှစ် ဝှစ်

ပုံရိပ်များစွာတို့သည် လူစုကို ဝန်းရံလိုက်ကြလေ၏။သူတို့အားလုံးမှာ ရှေးဟောင်းတာအိုဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။

သူတို့တစ်ယောက်စီတိုင်းတွင် အထင်ကြီးလောက်ဖွယ် ကျင့်ကြံခြင်းစွမ်းအားများ ရှိကြလေသည်။

သူတို့အားလုံးကို ဦးဆောင်လာကြသော ပုံရိပ်ခြောက်ခုမှာ မူလနယ်ပယ်အရှိန်အဝါများကို ချုပ်တီးမထားပဲ လွှင့်ထုတ်ထားခဲ့ကြသည်။

“ရှေးဟောင်းတာအိုဂိုဏ်းကတော့ တယ်လဲသတိကြီးပါလား။ငါတို့က အဖွဲ့သေးသေးလေးပါ။အဲ့ဒါကိုတောင် တောင်ထိပ်သခင်ခြောက်ဦးတောင် ရောက်ချလာခဲ့တာပဲ ကျွတ် ကျွတ်”

ချူးချန်ခုန်က ရယ်မောကာ ပြောလိုက်သည်။

ကျန်းဟူနှင့် စုန့်ယွင်နျန်းသည်လည်း သူတို့၏ လက်နက်များပေါ်သို့ လက်များကို တင်ထားကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြလေသည်။

“မင်းတို့ တစ္ဆေမျိုးနွယ်တွေက တော်တော်သတ္တိကောင်းနေပြီးတော့ ငါ့ရဲ့ ရှေးဟောင်းတာအိုဂိုဏ်းပိုင်နက်ထဲမှာတောင် ပြသနာလာရှာရဲသေးတယ်”

အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော တောင်ထိပ်သခင်မှာ ရှေ့သို့ ခြေတလှမ်းတိုးကာ ပြောလိုက်သည်။

“လင်းဖန် မင်းအဆင်ပြေရဲ့လား” ရှမူဟိုင်သည် ရှေ့သို့တိုးကာ ကုသရေးဆေးတလုံးကို ထုတ်လိုက်သည်။

“ပြသနာလာရှာတယ်ဆိုကတည်းကိုက ခင်ဗျားတို့ကို စောက်ဂရုမစိုက်လို့ပေါ့။ဘာဖြစ်လဲ။ချချင်လို့လား”

ချူးချန်ခုန်က လုံးဝမကြောက်ချေ။သူက အပြုံးမပျက်ပဲ ပြောလိုက်သည်။

“အဟက် ရွှယ်ချမ်းပိုင်ကိုယ်တိုင် ရောက်လာရင်တောင်မှ ငါ နည်းနည်းလေး စိတ်ပူရင် ပူဦးမယ်။မင်းတို့ ခြောက်ကောင်လောက်ကတော့။

ငါ့ အစေခံက မင်းတို့ထဲက သုံးကောင်လောက်ကို သတ်နိုင်တယ်။ငါတယောက်တည်းက မင်းတို့ထဲက နှစ်ကောင်ကို အသာလေး သတ်လိုက်နိုင်တယ်။ကျန်တဲ့ တကောင်ကိုတော့ ကံကြမ္မာခန်းမနဲ့ယင်တန်မျှော်စင်က အမှိုက်တွေက ပူးပေါင်းပြီးတော့ သတ်ဖို့က ပြသနာမရှိဘူး။

မင်းတို့ နိုင်မယ်လို့ ဘယ်လိုယုံကြည်ချက်ရှိနေလို့ ဒီနေရာမှာ စောက်ကြီးစောက်ကျယ်တွေ လာပြောနေတာလဲ ရှေးဟောင်းတာအိုဂိုဏ်း”

ချူးချန်ခုန်က အရေးမစိုက်သလို ပုခုံးကို တွန့်ကာ ပြောလိုက်သည်။

“တိုက်ကြည့်ရင်သိမှာပေါ့ မဟုတ်ဘူးလား”

ရှမူဟိုင်၏ ပုံစံမှာ ကပျက်ကချော်ဖြစ်နေသေးသည့်တိုင် သူ၏ နဂိုပုံစံနှင့် မတူညီစွာ အမူအရာများမှာ လွန်စွာမှကို လေးနက်နေခဲ့တော့သည်။

လေထုတခုလုံးမှာ ထုတ်လွှတ်လိုက်ကြသော အရှိန်အဝါ ဖိအားများကြောင့် လေးလံလာခဲ့သည်။

အားလုံးမှာ အစွန်းဆုံးထိ ရောက်နေကြပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေချိန်၌ လုချောင်းချောင်းသည် ရုတ်တရက် လီဟမ်ရှန်း၏ လက်ကို လွှတ်ချလိုက်ကာ ချူးချန်ခုန်ကို ပြောလိုက်၏။

“မတိုက်ကြနဲ့တော့။ငါ နင်နဲ့ လိုက်ခဲ့မယ်”

All Chapters