လီဟမ်ရှန်း
Vol. 2 Ch. 17
“နေဦး နေပါဦး ငါ ကစားပွဲကို သေချာအောင် ပြန်ကြည့်ပါရစေဦး” မုတ်ဆိတ်နီနှင့် လူကြီးသည် ခေါင်းကို တဗြင်းဗြင်းနှင့်ကုတ်ကာ ကျားစေ့ခုံကို အသည်းအသန် ကြည့်နေခဲ့လေ၏။သူ့ခေါင်းထဲတွင်လည်း ကစားပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန်အတွက် အကြံအစည်များကို ဖျစ်ညစ်ကာ တွေးတောနေခဲ့တော့သည်။
“မင်းဆက်တွေးနေဖို့ မလိုတော့ဘူး” ရွှယ်ချန်းပိုင်သည် ရေနွေးကြမ်းခွက်ကို တည်ငြိမ်စွာနှင့် မ,ကိုင်လိုက်လေ၏။အငွေ့တထောင်းထောင်းထနေသော ရေနွေးခွက်မှာ ရေခဲကာ အေးစက်နေသော ပတ်ဝန်းကျင်တွင် ဆန့်ကျင့်ဘက်အရာ တခုအဖြစ်ပေါ်လွင်နေခဲ့ပါသည်။
“မင်းရဲ့ ငါ့ကို အချိန်ဆွဲချင်တဲ့ ရည်ရွယ်ချက်က ပြည့်သွားပြီပဲ။မင်း ကာကွယ်ချင်တဲ့ လူကလည်း အခု ဘေးကင်းတဲ့နေရာကို ပြန်ထွက်သွားနိုင်ခဲ့ပြီ”
ရွှယ်ချမ်းပိုင်သည် ရေနွေးတငုံကို သောက်လိုက်ပြီးနောက် ဖြေးညင်းစွာ ပြောလိုက်သည်။
“ငါ့ကို မပေးရင်တော့ ငါတကယ်ပဲ ငါ့ဓားကို ဆွဲထုတ်ရလိမ့်မယ်”
“ဟီးဟီး အခုအခြေအနေအရတော့ ငါတကယ်ပဲ ရှုံးနိမ့်သွားခဲ့တာပဲ” ချူပုသည် ပြုံးဖြီးလျက် မတ်တပ်ထရပ်လိုက်သည်။ထို့နောက်တွင် လက်ဖျောက်တချက်တီးလိုက်ရာ ဘာမှ မရှိသော လေထုထဲမှ စာတစောင် ထွက်ပေါ်လာခဲ့တော့သည်။
“ဒီမှာပဲ။ဒီစာထဲမှာ ချင်ယန်မင်းဆက်နဲ့ ပတ်သက်တဲ့ နှစ်ဝက်သတင်းတွေပါတယ်။အဲ့ထဲမှာ မင်းသမီးလေးရဲ့ ကြင်ယာတော်ရဲ့ သတင်းတွေလည်း ပါတယ်”
ချူပုသည် ထိုအကြောင်းအရာကိုပြောပြီးနောက်တွင် တချက်ပြုံးလိုက်ကာ
“အဲ့ဒါဆိုလည်း ကျုပ်အရင်ပြန်လိုက်ပါဦးမယ်”
ရွှယ်ချမ်းပိုင်သည် ချူပု၏ စကားများကို လျစ်လျူရှုထားခဲ့လေသည်။ထိုအခါမှသာ ချူပုသည် နောက်သို့လှည့်ကာ ပြန်ရဲတော့သည်။
ချူပု၏ ရောက်ရှိလာမှုနှင့် ချင်ယန်မင်းဆက်မှ သတင်းတို့ကြောင့် ရွှယ်ချမ်းပိုင်အား ထွက်မသွားနိုင်အောင် လုပ်ထားနိုင်ခြင်းပင် ဖြစ်သည်။
တခြားလူသာဆိုပါက ရွှယ်ချမ်းပိုင်သည် ဓားဆွဲထုတ်ကာ ခေါင်းဖြတ်ချလိုက်မည်သာ ဖြစ်၏။သို့သော် ချူပုသည် လွန်စွာမှကို စွမ်းအားကြီးမားလှပေ၏။သူက ရွှယ်ချမ်းပိုင်ကို အနိုင်မယူနိုင်သော်လည်း သူ၏ စွမ်းအားနှင့်သာဆိုပါက ရှေးဟောင်းတာအိုဂိုဏ်းရှိ အပြစ်မဲ့ တပည့်များစွာတို့ကို အန္တရာယ်ပြုနိုင်လိမ့်မည် ဖြစ်ပေသည်။
တောင်တံခါး၏ အပြင်ဖက်တွင် ဖြစ်ပျက်နေသည်များအားလုံးကို ရွှယ်ချမ်းပိုင်က သိနေပေသည်။ရှမူဟိုင်နှင့် ကျန်တောင်သခင်များရှိနေသဖြင့် သူက များများစားစား မစိုးရိမ်ပါချေ။
သူတို့သာ အခြေအနေကို မထိန်းချုပ်နိုင်ပါက ရွှယ်ချမ်းပိုင်ကိုယ်တိုင် ဆင်းချသွားမည် ဖြစ်သည်။
သို့ပေမယ့်လည်း လက်ရှိတွင်မူ ရွှယ်ချမ်းပိုင်မှာ ချင်ယန်ပြည်ထောင်စု၏ အချက်အလက်ကို ပိုမို၍ စိတ်ဝင်စားနေခဲ့သည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ချင်ယန်ပြည်ထောင်စု၏ မင်းသမီးလေး၏ ကြင်ယာတော်ကို ဖြစ်ပေသည်။
လက်ထဲရှိ စာမှ အချက်အလက်များကို တကြိမ်ဖတ်ရှုပြီးနောက်တွင် ရွှယ်ချမ်းပိုင်သည် မင်းသမီး၏ ကြင်ရာတော်နှင့် ပတ်သက်သည့် အချက်အလက်များကို ဂရုတစိုက်နှင့် ထပ်မံ၍ ဖတ်ရှုလိုက်ခဲ့ပြန်သည်။
ထို့နောက်တွင် ရွှယ်ချန်းပိုင်သည် စာရွက်တရွက်ကို ထုတ်ကာ စာကြောင်းအချို့ကို ရေးသားလိုက်ခဲ့သည်။
“ဧကရာဇ်က မင်းနဲ့တွဲကဖို့အတွက် လာနေပြီ”
ထိုစာကြောင်းကို ရေးသားပြီးသော် ရွှယ်ချမ်းပိုင်သည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။သူ့မျက်လုံးများမှ စူးရှနေကာ ဓားလှိုင်းများထွက်ပေါ်နေပြီး ကောင်းကင်ကြီးကို ထွင်းဖောက်လုမတက်ပင် စိုက်ကြည့်နေသည်။ရုတ်တရက် ရေခဲနှင့် နှင်းထုအနက်ပိုင်းမှ အဖြူရောင်သိမ်းငှက်တကောင်သည် ပျံသန်းလာကာ ရွှယ်ချမ်းပိုင်၏ ရှေ့တည့်တည့်သို့ ရောက်လာခဲ့သည်။
“ဝိဉာဉ်ဖြူ ကျုပ်မင်းကိုပဲ အားကိုးလိုက်တော့မယ်” ရွှယ်ချမ်းပိုင်သည် စာကို ဝါးကျဉ်တောက်ထဲတွင် ထည့်ကာ သိမ်းငှက်ဖြူ၏ ခြေထောက်တွင် ချည်နှောင်လိုက်သည်။သိမ်းငှက်ဖြူသည် ရွှယ်ချမ်းပိုင်ကို တချက်ကြည့်ပြီးနောက်တွင် အတောင်ပံတဖျတ်ဖျတ်ခတ်ကာ အဝေးသို့ ပျံသန်းသွားခဲ့တော့သည်။
အနောက်အရပ်သို့ နေဝင်သွားချိန်မှာပင် ရှေးဟောင်းတာအိုဂိုဏ်း၏ တပည့်များသည် ပြန်ရောက်လာခဲ့ကြ၏။
တိုက်ပွဲတွင် တောင်သခင်လေးပါးနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေကြသော တပည့်တစ်ရာကျော်တို့ ပူးပေါင်းကာ ကံကြမ္မာကြယ်ခန်းမနှင့် ယင်တန်မျှော်စင်တို့ကို တိုက်ခိုက်ခဲ့ကြလေ၏။ကံကြမ္မာကြယ်ခန်းမနှင့် ယင်တန်မျှော်စင်တို့မှာ ထိုတိုက်ပွဲ၌ အသာစီးမရခဲ့ပေ။
ယင်တန်မျှော်စင်က ရောက်လာသူမှာ စုန့်ယွင်နျန်း တစ်ယောက်တည်းဖြစ်နေ၍ ကံကောင်းသွားခဲ့လေသည်။သို့ပေမယ် ကံကြမ္မာကြယ်ခန်းမကမူ လူအများကြီးကို ခေါ်လာခဲ့ကြ၏။
သူတို့အားလုံးမှာ ဤနေရာ၌ အားလုံးနီးပါး သေဆုံးခဲ့ကြသည်။
ကျန်းဟူမှာ ပန်းချီရတနာကို အသုံးပြုကာ ထွက်ပြေး လွတ်မြောက်သွားခဲ့လေသည်။
စုန့်ယွင်နျန်းသည်လည်း သေလုနီးပါး ဖြစ်လောက်အောင်အထိ ပြင်းထန်သော ဒဏ်ရာများရကာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
ရှုံးနိမ့်သွားသော ရန်သူကို လိုက်မဖမ်းရန်ဟူသော စည်းမျဉ်းများကြောင့် တောင်ထိပ်သခင်များသည် အနောက်မှ လိုက်မဖမ်းခဲ့ကြပေ။
နေဝင်ရီတရောအချိန်တွင် သူတို့အားလုံးသည် ရှေးဟောင်းတာအိုနယ်မြေသို့ ပြန်လည်ရောက်လာခဲ့ကြတော့သည်။
အပြန်လမ်းတွင် လီဟမ်ရှန်းက ထူးခြားစွာ တိတ်ဆိတ်နေပြီး စကားတခွန်းမှ မပြောခဲ့ပေ။
လီဟမ်ရှန်းနှင့် ရင်းနှီသော အခြားတပည့်များသည် သူ့အား လာရောက်စကားပြောဆိုကြသည့်တိုင် လီဟမ်ရှန်းမှာ သူတို့အား လုံးလုံးကို လျစ်လျူရှုထားခဲ့လေသည်။ထို့ကြောင့် သူတို့က လီဟမ်ရှန်းအား တနေ့နေ့တွင် လုချောင်းချောင်းနှင့် ပြန်တွေ့ပါလိမ့်မည်ဟုသာ ချော့မော့နိုင်ကြကုန်တော့သည်။
သူတို့ပါးစပ်မှ ထိုကဲ့သို့ ပြောနေကြသည့်တိုင် ထိုကဲ့သို့ ဖြစ်လာနိုင်သည့် အခွင့်အရေးမှာ လွန်စွာမှကို နည်းပါးသည်ကို သူတို့ကိုယ်တိုင်လည်း သိကြပေသည်။
လုချောင်းချောင်းက ဘယ်ကို သွားတာမို့လို့လဲ
သူမ သွားရသည့် နေရာမှာ တစ္ဆေမျိုးနွယ်ဝင်များရှိသည့် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကို ဖြစ်သည်။
လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ၏ သူတော်စင်မအဖြစ် ဘာကြောင့် အရွေးချယ်ခံရတာလဲဆိုတာကို သူတို့မသိသည့်တိုင် ရှေးဟောင်းတာအိုဂိုဏ်း၏ အစေခံတပည့်ဖြစ်နေသည့် လီဟမ်ရှန်း၏ အဆင့်အတန်းနှင့်ဆိုလျှင် မိုးနှင့်မြေ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။အနာဂတ်တွင် သူတို့နှစ်ယောက်အကြားရှိ အခြေအနေမှာ ပိုမို၍ပင် ကွာဟလာပေတော့မည်။သူတို့နှစ်ယောက်မှာ နေထိုင်ရသည့် ကမ္ဘာကပင် ခြားနားနေပြီဟု ပြောလျှင်ပင် လွန်လိမ့်မည် မဟုတ်ပေ။
ဂိုဏ်းသို့ပြန်ရောက်မှသာ တပည့်များသည် စိတ်ကို ဒုန်းဒုန်းချနိုင်ခဲ့ကြပေသည်။
အချို့မှာ ဂိုဏ်း၏ လေထုကို အငမ်းမရ ရှုသွင်းကာ ငြိမ်းချမ်းမှုကို ခံစားလိုက်ကြလေ၏။
အဝေးတွင် သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ ကျန်ရစ်ခဲ့သော တပည့်များသည် ပြန်လာကြသော တပည့်များကို လာရောက်ကြိုဆိုနေကြသည်ကို မြင်နိုင်ပေသည်။သူတို့အားလုံးမှာ ဖြစ်ပျက်ခဲ့သော သတင်းများကို သိထားပြီးနေသည့် ပုံပင်။
လူအုပ်ကြားထဲမှ ရှယွဲ့ယွဲ့ကို လီဟမ်ရှန်း လှမ်းတွေ့လိုက်၏။သူမ၏ အကြည့်မှာလည်း လီဟမ်ရှန်းထံသို့ ရောက်လာခဲ့သည်။သူမ၏ မျက်လုံးများမှာ သည်းထန်စွာငိုကြွေးထားခြင်းကြောင့် နီရဲနေခဲ့တော့သည်။
“ငါ့ရဲ့ကံကြမ္မာကို ငါကိုယ်တိုင်ထိန်းချုပ်ချင်တယ်။ငါ့ကို ဘယ်သူမှ လှည့်စားလို့ မရစေရဘူး”
လီဟမ်ရှန်းက သူတစ်ယောက်တည်း ကြားလောက်ရုံသာ တီးတိုးရေရွတ်လိုက်တော့သည်။
“လုညီမလေး ငါတို့ပြန်တွေ့ကြတဲ့အခါကျရင်…အဲ့ဒီ့ နေ့ကို ရောက်လာခဲ့ရင်…. ညီမလိုချင်တဲ့အဖြေကို စန်းယွမ်တိုက်ကြီးတခုလုံးကြားတဲ့အထိ အကို ကြေညာပစ်မယ်”
“အားလုံးပဲ ကိုယ့်နေရာကိုယ်ပြန်ပြီးတော့ ပြန်နားကြပါ” ထိုအချိန်၌ တောင်ထိပ်သခင်တစ်ယောက်သည် အရှေ့သို့ တိုးလာကာ သူ၏ အကြည့်မှာ လီဟမ်ရှန်းထံသို့ ရောက်လာခဲ့တော့သည်။
“ကောင်လေး ငါ့အနောက်ကနေ လိုက်ခဲ့”
“ဟုတ်ကဲ့” လီဟမ်ရှန်းသည် ထိုသူက ချုပ်နှောင်ခြင်းတောင်ထိပ်မှ တောင်သခင်၊လီကျစ် ဖြစ်သည်ကို သိလေသည်။သူက ရှေးဟောင်းတာအိုဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးပိုင်းကို တာဝန်ယူထားရသူဖြစ်သည်။
ချုပ်နှောင်ခြင်းတောင်သခင်မှ လီဟမ်ရှန်းကို ခေါ်သွားသောကြောင့် ကျန်ရစ်နေသော တပည့်များမှာ တီးတိုးပြောကုန်ကြတော့၏။
“ငါ့တောင်ကို လိုက်ခဲ့ချေ။ငါ့မှာ မင်းကို မေးချင်တာတွေ ရှိနေတယ်” လီကျစ်က တည်ငြိမ်စွာ ပြောလိုက်သည်။
လုချောင်းချောင်းမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ကံကြမ္မာကြယ်ခန်းမနှင့် ယင်တန်မျှော်စင်ကပင် သူမအား ရရှိရန် အသည်းအသန် တိုက်ခိုက်နေရုံသာမက ပျောက်ဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သော အဆုံးမဲ့ညနိုင်ငံတော်ပင် လှုပ်ရှားလာခဲ့သည် မဟုတ်ပါလား။ထိုအချက်များကြောင့် လုချောင်းချောင်း၏ ထူးခြားမှုကို သူတို့ အလွန်အမင်းကို သိလိုကြနေတော့သည်။
လုချောင်းချောင်းမှာ လီဟမ်ရှန်းနှင့် ဆက်ဆံရေးကောင်းကြောင်းမှာ ပေါ်လွင်လွန်းလှပေသည်။အဲ့ဒါကြောင့် လီဟမ်ရှန်းထံမှ သဲလွန်စတခုခု သူတို့ရှာတွေ့နိုင်လောက်ပေမည်။
ယခုကိစ္စ၏ အကြောင်းအရင်းအမှန်တရားကိုလည်း သူတို့သိလိုခဲ့ကြသည်။
လီကျစ်သည် လီဟမ်ရှန်းအား သူနေထိုင်ရာဂူသို့ တခါတည်း တန်းခေါ်လာခဲ့၏။
လီဟမ်ရှန်းသည် ပတ်ပတ်လည်ကို သိလိုစိတ်ပြင်းပြစွာနှင့် လှည့်ပတ်ကြည့်ရှုလိုက်ခဲ့သည်။ပတ်ဝန်းကျင်ရှိ ရှုခင်းများသည်လည်း လှပနေခဲ့သည့်အပြင် မိုးမြေချီစွမ်းအားများသည်လည်း သတ်ဖြတ်သူတသောင်းတောင်ထိပ်နှင့် နှိုင်းယှဉ်၍ မရအောင် ပေါကြွယ်ဝနေခဲ့တော့သည်။သူသာ ဤလိုနေရာမျိုး၌ ကျင့်ကြံရမည်ဆိုပါက သူ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ လွန်စွာ လျင်မြန်လာလိမ့်မည် ဖြစ်သည်။
ထိုအခြေအနေများကို မြင်တွေ့ပြီးနောက်တွင် သတ်ဖြတ်သူတသောင်းတောင်ထိပ်၌ ဆက်လက်၍ နေထိုင်ပါက သူ လုံးဝကို သန်မာလာမည် မဟုတ်ကြောင်းဆိုသည့် ယူဆချက်မှာ ပိုမို၍ ခိုင်မာလာခဲ့တော့လေ၏။သူ ထိုနေရာမှ အမြန်ထွက်သွားမှ ဖြစ်ပေလိမ့်မည်။
တောင်ထိပ်သခင် ခြောက်ဦးစလုံးသည် ဂူထဲ၌ ထိုင်နေကြ၏။
အချိန်မဖြုန်းနေပဲ လီကျစ်သည် လုချောင်းချောင်း၏ သရုပ်မှန်ကို တိုက်ရိုက်မေးမြန်းခဲ့လေသည်။
လီဟမ်ရှန်းမှာလည်း ဘာမှကို လျို့ဝှက်မနေခဲ့ပဲ သူသိသမျှသော လုချောင်းချောင်း၏ မိသားစုနောက်ခံကို ပြောပြခဲ့သည်။
သို့ပေမယ့် ထိုအကြောင်းအရာများကို ကြားပြီးသည့်နောက်တွင် တောင်ထိပ်သခင်ခြောက်ဦးစလုံး၏ မျက်နှာအမူအရာမှာ ထူးဆန်းကုန်တော့သည်။
လီဟမ်ရှန်းပြောပြခဲ့သည်များမှာ ထူးထူးဆန်းဆန်း ဟုတ်မနေပဲ ဂိုဏ်းမှ ရှာလို့ရသော အချက်အလက်များသာ ဖြစ်နေခြင်းကြောင့်ပင်။
“ဒီတစ္ဆေမျိုးနွယ်တွေက မင်ဟုန်ခရိုင်မှာ ခုနောက်ပိုင်းမှပဲ ပေါ်လာခဲ့တာ။ဒီတလောမှာ လုချောင်းချောင်းနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း ဘာတွေ ဖြစ်ခဲ့သေးလဲ”
ရှမူဟိုင်သည် ထိုအခြေအနေမှ သဲလွန်စကို ရှာဖွေရန်အတွက် ဆုံးဖြတ်ချက်ချထားခဲ့လေသည်။
“အဲ့ဒါတင်မကသေးဘူး။ဒီကာလအတွင်းမှာ လုချောင်းချောင်းက ဘယ်သူတွေနဲ့ ဆက်သွယ်သေးလဲ။ငါတို့ကို မင်းသိသမျှ အကုန်ပြောပြစမ်း။ပြီးတော့ မင်း….”
အနည်းငယ်အဝလွန်နေဟန်ရှိသည့် ဖက်တီးတောင်သခင်သည် လီဟမ်ရှန်းကို လက်ညှိုးထိုးကာ မျက်မှောင်ကြုံ့လိုက်လေ၏။
“မင်းနာမည်ကို ငါမသိရသေးဘူး”
“ကျုပ်နာမည်က လီဟမ်ရှန်းပါ” လီဟမ်ရှန်းက လက်သီးကို ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
“လီဟမ်ရှန်း?” ထိုအမည်ကို ကြားသော် ရှမူဟိုင်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့လေသည်။
ဒီတော့ လီဟမ်ရှန်းက သူကိုးးး
သူတို့အားလုံး သူ့ကို ရှာမတွေ့တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ။သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ အစေခံတပည့်ဖြစ်နေခဲ့တာကိုး
သူက ဆန်းကြယ်တဲ့ လီချန်ချင်းရဲ့ သားတဲ့လား
အဲ့လိုဆိုရင်တောင်မှ ဘာလို့ သူက အရမ်းသာမန် ဖြစ်နေရတာလဲ
ရှမူဟိုင်သည် လီဟမ်ရှန်းမှာ ပါရမီရှင်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု တွေးထင်ခဲ့ပေ၏။တကယ့်အဖြစ်မှန်တွင်မူ လီဟမ်ရှန်းက လုံးဝကို သာမန်ဆန်လွန်းနေခဲ့တော့သည်။
သို့ပေမယ့်လည်း ရှမူဟိုင်က တိတ်တဆိတ်သာ နေနေခဲ့သည်။
အခြားတောင်သခင်များကလည်း ရှမူဟိုင်၏ အမူအရာပြောင်းလဲနေမှုကို သတိမထားခဲ့မိကြပေ။သူတို့အားလုံး၏ အာရုံမှာ လီဟမ်ရှန်းအပေါ်ကိုသာ ရောက်နေခဲ့ကြတော့သည်။
လီဟမ်ရှန်းအတွက် ရွေးချယ်စရာ မရှိပေ။ထို့ကြောင့် ဤရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကိုသာ ဖြေးဖြေးချင်းစဉ်းစားရင်း ပြောပြနေရတော့သည်။ထိုအဖြစ်များတွင် သူ့ဖခင်ဖြစ်သူထံမှ ရောက်လာသောစာနှင့် သံတံဆိပ်ပြားလေးကို လုချောင်းချောင်းကို လက်ဆောင်ပေးလိုက်ခြင်းများလည်း ပါဝင်ပေ၏။
“နေဦး”
လီကျစ်သည် ထူးဆန်းနေသော အမူအရာနှင့် ရုတ်တရက်မေးလိုက်ခဲ့သည်။
“အဲ့ဒီ့သံပြားမှာ စာသားတွေ ရိုက်ထားတယ်လို့ မင်းပြောတယ်နော်။အဲ့မှာ ဘာပြောထားလဲ”
“ချီ”
လီဟမ်ရှန်းက အမှန်အတိုင်းသာ ဖြေလိုက်သည်။