← Chapters

ရှမူဟိုင်ရောက်နေပြီ

Vol. 2 Ch. 18

ရှမူဟိုင်ရောက်နေပြီ

Vol. 2 Ch. 18

ထိုစကားလုံးများ လီဟမ်ရှန်း၏ နှုတ်မှ ထွက်သွားချိန်တွင် ရောက်နေကြသူတိုင်းသည် စိတ်ဝင်စားသွားကြတော့လေသည်။

တောင်ထိပ်သခင်ခြောက်ယောက်သည် တယောက်မျက်လုံးထဲသို့ တယောက်စိုက်ကြည့်လိုက်ကြပြီးနောက် တစ္ဆေမျိုးနွယ်အင်အားစုသုံးခုမှာ လုချောင်းချောင်းကို ရရှိရန် ဘာကြောင့် အသည်းအသန် တိုက်ခိုက်နေရတာလဲဆိုတာကို နားလည်သွားခဲ့ကြတော့သည်။

ထို သံမဏိတံဆိပ်ပြားကြောင့်ပင်။

ထို့နောက်တွင် လီဟမ်ရှန်းသည် နောက်ပိုင်းဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြလိုက်ခဲ့သည်။

“ကောင်းပြီ မင်းသွားနားလိုက်ပါတော့” လီကျစ်သည် မတ်တပ်ရပ်ကာ ဂူအပြင်ဖက်မှ တပည့်များကို လက်ယက်ခေါ်ကာ ပြောလိုက်သည်။

“ဒီဂျူနီယာညီလေးကို ပြန်လိုက်ပို့ပေးလိုက်ပါ”

“ဂျူနီယာညီလေး ဒီလမ်းကနေ ကြွပါ” တပည့်လေးမှာ ယဉ်ယဉ်ကျေးကျေးနှင့် ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာအကို” လီဟမ်ရှန်းသည် ထိုတပည့်နှင့်အတူ လိုက်ပါသွားခဲ့သည်။

လီဟမ်ရှန်းထွက်သွားပြီးသည့်နောက်တွင် လီကျစ်က အသက်ပြင်းပြင်းရှုပြီး ပြောလိုက်၏။

“ချီရှန်းအမိန့်ပြားပဲ။အခုလိုမျိုး ချီရှန်းအမိန့်ပြားက ပေါ်လာမယ်လို့ တကယ်ပဲ မထင်ထားခဲ့ဘူး။သူတို့အားလုံး လုချောင်းချောင်းအတွက် အသည်းအသန် တိုက်ခိုက်နေတာကို မအံ့ဩတော့ပါဘူး။အားလုံးက အခုမှပဲ အဓိပ္ပာယ်ရှိသွားခဲ့တော့တယ်”

“အဓိပ္ပာယ်မရှိတာ တခုရှိနေသေးတယ်” ခပ်ဝဝတောင်သခင်သည် မျက်မှောင်ကြုံ့ကာ ဆိုလိုက်ပြန်သည်။

“ချီရှန်းအမိန့်ပြားပေါ်လာတာက နားလည်ဖို့ မခက်ခဲပါဘူး။ငါနားမလည်တာက လီဟမ်ရှန်းပြောတာကိုပဲ။သူ့အဖေက သူ့အတွက်ပို့လိုက်တဲ့ ပါဆယ်ထုတ်ထဲမှာ ဒီအမိန့်ပြားက ပါလာခဲ့တာတဲ့။သူ့ အဖေက ချီရှန်းအမိန့်ပြားကို ဘယ်ကနေ ဘယ်လို ရလာခဲ့ရတာလဲ”

ကျန်သောသူများသည်လည်း ထိုအချက်ကို ထူးဆန်းနေသည်ဟု ခံစားမိခဲ့ကြလေ၏။

“ဘာများထူးဆန်းနေလို့လဲ” ထိုအခိုက် ရှမူဟိုင်က အပြုံးတခုနှင့် ဝင်ပြောလိုက်သည်။

“ချီရှန်းအမိန့်ပြားက အရင်က ယန်ဒေါင်ချန်ဆီမှာ ရှိနေခဲ့တာလေ။နောက်ပိုင်းကျတော့ ယန်ဒေါင်ချန်ကို ငါလိုက်ဖမ်းခဲ့တယ်။အဲ့တုန်းက အမိန့်ပြားကို ငါရသွားမှာစိုးလို့ သူက စန်းယွမ်ပို့ဆောင်ရေးဌာနက အထုတ်ထဲမှာ ဖွက်ထားခဲ့ပုံရတယ်”

“အဲ့ဒီ့ကနေ ပါဆယ်ထုတ်က တိုက်ဆိုင်ပြီးတော့ ငါတို့ဂိုဏ်းက တပည့်ဆီကို ရောက်ခဲ့ရတာပဲ။နောက်ကျတော့ လီဟမ်ရှန်းက အဲ့အမိန့်ပြားကို တိုက်တိုက်ဆိုင်ဆိုင် လုချောင်းချောင်းကို လက်ဆောင်ပေးခဲ့တာပဲ။

ကျုပ်ထင်တာကတော့ လုချောင်းချောင်းက မတော်တဆနဲ့ ချီရှန်းအမိန့်ပြားကို သန့်စင်ခဲ့ရတာပဲ ဖြစ်လိမ့်မယ်။အဲ့ဒါကို အနီးအနားမှာရှိတဲ့ တစ္ဆေမျိုးနွယ်တွေက အာရုံခံမိသွားကြတာပဲ ဖြစ်ရမယ်။အဲ့လိုကနေပြီး ဒီနေ့အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ကြရတော့တာပဲ”

ရှမူဟိုင်သည် ယုံကြည်ချက်ရှိစွာနှင့် အားလုံးကို ရှင်းပြလိုက်လေတော့သည်။

ရှမူဟိုင်၏ ဆုံးဖြတ်ချက်ကို နားထောင်ပြီးနောက်တွင် အားလုံးမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ကြရလေတော့သည်။ပြီးတော့ သူတို့ ဘယ်လိုပဲ တွေးတွေး ဒီဖြေရှင်းချက်တခုတည်းကပဲ အဓိပ္ပာယ်ရှိလေသည်။

လောလောဆယ်တော့ ဒီဖြေရှင်းချက်ကိုသာ အားလုံးလက်ခံရန် တတ်နိုင်ကြတော့သည်။

ဒီကို သူတို့မလာစဉ်တုန်းကတည်းကိုက လီဟမ်ရှန်း၏ နောက်ခံကို သူတို့က စုံစမ်းထားပြီးသား ဖြစ်သည်။လီချန်ချင်းသည် ပန်းချီဆရာတစ်ယောက်ဖြစ်နေသည့်တိုင် လွန်စွာ ဆင်းရဲသဖြင့် စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေခဲ့သည်။ထို့အပြင် ပန်းချီဆွဲရာ၌လည်း ပါရမီ မရှိပါချေ။ထို့ကြောင့် အာရုံစိုက်ဖို့ မထိုက်တန်ပေ။

ရှမူဟိုင်၏ ဖြေရှင်းချက်မှအပ အခြားသောအကြောင်းအရာကို သူတို့လုံးဝ မတွေးတောခဲ့မိပါချေ။

“သူတို့ရဲ့ မူလရည်ရွယ်ချက်ကတော့ ချီရှန်းအမိန့်ပြားအတွက် တိုက်ခိုက်ကြဖို့ပဲ၊ဒါပေမယ့် လုချောင်းချောင်းက အမိန့်ပြားကို သန့်စင်လိုက်တာမို့လို့ သူတို့က လုချောင်းချောင်းကို ခေါ်သွားဖို့ပဲ တတ်နိုင်တော့တယ်လေ”

“ချီရှန်းအမိန့်ပြားက ချီရှန်းတစ္ဆေအရှင် ပိုင်ဆိုင်တဲ့အရာပဲ။သူ့ သက်တမ်းတလျှောက်လုံးမှာ ချီရှန်းအမိန့်ပြားသုံးခုကိုပဲ အပြင်လောကထဲကို ပို့ပြီး ကိစ္စရပ်တွေကို ဖြစ်စေနိုင်ခဲ့တယ်။ချီရှန်းအမိန့်ပြားကို ကံကောင်းလို့ ရပြီး သန့်စင်နိုင်တဲ့ လူက တစ္ဆေအရှင်ဆီမှာ တောင်းဆိုမှုလုပ်လို့ရတယ်”

“ပထမ ချီရှန်းအမိန့်ပြားနှစ်ခုက အသုံးပြုပြီးသွားပြီ။အဲ့ဒီ့ ချီရှန်းအမိန့်ပြားတွေက သူတို့ပိုင်ရှင်နှစ်ယောက်ရဲ့ ဘဝတွေကို လုံးဝကို ပြောင်းလဲသွားစေခဲ့တယ်။တစ်ယောက်ကတော့ ဆေးဘုရင်တောင်ကြားက ယင်ဖုန်းကြည်ပဲ။ကျန်တစ်ယောက်ကတော့ မြောက်ပိုင်းအေးခဲနိုင်ငံကပဲ”

“တတိယမြောက်အမိန့်ပြားကို ချိတ်ပိတ်ထားတာ အတော်ကြာပြီ ဒါပေမယ့် အဲ့ဒါကို ယင်တန်မျှော်စင်က ရှာတွေ့ခဲ့တယ်လေ။ကောလဟာလအရတော့ ချီရှန်းတစ္ဆေအရှင်က တံခါးပိတ်ကျင့်ကြံနေတယ်တဲ့။သူ့ကို တွေ့ရဖို့က အနည်းဆုံး တနှစ်လောက်တော့ ကြာဦးမှာပဲ”

ခပ်ဝဝ တောင်သခင်က ခါးသက်စွာနှင့် ပြုံးလိုက်ပြီး “ယင်တန်မျှော်စင်က အခြားအင်အားစုတွေသာ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက ချီရှန်းအမိန့်ပြားကို ရသွားတယ်ဆိုတာကိုသာ သိသွားလို့ကတော့ လုချောင်းချောင်းကတော့ ဒီနှစ်ထဲမှာ မရေမတွက်နိုင်တဲ့ လူသတ်သမားတွေ၊လုပ်ကြံရေးသမားတွေနဲ့ ရင်ဆိုင်ရနိုင်ခြေရှိတယ်”

“ချီရှန်းတစ္ဆေအရှင်က မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်နေပြီလို့တော့ ပြောကြတာပဲ။သူသာ လှုပ်ရှားရင် ဒီလောကမှာ ရှိတဲ့ လူနည်းနည်းလောက်ကပဲ သူ့ကို တားဆီးနိုင်ကြမှာ။အဆုံးမဲ့ညနိုင်ငံရဲ့ ရန်သူဟောင်းတွေကလည်း ချီရှန်းအမိန့်ပြားကို ရဖို့အတွက် အကောင်းဆုံး ကြိုးစားကြမှာပဲ”

လူတိုင်းက တက်ကြွစွာ ဆွေးနွေးနေကြသည်ကို မြင်သော် ရှမူဟိုင်က တချက်သမ်းဝေလိုက်ကာ ထရပ်လိုက်သည်။သူက အပြုံးတခုနှင့် ပြောလိုက်၏။

“ခင်ဗျားတို့ ဆက်ဆွေးနွေးလိုက်ကြဦးဗျာ။ကျုပ်မူဟိုင်ဖုန်းကို ပြန်ပြီး တရေးအိပ်လိုက်ဦးမယ်။ကျုပ်ဒီနေ့ တော်တော် ပင်ပန်းနေတယ်”

ထိုသို့ ပြောပြီးနောက်တွင် သူက ကျန်သောလူများကို လျစ်လျူရှုပြီး ချက်ချင်း ထွက်သွားခဲ့လေသည်။

လူတိုင်းသည် ရှမူဟိုင်၏ သူမတူသော အကျင့်စရိုက်ကို သိထားပြီးဖြစ်သောကြောင့် စိတ်ထဲမထားကြချေ။သူတို့ ပို၍ စိတ်ဝင်စားနေသည်မှာ ချီရှန်းအမိန့်ပြားနှင့် ပတ်သက်သော အကြောင်းအရာပင် ဖြစ်လေသည်။

ချီရှန်းအမိန့်ပြားက ဤနေရာ၌ ပေါ်လာသောကြောင့် ထိုအကြောင်းကို အမြန်သတင်းပို့ရပေမည်။

ကံဆိုးတာက ဂိုဏ်းချုပ်က ဤနေရာ၌ ရှိမနေခဲ့ပေ။

ပြီးတော့ သူတို့ကလည်း အလျင်လိုမနေခဲ့ပေ။အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက လှုပ်ရှားမည်ဆိုလျှင်ပင် ချက်ချင်းကြီးတော့ မဟုတ်နိုင်ပေ။တစ္ဆေအရှင်မှာ တံခါးပိတ်ကျင့်ကြံနေသည် မဟုတ်ပါလား။သူ ပြန်ထွက်လာရန်မှာ အနည်းဆုံးတနှစ်ခန့်တော့ ကြာမြင့်ဦးလိမ့်မည် ဖြစ်သည်။

တနည်းဆိုရသော် တနှစ်အတွင်း၌ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်မှာ ချီရှန်တစ္ဆေအရှင်အား ဘာမှ တောင်းဆို၍ မရဟူသော အဓိပ္ပာယ်ပင်။

လီဟမ်ရှန်းသည် သူ့ အခန်းသို့ ပြန်လာခဲ့လေ၏။ယနေ့ဖြစ်ရပ်မှာ သူ့စိတ်ကို အနားမရပဲ ဖြစ်စေခဲ့သည်။

သူက ယခုထက် ပိုမို သန်မာလာချင်သည်။

သူက စွမ်းအားကြီးမားသူ တစ်ယောက်ဖြစ်လာပြီးနောက်တွင် လုချောင်းချောင်းအား တနေ့တွင် ပြန်တွေ့ချင်နေခဲ့သည်။

ထိုအရာမှာ လုချောင်းချောင်းကို သူ ကတိပေးထားသည့်အရာပင် ဖြစ်သည်။

ဒါပေမယ့် သူဘယ်လို သန်မာအောင် လုပ်ရပါ့မလဲ။လီဟမ်ရှန်းသည် သူ့ပါရမီမှာ လွန်စွာမှကို သာမန်ဆန်ကြောင်းကို ကောင်းကောင်းသိပါသည်။

ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်ကို အနာဂတ်တွင် ရောက်ရှိခြင်းကပင် သူ့အတွက် ကံကောင်းမှုကြီး ဖြစ်နေခဲ့ရချေပြီ။

ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်ကို ရောက်လျှင် ဆရာသခင်တပါးဟု အသတ်မှတ်ခံနေရပြီ။

သို့သော် ထိုအဆင့်မှာ အနာဂတ်တွင် လုချောင်းချောင်း ရောက်နေမည့်အဆင့်ကို မှီဦးမည်မဟုတ်ပေ။လီဟမ်ရှန်းသည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်အကြောင်းကို မသိပါချေ။သို့သော် သူက ချူချန်ခုန်၏အကြောင်းကိုတော့ သိပါသည်။

ထိုသူမှာ အသက် ၁၁နှစ်တွင်ပင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေခဲ့သူ ဖြစ်သည်။

သူ့အား အချိန်မရွေး နင်းခြေကာ သတ်ဖြတ်နိုင်သော ပိုးကောင်တကောင်ကဲ့သို့သော ထိုသူ၏ အကြည့်ကို သူ ဒီတသက်မေ့လိမ့်မည် မဟုတ်ပေ။

“ဒေါက် ဒေါက် ဒေါက်”

ဘာဆက်လုပ်ရမလဲဆိုတာကို လီဟမ်ရှန်း တွေးတောနေသည့်အချိန်မှာပင် တံခါး၏အပြင်ဖက်ခြမ်းမှာ ခေါက်သံတိုးတိုးထွက်ပေါ်လာခဲ့လေသည်။

“ဘယ်သူလဲ”

လီဟမ်ရှန်းက တံခါးဆီသို့သွားကာ ဖွင့်လိုက်သည်။

သူ့ထံသို့ သူ့ မိတ်ဆွေများဖြစ်သော စီနီယာအကိုများ ရောက်လာကြပြီး သူ့အား လာနှစ်သိမ့်ပေးကြသည်ဟု သူထင်ထားခဲ့သော်လည်း တံခါးအရှေ့တွင် ရပ်နေသောသူကို မြင်လိုက်ရသောအခါတွင် သူ့အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲနေပြီဖြစ်ကြောင်းကို သိလိုက်ရတော့သည်။

တံခါးဝတွင် ရပ်နေသည့်လူမှာ ရှမူဟိုင်ပင် ဖြစ်ပါသည်။

မူဟိုင်ဖုန်းတောင်သခင်ပင် ဖြစ်သည်။

တောင်သခင် ၃၆ဦးအနက် ရှမူဟိုင်၏ စွမ်းအားမှာ ထိပ်ဆုံးသုံးယောက်ထဲတွင် ရှိမှန်း လီဟမ်ရှန်းက သိပါသည်။

ရှမူဟိုင်၏ အလေးအနက်မထားကာ၊ပေါ့ပေါ့နေ ပေါ့ပေါ့စားစရိုက်နှင့် ဖိုသီဖတ်သီပုံစံ၊စုတ်ပြဲနေသော အဝတ်အစားများကြောင့် အရူးလုပ်မခံရပါစေနဲ့။မူဟိုင်ဖုန်းတောင်ပေါ်တွင် နေထိုင်ကြသူများမှာ ပို၍ပင် နည်းပါးလှပေသည်။ဒါပေမယ့် ရှမူဟိုင်မှာ ရှေးဟောင်းတာအိုဂိုဏ်းကြီးတခုလုံးတွင် စည်းတံဆိပ်ငါးချက်ကို စတုတ္ထအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သူ လူနည်းစုများထဲမှ တယောက်ဖြစ်၏။

ထို အခြေအနေတခုတည်းကပင် ရှမူဟိုင်သည် သူရဲကောင်းများနှင့် တဆင့်တည်းတွင် ရပ်တည်နိုင်နေခဲ့ပြီ

ရှမူဟိုင်မှာ သူ့ကို လာရှာလိမ့်မည်ဟု လီဟမ်ရှန်းမှ လုံးဝကို မမျှော်လင့်ထားခဲ့မိပေ။

“တောင်သခင်ရှမူဟိုင်” လီဟမ်ရှန်းက ရိုသေစွာ နှုတ်ဆက်လိုက်သည်။

“မင်းနာမည်က လီဟမ်ရှန်းလား” ရှမူဟိုင်က ပြုံးရင်းနှင့် လီဟမ်ရှန်းအား စိုက်ကြည့်လိုက်သည်။

“ဟုတ်ပါတယ် ဒီတပည့်ကို လီဟမ်ရှန်းလို့ခေါ်ပါတယ်” လီဟမ်ရှန်းက ပြန်ဖြေလိုက်ခဲ့သည်။

“ငါက မင်းနဲ့ ဆွေးနွေးစရာ ရှိလို့ ဒီကို လာခဲ့တာပဲ” ရှမူဟိုင်သည် အထဲသို့ ဝင်လာခဲ့တော့သည်။ပွင့်နေသော တံခါးမှာ သူ့အလိုလိုပင် ပြန်ပိတ်သွားခဲ့လေ၏။

“တောင်သခင် ကျေးဇူးပြုပြီး ပြောပါ” လီဟမ်ရှန်းမှာ အနည်းငယ်တော့ အံ့ဩနေခဲ့သည်။တောင်သခင်တပါးက သူ့လို အညတရတပည့်နှင့် ဘယ်အရာကို ဆွေးနွေးမှာလဲဆိုတာကိုပေါ့

“ငါ့ရဲ့ မူဟိုင်ဖုန်းတောင်ကို လာခဲ့ပါ။ပြီးတော့ ငါ့ရဲ့ အမွေခံတပည့်လာလုပ်။မင်း လုပ်ချင်သလား လီဟမ်ရှန်း”

ရှမူဟိုင်သည် လီဟမ်ရှန်းအား ထွင်းဖောက်လုမတက် ကြည့်ရင်း မေးလိုက်ခြင်းပင်။

“ဟင်”

လီဟမ်ရှန်းမှာ ငုတ်တုတ်မေ့နေခဲ့ပြီ

ရှမူဟိုင်ရဲ့ အမွေခံတပည့် လုပ်ရမယ်တဲ့လား

တခုခုကတော့ လွဲနေပြီ

ရှမူဟိုင်တော့ အရက်တုတွေသောက်ပြီး မူးနေပြီထင်တယ်

ဒါမှမဟုတ် ဒီနေ့ တစ္ဆေမျိုးနွယ်တွေနဲ့ တိုက်တုန်းက ခေါင်းကို ထိခိုက်မိသွားတာများလား

“တောင်သခင် ဟာသလုပ်နေတာပဲ”

လီဟမ်ရှန်းသည် လုံးဝကိုမယုံကြည်နိုင်သေးပေ။လက်ရှိ ဖြစ်ရပ်မှာ လွန်စွာမှကို စိတ်ကူးယဉ်ဆန်လွန်းလှပါသည်။

သို့သော် သူ့အထင်နှင့် မကိုက်ညီစွာပင် ရှမူဟိုင်သည် ဦးခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက်

“ငါမင်းကို နောက်နေတာမဟုတ်ဘူး။ငါက မင်းဆန္ဒရှိသလားဆိုတာကိုပဲ မေးနေတာ”

“ကျွန်တော် ဆန္ဒရှိပါတယ်”

ဘယ်သူက ဒီလို အခွင့်အရေးကောင်းကို ငြင်းရမှာလဲ။အရူးပဲငြင်းမှာပေါ့

လီဟမ်ရှန်းသည် သူ့ကိုယ်သူ တိုးတက်အောင် မည်သို့လုပ်ရမည်ဆိုတာကို တွေးတောနေစဉ်မှာပင် ရှမူဟိုင်က တပည့်ဖြစ်ရန် လာကမ်းလှမ်းနေသည် မဟုတ်ပါလား

ရှမူဟိုင်၏ လမ်းညွှန်ပေးမှုအောက်တွင် သူ့ တိုးတက်မှုမှာ ခက်ခဲနေဦးမှာလား

ဘာလို့ သူ့ကို ထူးထူးဆန်းဆန်း တပည့်အဖြစ်လက်ခံတာလဲဆိုတဲ့ အချက်ကိုတော့ လီဟမ်ရှန်းက လုံးလုံးကို ဂရုမစိုက်တော့ပေ။

“ကောင်းတယ် ငါ့ကို ရက်နည်းနည်းတော့ စောင့်နေချေဦး။မင်းကို မေးပြီးရုံနဲ့ မရသေးဘူး။တခြားလူတစ်ယောက်ဆီကလည်း ခွင့်ပြုချက်တောင်းဖို့လိုသေးတယ်။သူသာ ခွင့်ပြုရင် ငါက မင်းကို တပည့်အဖြစ် လက်ခံနိုင်ပြီ”

ရှမူဟိုင်သည် လီဟမ်ရှန်းကို စိုက်ကြည့်ရင်း လွန်စွာ လေးနက်စွာ ပြောလိုက်သည်။

All Chapters