အခန်း (၁၉)
Vol. 2 Ch. 19
“နောက်ထပ်လူတစ်ယောက်?”
လီဟမ်ရှန်းသည် အနည်းငယ်မျှ အံ့အားသင့်သွားတော့လေသည်။ရှမူဟိုင်က သူ့အား တပည့်လက်ခံလိုသော်လည်း နောက်ထပ် လူတစ်ယောက်ကို မေးမြန်းဖို့ လိုသေးတယ်တဲ့လား
ဘယ်သူ့ကို မေးဖို့လိုတာလဲ
ဂိုဏ်းချုပ်ကို ပြောတာများလား
ဒါပေမယ့် တောင်သခင်တစ်ယောက်အနေနဲ့ တပည့်လက်ခံနိုင်တဲ့ အာဏာကတော့ ရှိသင့်တယ်မဟုတ်ဘူးလား
သူ့တွင် သံသယများစွာ ရှိနေခဲ့သည့်တိုင် လီဟမ်ရှန်းမှာ ဆက်လက်၍ မမေးမြန်းခဲ့ပါ။ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူက ဘဝရဲ့ အလင်းရောင်လေးကို မြင်လာခဲ့လေပြီ။
မူဟိုင်ဖုန်းတောင်၏ တပည့်တစ်ယောက်ဖြစ်လာနိုင်လျှင် မူလအဆင့်သို့ ချိုးဖြတ်နိုင်မည့် အခွင့်အရေးကို ရနိုင်လောက်တော့မည်။
သူသာ မူလအဆင့်သို့ ရောက်ရှိပါက ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပေတော့မည်။အနာဂတ်တွင် လုချောင်းချောင်းနှင့် ပြန်ဆုံပါက သူက သူမအား ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
နံနက်စောစောတွင် နေမင်းက ဖြေးညင်းစွာ ပေါ်ထွက်လာခဲ့ပြန်ပြီ
ညင်သာပြီး ဝင်းပနေသော အလင်းရောင်သည် ချန်ထင်မြို့တခုလုံးကို လွှမ်းခြုံလာပြီးနောက်တွင် မြို့လေးမှာ တဖြေးဖြေးနှင့် အသက်ဝင်လာခဲ့တော့၏။
လုပ်ငန်း လုပ်ကိုင်မည့် လူများသည်လည်း အပြင်သို့ ထွက်လာစပြုနေပြီ။တဖြေးဖြေးနှင့် စည်ကားလာခဲ့တော့လေသည်။လမ်းဘေးဈေးသည်များ၏ အော်ဟစ်ကာ ရောင်းချနေသော အသံများကြောင့် လူများသည် ဈေး၏ ရောင်းဝယ်ဖောက်ကားမှု လေထုကို ခံစားနေကြရတော့သည်။လူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေသော ခံစားချက်ကို ရနေစေခဲ့တော့သည်။
“သူဌေး ဆန်ပြုတ်တစ်ပန်းကန်နဲ့ မုန့်လုံးတခုလောက် ပေးပါ”
အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် လူရှုပ်နေသော စားသောက်ဆိုင်သို့ ဝင်ကာ ထိုင်ချလိုက်ပြီး ဆိုင်ရှင်အား ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။
“လီသခင်ကြီးပါလား။ဒီကို ရောက်လာတာပဲ” ဆိုင်ရှင်က လျင်မြန်စွာ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ခဏစောင့်ဗျာ။ကျုပ် အခုပဲ လုပ်ပေးပါ့မယ်”
ထိုစကားကိုပြောပြီးနောက်တွင် ဆိုင်ရှင်သည် သူ လုပ်ကိုင်နေသည်များကို ခပ်မြန်မြန် ပစ်ချလိုက်ပြီး လက်ကို လက်သုတ်ဝတ်နှင့် သုတ်ကာ တူတစ်စုံကို ကောက်ကိုင်လိုက်တော့သည်။ထို့နောက်တွင် အကြီးမားဆုံးသော မုန့်လုံးကြီးကို ကောက်ယူလိုက်ပြီး ပန်းကန်ပြားထဲသို့ ထည့်လိုက်၏။
ထို့နောက်တွင် သူက ဇွန်းကြီးတချောင်းကို ယူကာ ဆန်ပြုတ်အိုးအောက်ခြေမှ အထူဆုံးသော ဆန်ပြုတ်ကို သေချာလေး ခပ်ကာ ပန်ကန်းပြားထဲသို့ ဂရုတစိုက်နှင့် ထည့်လိုက်တော့သည်။သူပ ဆန်ပြုတ်ပန်းကန်အပေါ်သို့ ဆားအနည်းငယ်ဖြူးလိုက်ကာ ကြက်သွန်မြိတ်အချို့ကို လှီးဖြတ်ကာ အပေါ်မှ ပုံလိုက်သေးသည်။ထို့နောက်တွင် စားစရာများကို မ ကာ ပြုံးလျက် စားပွဲပေါ်သို့ တင်လိုက်၏။
ထိုအရာများကို ပြုလုပ်ပြီးနောက်တွင် သူက အနောက်သို့ လှည့်ကာ ဆားနယ်ထားသော ဟင်းရွက်အနည်းငယ်ကို ပန်းကန်ပြားလေးထဲသို့ ထည့်ကာ ယူဆောင်လာတော့လေသည်။
“လီသခင်ကြီး..ဒါတွေက ကျုပ်မိန်းမ မနေ့က လုပ်ထားတဲ့ သခွားသီးတွေဗျ။မြည်းကြည့်ပါဦး”
“ကောင်းပြီ ကျေးဇူးပါပဲ” လီချန်ချင်းက ခေါင်းညိတ်ပြလိုက်တော့သည်။
သူက ဤလောကရှိ ဘဝနှင့် အနည်းငယ် နေသားကျနေခဲ့ချေပြီ။ဤလောကရှိ ဖိအားမှာ သိပ်မကောင်းသော်လည်း ယခင်ဘဝနှင့် ယှဉ်လျှင်တော့ အများကြီး တော်ပါသေးသည်။
သူ့တွင် ရှိသော ငွေစအများစုအား လီဟမ်ရှန်းထံသို့ ပို့ပေးပြီးသည့်တိုင် ကျန်ရစ်သော ပမာဏမှာ လီချန်ချင်းအား လွန်စွာ သက်တောင့်သက်သာ ရှိသော ဘဝတွင် နေထိုင်နိုင်စေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း လီချန်ချင်းသည် ပန်းချီဆွဲရန်အတွက် ဈေးကြီးသော စာရွက်များနှင့် စုတ်တံများကို ဝယ်ယူရန် မလိုအပ်တော့သောကြောင့်ပင် ဖြစ်ပါသည်။
သူက မြို့အနှံ့လျှောက်သွားနိုင်သည်။တွေ့သည့် စားသောက်ဆိုင်တွင် ဝင်စားနိုင်သည်။ပန်းပင်များကို စိုက်ပျိုးသည်။တခါတလေတော့ အပျင်းပြေ ပန်းပုထုသည်။သူ့ ဘဝမှာ လွန်စွာ သက်တောင့်သက်သာရှိလှသည်ဟု ပြော၍ပင် ရ၏။
ဒီရက်ပိုင်းတွင် လီချန်ချင်းသည် ဈေးမှ စာအုပ်များစွာတို့ကို ဝယ်ကာ ဖတ်ရှုနေခဲ့တော့သည်။ထိုစာအုပ်များမှာ ထူးဆန်းသော ဝတ္ထုစာအုပ်များ ဖြစ်နေသည့်တိုင်၊ထိုစာအုပ်များထဲမှ စစ်သည်များနှင့် ပန်းချီဆရာများအကြောင်းကို အနည်းငယ် သိရခဲ့သည်။
အထူးသဖြင့် ပန်းချီဆရာများ၏ အကြောင်းကို လီချန်ချင်းက လုံးဝကို စိတ်ဝင်စားနေခဲ့တော့သည်။
ပန်းချီဆရာများနှင့် ပတ်သက်ပြီး ဖော်ပြထားသည်များမှာ လွန်စွာမှပင် အံ့ဩဖွယ်ရာကောင်းလှပေသည်။၎င်းတို့၏ စွမ်းအားကြီးမားကာ ကျယ်ပြောလှသည့် နတ်ဘုရားဝိဉာဉ်နှင့် ဆိုပါက သူတို့က အရာရာတိုင်းကို လုပ်နိုင်စွမ်းရှိနေသည့် ပုံဟန်ပင်။ထိုအရာမှာ လီချန်းချင်းအား သိလိုစိတ်ဖြစ်စေခဲ့သည်။သူက ပန်းချီဆရာမဟုတ်ပဲ၊ပန်းပုသမားဖြစ်၏။သူ့မှာကော စွမ်းအားကြီးမားသည့် နတ်ဘုရားစိတ်ဝိဉာဉ်ရှိနေတာလား?
ရှိနေရင်တောင် သူ ဘယ်လို အသုံးချရမှာလဲ
တကယ်ရှိနေရင်တောင်မှ သူ့ရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်က ဘယ်အဆင့်မှာများလဲ
လီချန်ချင်းမှာ ထိုအရာများကို လွန်စွာ စိတ်ဝင်စားနေတော့လေသည်။
သို့သော် သူသည် အခြားပန်းချီဆရာ တစ်ယောက်နှင့်မှ မတွေ့ဖူးသလို သိလည်း မသိပါချေ။ထို့ကြောင့် သူ့တွင် မေးစရာ လူမရှိခဲ့ပေ။
ထူးဆန်းသော ဝတ္ထုစာအုပ်များကို ဖတ်ရှုခြင်းမှာ သူ သိလိုသော အချက်အလက်များကို အပြည့်အဝ မရရှိခဲ့ပါချေ။
ကြည့်ရသလောက်ကတော့ ချန်ထင်မြို့လေးမှာ လွန်စွာသေးငယ်နေပုံရပါသည်။သူက အပြင်လောကကြီးသို့ ထွက်ကာ ရှာဖွေရဦးပေမည်။
ယေဘူယျကျကျ ပြောရမည်ဆိုပါက စန်းယွမ်တိုက်ကြီးရှိ ပန်းချီဆရာများသည် ခရီးရှည်ကြီးများကို သွားရောက်လေ့ရှိပါသည်။
သူတို့သည် တိုက်ကြီးတတိုက်လုံး၏ သဘာဝရှုခင်းများကို လေ့လာမည်။ထူးဆန်းသော သားရိုင်းတိရစ္ဆာန်များကို ကြည့်ရှုလိမ့်မည်။သူတို့ များများ ကြည့်နိုင်လေလေ။သူတို့ များများ ပန်းချီဆွဲနိုင်လေလေပင် ဖြစ်သည်။
သူတို့သည် အနည်းငယ်သာ ကြည့်ရှုနိုင်ခဲ့ပါက ပန်းချီဆရာများသည် ဘာပန်းချီမှ ဆွဲနိုင်ကြလိမ့်မည် မဟုတ်ပေ။
လီချန်ချင်းသည် ဤရက်ပိုင်းတွင် ပန်းပုရုပ်အသေးစားလေးများကိုသာ ထုလုပ်နေပြီး ကျန်တာဘာတခုမှ မလုပ်ခဲ့ပေ၊အဘယ်ကြောင့်ဆိုသော် သူ့အတွက် ငွေကြေးမလိုအပ်သောကြောင့်ပင်။
တကယ့်အမှန်တရားမှာမူ သူ၏ ပန်းပုရုပ်များတွင် ထူးဆန်းသော မှော်စွမ်းအားတရပ်ပါဝင်နေခဲ့ကာ ပန်းချီကားများ၏ စွမ်းအားနှင့် သိပ်မကွာနေခဲ့ပေ။လီချန်ချင်းသည် သူ၏ ပန်းပုရုပ်များမှ မလိုလားအပ်သော ပြသနာများကို ဆွဲခေါ်မိမည်များကို စိုးရိမ်နေခဲ့တော့လေသည်။
သာမန်လူတစ်ယောက်အနေနှင့် သူ့ကိုယ်သူသာ မကာကွယ်နိုင်ပါက သေခြင်းတရားကို လက်ယပ်ခေါ်နေတာနှင့် တူနေပေလိမ့်မည်။
“အရသာသိပ်ရှိတယ်ဗျာ သူဌေး၊ခင်ဗျားရဲ့ ဟင်းချက်လက်ရာက တယ်ကောင်းဗျို့” လီချန်ချင်းသည် မုန့်လုံးနှင့် ဆန်ပြုတ်များကို ပြောင်စင်အောင်စားသောက်လိုက်သည်။
“ဒီ ဟင်းရွက်နဲ့သခွားသီးကလဲ သိပ်ကောင်းသဗျို့”
“လီသခင်ကြီး ချီးမွန်းပေးလို့ ကျေးဇူးပါပဲ ဟဲဟဲ” ဆိုင်ရှင်က ပြုံးလိုက်သည်။
လီချန်ချင်းက ဤနေရာ၌ စတင်၍ စားသောက်သည့်အချိန်မှစ၍ သူ့ဆိုင်မှာ လီချန်ချင်းကြောင့် သွယ်ဝိုက်သည့်သဘောနှင့် စားသုံးသူများမှာ သိသိသာသာ များပြားလာခဲ့တော့လေသည်။
ပန်းချီဆရာတယောက်က ဤနေရာရှိ အစားအသောက်များက အရသာရှိသောကြောင့် လာရောက် သုံးဆောင်နေသဖြင့် အခြားလူများလည်း ရောက်လာကြခြင်းသာ ဖြစ်၏။
ထိုအချိန်၌ လှည်းသံများနှင့် မြင်းခွာသံများကို ခပ်လှမ်းလှမ်းမှ ကြားလိုက်ရ၏။ကုန်ပစ္စည်းများကို တင်ဆောင်ထားသော လှည်းများသည် ဖြေးညင်းစွာနှင့် နီးကပ်လာခဲ့သည်။၎င်းတို့၏ ကုန်များကို မိုးကာဖျင်ကြမ်းများနှင့် အပေါ်မှ အုပ်မိုးထားလေသည်။
“များလိုက်တဲ့ ကုန်တွေပါလား” လီချန်ချင်းသည် သက်ပြင်းတချက်ချကာ ရေရွတ်လိုက်မိသည်။
“အဲ့ဒီ့ကုန်တွေက ယန်မိသားစုကုန်သွယ်ဌာနကလေ။လတိုင်း ဒီလိုနေ့တွေဆို အပြင်ထွက်ပြီးတော့ ကုန်ပစ္စည်းတွေကို သူတို့ သွားဝယ်ကြတယ်။အခု သူတို့ ဝယ်ပြီး ပြန်လာကြတာ” ဆိုင်ရှင်က လီချန်ချင်းကို ရှင်းပြလိုက်လေသည်။
“ယန်မိသားစုလား” လီချန်ချင်းသည် မျက်ခုံးနှစ်ဖက်ကို မြှင့်လိုက်သည်။ဟုတ်တာပေါ့ သူက ဒီလောကကြီးရဲ့ အကြောင်းကို ပိုနားလည်ချင်ရင် ယန်မိသားစုဆီကို သွားသင့်တာပေါ့။သူတို့မှာတော့ မှတ်တမ်းစာအုပ်တွေတော့ ရှိမှာပဲလေ။
ယန်မိသားစုဆိုတာက မိသားစုအကြီးကြီးပဲဟာကို။သူတို့မှာ စာအုပ်တွေ အများကြီးရှိသင့်တယ်
သူတို့မှာ သူလိုချင်တဲ့အရာတွေက တကယ်ပဲ ရှိနိုင်လောက်ပါတယ်လေ
ယန်မိသားစုထံသို့သွားကာ စာဖတ်ရန်အတွက်ကိုမူကား လီချန်ချင်းမှာ လုံးလုံးကို စိတ်မပူပါချေ။ယန်ပါးထောင်သည် သူ မပြန်ခင်အချိန်တုန်းက သူ့အား မိသားစုတံဆိပ်တခု ပေးခဲ့သည်မဟုတ်ပါလား။
ယန်မိသားစုခေါင်းဆောင်ပေးထားသော အမိန့်ပြားနှင့်ဆိုပါက ယန်အိမ်တော်သို့ ခပ်လွယ်လွယ်ပင် ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအတွေးပေါ်လာသောကြောင့် လီချန်ချင်းသည် ငွေရှင်းကာ ဆိုင်မှ ထွက်လာလိုက်တော့၏။
ချန်ထင်မြို့၌ ယန်မိသားစုသည် ထိပ်သီးမိသားစုကြီးထဲမှ တခုအပါအဝင်ဖြစ်ပေသည်။ထို့အပြင် ယန်ပါးထောင်၏ ကျင့်ကြံဆင့်မှာလည်း သာမန်မဟုတ်ပါချေ။
ထို့ကြောင့် တနေ့တနေ့ ယန်အိမ်တော်သို့ လာရောက်လည်ပတ်ကြသူများမှာ လွန်စွာမှကို များပြားလှပေ၏။
ချန်ထင်မြို့၌ ယန်မိသားစုသည် များစွာသော စက်ရုံများ ရှိကြပေသည်။အချို့မှာ ယန်မိသားစုထံသို့ အလုပ်ရရန် လာကြလေသည်။အချို့မှာမူ မိမိတို့၏ အစွမ်းအစကို ပြသပြီး အစောင့်အဖြစ် အလုပ်လာလျှောက်ကြခြင်းဖြစ်ပါသည်။
လူမျိုးစုံတို့ လာကြသည်ဟုပင် ပြော၍ ရပါသည်။
လီချန်ချင်းတစ်ယောက် ယန်အိမ်တော်အဝသို့ ရောက်သောအခါ အပြင်ဖက်တွင်စောင့်နေကြသော လူများစွာတို့ကို မြင်လိုက်သည်။
သို့ပေမယ့် ထိုသူတို့သည် အထဲသို့ မဝင်နိုင်ကြပေ။
“ယန်မိသားစုက တကယ့်ကို နာမည်ကြီးတာပဲ” လီချန်ချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။သူ့အဝတ်များကို ပြန့်အောင် လုပ်လိုက်ပြီး ယန်မိသားစု၏ အိမ်အဝင်ဝသို့ သက်တောင့်သက်သာနှင့် လျှောက်သွားလိုက်လေသည်။
အပြင်ဖက်တွင် စောင့်နေကြသူများသည် အိမ်ဝသို့ လီချန်ချင်း လျှောက်သွားသည်ကို မြင်လိုက်သဖြင့် သူတို့၏ မျက်လုံးများတွင် သဘောကျသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
သူတို့မှာ ယန်မိသားစု၏ အိမ်တော်ထိန်းက လာရောက်ရွေးချယ်မည့်အချိန်ကို စောင့်ဆိုင်းနေကြရခြင်း ဖြစ်ပေသည်။ဒီလူက ထူးခြားနေ၏။သူက ယန်မိသားစုကို မျက်နှာလုပ်ရန်အတွက် မည်သည့်လက်ဆောင်ပစ္စည်းများ မယူလာခဲ့သည့်အပြင်၊အိမ်ပေါက်ဝကိုတောင် တည့်တည့်သွားနေသေးသည်မဟုတ်ပါလား။
ဒီလူက ဦးနှောက်တခန်းလွတ်နေတာပဲ။
“ရပ်စမ်း၊အပြင်ကနေပဲ စောင့်ရမယ်”
ယန်မိသားစု အစောင့်နှစ်ယောက်သည် လီချန်ချင်းက အထဲသို့ဝင်ရန်ကြိုးစားနေသည်ကို မြင်သဖြင့် အရှေ့သို့ ချက်ချင်းတက်လာပြီးနောက် တားဆီးလိုက်ခဲ့သည်။
သို့သော် လီချန်ချင်းမှာ အားနည်းချင်ယောင်ဆောင်သည့် ကစားပွဲကို ကစားလိုသည့် စိတ်အခြေအနေတွင် ရှိမနေခဲ့ပေ။ထို့ကြောင့် အမိန့်ပြားကို ချက်ချင်းထုတ်ကာ ထိုအစောင့်နှစ်ယောက်ကို ပြလိုက်လေသည်။
အစောင့်နှစ်ယောက်မှာ လီချန်ချင်း၏ လက်ထဲမှ အမိန့်ပြားကို မြင်လိုက်ချိန်တွင် အနည်းငယ် တုန်လှုပ်သွားကြသည်။
ထိုတံဆိပ်ပြားမှာ သာမန်မဟုတ်ပေ။
ပထမတန်းစားတံဆိပ်ပြား ဖြစ်နေသောကြောင့်ပင်။
“ဂုဏ်သရေရှိ ဧည့်သည်တော်ကြီး ကျေးဇူးပြုပြီး ကြွပါ”
အစောင့်နှစ်ယောက်သည် လီချန်ချင်းအား ခပ်မြန်မြန် ပြောလိုက်သည်။
“ကျေးဇူးပဲ” လီချန်ချင်းက ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် အတွင်းသို့ ဝင်လာခဲ့သည်။
ထိုဖြစ်ရပ်မှာ အပြင်တွင် စောင့်နေကြသော လူများစွာတို့ကို သက်ရောက်မှုဖြစ်သွားစေတော့သည်။
ဘာတွေဖြစ်နေကြတာလဲ
“သူကျတော့ ဝင်လို့ရပြီးတော့ ငါတို့ကကျတော့ကော? ဘာဖြစ်လို့ ဝင်လို့မရသေးရတာလဲ”
သန်မာသောလူတစ်ယောက်သည် အစောင့်များကို အော်ဟစ်လိုက်လေသည်။
သူတို့က လီချန်ချင်းသည် အစောင့်နှစ်ယောက်ကို တခုခုထုတ်ပြလိုက်သည်ကိုသာ မြင်လိုက်ခြင်းဖြစ်ပါသည်။ဘာကို ပြလိုက်တာလဲဆိုတာကိုတော့ မမြင်လိုက်ကြချေ။
ယန်အိမ်မှ အစောင့်များသည် ထိုလူကို လျစ်လျူရှုထားလိုက်လေသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ သာမန်အဝတ်အစားကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ကောက်ကျစ်သော အပြုံးနှင့် ရှေ့သို့ တိုးလာခဲ့တော့သည်။
“ကျုပ်မှာလည်း အမှတ်တံဆိပ်ရှိတယ် ညီနောင်တို့ ကျုပ်ကိုလည်း ခြွင်းချက်ထားပြီး ဝင်ခွင့်ပြုလိုက်ပါ”
သူက ပြောနေရင်းနှင့် ကတ်ပြားတပြားကို ထုတ်ကာ အစောင့်နှစ်ယောက်ကို ပြသလိုက်သည်။
အစောင့်နှစ်ယောက်မှာ ကတ်ပြားကိုကြည့်လိုက်သောအခါ၊ကတ်ပြားပေါ်၌ စာရေးထားသည်ကို တွေ့လိုက်ရနေသည်။
ဇာမဏီ
ထိုလူမှာ ပြောင်ချော်ချော်ပြုံးလိုက်ပြီး
“ဒီကတ်က ဇာမဏီခန်းမရဲ့ ဒစ်ကောင့်ချပေးတဲ့ ကတ်ပဲဗျ။ညီနောင်တို့ ဒီကတ်နဲ့သာဆိုရင် ၃၀%တောင်မှ ဒစ်ကောင့်ရမှာနော်။ကျုပ် ညီနောင်တို့ကို အဲ့ဒီ့ကို ခေါ်သွားပေးနိုင်တယ်”
“ထွက်သွားစမ်း”