အခန်း (၂၂)
Vol. 3 Ch. 22
ဤလောက၌ မည်သူမျှ ထိုအရာကို သိကြလိမ့်မည် မဟုတ်ပေ။
သို့သော် ပီကာချူးကို လက်ထဲ၌ ကိုင်ထားရင်းနှင့်ပင် ယန်ဟန်ကျိုးမှာ ကွဲပြားသော ခံစားချက်ကို ထိုအချိန်၌ ခံစားလိုက်ရတော့သည်။
သူ့အရှေ့ရှိ ထိုအမည်မသိသော သတ္တဝါမှာ အသက်ဝင်လာသလိုမျိုး ခံစားလိုက်ရသည်။
သူ့ အရှေ့မြင်ကွင်းရှိ လောကကြီးမှာ တဖြေးဖြေးနှင့် မှုန်ဝါးသွားခဲ့တော့လေ၏။
လောကကြီးတခုလုံးမှာ အမှောင်ထုက ဖုံးလွှမ်းသွားသည့်အလားပင်။သူ့ အရှေ့တွင် ရှိနေသော ပီကာချူးကသာ ခပ်ဝါးဝါးနှင့် အသက်ရှိနေသည့်ဟန်ပင်။
ရုတ်တရက်ဆိုသလို ခမ်းနားလှသော မိုးကြိုးစွမ်းအားများသည် ပီကာချူးထံမှ ပွင့်ထွက်လာခဲ့သည်။
ထိုမိုးကြိုးစွမ်းအားများမှာ အရာအားလုံးကို ဖျက်ဆီးနိုင်သည့်အလားပင်။
မိုးကြိုးကျရောက်သွားသည့် နေရာတိုင်းတွင် အရာအားလုံး ပျက်သုဉ်းသွားသည်ကြီးသာ
မိုးကြိုးအချို့မှာ ယန်ဟန်ကျိုး၏ နားရွက်နားမှ သီသီလေးကပ်ကာ ဖြတ်သန်းသွားခဲ့လေ၏။ထိုအချိန်၌ ယန်ဟန်ကျိုးမှာ မှင်သက်နေခဲ့၏။သူက ထိုကဲ့သို့သော ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တဝါမျိုးကို မမြင်တွေ့ခဲ့မိဖူးပါ။
ဒါက ဘာကောင်လဲ
ဘာလို့ သူ့မှာ ဒီလိုစွမ်းအားကြီး ရှိနေရတာလဲ
ဒီလို သတ္တဝါမျိုးက ဘယ်သူမှ ဘာလို့ စာအုပ်တွေထဲမှာ မှတ်တမ်းမတင်ထားတာလဲ။
လီချန်ချင်းမှာ သူ၏ သာမန်ကာလျှံကာ လုပ်ရပ်ကြောင့် ယန်ဟန်ကျိုးက ထိုကဲ့သို့ အတွေးများနေပြီး ကြီးမားလှသော အခွင့်အရေးတခု ရရှိသွားလိမ့်မည်ဟု လုံးဝကို မမျှော်လင့်ခဲ့ဖူးပါ။
လီချန်ချင်း၏ မူလအတွေးမှာ ဤလောက၌ မရှိသော အရာတခုခုကို ပန်းပုထုလုပ်ခြင်းဖြင့် မည့်သည့်သက်ရောက်မှုမှ မရှိနိုင်လောက်ဟု ထင်မြင်ခဲ့ပါသည်။
သို့သော် သူ့အထင်မှာ တက်တက်စင်အောင်ကို လွဲမှားနေပြန်ပြီ မဟုတ်ပါလား။
စာကြည့်တိုက်တွင်စောင့်နေသော ယန်မိသားစု၏ အကြီးအကဲမှာ လီချန်ချင်းပေးလိုက်သော အမိန့်ပြားတံဆိပ်ကို ကြည့်ကာ ခေါင်းညိတ်ပြီးနောက် ရိုသေစွာ ဂါရဝပြုလိုက်ပြီး လမ်းဖယ်ပေးလိုက်သည်။
“ဟ ဒီမှာ စာအုပ်တွေ မနည်းမနောပါလား”
လီချန်ချင်းသည် မြင့်မားသော စာအုပ်စင်များတွင် ပြည့်ကျပ်နေသည့် စာအုပ်များကို ကြည့်ပြီးနောက် နေပြည်တော်ရှိ စာကြည့်တိုက်ထက်ပင် များပြားလှသော စာအုပ်များ ရှိသည်ဟု ထင်မြင်မိသွားတော့လေသည်။
သူက အနီးတွင် ရှိသော စာအုပ်စင်မှ စာအုပ်တအုပ်ကို ကောက်ယူလိုက်သည်။
“တိုင်းနှင့်ပြည်နယ်ကြီးများ၏ မှတ်တမ်းများ”
ထို စာအုပ်နာမည်ကို ဖတ်လိုက်ပြီးနောက်တွင် စာရွက်များကို လှန်လှော်လိုက်တော့သည်။စာအုပ်ရှိ အကြောင်းအရာများမှာ စာရေးသူ၏ အနယ်နယ်အရပ်ရပ်ကို ခရီးသွားလာခဲ့စဉ်တုန်းက အတွေ့အကြုံများကို ရေးသားထားမှန်းကို သိလိုက်ရတော့သည်။
သူသည် အခြားစာအုပ်များကိုလည်း တွေ့ခဲ့ပါသေးသည်။ထိုစာအုပ်များမှာသည်လည်း သိုင်းကျင့်စဉ်နှင့် ပတ်သက်သော စာအုပ်များသာ ဖြစ်ပါသည်။
ထိုသိုင်းစာအုပ်များမှာ သာမန်လူများအတွက် မိမိ ခန္ဓာကိုယ်ကို သန်မာလာအောင် ကျင့်ကြံရသည့် စာအုပ်များသာ ဖြစ်ပေသည်။စစ်မှန်သော ကျင့်ကြံသူများအတွက်မူ ထိုစာအုပ်များမှာ ကလေးကစားစရာအဆင့်လောက်တွင်သာ ရှိသော သိုင်းကျင့်စဉ်များကို မှတ်တမ်းတင်ထားသော စာအုပ်များသာ ဖြစ်၏။
စန်းယွမ်တိုက်ကြီး၌ စစ်မှန်သော သိုင်းပညာရှင်တို့၏ အမွေအနှစ်များမှာ လွန်စွာမှကို နည်းပါးကာ ရှားပါးသည်။
ယခုလောကသည် လီချန်ချင်း ရင်းနှီးကျွမ်းဝင်သော စာအုပ်များထဲမှ စွမ်းအားကြီးမားလှသည့် ဆရာဖြစ်သူမှ သူကျင့်ကြံခဲ့သော နည်းလမ်းများကို ကျမ်းပြုစုပြီး အမွေခံတပည့်များကို သင်ပေးပြီး ကျင့်ကြံခိုင်းသည့် လောကမျိုး ဟုတ်မနေခဲ့ပေ။
စွမ်းအားကြီးမားသူများ၏ သိုင်းပညာရပ်များသည်လည်း ပန်းချီကားချပ်များကို ကြည့်ကာ ဉာဏ်အလင်းပွင့်ပြီး ရရှိလာသော ကျင့်စဉ်များသာ ဖြစ်ပါသည်။
ထိုပညာရှင်များသည် မိမိတို့၏ တပည့်များကို သင်ကြားပေးလိုပါက သူတို့အတွက် မဖြစ်မနေလုပ်ရန်လိုအပ်သည်မှာ သူတို့တပည့်၏ ရှေ့တွင် သူတို့ ဉာဏ်အလင်းပွင့်ထားသော သိုင်းပညာရပ်များကို ကစားပြပြီးနောက်တွင် သူတို့ နားလည်သဘောပေါက်ထားသော အချက်အလက်များကို အိတ်သွန်ဖာမှောက် သေချာလေးပြောပြပြီး သင်ပေးမှကို ဖြစ်ပေလိမ့်မည်။
ထို့နောက်တွင် တပည့်များသည် သူ ကျင့်ကြံခဲ့သော ပန်းချီကားချပ်ကို ကြည့်ကာ ဉာဏ်အလင်းပွင့်အောင် ထပ်မံ၍ အားထုတ်ရဦးလိမ့်မည် ဖြစ်ပါသည်။သူတို့ ဉာဏ်အလင်းပွင့်မည်၊မပွင့်မည်ကတော့ သူတို့၏ ကံတရားသာ ဖြစ်လေတော့သည်။
ထို့အပြင် ထိုတူညီသော ပန်းချီကားချပ်က လူတစ်ယောက် ဉာဏ်အလင်းပွင့်သွားပြီးသည့်နောက်တွင် ပန်းချီကားချပ်၏ အနုပညာရုပ်လုံးဖော်မှု စွမ်းအားမှာ တဖြေးဖြေး လျော့ကျသွားပြီး နောက်ဆုံး၌ စွမ်းအားကုန်ခမ်းကာ တန်ဖိုးမရှိသော သာမန် ပန်းချီကား တချပ်ဖြစ်သွားလိမ့်မည်။
ထိုအချိန်မျိုးကို ရောက်လျှင် ပန်းချီကားထဲမှ အမွေအနှစ်ကို ဆက်လက်၍ ရယူလိုသေးပါက လွန်စွာ စွမ်းအားကြီးသော ပန်းချီဆရာများကို ရှာကာ မူရင်းပန်းချီကားကို ပြန်ကူးဆွဲယုံသာ တတ်နိုင်ပေသည်။သက်ရောက်မှုမှာ မူလပန်းချီကားထက် အနည်းငယ်ဆိုးဝါးသွားသည့်တိုင် ထိုနည်းနှင့် အမွေအနှစ်ကိုတော့ ထိန်းသိမ်းနိုင်ပါသေးသည်။
ဝမ်ရှုမျှော်စင်၏ အပြင်ဖက်တွင်..
ယန်ဟန်ကျိုးသည် ထိုနေရာ၌ နာရီဝက်တိတိ ကြာမြင့်နေခဲ့ပြီ။သူက ထိုနေရာတွင် တင်ပလ္လင်ခွေထိုင်ချကာ လျှပ်စီးကြောင်းအလင်းများသည် သူ့အား ဖျော့တော့စွာ ဝန်းရံထားသည်။
သူ့ အရှေ့တွင်တော့ သေးငယ်သော ပန်းပုရုပ်လေးမှာ လေထုထဲတွင် လွင့်မြောနေခဲ့သည်။ယန်ဟန်ကျိုး၏ သိစိတ်အာရုံမှာ ထိုပန်းပုရုပ်လေးအတွင်းသို့ လုံးဝကို အစုပ်ယူခံထားရလေတော့သည်။
အပြင်လောကရှိ ဖြစ်ပျက်နေသမျှသော အရာအားလုံးသည် သူနှင့် လုံးဝကို မသက်ဆိုင်သည့်အလားပင်။
ထိုအချိန်မှာပင် ပုံရိပ်များစွာတို့သည် အဝေးမှ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့တော့သည်။
ဦးဆောင်လာသူမှာ ယန်ပါးထောင်ဖြစ်သည်။
ယန်ပါးထောင်သည် လီချန်ချင်းကို မနှောင့်ယှက်လိုသော်လည်း ယန်ဟန်ကျိုး၏ အခြေအနေကို ကြားသော် သူက လူများစွာတို့ကို ခေါ်ကာ ရောက်ချလာခဲ့ရတော့သည်။
ယန်မိသားစု၏ အကြီးအကဲများစွာတို့လည်းပါလာခဲ့ကြလေတော့၏။
“မိသားစုခေါင်းဆောင် ဒါက ဘာဖြစ်နေတာလဲ”
အကြီးအကဲအချို့မှာ ယန်ဟန်ကျိုး၏ အရှေ့၌ လွင့်မြောနေသည့် ပန်းပုရုပ်ထုလေးကို ကြည့်ကာ အထိတ်တလန့်နှင့် မေးမြန်းလိုက်သည်။၎င်းတို့၏ အမူအရာများမှာလည်း ပျက်ယွင်းနေခဲ့၏။
သူတို့သည် ထိုပစ္စည်းမှာ ရတနာတပါးဖြစ်သည်ဆိုသည်ကို မြင်လိုက်သည်နှင့် တန်းသိကြလေသည်။
ယန်ပါးထောင်၏ သား ဖြစ်သူ ယန်ယွီရှစ်သည်လည်း ပန်းပုရုပ်ထုကို ကြည့်ကာ ဉာဏ်အလင်းပွင့်သွားပြီးနောက်တွင် တက်လှမ်းခြင်းအဆင့်သို့ တရားဝင် ဝင်ရောက်နိုင်ခဲ့လေသည်။
သူ့ အဆင့်မှာ မူလအဆင့်သို့ထိပင် ရောက်ရှိနိုင်မည့် နိမိတ်လက္ခဏာများပင် ပေါ်ထွက်လာခဲ့သေးသည်။
ထိုသေးငယ်သည့် ပန်းပုရုပ်လေးထဲတွင် ခန့်မှန်း၍ မရသည့် စွမ်းအားများ ပါဝင်နေခဲ့ပြီး ပန်းချီကားချပ်များထက်ပင် စွမ်းအားပိုမိုကြီးမားနေပါသေးသည်။
ယန်ယွီရှစ်၏ ကျားရုပ်ထုကို အကြီးအကဲများစွာတို့မှ မနာလိုများ ဖြစ်နေခဲ့ကြပါသေးသည်။ယနေ့တွင်တော့ နောက်ထပ် ပန်းပုရုပ်ထုတခုကို ယန်မိသားစုဝင်တဦး၏ လက်ထဲတွင် တွေ့မြင်ခဲ့ရပြန်ပြီ မဟုတ်လား
ဘယ်လို ကံကောင်းမှုကြီးကို ယန်ဟန်ကျိုးက ရှာတွေ့ခဲ့ရတာလဲ
“သူက ယန်ဟန်ကျိုးလား”
ယန်ပါးထောင်သည် ဤနေရာသို့ မလာခင်ကတည်းက ယန်ဟန်ကျိုး၏ အခြေအနေကို ကြားပြီးသား ဖြစ်ပါသည်။သူသည်လည်းပဲ ယန်မိသားစု၏ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ခဲ့သည်။သို့သော် သူက ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်သည့်တိုင် အမွေအနှစ်ကျင့်စဉ်ကို သင်ယူရန် နှစ်ကြိမ်တိတိ ငြင်းဆန်ခဲ့သည်။ယခုတွင် သုံးနှစ်အချိန်မှာ ကုန်ဆုံးနေပြီဖြစ်သောကြောင့် သူက ယန်မိသားစုမှ ထွက်သွားရန်ခါနီး အခြေအနေသို့ ရောက်နေခဲ့ပြီ။
သူ့နံဘေးမှ အကြီးအကဲမှ စကားပြောမလိုလုပ်လိုက်စဉ်မှာပင် ယန်ဟန်ကျိုးက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
ထို့နောက်တွင် ယန်ဟန်ကျိုးးသည် သူ၏ မျက်လုံးများ မှိတ်ထားသည့် အခြေအနေအတိုင်းကနေ လက်သီးသိုင်းကွက်ကို စတင် ကစားနေခဲ့၏။
ထို လုပ်ရပ်မှာ ရောက်ရှိနေကြသူများကို အံ့အားသင့်သွားခဲ့စေတော့သည်။သူတို့အားလုံးမှာ ယန်ဟန်ကျိုး ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေမိတော့သည်။
စစချင်းတော့ ယန်ဟန်ကျိုး၏ လက်သီးသိုင်းမှာ ပုံစံမကျပေ။သူ့ လှုပ်ရှားမှုများမှာလည်း လွန်စွာမှကို နှေးကွေးလေးလံနေခဲ့သည်။
သို့ပေမယ့် သူ၏ လက်သီးချက်များ ထိုးသည့် အကြိမ်အရေအတွက် ကြာမြင့်လာသည်နှင့် အမျှ သူ၏ လှုပ်ရှားမှုများသည်လည်း တဖြေးဖြေးနှင့် လျင်မြန်လာခဲ့တော့သည်။နောက်ဆုံးတွင် သူ့ လက်သီးချက်များမှာ ပုံရိပ်ယောင်များပင် ထွက်ပေါ်လာခဲ့တော့သည်။
လက်သီးချက်များ၏ အဆုံးသတ်တွင် ယန်ဟန်ကျိုး၏ အရှိန်အဝါမှာ တလိပ်လိပ်နှင့် တက်လာခဲ့တော့သည်။ထို့နောက်တွင် အမျိုးအမည်မသိနိုင်သော ချီစွမ်းအားတရပ်သည် သူ့ခန္ဓာကိုယ်ပေါ်မှ မွေးဖွားလာခဲ့သည်။
ထိုချီစွမ်းအား ထွက်ပေါ်လာသည့်အခိုက်တွင် သူ၏ လက်သီးသိုင်းမှာလည်း ချက်ချင်းကို ပြောင်းလဲသွားခဲ့ချေပြီ။လေထုထဲ၌ မိုးခြိမ်းသံများသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့တော့သည်။
လက်သီးသိုင်း၏ အဓိပ္ပာယ်မှာ မိုးခြိမ်းသံများ၏ အဟုန်နှင့် ရောယှက်နေခဲ့၏။
ထိုအခြေအနေကြောင့် ယန်ပါးထောင်နှင့် ကျန်သူများသည် အံ့အားသင့်ကာ ထိတ်လန့်နေခဲ့ကြသည်။
လက်သီးသိုင်းမှာ လှုပ်ရှား ထိုးသတ်မှု ပုံစံက မိုးကြိုးပစ်ချသလို လျင်မြန်ကာ ပြောင်းလဲနေပြီး အရှိန်နှင့် စွမ်းအားတို့ ရောယှက်ကာ လက်သီးချက်တချက်စီတိုင်းတွင် စွမ်းအားများ ပါဝင်စေခဲ့သည်။
နောက်ထပ် ထိတ်လန့်ဖွယ်ရာမှာ ယန်ဟန်ကျိုးသည် အတွင်းအားလှိုင်းတရပ်ကို လွှင့်ချလိုက်ပြီးနောက် တက်လှမ်းခြင်းအဆင့် အထွတ်အထိပ်မှ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တိုက်ရိုက်ကို ချိုးဖြတ်သွားခဲ့လေတော့သည်။
သူက ချက်ချင်းပင် ပြန်လည်မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
“မြတ်စွာဘုရား ငါ ဘာပြောရမလဲဆိုတာကိုတောင်မှ မသိတော့ဘူး” အကြီးအကဲတစ်ယောက်မှာ သူ မြင်နေရသည်ကို သူမယုံနိုင်တော့ပေ။
သူက လီချန်ချင်း၏ ပန်းပုရုပ်ထုများမှာ စွမ်းအားကြီးမားသည်ကို သိသည့်တိုင် ယခုလောက်အထိ အံ့အားသင့်စရာ ဖြစ်လိမ့်မည်ဟု သူလုံးဝကို မမျှော်လင့်ခဲ့မိပါချေ။
“ဒါက ဘယ်လိုမျိုး လက်သီးသိုင်းလဲ” လူအချို့မှာ စတင်၍ ခန့်မှန်းလာခဲ့လေသည်။
သူတို့၏ ယန်မိသားစုတွင် လက်သီးနှင့်ဓားသိုင်းများတွင် မိုးကြိုးစွမ်းအင်များကို ရောယှက်ကာ ကျင့်ကြံသော လူများလည်း ရှိကြပေသည်။သို့သော် ယန်ဟန်ကျိုး၏ ယခုပြသနေသော လက်သီးသိုင်းနှင့် ယှဉ်လျှင် ထိုသူများ၏ ကျင့်စဉ်မှာ ထည့်ပြောရန်ပင် မတန်ချေ။
ယန်ဟန်ကျိုး၏ လက်သီးသိုင်းမှာ ခန့်မှန်း၍ မရနိုင်သော အနုပညာပုံဖော်ခြင်းများ ပြည့်နှက်နေခဲ့ပါသည်။
ထို နည်းလမ်းမှာ ပြောင်းလဲမှုနှင့် ချိန်ညှိနိုင်မှု များရှိနေသည့်ပုံဟန်ပင်။
နံဘေးကနေ ရပ်ကြည့်နေကြသော မျိုးဆက်ဟောင်းလူကြီးများပင် သေချာ မဝေခွဲနိုင်ကြပေ။
“ဟင်”
လက်သီးသိုင်းကို လေ့ကျင့်ပြီးသောအခါတွင် ယန်ဟန်ကျိုးမှာ နောက်ဆုံးတွင် သူ၏ မျက်လုံးများကို ဖွင့်လိုက်တော့လေသည်။သူက သူ့ကိုယ်ပေါ်၌ ဘာမှ မပြောင်းလဲသွားသောကြောင့် သူက အံ့အားသင့်သွားခဲ့၏။သူက မသိစိတ်ထဲမှာသာ လက်သီးသိုင်းကို ကျင့်ကြံနေခဲ့သည်ဟု ထင်နေခဲ့မိသည်။
သို့သော် တကယ့်လက်တွေ့တွင်တော့ သူကိုယ်တိုင် လက်သီးသိုင်းကို ကျင့်ကြံနေခဲ့သည့် ပုံစံပင်။
“မိသားစုခေါင်းဆောင်၊အကြီးအကဲတို့” ယန်ပါးထောင်နှင့် ကျန်သူများကို မြင်လိုက်သောကြောင့် ယန်ဟန်ကျိုးသည် အလျင်အမြန်ကို အရိုအသေပေးလိုက်လေ၏။
“ဂုဏ်ယူပါတယ် မင်းက အခုဆိုရင် ပြန်လည်မွေးဖွားခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ” အကြီးအကဲတဦးက အပြုံးနှင့် ဂုဏ်ပြုလိုက်သည်။
“ကျွန်တော်လား” ယန်ဟန်ကျိုးသည် ထိုစကားကြောင့် မှင်သက်သွားလေတော့သည်။ထို့နောက်တွင် သူ့ကိုယ်တွင်းမှာ လှိမ့်တက်လာသော အတွင်းအားလှိုင်းများကို ခံစားမိသွားလေ၏။
“ကျွန်တော်က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီပဲ” ယန်ဟန်ကျိုးက အားရပါးရ ကြွေးကျော်လိုက်သည်။
သူက ရိုးရှင်းစွာပင် မယုံကြည်နိုင်ခဲ့ပါချေ။
ဒါတွေအားလုံးက အဲ့ဒီ့ပန်းပုရုပ်သေးသေးလေးကြောင့် ဖြစ်လာရတာတွေလား
အဲ့ဒါက ဘယ်လို ရတနာမျိုးလဲ
“ယန်ဟန်ကျိုး ဒီနေ့ကနေစပြီးတော့ မင်းက ငါတို့ယန်မိသားစုရဲ့ အဓိကတပည့်ဖြစ်သွားပြီ။ဒီနေ့ကနေစပြီးတော့ လတိုင်း ကျင့်ကြံဖို့အတွက် မင်းရတဲ့ အရင်းအမြစ်တွေက အရင်ကထက် ဆယ်ဆဖြစ်သွားပြီ။မင်းကောင်းကောင်းကျင့်ကြံပြီး အနာဂတ်မှာ ငါတို့ယန်မိသားစုကို ကောင်းမွန်တဲ့ဂုဏ်ကျက်သရေတွေကို ယူဆောင်လာပေးဖို့ ငါမျှော်လင့်တယ်”
ယန်ပါးထောင်သည် ယန်ဟန်ကျိုးအား စိတ်ကျေနပ်နေသည့် အမူအရာနှင့် ကြည့်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်” ယန်ဟန်ကျိုးသည်လည်း လွန်စွာ စိတ်လှုပ်ရှားနေခဲ့သောကြောင့် ဘာပြောရမှန်းကို မသိတော့ပေ။
အရင်းအမြစ်က ဆယ်ဆရမယ်ဆိုပါလား
ထို ဆက်ဆံမှုမှာ မူလအဆင့်တပည့်များကို ဆက်ဆံသည့် ပုံစံမျိုးပင် ဖြစ်ပြီး လွန်စွာမှကို ရက်ရောသည်ဟု ပြောနိုင်ပေသည်။တခုပဲ ဖြစ်သည်၊ ယန်မိသားစု၌ မူလအဆင့် ကျင့်ကြံသူဟူ၍ မရှိပေ။
တချိန်တည်းမှာပင် သူက လီချန်ချင်းအပေါ် ဖော်ပြခြင်းငှာ မစွမ်းသာသည့် ကျေးဇူးတင်မှုကြီးကို ခံစားခဲ့ရလေ၏။
သို့သော် ထိုအရာများအားလုံးကို လီချန်ချင်းကမူ ဘာမှ မသိသေးပေ။သူက ယခုအချိန်ထိ စာအုပ်ပင်လယ်ကြီးတွင် လက်ပစ်ကူးနေဆဲပင်။