အတွေးတချက်နဲ့ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းမယ်၊အတွေးတချက်ကပဲ ထာဝရကို ဖြစ်စေနိုင်တယ်
Vol. 3 Ch. 23
စန်းယွမ်တိုက်ကြီးတတိုက်လုံးနှင့် နှိုင်းယှဉ်လျှင် ယန်မိသားစုမှာ လွန်စွာမှကို သေးငယ်သည့်တိုင်၊သူတို့တွင် ရှိသော စာအုပ်များမှာ လီချန်ချင်းလို ဤလောကအကြောင်းကို ဘာတလုံးတပါဒမှ မသိသူအတွက်တော့ လုံလောက်သည်ထပ် ပိုပါသည်။
လီချန်ချင်းသည် ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသော လောကကို ယခင်က စိတ်ကူးထဲ၊ဝတ္ထုထဲများတွင်ပင် မမြင်ဖူး၊မတွေးဖူးခဲ့ပါ။
သူသည် စာအုပ်များ၏ ခေါ်ဆောင်သွားမှုနောက်သို့လိုက်ပါရင်း ဆန်းကြယ်လှသော ဖြစ်ရပ်များစွာကို ဖတ်ရှုမိနေသည်။ထို့အပြင် စန်းယွမ်တိုက်ကြီး၏ များစွာသော စွမ်းအားကြီးကျင့်ကြံသူများ၏ အတ္ထုပတ္တိများစွာတို့ကိုလည်း အားတက်သရောနှင့် ဖတ်ရှုနေမိသည်။
စန်းယွမ်တိုက်ကြီး၏ ထိပ်ဆုံး၌ စွမ်းအားအကြီးဆုံး နံပတ်တစ် ပုဂ္ဂိုလ်တဦးရှိနေကြောင်းကို လီချန်ချင်းက သိခဲ့ရပြန်သည်။
သူက စန်းယွမ်တိုက်ကြီး၏ အရှင်သခင် ဖြစ်သည်။
ပြိုင်ဘက်ကင်းသော တည်ရှိမှုပင် ဖြစ်၏။
ဒဏ္ဍာရီထဲတွင်မူ စန်းယွမ်တိုက်အရှင်သခင်သည် ကောင်းကင်ပင်လယ်မြို့တော်၌ နေထိုင်နေပြီး စွမ်းအားကြီးကျင့်ကြံသူများစွာတို့၏ စိတ်ခေါ်လိုကြသော ပစ်မှတ်ကြီး ဖြစ်နေခဲ့ပါသည်။နှစ်ပေါင်း ငါးဆယ်ကြာတိုင်း စန်းယွမ်တိုက်အရှင်သခင်ကို စိန်ခေါ်နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
လက်ရှိ စန်းယွမ်တိုက် အရှင်သခင်ကို အနိုင်ယူနိုင်သည့် မည်သူမဆိုသည် နောက်ထပ် စန်းယွမ်တိုက် အရှင်သခင် အသစ် ဖြစ်လာလိမ့်မည်။
နောက်ထပ် ပြောကြသည်ကတော့ စန်းယွမ်တိုက်အရှင်သခင် ဖြစ်လာပါက အင်မော်တယ်တပါးနှင့် တွေ့ဆုံခွင့် ရလိမ့်မည် ဟူ၏။
သို့သော် ထိုစကားများမှာ ကောလဟာလများသာ ဖြစ်သည်။တကယ်ပဲ ဒီလောကမှာ အင်မော်တယ်တွေရှိနေတာလား?။အဲ့သတင်းအချက်အလက် ဟုတ်မဟုတ်ဆိုတာကတော့ တိတိပပ မပြောနိုင်ပေ။အဘယ်ကြောင့်ဆိုသော် ကောင်းကင်အမြင့် တိမ်တိုက်များကြားတွင် ရပ်တည်နေနိုင်သော ထိပ်သီးကျင့်ကြံသူများပင်လျှင် အင်မော်တယ်များနှင့် မဆုံဖူးသေးသောကြောင့်သာ ဖြစ်ပေသည်။
စာအုပ်များမှာ ထိုမျှထက်ပို၍ မရေးသားထားတော့ပေ။
တချိန်တည်းမှာပင် လီချန်ချင်းသည် ပန်းချီဆရာများ၏ အကြောင်းကို ရေးသားထားသော စာအုပ်များကို တွေ့ရှိခဲ့ပါသည်။ထိုစာအုပ်များမှာ သူအလွန်အမင်း ဖတ်ချင်နေသော စာအုပ်များပင် ဖြစ်သည်။
သိုင်းကျင့်ကြံသူများသည် ခန္ဓာကျင့်စဉ်များကိုသာ ဦးစားပေးပြီး ကျင့်ကြံကြပါသည်။ပန်းချီဆရာများကမူ မိမိတို့၏ စိတ်ဝိဉာဉ်ကို သန့်စင်ကာ ကျင့်ကြံကြသည်။
ပန်းချီဆရာ၏ နတ်ဘုရားဝိဉာဉ်က စွမ်းအားကြီးလေလေ၊ သူရေးဆွဲနိုင်သော လောကကြီး၏ ကျယ်ပြန့်မှုမှာ ပို၍ ကြီးမားလေလေ ဖြစ်သည်။
နတ်ဘုရားဝိဉာဉ်ကို ကျင့်ကြံမှုမှာ ပန်းချီရေးဆွဲခြင်းမှ တဆင့် စကြာဝဠာကြီးမှ စွမ်းအားများကို စုပ်ယူကာ စိတ်ကူးဉာဏ်ကွန့်မြူးခြင်းမှ ရရှိလာခြင်းများ ဖြစ်ပေသည်။တစုံတယောက်သည် စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်သည့် ပန်းချီအနုပညာတခုကို ရေးဆွဲနိုင်ပါက ရလဒ်မှာ ထိုသူ၏ နတ်ဘုရားဝိဉာဉ်ကို ပိုမိုသန်မာကာ အဆင့်တက်သွားစေပါသည်။
ထိုနည်းဖြင့် မိမိစွမ်းအားကို မြှင့်တင်နိုင်ပေသည်။
“ဖြစ်နိုင်တာက ငါ့ရဲ့ ပန်းပုထုတဲ့ဟာတွေကလည်း အဲ့လိုပဲ တူညီတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်တာလား”
လီချန်ချင်းသည် သူ့ပန်းပုထုစဉ်တုန်းက အချိန်များကို ပြန်တွေးလိုက်မိသည်။အဲ့ဒီ့အချိန်တုန်းက သူ၏ စိတ်ဝိဉာဉ်ပင်လယ်ထဲသို့ ဆန်းကြယ်သော စွမ်းအားတရပ်မှာ ဝင်ရောက်သွားသည့်အလားပင်။
အဲ့ဒါက သူ့ရဲ့ နတ်ဘုရားဝိဉာဉ်စွမ်းအားများလား
လီချန်ချင်းက ဆက်ဖတ်လိုက်လေသည်။
နတ်ဘုရားစိတ်ဝိဉာဉ်ကို အဆင့်များစွာ ခွဲထားလေသည်။
(၁) နတ်စွမ်းအားရရှိခြင်းအဆင့်
(၂) စိတ်ဝိဉာဉ်ပြောင်းလဲခြင်းအဆင့်
(၃) နတ်ဘုရားစွမ်းအားအဆင့်
(၄) ဧကရာဇ်
(၅)အင်မော်တယ်
(၆) လွတ်မြောက်ခြင်း
စုစုပေါင်း အဆင့် ခြောက်ဆင့် ရှိလေသည်။
ထို့ထက် မြင့်မားသော အဆင့်များ ရှိ၊မရှိဆိုသည်ကိုတော့ ဘယ်သူမှ မသိကြပေ။
မြင့်မားသော နတ်ဘုရားဝိဉာဉ်စွမ်းအားရှိသော ပန်းချီဆရာတစ်ယောက်သည် အတွေးတချက်နှင့် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်ပေသည်။
အတွေးတချက်နှင့် သာမန်လူတစ်ယောက်ကို ဗုဒ္ဓတပါးဖြစ်အောင် လုပ်နိုင်သကဲ့သို့ ၊ မိစ္ဆာတကောင်ဖြစ်အောင်လည်း လုပ်နိုင်ပေသည်။
လောကကြီးရှိ အရာအားလုံးသည် သူ၏ အတွေးတချက်အပေါ်၌ မူတည်နေပေသည်။
အတွေးတချက်နှင့် ရှင်သန်စေနိုင်ပြီး သေဆုံးဖို့အတွက်လည်း အတွေးတချက်သာ လိုအပ်သည်။
အခြားသူများ၏ သိုင်းပညာရပ်များကို ကြည့်ရုံနှင့် တန်းသိပြီး ကိုယ်တိုင်လေ့ကျင့်စရာမလိုပဲ တတ်မြောက်နိုင်ပေသည်။
အတွေးတချက်နှင့် ကံတရားကို ပြောင်းလဲနိုင်က အချိန်ကို နောက်ပြန်ရွှေ့နိုင်သည်။
ထိုအရာများကို လုပ်ရန်အတွက် လွန်စွာ စွမ်းအားကြီးမားသော နတ်ဘုရား စိတ်ဝိဉာဉ်တော့ လိုနေသည်သာ။သင်၏ နတ်ဘုရားဝိဉာဉ်မှာ စွမ်းအားကြီးမားပြီး လိုအပ်ချက်များကို ပြည့်စုံနေပါက ထိုအရာများကို အလွယ်တကူပင် လုပ်နိုင်မည် ဖြစ်သည်။
ကောလဟာလများအရ လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသူများသည် လောကကြီးတခုလုံးကို အတွေးတချက်နှင့် လှည့်လည်နိုင်စွမ်းရှိသည်တဲ့။သူတို့ကို မည်သည့်အရာမှ မချုပ်နှောင်နိုင်သလို ထာဝရကို လွတ်လပ်နေပေလိမ့်မည်။
စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်များကို ဖတ်ရှုပြီးသော် လီချန်ချင်းမှာ လွန်စွာ အထိတ်တလန့်ဖြစ်နေခဲ့ချေပြီ။
စွမ်းအားကြီးမားတဲ့ နတ်ဘုရားဝိဉာဉ်ရှိတဲ့လူတွေက အရမ်းကို ကြောက်ဖို့ကောင်းအောင် စွမ်းနေတာလားဟ
အဲ့ဒါဆိုရင် သူကကော??
သူ့ နတ်ဘုရားဝိဉာဉ်ကကော ဘယ်အဆင့်မှာလဲ??
အဲ့ဒါဆို ပန်းချီဆရာတွေက အနှိုင်းမဲ့ တည်ရှိမှုတွေ ဖြစ်မနေဘူးလား
တခြားလူတွေ ကျင့်ကြံထားတဲ့ သိုင်းကျင့်စဉ်တွေကို ကြည့်ရုံနဲ့တင် တတ်မြောက်နိုင်တယ်ဆိုမှတော့ သိုင်းကျင့်ကြံနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။ကျင့်ကြံသူတစ်ယောက်ဖြစ်လာတာက ဘာအဓိပ္ပာယ်ရှိနေတော့မှာလဲ။
အမှန်တကယ်တော့ လီချန်ချင်းတစ်ယောက်မှာ အတွေးလွန်နေခြင်းသာ ဖြစ်ပါသည်။အခြားလူများ ကျင့်ကြံထားသည့် သိုင်းပညာရပ်များကို အကြည့်တချက်နှင့် နားလည်ကာ မိမိကိုယ်ပိုင် ဖြစ်အောင် လုပ်နိုင်ဖို့အတွက်တော့ ပန်းချီဆရာသည် အနည်းဆုံး ပန်းချီသူတော်စင်အဆင့်သို့ ရောက်နေဖို့ လိုပေလိမ့်မည်။
ကျုပ်ပြောတာကို ယုံလိုက်ပါ။ပန်းချီသူတော်စင် ဖြစ်ဖို့က သိပ်ကို သိပ်ကို ခက်ခဲလွန်းပါတယ်။
အဲ့ဒါကြောင့် ပန်းချီသူတော်စင် အဆင့်ကို မရောက်ခင်မှာ ပန်းချီဆရာတွေက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တဲ့ အခြားသော မှော်ဆန်သော စွမ်းအားများကို ပိုင်ဆိုင်ကြပေသေးသည်။ထို့ကြောင့် ပန်းချီဆရာတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားနိုင်ခြင်းသည် လွန်စွာမှကို အကျိုးရှိလိမ့်မည် ဖြစ်ပြီး နောင်တရစရာ မရှိပါချေ။
ထိုပန်းချီဆရာထံမှ စွမ်းအားကြီးမားသော ပန်းချီရတနာပစ္စည်းများကို ရနိုင်ပါက သိုင်းကျင့်ကြံသူများအတွက် လွန်စွာမှကို အကျိုးရှိမည့်အပြင် စွမ်းအားကိုလည်း တဆင့်မြင့်သွားစေမည် မဟုတ်ပါလား။
“ဒါပေမယ့် နတ်ဘုရားစိတ်ဝိဉာဉ်ကို ဘယ်လိုစစ်ဆေးရမလဲဆိုတာကိုကျတော့ စာအုပ်ထဲမှာ ဘာလို့ မရေးထားရတာလဲကွာ”
လီချန်ချင်းသည် စာရွက်များကို လှန်လှော်ကာ နတ်ဘုရားဝိဉာဉ်ကို ဘယ်လိုအဆင့်ခွဲရမလဲဆိုတာကို ရှာဖွေနေသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။
သူ့ နတ်ဘုရားဝိဉာဉ်က ဘယ်အဆင့်မှာများလဲ
နတ်စွမ်းအားရရှိခြင်းအဆင့်လား
စိတ်ဝိဉာဉ်ပြောင်းလဲခြင်း အဆင့်လား
ခန့်မှန်းရန် ခက်ခဲလွန်းလှပေသည်။
ထို ဖြစ်ရပ်မှာ လီချန်ချင်းကို အနည်းငယ် စိတ်ဖိစီးမှု ဖြစ်စေတော့သည်။
သူက သူ့ရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်၏ စွမ်းအားကို မသိပဲ၊အခြားလူများ၏ သိုင်းကျင့်စဉ်များကို ကူးယူကာ အသုံးပြုလိုက်လျှင် နတ်ဘုရားဝိဉာဉ်၏ စွမ်းအားမလုံလောက်မှုကြောင့် တန်ပြန်ထိခိုက်မှုကို ခံစားရလိမ့်မည် ဖြစ်လေသည်။
သူက သိုင်းပညာရပ်များကို မကူးယူနိုင်ရုံသာမက ပြင်းထန်သော အတွင်းဒဏ်ရာများပင် ရသွားစေနိုင်ပေသည်။
သူ့ အဆင့်က ဘယ်လောက်ဆိုတာကို မသိသေးပဲနဲ့ သူဘယ်လိုများ ကျင့်စဉ်တွေကို ကူးယူလို့ ရပါ့မလဲ
ဘာပဲဖြစ်ဖြစ် လီချန်ချင်းက သူက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကိုတော့ သိရအောင် စမ်းသပ်ကြည့်ချင်မိလေသည်။စာအုပ်ပါ အကြောင်းအရာအတိုင်းသာဆိုလျှင် ပန်းချီဆရာများသည် မိမိတို့၏ နတ်ဘုရားဝိဉာဉ်စွမ်းအားနှင့် လုပ်ချင်တိုင်းလုပ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။
သူက ရိုးရှင်းသော စမ်းသပ်မှု ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
လီချန်ချင်းသည် သူနှင့်မလှမ်းမကမ်းတွင် ရှိနေသော အမွှေးတိုင်အိုးကို လှမ်းမြင်လိုက်လေသည်။ထိုအမွှေးတိုင်အိုးမှလည်း မွှေးပျံ့သော သင်းရနံ့များ ထွက်ပေါ်နေခဲ့ပြန်သည်။
ထိုအမွှေးတိုင်အိုးကို စိုက်ကြည့်ရင်း လီချန်ချင်းသည် သူ၏ လက်နှင့် လက်ညှိုးညွှန်ကာ ငြင်သာစွာ ပြောလိုက်လေသည်။
“ဒီကို လာခဲ့”
သူ့ရဲ့ အမိန့်တချက်ကြောင့် အမွှေးတိုင်အိုးမှာ မူလနေရာမှ လှုပ်ခါသွား…မယ်လို့ ထင်လား??
အမွှေးတိုင်အိုးမှာ တုပ်တုပ်မျှ မလှုပ်ပါချေ။
“အာ” လီချန်ချင်းမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့လေ၏။ကံကောင်းစွာနှင့် မည်သူမျှ မမြင်၍သာ တော်သေးပါသည်။
ထိုသို့မဟုတ်လျှင် သူက ရူးနေသည်ဟု လူတွေ ထင်မြင်သွားကြပေမည်။
“ဟုတ်သားပဲ အတွေးတချက်က လောကကြီးကို ပြောင်းလဲနိုင်တယ်တဲ့။ဒါက ပြောသလောက်မလွယ်ကူဘူး။ငါက နတ်ဘုရားစိတ်ဝိဉာဉ်က စွမ်းအားတွေကို ပြောင်းယူပြီး အသုံးချဖို့ လိုလိမ့်မယ်”
လီချန်ချင်းသည် မျက်မှောင်ကြုံ့ကာ သူ၏ စိတ်ဝိဉာဉ်ပင်လယ်ထဲမှ နတ်ဘုရားဝိဉာဉ်ကို ကြိုးစားပြီး အာရုံခံလိုက်တော့လေသည်။
သူ၏ စိတ်ကို ငြိမ်ချလိုက်သည့်အချိန်တွင် လောကတခုလုံးမှာ တိတ်ဆိတ်သွားသည့်အလားပင်။
ထိုအခိုက် လီချန်ချင်းသည် သူက အသံတခုမှကို မကြားရသလို ဖြစ်နေခဲ့သည်။သူ၏ အသိစိတ်မှာ အမှောင်ထုထဲသို့ ရောက်ရှိနေသည့်အလားပင်။
ဤနေရာသည် စန်းယွမ်တိုက်ကြီးနှင့် မဆိုင်သော သုခဘုံတခုကဲ့သို့ ခံစားနေခဲ့ရတော့သည်။
ထို့နောက် လီချန်ချင်းသည် လမ်းနည်းနည်းလျှောက်လိုက်သည့်အခါတွင် သူ့အရှေ့တွင် ရေကန်ကြီးတခု ဘွားကနဲ ပေါ်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ထိုရေကန်သည် တိတ်ဆိတ်နေပြီး ရေစက်တစက်ခြင်းစီတိုင်းသည် အလွန်တရာမှကို သန့်ရှင်းကာ စင်ကြယ်လွန်းလှပေသည်။
ထိုရေကန်ကြီးကို သူမြင်လိုက်သောအခါတွင် ထိုကန်မှာ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်စွမ်းအားဆိုတာကို ချက်ချင်း သဘောပေါက်မိခဲ့ပါသည်။
ဒါပေမယ့် ရေကန်ကြီးကို မြင်ထားပြီးသည့်တိုင် ထိုရေကန်ကြီးမှာ ဘယ်အဆင့်မှာ ရှိမလဲဆိုတာကိုတော့ သူမသိပါချေ။ထိုရေကန်အရှေ့တွင် ရပ်နေရင်း လွန်စွာ ရင်းနှီးလှသော ခံစားချက်များမှာ သဘာဝအတိုင်းပင် ဖြစ်ပေါ်လာခဲ့ပါသည်။
ရေကန်ထဲရှိ ရေစက်တိုင်းသည် သူ၏ သားသမီးအရင်းအခြာများကဲ့သို့ ခံစားနေရသည်။ထိုရေစက်ကလေးများသည် ပျော်ရွှင်စွာနှင့် ခုန်ပေါက်ကစားနေသည့်အလားပင်။
ထိုခံစားချက်မှာ နှလုံးသားမှ လာသည့် ပျော်ရွှင်မှုသာ ဖြစ်ပါသည်။
လီချန်ချင်းသည်လည်း စိတ်ခံစားချက်များ ပြင်းထန်လာခဲ့သည်။
ကန်ရေတစက်ချင်းစီတိုင်းသည် သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြသည့် စစ်သားများအလားပင်။
ထိုအချိန်မှသာ လီချန်ချင်းသည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်တော့သည်။
ထို့နောက် အမွှေးတိုင်အိုးကို နောက်တကြိမ် စိုက်ကြည့်လိုက်ကာ ဖြေးညင်းစွာ ဆိုလိုက်သည်။
“ဒီကို လာစမ်း”
အမွှေးတိုင်အိုးမှာ ရုတ်တရက် တုန်ခါသွားကာ ချက်ချင်းပင် လေထုထဲသို့ မြင့်တက်လာခဲ့လေသည်။ထို့နောက်တွင် လီချန်ချင်း ရှိရာဆီသို့ ပျံသန်းလာခဲ့တော့သည်။အမွှေးတိုင်အိုးက သူ့အနားသို့ ရောက်လာသည့်အခါမှ လီချန်ချင်းက အသာအယာလှမ်းဖမ်းလိုက်သည်။
“ဘယ်လောက်တောင် မှော်ဆန်လိုက်သလဲ” လီချန်ချင်း၏ မျက်ဝန်းများသည် အရောင်တောက်ပသွားခဲ့သည်။
သူက ပန်းချီဆရာ မဟုတ်ပဲ ပန်းပုထုသမားဖြစ်သည့်တိုင် သူ့နတ်ဘုရားဝိဉာဉ်က အခုလိုမျိုး အရာများကို လုပ်နိုင်စွမ်းရှိနေပေသည်။
သူက အဝေးမှ အရာဝတ္ထုများကို လှမ်းယူနိုင်သည်ဆိုပါက နောက်ထပ် သူဘာတွေများ လုပ်နိုင်သေးတာလဲ။
ယခုတွင် လီချန်ချင်းမှာ အရုပ်အသစ်ကို ရလိုက်သော ကလေးတစ်ယောက်လိုဖြစ်နေပြီး အရာရာတိုင်းကို သိလိုစိတ်ပြင်းပြနေခဲ့တော့သည်။
“ငါသာ လွတ်မြောက်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့ရင် သိပ်ကို ကောင်းမှာပဲ” လီချန်ချင်းသည် စာအုပ်ထဲမှ ရေးသားထားသည့် အကြောင်းအရာများကို ပြန်လည် စဉ်းစားလိုက်လေ၏။
မိုင်ထောင်ချီကို စိတ်တချက်ညွတ်တာနဲ့ ဖြတ်သန်းနိုင်တယ်တဲ့လား
ထိုနတ်ဘုရားစွမ်းအင်တခုထဲနှင့်ပင် ဤလောကကြီးရှိ ပို့ဆောင်ရေးသမားများကို နောက်ကောက်ချနိုင်ပြီ ဖြစ်သည်။
လွတ်မြောက်ခြင်းအဆင့်ကို ရောက်လို့ကတော့လား။ဒီလောကကြီးက ပို့ဆောင်ရေးလုပ်ငန်းဈေးကွက်ကို ငါက လက်ဝါးကြီးအုပ်ပြီး ချုပ်ကိုင်တော့မယ်ကွ
ကံဆိုးသည်မှာ ထိုအရာများမှာ စိတ်ကူးသာ ဖြစ်လေသည်။လီချန်ချင်းအနေနှင့် ယခုလက်ရှိမှာတော့ ထိုအဆင့်ကို မရောက်သေးဘူးလို့တော့ တွက်ဆထားခဲ့သည်။
သူက ထိုအဆင့်ကို ရောက်နေရင်တောင်မှ စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မသိပေ။
သူ့အခြေအနေမှာ ကိုယ်တွင်းစွမ်းအားအပြည့်ရှိသော ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင် သူ့စွမ်းအားနှင့် ပတ်သက်ပြီး နကန်းတလုံးမှ မသိသည့်အပြင် သိုင်းပညာရပ်များနှင့် ပတ်သက်သည့် ဗဟုသုတလည်း မရှိနေပေ။
သူ့စွမ်းအားကို သူကိုယ်တိုင်သာ စမ်းသပ်ပြီး လေ့ကျင့်မှ ဖြစ်လိမ့်မည်။
လီချန်ချင်းမှာ စာအုပ်များကို ဆက်လက်ဖတ်ရှုရန် ပြင်လိုက်သည့် အချိန်တွင် အပြင်ဖက်မှ ခြေသံများကို ကြားလိုက်ရတော့၏။
လီချန်ချင်း လှည့်ကြည့်လိုက်သောအခါ ဝမ်ရှုမျှော်စင်၏ အကြီးအကဲသည် လင်ဗန်းကြီးတချပ်ကို ကိုင်ကာ ဝင်လာသည်ကို မြင်လိုက်ရတော့သည်။ထိုလင်ဗန်းပေါ်၌ ထမင်းနှင့် ဟင်းပွဲများစွာတို့ ပြင်ဆင်ထားလေ၏။
အကြီးအကဲမှာ အပြုံးနှင့် ပြောလိုက်၏။
“ဆရာကြီးခင်ဗျား နေ့လည်စာစားချိန်ရောက်ပါပြီ။မိသားစုခေါင်းဆောင်က ကျုပ်ကို နေ့လည်စာ ပို့ခိုင်းလိုက်ပါတယ်”