← Chapters

ဘာလို့များ တခြားပန်းချီကားတွေက မရှိနေတာလဲ

Vol. 3 Ch. 24

ဘာလို့များ တခြားပန်းချီကားတွေက မရှိနေတာလဲ

Vol. 3 Ch. 24

“ကျေးဇူးပါပဲ.. ကျုပ်လည်း ဗိုက်နည်းနည်းဆာနေခဲ့တာ” လီချန်ချင်းသည် သူ ဗိုက်ဆာနေသည်ကိုပင် သတိမထားမိခဲ့ပါချေ။

ဟင်းပွဲများကို ကြည့်ပြီးမှသာ သူက စာအုပ်များကို အငမ်းမရ ဖတ်ရှုမိနေခြင်းကြောင့် ဆာလောင်မှုဝေဒနာကို မေ့လျှော့နေမှန်းကို သတိပြုမိလာတော့သည်။

“ဆရာကြီးက ကျင်းဟုန်မျှော်စင်က ဟင်းလျာတွေကို နှစ်သက်တယ်ဆိုတာကို မိသားစုခေါင်းဆောင်က သိလို့ လူလွှတ်ပြီးတော့ ဝယ်ခိုင်းထားတာတွေပါ။ဖြေးဖြေးချင်း သုံးဆောင်လိုက်ပါဦး။ဟင်းခွက်ပန်းကန်တွေကို နောက်မှပဲ ကျုပ်လာသိမ်းပေးပါ့မယ်”

အကြီးအကဲမှာ ယဉ်ကျေးစွာ ဆိုလိုက်လေသည်။

“အလုပ်ရှုပ်စေမိပါပြီ” လီချန်ချင်းသည် ချက်ချင်းပြန်ပြောလိုက်သည်။

သူက နေရာတနေရာကို ရှာကာ ထိုင်ပြီး စားသောက်လိုက်သည်။

အကြီးအကဲ၏ အမူအရာမှာ အနည်းငယ် ကူကယ်ရာမဲ့နေဟန်တော့ ရှိနေခဲ့သည်။ဝမ်ရှုမျှော်စင်သည် ယန်အိမ်တော်၏ အရေးပါသော နေရာတနေရာ ဖြစ်ပါသည်။သခင်လေးများနှင့် မိသားစုဝင်များပင်လျှင် ဤနေရာ၌ အစားအသောက်စားသောက်ခြင်းကို ခွင့်မပြုထားခဲ့ပေ။ဤနေရာ၌ နှာချေမိလျှင်ပင် အပြစ်ပေးခံရမည့် အထွတ်အမြတ်နေရာမျိုးလည်း ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် စာအုပ်များအပြင် ဤနေရာ၌ တန်ဖိုးကြီးကာ အဖိုးမဖြတ်နိုင်သည့် ပန်းချီကားများလည်း ရှိနေခြင်းကြောင့်ပင်။

လီချန်ချင်းသည် ယန်အိမ်တော်၏ သမိုင်းတလျှောက်တွင် ဝမ်ရှုမျှော်စင်၌ ပထမဦးဆုံးသော အစားအသောက်စားသည့်သူပင် ဖြစ်လေသည်။

“ဒါက ကျင်းဟုန်မျှော်စင်က အစားအသောက်တွေပေါ့လေ”

လီချန်ချင်းသည် ထူးခြားနေသော ဟင်းပွဲများကို ကြည့်ရင်း ရေရွတ်လိုက်လေသည်။

ကြည့်ရသလောက်တော့ ကျင်းဟုန်မျှော်စင်သည် ဒီချန်ထင်မြို့တွင် နာမည်အကြီးဆုံးသော စားသောက်ဆိုင် ဖြစ်နိုင်ပေသည်။

ဤကမ္ဘာသို့ရောက်လာပြီးးကတည်းက ထိုဆိုင်၌ သူမစားဖူးသေးပေ။ထို့ကြောင့် ယနေ့တွင်တော့ သူမြည်းစမ်းကြည့်ရန် အခွင့်အရေးရလာခဲ့ချေပြီ။

လီချန်ချင်းသည် ဟင်းပွဲမျိုးစုံကို မြည်းစမ်းကြည့်လိုက်လေသည်။စားသောက်ပြီးသည့်အခါတွင် သူသိလိုက်ရသည်မှာ ထိုနာမည်ကြီးဖြစ်သော ကျင်းဟုန်မျှော်စင်၏ ဟင်းပွဲမှာ ဘာမှ မထူးခြားမှန်းကို သိလိုက်ရတော့သည်။

ဆိုင်နာမည်မှာ ကြီးကြီးကျယ်ကျယ်မှည့်ထားသော်လည်း အစားအသောက်များ၏ အရသာမှာ ယခင်ဘဝတုန်းက လမ်းဘေးဆိုင်များမှ အရသာနှင့် ဘာမှ မကွာခြားပါချေ။

ဒီလောက် စုတ်ပြတ်နေတာတောင် နာမည် ဘယ်လိုများ ကြီးလာခဲ့ရတာလဲ

သို့ပေမယ့် အစားအသောက်နှင့် ပတ်သက်လျှင် လီချန်ချင်းမှာ ဇီဇာကြောင်သူမဟုတ်ပါချေ။ စားလို့ရလျှင် ရပြီ ဖြစ်သည်။

စားသောက်ပြီးစီးသောအခါ ပန်းကန်များကို သိမ်းရန် အကြီးအကဲကို ခေါ်လိုက်ပြီး သူက စာအုပ်ဖတ်ရန် ဆက်ရှာဖွေနေခဲ့သည်။

တချိန်တည်းမှာပင် သူက ပထမထပ်တွင် စိတ်ဝင်စားစရာများ မရှိတော့ဟု ခံစားမိသောကြောင့် နောက်အထပ်များကို တက်သွားလေတော့သည်။

ဒုတိယထပ်တွင်မူ ပန်းချီကားအချို့ ချိတ်ဆွဲထားလေ၏။

လီချန်ချင်းသည် စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်သော ပန်းချီကားချပ်များကို ဘဝတွင် ပထမဦးဆုံး မြင်ဖူးသွားလေတော့သည်။

“ဒီပန်းချီကားတွေက ဒီလောကက ပန်းချီဆရာတွေ ရေးဆွဲထားတာပဲ ဖြစ်ရလိမ့်မယ်”

လီချန်ချင်းက ပတ်ပတ်လည်ကိုကြည့်လိုက်ရာ ပန်းချီကား တဒါဇင်ခန့်ကို တွေ့လိုက်သည်။

ပန်းချီကားများမှာ လက်နက်များနှင့် တိရစ္ဆာန်များ၏ ပုံများကို ရေးဆွဲထားခဲ့ခြင်းများ ဖြစ်ပါသည်။

“ဒီပန်းချီကားတွေကို ဆွဲထားတဲ့ ပန်းချီဆရာတွေက အရင် လီချန်ချင်း ဆွဲထားတဲ့ ပန်းချီတွေထက် အပုံကြီးကို သာနေတယ်”

လီချန်ချင်းသည် တီးတိုးရွတ်ဆိုရင်း ပန်းချီများကို ဆက်လက်၍ ကြည့်ရှုနေတော့လေ၏။

“ဟင်း” ရုတ်တရက် လီချန်ချင်းက တခုခုမှားနေသလို ခံစားလိုက်ရတော့လေသည်။

“တိရစ္ဆာန်နဲ့ လက်နက်တွေက လွဲလို့ တခြားပန်းချီကားတွေ မရှိပါလား။ဘာလို့များလဲ”

“လူရှိလားဟေ့” လီချန်ချင်းသည် အောက်ထပ်ကို လှမ်းအော်လိုက်လေသည်။

“မဟာအကြီးအကဲ ဘာများလိုအပ်ပါလို့လဲ” အကြီးအကဲသည် လီချန်ချင်းထံသို့ ခပ်သွက်သွက် ပြေးသွားခဲ့လေသည်။ယန်ပါးထောင်က လီချန်ချင်းလိုအပ်သမျှကို ဖြည့်ဆည်းပေးရမည်ဟု တင်းကြပ်စွာ အမိန့်ထုတ်ခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် လီချန်ချင်း၏ ခေါ်ဆိုမှုကို သူ့အနေနှင့် မငြင်းဆိုရဲပါချေ။

“ဘာမှတော့မဟုတ်ပါဘူး။ဒီပန်းချီကားတွေက လက်နက်နဲ့ တိရစ္ဆာန်ပုံတွေ ဖြစ်နေပြီး ဘာလို့ တခြားပုံတွေ ထပ်မရှိနေရတာလဲလို့ မေးချင်လို့ပါ”

လီချန်ချင်းက စိတ်ဝင်တစားနှင့် မေးလိုက်ပြန်တော့သည်။

“အာ” အကြီးအကဲသည် ထိုမေးခွန်းကြောင့် ဘာဖြေရမှန်း မသိဖြစ်သွားခဲ့သည်။သူ့ ဦးနှောက်မှာ အလုပ်လုပ်နေရာမှ ရုတ်တရက် ရပ်တန့်သွားပုံရလေသည်။

သူက ဘာပြောရမှန်း မသိသောကြောင့် နားမလည်စွာနှင့် ပြန်မေးလိုက်သည်။

“ဘယ်လို တခြားပုံတွေကို ပြောတာလဲ မဟာအကြီးအကဲ?”

“တခြားပုံတွေလေဗျာ။ရှုခင်းပုံတို့၊ဝိဉာဉ်သားရဲပုံတို့ ဒါမှမဟုတ် လူရုပ်ပုံတွေပေါ့ဗျ”

လီချန်ချင်းက ဝေခွဲမရသည့်ဟန်နှင့် ပြောလိုက်တော့သည်။

“အကြီးအကဲ၊အကြီးအကဲ မနောက်ပါနဲ့။စိတ်ဝိဉာဉ်သားရဲတွေနဲ့ ကောင်းကင်နဲ့ မြေကြီးရှုမျှော်ခင်းတွေဆိုတာက အရမ်းကို စွမ်းအားကြီးလွန်းတဲ့ ပန်းချီဆရာတွေပဲ ရေးဆွဲနိုင်တာတွေပါ။ကျုပ်တို့လို ယန်မိသားစုသေးသေးလေးမှာ ဒီလို ပန်းချီကားမျိုးတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”

“လူပုံတွေကတော့…လူသားတွေက အရာအားလုံးကို အုပ်စိုးနိုင်တဲ့ အရှင်သခင်တွေလေ။ပန်းချီသူတော်စင်တွေတောင်မှ လူပုံတွေကို ပေါ့ပေါ့တန်တန် မရေးဆွဲနိုင်ပါဘူး။အဲ့လိုမျိုးအရာမျိုးတော့ ကျုပ်တို့ ယန်မိသားစုမှာ မရှိပါဘူး”

အကြီးအကဲမှာ ခါးသက်စွာ ပြုံးရင်း ပြောလိုက်ခြင်းပင်။

လီချန်ချင်းက သူတို့ကို သရော်နေသည်ဟုပင် သူက ခံစားနေခဲ့ရပြန်သည်။

“အဲ့ဒီ့လိုလား” လီချန်ချင်းသည်ပင် ထိုစကားကို ကြားသော် အလွန်ထိတ်လန့်သွားခဲ့တော့၏။

စွမ်းအားကြီး ပန်းချီဆရာတွေကပဲ ဒီလို ပန်းချီကားတွေကို ရေးဆွဲနိုင်တာတဲ့လား။

ပန်းချီသူတော်စင်တွေတောင်မှ လူပုံတွေကို ဆွဲဖို့အတွက် တုန့်ဆိုင်းနေရတယ်တဲ့လား

နေဦး…တခုခုတော့ လွဲနေသေးတယ်။သိပ်မကြာခင်တုန်းကပဲ ငါက ဗုဒ္ဓပုံကို လွယ်လွယ်လေး ပန်းပုထုခဲ့သေးတယ်လေ။အဲ့တုန်းက ကျတော့ ဘာလို့ ပန်းပုထုလို့ လွယ်နေရတာလဲ

“ဖြစ်နိုင်တာက အဲ့ဒီ့အချိန်တုန်းက ငါလုပ်ခဲ့တဲ့ ဗုဒ္ဓပုံက ဘာစွမ်းအားမှ မရှိတဲ့ အသုံးမဝင်တဲ့ အရုပ်ဖြစ်သွားတာထင်တယ်။သာမန် ပန်းပုရုပ်ထုဖြစ်နေတဲ့ပုံပဲ။ဒါမှမဟုတ် ပန်းပုနဲ့ ပန်းချီက လုံးဝကို မတူညီတာများလား။သူတို့ကို ကြည့်ရတာက တူသလိုလို ဖြစ်နေပေမယ့် တကယ်တန်းတော့ မတူနေဘူး။ဖြစ်နိုင်တာက ငါ့ရဲ့ ပန်းပုက ပန်းချီလိုမျိုး ကန့်သတ်ချက်တွေ မရှိနေတာ ဖြစ်နိုင်တယ်လေ”

လီချန်ချင်းသည် လေးလေးနက်နက် တွေးတောနေခဲ့သည်။

သူ၏ လမ်းကြောင်းမှာ အမှန်တကယ်ကို ခက်ခဲလွန်းပေသည်။

ဒီလောကကြီးတွင် ပန်းပုထုခြင်းနှင့် ပတ်သက်သည်များသည် ရှိမနေခဲ့ပေ။သူလုပ်ထားသော အရာများမှာ တစ်မူထူးခြားကာ၊ ကိုးကားချက်များလည်း ရှိမနေပေ။

ထို့ကြောင့် သူ့လမ်းကြောင်းကို သူ့ဘာသာသူသာ စမ်းတဝါးဝါးနှင့် လျှောက်လှမ်းရုံသာ တတ်နိုင်တော့လေသည်။

လီချန်ချင်းက စာအုပ်များကို ဆက်လက်၍ ဖတ်ရှုနေခဲ့တော့သည်။

သူက စာအုပ်ဖတ်တာ သုံးရက်တိတိ ကြာမြင့်သွားခဲ့လေသည်။

ထိုသုံးရက်တွင် လီချန်ချင်းက စန်းယွမ်တိုက်ကြီးနှင့် ပတ်သက်ပြီး အကြောင်းအရာတော်တော်များများကို နားလည်လာလေသည်။

ထိုသုံးရက်အတွင်း ဝမ်ရှုမျှော်စင်သို့ လီချန်ချင်း စားသောက်ရန် စားစရာများကို ပို့ဆောင်ခဲ့ပါသည်။

ယန်အိမ်တော်တခုလုံးသည် လွန်မင်းစွာ သတိကြီးကြီးထားနေခဲ့ရသည်။လူတိုင်း၏ ခေါင်းပေါ်တွင် ဖိအားကြီးကြီးမားမား ရှိနေခဲ့တော့သည်။

လီချန်ချင်း၏ စာဖတ်ခြင်းကို အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် အိမ်ကို ဧည့်သည် အဝင်အထွက်များကိုပင် ပိတ်ဆို့ထားခဲ့လေ၏။ယန်ဟန်ကျိုးသည် ပြန််လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီးနောက်တွင် ယန်မိသားစု၏ ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့တော့သည်။သူက အရင်းအမြစ်များစွာကို ရရှိခဲ့ပြီးနောက်တွင် ယန်ပါးထောင်၏ မွေးစားသားပင် ဖြစ်လာခဲ့တော့သည်။

ယန်ဒေါင်ရှန်းကမူ လီချန်ချင်းကို ပြစ်မှားမိသဖြင့် ပေကျိုးသို့ အပို့ခံရမည့် သတင်းကို ကြားလိုက်ရသော် သူ့နားကိုပင် သူမယုံကြည်နိုင်ခဲ့ချေ။

သို့ပေမယ့် အမိန့်က ထုတ်ပြန်ပြီးဖြစ်သောကြောင့် နောက်တနေ့တွင် ယန်ဒေါင်ရှန်းသည် ယန်သခင်လေးဟူသော ဂုဏ်ပုဒ်ကိ အယုတ်သိမ်းခံလိုက်ရကာ မိသားစုမှ နှင်ထုတ်ခြင်းကို ခံခဲ့ရတော့လေ၏။

သိပ်မကြာခင် ယန်အိမ်တော်သို့ မမျှော်လင့်သော ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါသည်။

ရှမူဟိုင်က ယန်အိမ်တော်သို့ ရောက်လာခဲ့ခြင်းပင်။

သဘာဝအတိုင်းပင် ယန်မိသားစုမှာ ရှမူဟိုင်ကို မငြင်းဆန်နိုင်ခဲ့ပါချေ။တခြားဧည့်သည်များကို ငြင်းနိုင်သော်လည်း ရှေးဟောင်းတာအိုဂိုဏ်း၏ တောင်ထိပ်သခင်တယောက်ဖြစ်သော ရှမူဟိုင်၊ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေသော စွမ်းအားကြီး ပုဂ္ဂိုလ်ဖြစ်သူမှာ သူတို့လို ယန်မိသားစုသေးသေးလေးမှ အပြစ်လုပ်နိုင်စွမ်း မရှိပေ။

ဒါပေမယ့် သိပ်မကြာခင်တုန်းက လာလည်ထားပြီးတာတောင်မှ ရှမူဟိုင်က နောက်တကြိမ် ဘာလို့ ထပ်ရောက်လာခဲ့ရတာလဲ

“မူဟိုင်ဖုန်းတောင်သခင်ကို ဂါရဝပြုပါတယ်” ယန်ပါးထောင်သည် ရှမူဟိုင်အား တလေးတစားနှင့် ခေါ်ဆိုလိုက်သည်။

“ကျုပ်မှာ ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိနေတယ်” ရှမူဟိုင်သည် ငှက်ပျောသီးတလုံးကိုကိုင်ထားရင်း ထိုင်ခုံပေါ်၌ ပျင်းရိပျင်းတွဲ့ အမူအရာနှင့် ထိုင်နေသည်။သူက ငှက်ပျောသီးကို စားနေရင်း

“ကျုပ်ဒီတခေါက်လာတာက ဆရာကြီးလီချန်ချင်းနဲ့ တွေ့ချင်လို့ပဲ။သူ့ကို ကျုပ်က မသိဘူး။ဒါပေမယ့် ခင်ဗျားကတော့ သိတယ်။အဲ့ဒါကြောင့် ကျုပ်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးစေချင်တယ်”

ထိုစကားကို ပြောပြီးနောက်တွင် ငှက်ပျောခွံကို နံဘေးသို့ ကပျက်ကချော်နှင့် လွှင့်ပစ်လိုက်လေ၏။

“တောင်ထိပ်သခင်က ဆရာကြီးလီချန်ချင်းနဲ့ တွေ့ချင်နေတာလား” ယန်ပါးထောင်က မျက်ခုံးပင့်လိုက်လေသည်။

“ဟုတ်တယ်လေ။ ပြသနာ ရှိလို့လား” ရှမူဟိုင်သည် ပန်းသီးတလုံးကို ကောက်ကိုင်လိုက်ပြီး စားနေပြန်သည်။

“ပြသနာတော့ မရှိပါဘူး ဒါပေမယ့် ကျုပ်တို့က ဆရာကြီးလီချန်ချင်းရဲ့ ခွင့်ပြုချက်ကိုတော့ ရဖို့ လိုပါဦးမယ်”

ယန်ပါးထောင်က အပြုံးတခုနှင့် ဆိုလိုက်ပြန်သည်။

“ကျုပ် မဖုံးကွယ်ထားတော့ပါဘူး။လက်တလောမှာ ဆရာကြီး လီချန်ချင်းက ကျုပ်တို့ရဲ့ ယန်အိမ်မှာ ဧည့်သည်အဖြစ်နဲ့ ရောက်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးရက်က ဆရာကြီးလီချန်ချင်းက ယန်အိမ်တော်ကို ရောက်လာပြီးတော့ ဝမ်ရှုမျှော်စင်ကို တန်းဝင်သွားပြီးတော့ အခုချိန်ထိ စာတွေ ဖတ်နေခဲ့ပါတယ်”

ယန်ပါးထောင်က အမှန်အတိုင်းပြောလိုက်ပါသည်။

ရှမူဟိုင်က ဘာမှ မပြောပဲ ယန်ပါးထောင်ကို စိုက်ကြည့်လိုက်လေတော့သည်။

ယန်ပါးထောင်တစ်ယောက်သည် လီချန်ချင်းအား အခွင့်အရေးယူနေသည်ကို ရှမူဟိုင်က ကောင်းကောင်းကို သိသွားခဲ့လေပြီ။

သို့သော် ရှမူဟိုင်က ဘာမှတော့ မပြောလိုက်ပါချေ။

“သူက ဘယ်တော့လောက်မှ ထွက်လာမှာလဲ” ရှမူဟိုင်က တွေးတွေးဆဆနှင့် မေးလိုက်လေ၏။

“ကျုပ်လည်း သေချာတော့ မသိပါဘူး” ယန်ပါးထောင်က ခေါင်းကို ခါလိုက်သည်။

“တောင်ထိပ်သခင်က အလျင်လိုနေတယ်ဆိုရင်တော့ ဆရာကြီးကို လူလွှတ်ပြီးတော့ အကြောင်းကြားပေးပါ့မယ်” ယန်ပါးထောင်က သွေးတိုးစမ်းကာ မေးလိုက်သည်။

“အဲ့ဒါဆိုလည်း အစေခံကို လွှတ်ပြီး အကြောင်းကြားလိုက်ပါ” ရှမူဟိုင်သည် ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ပါချေ။ထိုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်များသည် တံခါးပိတ်ကာ တခုခုကို လေ့လာလျှင် နှစ်များစွာကြာမြင့်တတ်ပေသည်။ရှမူဟိုင်က ထိုမျှကြာမြင့်အောင် မစောင့်ဆိုင်းနိုင်ပေ။

“ကောင်းပါပြီ အဲ့ဒါဆိုရင် အစေခံတွေကို လွှတ်လိုက်ပါ့မယ်” ယန်ပါးထောင်က ခေါင်းညိတ်လိုက်သည်။

ယန်ပါးထောင်က အနောက်သို့ လှည့်ဟန်ပြုပြီးမှ ရှမူဟိုင်ဘက်သို့ ပြန်လှည့်ကာ

“စကားမစပ် တောင်ထိပ်သခင်၊အခုတလော ကျုပ်တို့ မိသားစုရဲ့ မိုင်းတွင်းတွေမှာ အရမ်းထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတယ်။ကျုပ်လည်း ဘာဆက်လုပ်ရမှန်းကို မသိဘူး။တောင်သခင်က ဘာတွေဖြစ်နေတာလဲဆိုတာကို လိုက်ကြည့်ပြီး အဖြေရှာပေးရင် သိပ်ကောင်းမှာပါပဲ”

All Chapters