ပထမဦးဆုံးတွေ့ဆုံမှု
Vol. 3 Ch. 25
“ဘာဖြစ်နေလို့လဲ”
ရှမူဟိုင်သည် ချက်ချင်းမငြင်းခဲ့ပေ။ပုံမှန်အတိုင်းဆိုလျှင် သူက ထိုကဲ့သို့သော သေးငယ်လှသော ယန်မိသားစုကို သောက်ဖက်လုပ်စရာ မလိုပေ။သို့သော် ယခု ယန်မိသားစု၌ လီချန်ချင်း ရှိနေခဲ့သည်။ထို့ကြောင့် ယန်မိသားစုကို အနည်းဆုံးတော့ မျက်နှာသာ အနည်းငယ်တော့ ပေးရပေလိမ့်မည်။
ရှမူဟိုင်၏ အမေးကို ကြားသော် ယန်ပါးထောင်သည် စာတစောင်ကို ထုတ်ကာ ရှမူဟိုင်အား အလျင်အမြန်ပင် ကမ်းပေးလိုက်တော့သည်။
“စာထဲမှာ ရေးထားတဲ့အတိုင်း ကျုပ်တို့ ယန်မိသားစုရဲ့ တောင်ဘက်မိုင်းတွင်းထဲမှာ ဒီလို မတော်တဆမှုတွေ ဖြစ်နေခဲ့တယ်”
ရှမူဟိုင်သည် စာကို အေးအေးဆေးဆေး ဖောက်ကာ ထိုင်ရင်းဖတ်လိုက်လေသည်။ဖတ်ရင်းနှင့်ပင် သူ့မျက်နှာထက်ရှိ အမူအရာများမှာ တဖြေးဖြေးနှင့် လေးနက်လာခဲ့တော့လေသည်။
ထိုအချိန်၌ ယန်ပါးထောင်က အကြီးအကဲများကို စေလွှတ်ကာ ဝမ်ရှုမျှော်စင်မှ လီချန်ချင်းအား ရှမူဟိုင်နှင့် တွေ့ဆုံလိုခြင်း ရှိ၊မရှိကို သွားမေးမြန်းစေခဲ့သည်။
တောင်ဘက်မိုင်းတွင်းသည် ယန်မိသားစု၏ မိုင်းတွင်းများစွာတို့မှ တခုပင် ဖြစ်သည်။ထို့နေ့၌ မိုင်းတွင်းရှိလူများသည် ကြယ်တံခွန်တခု ဖြတ်သန်းလာသည်ကို မြင်တွေ့ခဲ့ကြလေသည်။ထို့နောက်တွင် သူတို့အားလုံးမှာ သတိမေ့သွားကြလေ၏။
သို့ပေမယ့် သူတို့ပြန်လည်နိုးထလာသည့်အခိုက်တွင်တော့ သူတို့ကိုယ်သူတို့ သိလိုက်ကြရသည်မှာ သူတို့သည် ရှိရင်းစွဲအသက်ထက် ဆယ်နှစ်ကျော်ခန့် ပိုမို ကြီးရင့်သွားသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်စွာ သတိပြုမိလိုက်ကြလေတော့သည်။
လူငယ်များမှာ သက်လတ်ပိုင်းအရွယ်သို့ ချက်ချင်း ရောက်သွားကြတော့သည်။
သက်လတ်ပိုင်းအရွယ်လူကြီးများကမူ ဆံသားများဖြူဖွေးနေသည့် အဘိုးကြီးများ ဖြစ်ကုန်ကြတော့သည်။ထိုနေရာ၌ စီမံခန့်ခွဲနေကြသည့် အကြီးအကဲများပင်လျှင် ထိုကဲ့သို့သော အခြေအနေများကို ကြုံတွေ့ခဲ့ကြလေ၏။
၎င်းတို့၏ သက်တမ်းများ ယုတ်လျော့သွားရုံသာမက သူတို့၏ ကျင့်ကြံဆင့်များပင်လျှင် တဝက်တိတိ လျော့ကျသွားခဲ့တော့သည်။
ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေသော အကြီးအကဲများမှာ တက်လှမ်းခြင်းအဆင့်၇သို့ လျောကျသွားခဲ့လေ၏။
ထို့ထက် တောင်ဘက်မိုင်းတွင်း အနီးတဝိုက်တွင် ရှိနေသော ရွာများပင်လျှင် ထိုကဲ့သို့သော အဖြစ်မျိုးကို ကြုံတွေ့နေခဲ့ရပြန်သည်။
တခဏကြာသည်အထိ လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြတော့သည်။
ထိုဖြစ်ရပ်မှာ ယန်မိသားစုဝင်တိုင်းကို ကြီးစွာသော ဖိအားကို ခံစားနေခဲ့ရလေတော့၏။
ရှမူဟိုင်သည် စာကို ဖတ်ပြီးနောက် နံဘေးတွင် ချထားလိုက်ကာ သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်လေ၏။
“အဲ့ဒါများဖြစ်နေမလား…”
ဝမ်ရှု မျှော်စင်၌..
“မဟာအကြီးအကဲခင်ဗျား”
ယန်အိမ်မှ အကြီးအကဲသည် စာဖတ်နေသော လီချန်ချင်းထံသို့ ရောက်လာပြီးနောက်တွင် တုန့်ဆိုင်းစွာနှင့် နှုတ်ဆက်လိုက်လေသည်။
“ကျုပ်ကို ခေါ်လိုက်တာလား” လီချန်ချင်းသည် စာဖတ်နေရာမှ နိုးလာပြီးနောက် မော့ကြည့်လိုက်ရာ ယန်မိသားစုမှ အကြီးအကဲတယောက်ကို မြင်လိုက်သဖြင့် သူက ယဉ်ကျေးစွာနှင့် မေးလိုက်ခဲ့သည်။
“ဘာများ ကူညီပေးရမလဲ”
“ဒီလိုပါ..တယောက်ယောက်က မဟာအကြီးအကဲနဲ့တွေ့ချင်နေပါတယ်။အကြီးအကဲက တွေ့ဖို့ဆန္ဒရှိသလားဆိုတာ သိပါရစေ”
“ကျုပ်ကို တွေ့ချင်တာလား”
လီချန်ချင်းက အနည်းငယ် အံ့အားသင့်သွားလေ၏။ဘယ်သူက သူ့ကို တွေ့ချင်ရတာလဲ
“ကျုပ်က သူ့ကို သိလား” လီချန်ချင်းက အံ့အားသင့်စွာနှင့် မေးမြန်းလိုက်သည်။
“မသိလောက်ဘူး ထင်တာပဲ” အကြီးအကဲက ခန့်မှန်းလိုက်လေ၏။သူတို့ချင်းသာ တွေ့ဖူးကြလျှင် ရှမူဟိုင်က လီချန်ချင်းအား တွေ့ခွင့်ရရန် ယန်အိမ်၏ အကူအညီကို ယခုလိုမျိုး ယူလိမ့်မည် မဟုတ်ပေ။
လီချန်ချင်းက ခေါင်းကို ခါလိုက်တော့သည်။
“အဲ့ဒါဆိုရင် ကျုပ်က သူ့ကို မတွေ့ဘူး”
သူ မသိသော သူဆိုမှတော့ ဘာလို့ တွေ့စရာ လိုမှာလဲ။လူတွေနဲ့ စကားပြောရတာကို သူမုန်းသည်။
“အာ..”လီချန်ချင်းက ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုလိမ့်မည်ဟု အကြီးအကဲမှ မမျှော်လင့်ထားခဲ့ပါချေ။တွေ့ခွင့်တောင်းသူမှာ ရှေးဟောင်းတာအိုဂိုဏ်း၏ တောင်ထိပ်သခင် ဖြစ်နေခဲ့ပြန်သည်။
တခြားအင်အားစုများမှ ထိုသူအား တွေ့လိုလျှင်ပင် ထိုသူမှ တွေ့လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ယန်မိသားစု၏ အကြီးအကဲက မတက်သာစွာ ဆက်ပြောလိုက်ရသည်။
“မဟာအကြီးအကဲနဲ့ တွေ့ချင်တဲ့ လူက ရှေးဟောင်းတာအိုဂိုဏ်းက တောင်သခင်တပါးပါပဲ”
“နေဦး” လီချန်ချင်းက မျက်ခုံးတဖက်ကို ပင့်တင်ရင်း
ရှေးဟောင်းတာအိုဂိုဏ်း?
အဲ့ဒီ့ဂိုဏ်းက သူ့ရဲ့ သားလိမ္မာလေး ရှိတဲ့ ဂိုဏ်းမဟုတ်လား
မတွေ့လို့ ဘယ်ဖြစ်ပါ့မလဲ
သူ့သားက အဲ့ဒီ့မှာ ကျင့်ကြံနေတာလေ။သူသာ တွေ့ဖို့ ငြင်းလိုက်ပါက သူ့သားကို ဂိုဏ်းက ဝိုင်းကြဉ်ထားရင် ဘယ်နှဲ့လုပ်မလဲ
“သွားမယ်။ကျုပ်ကို သူနဲ့တွေ့ဖို့ မြန်မြန်သာ ခေါ်သွားပေး” လီချန်ချင်းသည် သူဖတ်နေသော စာအုပ်များကို အလျင်အမြန် ပစ်ချလိုက်ကာ ရင်တုန်စွာနှင့် ပြောလိုက်သည်။
ကျောင်းမှာ စာသင်ပေးတဲ့ ဆရာက မိဘနဲ့ လာတွေ့တာပဲ၊မြန်မြန်သွားမှ ဖြစ်မယ်။မဟုတ်ရင် သူ့သားရဲ့ အနာဂတ်ကတော့ ဒုက္ခရောက်ပြီပဲ
“ကျုပ် လမ်းပြပါ့မယ်” အကြီးအကဲက အလျင်အမြန် ဆိုလိုက်သည်။
ခန်းမကြီးထဲ၌ စောင့်ဆိုင်းနေသည့် ရှမူဟိုင်သည်လည်း အနည်းငယ် စိတ်ဖိစီးမှုဖြစ်နေခဲ့သည်။
ဒီလိုမျိုး စွမ်းအားကြီး ပုဂ္ဂိုလ်က သူ့ကိုတွေ့မှာလား
“အာ” ရှမူဟိုင်သည် သူ၏ နဖူးအား ပြန်ရိုက်လိုက်မိလေသည်။
“တောင်သခင် ဘာတွေလုပ်နေတာလဲ” ယန်ပါးထောင်သည် ရှမူဟိုင်အား အံ့အားသင့်စွာ ကြည့်ပြီး မေးလိုက်ပြန်၏။
“ငါ အသုံးမကျတာကွာ၊ကျုပ်က ဆရာကြီးလီချန်ချင်း ထွက်လာတာကို ဝမ်ရှုမျှော်စင် အရှေ့မှာ စောင့်နေသင့်တာဗျ။အခုလိုမျိုး သူ့ကို လာတွေ့ခိုင်းတာမျိုးက လုံးဝကို မသင့်တော်ဘူးလေ။ကျုပ်က တကယ်ပဲ အမှားတခုကို လုပ်မိသွားခဲ့တာပဲ” ရှမူဟိုင်က နောင်တရစွာ ဆိုလိုက်သည်။
“ကျုပ်ကို ဝမ်ရှုမျှော်စင်ကို ခေါ်သွားပေးပါ” ရှမူဟိုင်က အလျင်အမြန်ပြောလိုက်သည်။
ဒါပေမယ့် ရှမူဟိုင် စကားဆုံးသွားသည်နှင့် အပြင်ဖက်မှ ကျယ်လောင်သော အသံတခု ထွက်ပေါ်လာခဲ့၏။
“မဟာအကြီးအကဲ ကြွချီလာပါပြီ”
“သူ ရောက်လာပြီ” ယန်ပါးထောင်က ပြုံးရင်းဆိုလိုက်သည်။
“တောင်သခင် ကိုယ်တိုင် သွားဖို့ မလိုတော့ပါဘူး။ဆရာကြီးလီချန်ချင်းက ရောက်လာပါပြီ”
“မဟာအကြီးအကဲ?”
ရှမူဟိုင်သည် ယန်ပါးထောင်ကို ထူးဆန်းသော အမူအရာနှင့် စိုက်ကြည့်လိုက်တော့သည်။
ဒီလို ယန်မိသားစုသေးသေးလေးက စွမ်းအားကြီးမားတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို မဟာအကြီးအကဲလုပ်အောင် ဘယ်လိုများ လှည့်ဖျားလိုက်တာလဲ
ဒါကသာ အမှန်ဆိုရင်တော့ ယန်မိသားစုကတော့ ကောင်းကင်ကိုးထပ်အမြင့်အထိကို ပျံသန်းနိုင်နေတော့မှာပဲ
ဒါပေမယ့် အခုချိန်က ဒီအကြောင်းကို မေးဖို့အတွက် အချိန်ကောင်း ဟုတ်မနေခဲ့ပေ။ရှမူဟိုင်သည် မတ်တပ်ရပ်ကာ သူ၏ ညစ်ပေနေသော တာအိုဝတ်ရုံကို သပ်ရပ်အောင် ကြိုးစားပြုပြင်လိုက်လေ၏။
ထိုအချိန်မှာပင် လီချန်ချင်းက အတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။
ယခုအကြိမ်သည် ရှမူဟိုင်က လီချန်ချင်းကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းသာ ဖြစ်သည်။
သူ့ရဲ့ ပထမဦးဆုံးအမြင်ကို ဘယ်လိုနားလည်အောင် ဖော်ပြပေးရမလဲ
အရမ်း အရမ်း အရမ်းကို…… သောက်ရမ်းကိုကွာ ဒီငနဲက သာမန်ဆန်လွန်းတယ်
ထိုသူ၏ ပုံစံမှာ မအောင်မြင်သော စာပေသမားတဦးနှင့် တူပေသည်။လီချန်ချင်းထံမှ လွန်စွာ ရိုးရှင်းသော ခံစားချက်မျိုးကို ရှမူဟိုင်က ရရှိနေခဲ့တော့၏။
သူ့ပုံစံက စွမ်းအားကြီးကျွမ်းကျင်သူနှင့် တူဖို့မပြောနှင့်၊စွမ်းအားကြီးကျွမ်းကျင်သူ၏ အစေခံနှင့်ပင် တူမနေခဲ့ပေ။ထို့အပြင် ထိုသူထံမှ ရှမူဟိုင်သည် နတ်ဘုရားစိတ်ဝိဉာဉ်ဖိအားကို လုံးလုံးမခံစားခဲ့ရပေ။
ရှေးဟောင်းတာအိုဂိုဏ်းတွင်လည်း ပန်းချီပညာရှင်များ ရှိလေ၏။ရှမူဟိုင်သည် ထိုသူများနှင့် တွေ့ဆုံသည့်အခါမျိုးတွင် သူတို့ထံမှ အလိုအလျှောက်ထွက်ပေါ်နေသော နတ်ဘုရားဝိဉာဉ်ဖိအားကြီးကို ခံစားခဲ့ရလေသည်။ထိုဖိအားမှာ ကောင်းကင်နှင့်မြေကြီးနှင့် ဆက်နွယ်နေကာ၊မိုးမြေအောက်တွင် သူတို့ကသာ ကောင်းကင်နှင့်မြေကြီးကို ပိုင်စိုးနေသည့်အလားပင် ဖြစ်၏။
ဒါပေမယ့် လီချန်ချင်းထံမှ ထိုကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်မနေခဲ့ပေ။သူက သာမန်လူထဲမှ သာမန်လူသာ ဖြစ်၏။
ပြီးတော့ လီချန်ချင်း၏ ရှမူဟိုင်ကို တွေ့တွေ့ချင်း ပထမဦးဆုံး ခံစားချက်မှာ ရှေးဟောင်းတာအိုဂိုဏ်းမှာ လွန်စွာ မွဲတေသော ဂိုဏ်းတဂိုဏ်းဟု ခံစားလိုက်ရခြင်းပင် ဖြစ်ပါသည်။
တောင်ထိပ်သခင်တပါးက သူတောင်းစားရုပ်ပေါက်နေတာပဲ ကြည့်…
သူ့ တာအိုဝတ်ရုံက မလျှော်တာ ဘယ်လောက်ကြာပြီလဲ မသိဘူး…
တောင်ထိပ်သခင်တွေတောင်မှ အခုလို စုတ်စုတ်ပြတ်ပြတ်နေနေရတယ်ဆိုတော့ ငါ့သားလေးကတော့ အစားမှ စားရပါ့မလား
သူ့သားက အာဟာရချို့တဲ့နေပြီး ပိန်ချုံးကျနေမလား?
ရှမူဟိုင်မှာ တောင်ထိပ်သခင်လို့ ကျိန်တွယ်ပြောလျှင်တောင် ယုံချင်စရာ တစက်လေးမှ ရှိမနေပေ။သူ့ပုံစံမှာ သူတောင်းစားအကြီးအကဲနှင့်ပဲ တူနေ၏။
“လီချန်ချင်းပါ” လီချန်ချင်းက ရှေ့သို့ တလှမ်းတိုးကာ လက်ကို ဆုပ်ပြီး အရင်နှုတ်ဆက်လိုက်၏။
“ရှမူဟိုင်ပါ” လီချန်ချင်းက သူ့အား အရင်ဆုံးနှုတ်ဆက်သဖြင့် ရှမူဟိုင်ကလည်း အလျင်အမြန်ပင် ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်လေ၏။
ရှမူဟိုင်အတွက် လီချန်ချင်းမှာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်နှင့် မတူညီနေသည့်တိုင် ရှမူဟိုင်သည် အလွန်ရိုသေစွာ ဆက်ဆံခဲ့ပါသည်။
လီချန်ချင်းက ယန်မိသားစုကိုပေးခဲ့သော ပန်းပုရုပ်ထုမှာ သူ၏ နားလည်နိုင်စွမ်းများထက် ကျော်လွန်နေခဲ့ခြင်းကို ထည့်မပြောရသေးပေ။
မူလနယ်ပယ်ကို ရောက်နေသော ယန်ဒေါင်ချန်းကိုပဲ ကြည့်။သူက ချန်ချင်းပန်းချီဆိုင်ကို ရောက်သွားတာနဲ့ တချက်တည်း အသတ်ခံခဲ့ရတယ်မဟုတ်ပါလား။ဒါမျိုးက သာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။
“ကျုပ်က ခင်ဗျားအကြောင်းကို ကြားဖူးပါတယ်” လီချန်ချင်းက အလျင်အမြန်ပင် ဆိုလိုက်လေသည်။
“ကျုပ်ကြားတာတော့ ခင်ဗျားက ရှေးဟောင်းတာအိုဂိုဏ်းက တောင်ထိပ်သခင်တဲ့။ကျုပ်ရဲ့ သားဖြစ်သူကလဲ ရှေးဟောင်းတာအိုဂိုဏ်းက တပည့်တယောက်ပါ။ဒီတော့ ခင်ဗျားက စာသင်ပေးတဲ့ ကျောင်းဆရာတွေလိုပေါ့။ကျုပ်သားက မလိမ်မာတဲ့ ကလေးပါ။သူ့ကြောင့် ခင်ဗျားပင်ပန်းခဲ့ရတာတွေအတွက် ကျုပ်စိတ်မကောင်းပါဘူး”
“ဟမ်”
ရှမူဟိုင်သည် အူကြောင်ကြောင် ဖြစ်သွားတော့သည်။
ကျောင်းဆရာဆိုတာက ဘာလဲဟ?
သို့သော် လီချန်ချင်း၏ ဆိုလိုရင်းကို ရှမူဟိုင်က အကြမ်းဖျဉ်းနားလည်ခဲ့လေသည်။ထိုကြောင့် ခပ်မြန်မြန်ပင် ယဉ်ကျေးစွာနှင့် ပြန်ဖြေလိုက်တော့သည်။
“လီဟမ်ရှန်းက ရှေးဟောင်းတာအိုဂိုဏ်းမှာ အရမ်းတော်တဲ့ တပည့်တယောက်ပါ။သူ့ကို အကြီးအကဲ လီချန်ချင်းရဲ့သားဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။သိပ်မကြာခင်ကပဲ အဲ့ဒါကို သိခဲ့ရတာကြောင့် အခုလာတွေ့တာပါ”
“ဒါပေါ့ ဒါပေါ့ ထိုင်ပါဦး” လီချန်ချင်းသည် ရှမူဟိုင်အား ထိုင်ရန် ဖိတ်ခေါ်လိုက်လေ၏။
ယန်ပါးထောင်သည် လိမ်မာပါးနပ်စွာနှင့် တံခါးဝသို့ လျှောက်သွားပြီး လီချန်ချင်းတို့ စကားအေးဆေးပြောဆိုနိုင်ရန်အတွက် ရှောင်ပေးလိုက်လေသည်။