← Chapters

မဟုတ်ဘူး၊ကျုပ် သားက ဒီထက်ပိုဆိုးသွမ်းလို့ မဖြစ်တော့ဘူး

Vol. 3 Ch. 26

မဟုတ်ဘူး၊ကျုပ် သားက ဒီထက်ပိုဆိုးသွမ်းလို့ မဖြစ်တော့ဘူး

Vol. 3 Ch. 26

“ဒီတကြိမ် စီနီယာလီချန်ချင်းဆီကို လာရတဲ့ အကြောင်းအရင်းက ဆွေးနွေးစရာ ရှိနေခဲ့လို့ပါ” ရှမူဟိုင်က လွန်မင်းစွာ လေးနက်သည့် အမူအရာနှင့် ပြောလိုက်သည်။

“ပြောသာပြောပါ” လီချန်ချင်းကလဲ စိတ်ပါလက်ပါနှင့် နားထောင်နေခဲ့သည်။

ရှမူဟိုင်၏ ဝတ်ဆင်ပုံမှာ စုတ်ပြတ်နေသည့်တိုင် သူ၏ စိတ်နေစိတ်ထားနှင့် စကားပြောဆိုမှုမှာ လီချန်ချင်းအား ကောင်းမွန်သော ခံစားချက်ကို ရရှိစေခဲ့သည်။

သူက ယဉ်ကျေးသည်၊စကားပြောဆိုရာ၌လည်း အဆင်ပြေသည်။ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် သားဖြစ်သူလီဟမ်ရှန်းကို ဆိုးရွားသော ပတ်ဝန်းကျင်၏ သက်ရောက်မှုမျိုး ဖြစ်မည်ကို သူ စိတ်ပူနေစရာ မလိုတော့ပေ။

သူ၏ အတိတ်ဘဝတွင် သားဖြစ်သူကို ကျောင်းကောင်းကောင်းတွင် ထားနိုင်ရန် ငွေကြေးမလုံလောက်သောကြောင့် သူ့သွေးကို ဖောက်ထုတ်ကာ ရောင်းချခဲ့ရသည်။

ကျောင်းကို သွားအပ်သည့်အခါတွင်လည်း သူက သာမန်လက်သမားဖြစ်နေသောကြောင့် ကျောင်းအုပ်ကြီးမှ နှိမ့်ချဆက်ဆံခြင်းကို ခံခဲ့ရပြန်သည်။

သူ့အား လုံးဝ လေးစားမှုမရှိခဲ့ပေ။

ပွဲတော်များတွင် ဆရာ၊ဆရာမများကို မျက်နှာလုပ်ကာ လက်ဆောင်ပေးရလေ့ရှိသည်။ထိုသို့ မပေးနိုင်ပါက မပေးနိုင်သော ကလေးကို သင်ကြားမှုကောင်းကောင်းမပေးကြပဲ ကျောင်းတွင် ခက်ခဲအောင် ဆရာ၊ဆရာမ များက လုပ်ကြလေ့ရှိသည်။သူ့သား၏ ပညာရေးအတွက် လီချန်ချင်းမှာ သူ၏ တန်ဖိုးအရှိဆုံး သစ်သားများစွာကို ရောင်းချခဲ့ရလေသည်။

ထိုသို့ဆိုလျှင်တောင်မှ သူ့သားက သူမျှော်လင့်သလို မဟုတ်ပဲ စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။

အတိတ်က အကြောင်းအရာများကို ပြန်တွေးရုံနှင့်ပင် လီချန်ချင်း၏ ဦးခေါင်းများသည် တဆစ်ဆစ်နှင့် ကိုက်ခဲလာတော့သည်။

ယခု သူ့၌ ဘဝသစ်နှင့် သိတတ်သော သားလိမ္မာတစ်ယောက် ရရှိနေပြီ ဖြစ်သောကြောင့် ယခင်ကလို အဖြစ်မျိုးကို ထပ်အဖြစ်မခံနိုင်တော့ပေ။

သူက သားဖြစ်သူအတွက် လုံခြုံစိတ်ချရကာ၊အဆင်ပြေလောက်သော သင်ကြားမှု ပတ်ဝန်းကျင်တခုကို ဖန်တီးပေးရပေလိမ့်မည်။

ပြီးတော့ သားဖြစ်သူအတွက် တောက်ပတဲ့ အနာဂတ်တခုကို ဖန်တီးပေးရလိမ့်မည်။

“သိပ်မကြာခင်က မင်ဟုန်ခရိုင်ကို ရောက်လာတဲ့ တစ္ဆေကျင့်ကြံသူတွေအကြောင်းကို စီနီယာ သိထားပြီး ဖြစ်မှာပေါ့”

ရှမူဟိုင်၏ စကားသံမှာ လေတိုးသံကဲ့သို့ တိုးညှင်းသွားခဲ့သည်။

လီချန်ချင်းက ယန်ဒေါင်ချန်းကို သတ်ဖြတ်ခဲ့သည်ဟု ရှမူဟိုင်က ယူဆထားသည်မဟုတ်ပါလား။ထို့ကြောင့် တစ္ဆေကျင့်ကြံသူများနှင့် ပတ်သက်ပြီး လီချန်ချင်းက သိကို သိရမည်ဟု ရှမူဟိုင်ကတွေးထားခဲ့လေသည်။

“သိတယ်” လီချန်ချင်းက ခေါင်းညိမ့်ပြလိုက်သည်။

လီဟမ်ရှန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး စာရေးပြီးတော့ပင် သူ့အား သေချာအကြောင်းကြားခဲ့သည် မဟုတ်ပါလား။

‘ထင်ထားတဲ့ အတိုင်းပဲ’

ရှမူဟိုင်သည် စိတ်ထဲမှ ခေါင်းညိတ်လိုက်တော့သည်။တကယ့်ကိုပဲ လီချန်ချင်းက ယန်ဒေါင်ချန်းကို သတ်ပစ်လိုက်ခဲ့တာပဲ

“ဒီကိစ္စက စီနီယာရဲ့ သားဖြစ်သူနဲ့ အနည်းနဲ့အများတော့ ဆက်စပ်နေပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့၊ကိစ္စအကြီးကြီး မဟုတ်ပါဘူး”

ရှမူဟိုင်က အလျင်အမြန်ပင် စိတ်ချစေရန် ပြောလိုက်သည်။

“ဟင်” လီချန်ချင်းသည် အံ့အားသင့်သွားသည်။

သူ့သားနှင့် သက်ဆိုင်နေတယ်ဆိုပါလား

လီချန်ချင်းသည် တစ္ဆေမျိုးနွယ်များနှင့် ပတ်သက်ပြီး ဘာမှ တိတိပပ မသိပေ။သူသိရသလောက်ကတော့ တစ္ဆေကျင့်ကြံသူများမှာ နာမည်အရတော့ ကောင်းသည့်လူများ ဟုတ်မည့်ပုံမပေါ်ပေ။

ဒီကိစ္စက သူ့သားနဲ့ ပတ်သတ်နေတယ်တဲ့လား

ဖြစ်နိုင်တာက သူ့သားက လက်ဝဲကျင့်ကြံသူများ ဖြစ်သွားလို့လား

လီချန်ချင်း၏ မော်ဒန်ကမ္ဘာမှ နားလည်မှုအရတော့ ယခုဖြစ်ရပ်မှာ ကျောင်းကို လိမ်လိမ်မာမာတက်နေသော သားဖြစ်သူကို ကျောင်းမတက်ပဲ ပေတေလေလွင့်နေသော လူငယ်လေးများမှ လာဖျက်ဆီးကာ ဆေးချတတ်အောင် သင်ပေးနေသည့် သဘောတရားနှင့် တူညီနေခဲ့သည်။

သူတို့တွေက သားဖြစ်သူကို ဖျက်ဆီးနေတာတော့ မဟုတ်ပါဘူးနော်

“ဒီတခေါက် ရောက်လာကြတဲ့လူတွေက ကံကြမ္မာကြယ်တာရာနန်းတော်၊ယင်တန်မျှော်စင်တို့အပြင် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်တို့ပါ ပါလာခဲ့တယ် စီနီယာ”

ရှမူဟိုင်က လီချန်ချင်းကို ဆက်လက်၍ ရှင်းပြနေခဲ့သည်။

ဟ ငါ့သားကို လာဖျက်ဆီးတဲ့ အဖွဲ့က သုံးဖွဲ့တောင်လား

ဒါမျိုးကို လက်သင့်ခံလို့ ဘယ်ဖြစ်လိမ့်မလဲ

“ကျုပ်သားက သူတို့နဲ့ အတူတူပါသွားသေးလား” လီချန်ချင်းက စိတ်ဖိစီးစွာ မေးလိုက်သည်။

သူ့သားကသာ လူဆိုးတွေနဲ့ ပေါင်းသင်းမိတာမျိုးကိုတော့ မိမိလက်မခံနိုင်ပါချေ။

“မဟုတ်ဘူး စီနီယာ၊သူတို့ရဲ့ ပစ်မှတ်က လီဟမ်ရှန်း မဟုတ်ခဲ့ဘူး။လီဟမ်ရှန်းရဲ့ ဂျူနီယာညီမလေး ဖြစ်တဲ့ လုချောင်းချောင်းကမှ သူတို့ရဲ့ ပစ်မှတ်ပဲ”

ရှမူဟိုင်သည် ထိုနေ့က လီဟမ်ရှန်းအပေါ် ဖြစ်ရပ်များကို အပေါ်ယံ ရှင်းပြလိုက်သည်။

သို့သော် ချီရှန်းအမိန့်ပြားနှင့် ပတ်သက်သည့် အချက်အလက်များအထိတော့ သူမရှင်းပြခဲ့ပါချေ။

“ဘာကွ”

လီချန်ချင်း၏ မျက်ဝန်းထဲတွင် အေးစက်မှုအလင်းတန်းများ ဖြတ်ပြေးသွားခဲ့လေ၏။

ဒီလူဆိုးကောင်တွေက သူ့သားကို အကျင့်ပျက်စီးအောင် ဖျက်ဆီးချင်ရုံမကပဲ၊သူ့သားရဲ့ ချစ်သူကောင်မလေးကိုပါ ခေါ်သွားသေးတယ်တဲ့လား

ငါလခွမ်း၊ဒီကလေးကတော့ ခုမှ ဆယ်ကျော်သက်ပဲ ရှိသေးတယ်…ချစ်သူတောင် ရနေပြီလား

အဲ့ဒီ့ထက်ဆိုးတာက အနာဂတ်မှာ သူက အဲ့လိုမျိုး အကျင့်ပျက်စီးသွားတဲ့ သူ့ကောင်မလေးကို သွားရှာရင် ရှာလောက်တယ်

လီချန်ချင်း၏ ခေါင်းထဲ၌ ရုပ်ရှင်ပိတ်ကားကို ကြည့်ရသလို စိတ်ကူးပုံရိပ်များ ပေါ်လာခဲ့သည်။

သူ့ စိတ်ကူးထဲ၌ သားဖြစ်သူ လီဟမ်ရှန်းမှာ ရှေးဟောင်းတာအိုဂိုဏ်းဟူသော ကောလိပ်ကျောင်း၌ အားကြိုးမာန်တက်နှင့် ဘွဲ့ရအောင် စာကြိုးစားနေခဲ့ပြီး သူ့ဘဝ၏ ထိပ်ဆုံးသို့ ရောက်အောင် အားထုတ်နေခဲ့သည်။ဒါပေမယ့် ထိုအခိုက် သူ့သားက စာကြိုးစားနေသောကြောင့် ချစ်သူ မိန်းကလေးကို ဂရုစိုက်မှု လုံလောက်အောင် မပေးနိုင်ချိန်တွင် အပြင်လောကမှ တေလေဂျပိုးလူငယ်များမှ မနူးမနပ် လုချောင်းချောင်းလေးကို လမ်းလွဲအောင် လုပ်လိုက်ကြသည်။

လုချောင်းချောင်းမှာ စီးကရက်ကို ခဲကာ ၊သူမ၏ လက်များ၊လည်ပင်းနှင့် ခြေထောက်များတွင် တက်တူးများအပြည့်နှင့်ဖြစ်နေပြီး ကလေးနှစ်ယောက်ကိုလည်း ပိုက်ထားလေ၏။

သူမက သူ၏သားဖြစ်သူအား လက်ယပ်ခေါ်ကာ မခိုးမခန့် ပြုံးရင်းနှင့်

“မောင်လေးရေ ဟောဒီက အစ်မကြီးကတော့ ပျော်ပါးလို့ ဝလို့ အခုပြန်လာပြီလေ။အခု ပျော်လို့လဲ ဝပြီဆိုတော့ ရိုးသားတဲ့ ငါ့မောင်လေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။မောင်လေးရဲ့ အဖေကို လက်ဖွဲ့ငွေ ငါးမီလီယမ်လောက် ပြင်ဆင်ခိုင်းထားလိုက်တော့။မမတို့တွေ မင်္ဂလာပွဲအကြီးကြီးလုပ်မယ်။ဒီကလေးနှစ်ယောက်ကလည်း မောင်လေးရဲ့ ကလေးတွေပဲနော် ခစ်ခစ်”

ထိုအတွေးကိုတွေးပြီး လီချန်ချင်းမှာ ကျောရိုးထဲထိပင် စိမ့်သွားခဲ့လေ၏။

ကြောက်စရာပဲ

“ဒါမျိုးက လုံးဝကို ဖြစ်လို့မရဘူး”

လီချန်ချင်းသည် ရှမူဟိုင်ကို လေးနက်သော အမူအရာနှင့် ကြည့်ကာ ပြောလိုက်တော့သည်။

“မူဟိုင်ဖုန်းတောင်သခင် ဒီကိစ္စကို ဒီထက်ပိုပြီး လက်သင့်ခံလို့ မရဘူး”

ရှမူဟိုင်သည် လီချန်ချင်းထံမှ စကားကို ကြားသော် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စကားအဓိပ္ပာယ်ကို တွေးတောနေခဲ့၏။

ထို့နောက်မှ ရှမူဟိုင်သည် လီချန်ချင်း၏ ဆိုလိုရင်းကို နားလည်သွားခဲ့လေတော့သည်။ဒီကိစ္စကို လက်ခံလို့မရတော့ဘူးဆိုသည့် အဓိပ္ပာယ်မှာ တစ္ဆေကျင့်ကြံသူများမှ ယခုလိုမျိုး လီဟမ်ရှန်းကို အနိုင်ကျင့်သည့် ဖြစ်ရပ်များကို လက်ခံလို့ မရတော့ဟု ဆိုလိုခြင်း ဖြစ်ရပေမည်။

“စီနီယာလီချန်ချင်းရဲ့ ဆိုလိုရင်းကို ကျုပ်နားလည်ပါတယ်” ရှမူဟိုင်က ခေါင်းညိတ်ကာ မဝံ့မရဲ ဆိုလိုက်လေသည်။

“တကယ်တော့ ဒီနေ့ ကျုပ်လာတာက စီနီယာလီချန်ချင်းရဲ့ ထင်မြင်ချက်ကို လာတောင်းတာပါ။ကျုပ်က လီဟမ်ရှန်းကို ကျုပ်ရဲ့ တိုက်ရိုက်တပည့်အဖြစ်လက်ခံပြီး မူဟိုင်ဖုန်းတောင်ကို ခေါ်ပြီး သင်ကြားပေးချင်လို့ပါ။အဲ့ဒါကို စီနီယာလီချန်ချင်းက သဘောတူပါ့မလားဆိုတာကို သိချင်ပါတယ်”

“ခင်ဗျားရဲ့ တိုက်ရိုက်တပည့် ဖြစ်ရမယ်?” လီချန်ချင်း၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားတော့သည်။ရှမူဟိုင်၏ ပုံစံမှာ နွမ်းပါးဆင်းရဲသည့်တိုင် ဒီလူက စိတ်ဓာတ်ကောင်းကာ အကျင့်ကောင်းမည့်ပုံပင်။

ဒီလိုမျိုး ဆရာရှိနေမှတော့ သူက ဘာများ စိတ်ပူပန်နေဖို့ လိုအပ်နေဦးမှာလဲ

ဒီ ရှမူဟိုင်က သူ့သားရဲ့ အတန်းပိုင်ဆရာဖြစ်လာမယ့် သဘောပေါ့

“ဟာ ကျုပ်သဘောတူပါတယ်ဗျာ။ခင်ဗျားက ကျုပ်သားရဲ့ အတန်းပိုင်ဖြစ်နေမှတော့ ကျုပ်က ဘာကို စိတ်ပူဖို့ လိုအပ်နေဦးမှာလဲ”

လီချန်ချင်းက လျင်မြန်စွာ ပြုံးလိုက်ပြီး ချက်ချင်းကို သဘောတူလိုက်တော့သည်။

အတန်းပိုင်ဆရာဆိုတာက ဘာလဲဟ?

ရှမူဟိုင်မှာ လီချန်ချင်း ပြောလိုက်သော စကားကို နားမလည်သည့်တိုင် လီချန်ချင်းက သဘောတူလိုက်တာကိုတော့ သူက သိလိုက်လေသည်။

“စိတ်ချပါ စီနီယာ လီချန်ချင်း ကျုပ်က လီချန်ချင်းကို အနာဂတ်မှာ သေချာလေးကို ဂရုစိုက်မှာပါ။ရှေးဟောင်းတာအိုဂိုဏ်းမှာ သူ့ကို သေချာဂရုစိုက်ပြီးတော့ မူဟိုင်ဖုန်းတောင်ရဲ့ အကောင်းဆုံးအရင်းအမြစ်တွေကိုပဲ သူ့ကို ပေးမှာပါ”

ရှမူဟိုင်က လီချန်ချင်းမှ သူ့အပေါ်ကျေးဇူးတင်သွားစေရန် ထပ်ပြောခဲ့သည်။

“မူဟိုင်ဖုန်းက အကောင်းဆုံးအရင်အမြစ်တွေလား” လီချန်ချင်းက မျက်မှောင်ကြုံ့ပြီးနောက် ရှမူဟိုင်ကို တချက်ကြည့်လိုက်သည် ထို့နောက်တွင် သက်ပြင်းဖျော့တချက် မှုတ်ထုတ်လိုက်လေ၏။

လီချန်ချင်း၏ အမြင်တွင် ရှမူဟိုင်မှာ ခွေးတကောင်ထက်ပင် ဆင်းရဲသေး၏။

သူ့လို လူဆင်းရဲက လီဟမ်ရှန်းအတွက် အကောင်းဆုံးအရင်းအမြစ်တွေကို ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ

သုံးရက်တကြိမ် ထမင်းကျွေးမှာကို ပြောတာများလား?

ဘယ်လောက်ပဲ ဆင်းရဲပါစေ၊ပညာသင်ကြားရာတွင် မချွေတာသင့်ပေ။ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကလေးများကို မခံစားစေသင့်ပေ။

လီချန်ချင်းသည် သားဖြစ်သူတစ်ယောက် အေးအေးဆေးဆေး ကျင့်ကြံနိုင်ရန်အတွက် အနာဂတ်၌ ငွေပိုရှာရန် ဆုံးဖြတ်ချက်ချထားလေသည်။

ဒီရက်ပိုင်းတွင် စာများစွာတို့ကို ဖတ်ရှုပြီးနောက်တွင် လီချန်ချင်းသသည် ကျင့်ကြံသူများအတွက် စွမ်းအားကြီးအောင် ကျင့်ကြံရာတွင် ကျင့်ကြံမှုအရင်းအမြစ်များမှ လွန်စွာ အရေးတကြီး လိုအပ်ကြောင်းကို သိလာခဲ့တော့သည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့် အမျှ ကျင့်ကြံရန်လိုအပ်သော အရင်းအမြစ်များမှာလည်း ပိုမို၍ လိုအပ်လာလေလေ ဖြစ်၏။

အရင်းအမြစ်များမှာလည်း ပို၍ ပို၍ပင် ဈေးကြီးလာလိမ့်မည်

“ဒါဆိုလည်း တောင်ထိပ်သခင်ကို ကျုပ်က ဒုက္ခပေးရဦးမှာပါပဲ”

လီချန်ချင်းသည် ရှမူဟိုင်၏ စုတ်တီးစုတ်ပြတ်နေထိုင်သည့် ပုံစံကို သဘောမကျသည့်တိုင် ထုတ်ပြော၍ မဖြစ်ပါချေ။

ထို့နောက် သူက ထပ်ပေါင်းထည့်ပြောလိုက်ပြန်သည်။

“ကျုပ်သားရဲ့ ကျင့်ကြံခြင်းက အနာဂတ်မှာ အခက်အခဲတွေ ဖြစ်လာတာမျိုးဆိုရင် တောင်သခင်က လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်။သူက ခေါင်းမာနေတာတို့၊စကားနားမထောင်တာတို့၊တခုခု မကောင်းတာလုပ်တာတို့ဆိုရင်တော့ သူ့ကို ဖင်စုတ်အောင် ရိုက်နှက်နိုင်ပါတယ်”

ထိုစကားကိုကြားသော် ရှမူဟိုင်က အားတင်းကာ ပြုံးလိုက်လေသည်။

ရှမူဟိုင်တစ်ယောက်က စိတ်ထဲ၌ ပြောလိုက်လေသည်။

ခင်ဗျားလိုမျိုး စွမ်းအားကြီးတဲ့ အဖေရှိနေမှတော့ ကျုပ်က ရိုက်ရဲဦးပါ့မလား

ကျုပ်သာ ရိုက်မိကြည့်ပါလား…ခင်ဗျား လက်ချက်နဲ့ ကျုပ်က အသက်ဘယ်ကနေ ထွက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး

ခင်ဗျားက ယန်ဒေါင်ချန်းကိုတောင် တချက်တည်း သတ်ပစ်လိုက်တာလေ။ကျုပ်ဆိုရင်တောင် ခင်ဗျားအရှေ့မှာ ကြက်သာသာ အဆင့်လောက်ပဲ ရှိမှာကို

“အခုလိုမျိုး ခင်ဗျားနဲ့ တွေ့တာ ကျုပ်မှာ လက်ဆောင်ပစ္စည်းတောင် ဘာမှ မပြင်ဆင်ခဲ့ရဘူး။ဟီဟီး ဒါလေးကတော့ ကျုပ် အချိန်အားတုန်း လုပ်ထားတာလေးပါ။ခင်ဗျားသာ စိတ်မရှိဘူးဆိုရင် အမှတ်တရလက်ဆောင်အနေနဲ့ ယူထားလိုက်ပါ။အချိန်တခုရောက်ရင် အသုံးဝင်ရင်လည်း ဝင်လာမှာပေါ့”

သူက ပြောနေရင်းနှင့် လီချန်ချင်းသည် သူ၏ ဝတ်ရုံအတွင်းမှ တစုံတခုကို ထုတ်ယူကာ ရှမူဟိုင်ကို ပေးလိုက်လေ၏။

“ဒီမှာပါ”

ရှမူဟိုင်သည် လီချန်ချင်းပေးသော ပန်းပုရုပ်လေးကို တယုတယနှင့် ကိုင်လိုက်လေ၏။သူက လီချန်ချင်းထံမှ ထိုသို့သော အခွင့်အရေးရမည်ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ။

သူက လီဟမ်ရှန်းကို တပည့်အဖြစ်လက်ခံခြင်းမှာ စိတ်ကောင်းစေတနာ ရှိလွန်းသောကြောင့် မဟုတ်ပါချေ။

လီဟမ်ရှန်း၏ ပါရမီမှာ လွန်စွာမှကို နည်းပါးလှပေသည်။နည်းပါးလွန်းသောကြောင့် အပြင်စည်းတပည့် ဖြစ်ရန်ပင် မလုံလောက်ပါချေ။သို့သော် လီဟမ်ရှန်းတွင် ဖခင်ကောင်းတစ်ယောက်ရှိပေ၏။

ပြီးတော့ မှော်ဆန်ေသာ ပန်းပုရုပ်ထုကို ထုနိုင်သည့် စွမ်းအားကြီးသည့် ဖခင်ဖြစ်သည်။

ရှမူဟိုင်သည် ဤအဆင့်တွင် တစ်ဆို့နေသည်မှာ အချိန်အလွန်ကြာမြင့်နေခဲ့ပြီ။ထို့ကြောင့် အဆင့်ချိုးဖျက်တက်ရောက်ရန်အတွက် အခွင့်အရေးကို ရှာသည်မှာ သဘာဝသာ ဖြစ်သည်။လီချန်ချင်း၏ ပန်းပုရုပ်များမှာသာ သူ၏ တခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်သည်။

All Chapters