သစ်သားအမွှေးတိုင်အိုး
Vol. 3 Ch. 27
“ဒါက ကျုပ်အတွက်လား” ရှမူဟိုင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများစွာတို့နှင့် ပြည့်နှက်သွားခဲ့ချေပြီ။
သူက နှုတ်မှ မေးလိုက်သော်လည်း သူ့လက်များမှာ သစ်သားရုပ်ကို လှမ်းယူနေခဲ့ချေပြီ။
“ဒါက…” သူ့လက်ထဲမှ ပန်းပုရုပ်ကို ကြည့်ပြီးနောက် ရှမူဟိုင်၏ နှလုံးသားမှာ ခုန်ပေါက်သွားခဲ့တော့သည်။
ထိုပန်းပုရုပ်မှာ အမွှေးတိုင်အိုးအကြီးစားပုံပင် ဖြစ်သည်။
“အမွှေးတိုင်ဒယ်အိုးကြီးပါလား”
ထိုအရာကို ကြည့်နေရင်းနှင့် ရှမူဟိုင်၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာခဲ့တော့သည်။လီချန်ချင်းကို ကြည့်သော အကြည့်များတွင် စိတ်ဝင်စားမှု အရိပ်အယောင်များစွာတို့ ပေါ်လာခဲ့တော့သည်။
“ခင်ဗျား မကြိုက်ဘူးလား” လီချန်ချင်းသည် ရှမူဟိုင်၏ အမူအရာကို ကြည့်ရင်း သူမကြိုက်ဘူးဟု ထင်မြင်မိသွားလေတော့သည်။ထို့ကြောင့် အခြားအရုပ်တခုကို ပြောင်းပေးရန် ပြင်လိုက်လေ၏။
“မဟုတ် မဟုတ်ပါဘူး။ကျုပ်မကြိုက်တာမဟုတ်ပါဘူး။အံ့ဩသွားမိတာပါ။စီနီယာ လီချန်ချင်းက တကယ့် အမွှေးတိုင်ဒယ်စောက်အိုးကြီးကို မြင်ဖူးတာလား”
ရှမူဟိုင်က အသက်ပြင်းပြင်းရှုကာ မေးလိုက်တော့သည်။
သူ့လက်ထဲမှ အမွှေးတိုင်ဒယ်စောက်အိုး ပန်းပုရုပ်လေးကို အဖိုးမဖြတ်နိုင်သော ရတနာ တပါးလို ကိုင်ဆောင်ရင်း ရှမူဟိုင်သည် ရင်တလှပ်လှပ် ခုန်နေခဲ့တော့သည်။
“ခင်ဗျားက ဒါမျိုးကို အရင်က မမြင်ဖူးတာလား” လီချန်ချင်းက သူ၏ မျက်ခုံးများကို တွန့်ကွေးလိုက်တော့သည်။
“အမွှေးတိုင်ဒယ်စောက်အိုးကြီးက ဒီလောက်တောင် ရှားတဲ့အရာဖြစ်နေလို့လားဟ”
“ကျုပ်က အမွှေးတိုင်အိုးတွေကို မြင်ဖူးတာပေါ့။ဒါပေမယ့် စီနီယာလီချန်ချင်းရဲ့ ပန်းပုရုပ်ထုကိုက ကျွန်တော်မြင်ဖူးတာတွေနဲ့ လုံးဝကို ကွာခြားနေခဲ့လို့ပါ”
“စန်းယွမ်ကုန်းမြေကြီးမှာဆိုရင် အမွှေးတိုင်ဒယ်စောက်အိုးတွေက အမွှေးတိုင်စွမ်းအားနဲ့ ကာမကုသိုလ်တွေပါဝင်နေတဲ့ ရှေးဟောင်းရတနာပစ္စည်းလိုမျိုး ဖြစ်နေတာ”
“ဒါပေမယ့် နှောင်းပိုင်းခေတ်တွေမှာ အမွှေးတိုင်ဒယ်စောက်အိုးတွေက တဖြေးဖြေးနဲ့ သမိုင်းကြောင်းတွေ၊ခေတ်အပြောင်းအလဲတွေကြားမှာတင် ပျောက်ကွယ်လာခဲ့တော့တာပဲ။အခုလက်ရှိ လူတွေ ပြုလုပ်ထားတဲ့ အမွှေးတိုင်ဒယ်စောက်အိုးတွေက ပုံပန်းသဏ္ဍာန်ပဲ တူတော့ပေမယ့် တကယ့်အစစ်အမှန်တွေလိုမျိုး အမွှေးတိုင်စွမ်းအားတွေကို တောင့်မခံနိုင်ကြတော့ဘူး
ပန်းချီဆရာတွေတောင်မှပဲ အမွှေးတိုင်ဒယ်စောက်အိုးကြီးရဲ့ တကယ့်အစစ်အမှန်အနှစ်သာရ ပါဝင်တဲ့ ပန်းချီကားတွေကို မရေးဆွဲနိုင်ကြတော့ဘူး”
“အဲ့ဒါကြောင့်မို့လို့ သဘာဝအတိုင်းဖြစ်နေပြီး အရမ်းကို ပြည့်စုံတဲ့ ဒယ်စောက်အိုးကို တွေ့လိုက်တာမို့လို့ ကျုပ်က အရမ်းကို အံ့အားသင့်သွားခဲ့တာပါ”
ရှမူဟိုင်သည် ပန်းပုရုပ်ကို လက်နှစ်ဖက်နှင့် သေသေချာချာလေးကို ကိုင်တွယ်လိုက်တော့လေသည်။
ထိုအရုပ်တွင် လီချန်ချင်းသည် ယခင်ဘဝက ပန်းပုထုတုန်းကလိုမျိုး ထွင်းထုကာ ရိုက်နှိပ်ထားသော သေးငယ်သော စာလုံးလေးများ၊သင်္ကေတလေးများ ရှိနေခဲ့ပါသည်။
ထိုသင်္ကေတများကို ကြည့်ရင်း ရှမူဟိုင်၏ စိတ်မှာ တုန်ရီသွားခဲ့တော့၏။သူ့နားထဲတွင် တီးတိုးပြောဆိုသံများကို ကြားလိုက်ရတော့သည်။
နတ်ဘုရားတပါးမှ သူ့အား တီးတိုးဆိုနေသည့်နှယ် ဖြစ်သည်။
ထို တိုးညှင်းကာ တုန်ယင်နေသည့် တီးတိုးသံမှာ ရှမူဟိုင်ကို နတ်ဂီတများကို နားဆင်နေရသည့်အလား ခံစားစေခဲ့ရတော့သည်။
“တောင်ထိပ်သခင်ရှ”
ထိုအခိုက်မှာပင် လီချန်ချင်း၏ စကားသံက ရှမူဟိုင်ကို ပြန်လည်လှုပ်နိုးစေခဲ့တော့သည်။နောက်တခဏမှာပင် ရှမူဟိုင်၏ တကိုယ်လုံးမှာ အေးစက်သော ချွေးများနှင့် စိုရွှဲနေခဲ့သည်ကို သတိထားမိခဲ့သည်။
သူက မသိလိုက်သည့်အချိန်မှာပင် ထိုထူးဆန်းသည့် သင်္ကေတ၏ ညှို့ယူခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား
သူက တခြားနေရာတွင် ရောက်နေသည့်အခိုက်တွင် ထိုအဖြစ်မျိုး ဖြစ်နေခဲ့ပါက၊သူဘယ်လိုသေသွားလဲဆိုတာကိုပင် သိလိုက်ရလိမ့်မည် မဟုတ်ပါချေ။
“ဘာဖြစ်လို့လဲ တောင်သခင်ရှ”
ရှမူဟိုင်မှာ သူပေးထားသော ပန်းပုရုပ်ကို စိမ်းစိမ်းကြီး ကြည့်နေခဲ့ခြင်းကြောင့် လီချန်ချင်းက လှမ်းခေါ်လိုက်ခြင်းသာ ဖြစ်ပါ၏။
“ဒီရတနာကို ပေးလို့ လူကြီးမင်းရဲ့ ကြင်နာမှုကို ကျုပ်အမြဲ အမှတ်ရနေမှာပါ” ရှမူဟိုင်သည် ခြေတလှမ်းဆုတ်ကာ လီချန်ချင်းကို ဦးညွတ်လိုက်ခဲ့သည်။
လီချန်ချင်းက သူ့အား ထိုသို့ အဖိုးတန် ပစ္စည်းတခု ပေးအပ်ခဲ့သည်။ထိုလုပ်ရပ်မှာ ရှမူဟိုင်အား လွန်မင်းစွာ ဂုဏ်ယူစေခဲ့မိလေသည်။
လီဟမ်ရှန်းအား သူ၏ သားအရင်းကဲ့သို့ ဆက်ဆံတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
“တောင်ထိပ်သခင်ကတော့ အားနာနေပါပြီ။ခင်ဗျားက ဟမ်ရှန်းရဲ့ အတန်းပိုင်ဆရာပဲလေ။ဒီလို လက်ဆောင်သေးသေးလေးကတော့ ထည့်ပြောဖို့တောင် မထိုက်တန်ပါဘူးဗျာ”
လီချန်ချင်းက အလျင်အမြန်ပင် ဆိုလိုက်လေ၏။
“စကားမစပ် ကိစ္စတခုကျန်သေးတယ်ဗျ” ရှမူဟိုင်က ရုတ်တရက် မျက်မှောင်ကြုံ့ကာ ဆိုလိုက်သည်။
“စီနီယာလီချန်ချင်းက ဘာဖြစ်လို့ ယန်မိသားစုရဲ့ မဟာအကြီးအကဲ ဖြစ်လာခဲ့ရတာလဲ”
“ဒါကတော…” လီချန်ချင်းသည် ယန်မိသားစု၏တံဆိပ်ပြားနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ရှမူဟိုင်အား ပြောပြလိုက်တော့သည်။
“ယန်မိသားစုက တော်တော့်ကို တွက်ချက်တတ်နေတာပဲ”
ရှမူဟိုင်က မဲ့ပြုံးတချက်ပြုံးကာ လှောင်လိုက်သည်။
“စီနီယာလီချန်ချင်း၊စီနီယာ့အနေနဲ့ ဒီလို မိသားစုသေးသေးလေးကို စိတ်ထဲထည့်ထားစရာ မလိုအပ်ပါဘူး။စီနီယာရဲ့ စွမ်းအားနဲ့ဆိုရင်ဘယ်နေရာကိုသွားသွား ကြယ်တစင်းလိုမျိုးထွန်းတောက်နေမှာပါ။သူတို့က ချင်ထင်မြို့က မိသားစုသေးသေးလေးပါ”
“စီနီယာလီချန်ချင်းသာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်နဲ့ အတူတူ ရှေးဟောင်းတာအိုဂိုဏ်းကို လိုက်ခဲ့ပါလား။ကျုပ်က အနည်းဆုံး အကြီးအကဲရာထူးပေးလို့ ရပါတယ်ဗျာ။ပြီးတော့ သားဖြစ်တဲ့ လီဟမ်ရှန်းကိုလည်း အချိန်မရွေး တွေ့လို့ရတယ်လေ။အဲ့ဒါက မကောင်းဘူးလား”
“ရှေးဟောင်းတာအိုဂိုဏ်းကို သွားရမယ်?” လီချန်ချင်းသည် တကိုယ်လုံး တုန်ရီသွားပြီးနောက်တွင် ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်တော့သည်။
မဖြစ်ဘူး
သူ့မှာ အရင် လီချန်ချင်းရဲ့ မှတ်ဉာဏ်ဆိုလို့ တခုမှ ရှိမနေဘူးလေ။သူ့သားဆီကို စာတစောင်ပို့နိုင်တာကပဲ တော်တော့်ကို ကံကောင်းနေခဲ့ပြီ။
သူသာ လီဟမ်ရှန်းနဲ့ မျက်နှာချင်းဆိုင်သာ စကားပြောလိုက်ရင် သူ့ရဲ့ တကယ့် အစစ်အမှန်ပုံစံက ချက်ချင်းကို မဖုံးကွယ်နိုင်ပဲ ပေါ်သွားတော့မှာ
သူက ပြန်လည်မွေးဖွားလာပြီးတော့ လိမ္မာသိတတ်တဲ့ သားတစ်ယောက်ရှိနေပြီ ဖြစ်လို့ သူ့သားကို သူမဆုံးရှုံးချင်ဘူးလေ။
ထို့ကြောင့် သားဖြစ်သူနှင့် အချိန်တခုကြာအောင် တွေ့လို့ လုံးဝကို မဖြစ်ဘူးလေ
မဟုတ်ရင်တော့ သူ့ရဲ့ သရုပ်မှန်က ဘူးပေါ်သလို ပေါ်သွားတော့မှာ
“ကျုပ်က ရှေးဟောင်းတာအိုဂိုဏ်းကို သွားမှာ မဟုတ်ဘူး။ပြီးတော့ ကျုပ်နဲ့တွေ့ခဲ့တဲ့ အကြောင်းကို ဟမ်ရှန်းကို လျို့ဝှက်ထားပေးပါ”
“ဟင်” ရှမူဟိုင်သည် အနည်းငယ်တော့ စိတ်ရှုပ်သွားလေတော့သည်။
“စီနီယာ ပြောချင်တာက…”
“ဟုတ်တယ်၊ ကျုပ်က စွမ်းအားးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်နေတာကော၊ကျုပ်မှာ ပန်းပုထုနိုင်တဲ့ စွမ်းအားရှိနေတာကောကိုပါ ကျုပ်သားက သိတာမဟုတ်ဘူး။ကျုပ်အခုလို လျို့ဝှက်ထားရတာက ကျုပ်ရဲ့သားကို သူ့အားကို သူကိုးတက်အောင်ပဲဗျ။ကျုပ်ကို တသက်လုံးအားကိုးနေပြီး တန်ဖိုးမရှိတဲ့ အလေနတောဖြစ်သွားမှာကို ကျုပ်မလိုချင်ဘူး။ကျုပ်က ဒီအခြေအနေထိရောက်အောင် မနည်းကို အားထုတ်ခဲ့ရတာ။ဒါကို အပျက်ဆီးမခံနိုင်ဘူး။ကျုပ်ပြောချင်တာကို ခင်ဗျားနားလည်လား”
ထိုစကားများကို နားထောင်ပြီးသည့်နောက်တွင် ရှမူဟိုင်က သဘောတူသည့်အလား ခေါင်းညိမ့်ပြလိုက်သည်။
ဒါပေမယ့် ရှမူဟိုင်မှာ လီချန်ချင်း၏ လုပ်ရပ်ကို အနည်းငယ် ပဟေဌိဖြစ်နေဆဲပင်။သူက အရမ်းကို ထူးခြားပြီး စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဖြစ်နေတယ် မဟုတ်ဘူးလား။အဲ့ဒါကိုတောင်မှ သူက သိုသိုသိပ်သိပ်နေလွန်းတယ်။သိုသိပ်လွန်းလို့ သားအရင်းဖြစ်တဲ့လူတောင် သူ့အဖေက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို မသိခဲ့တဲ့အပြင်၊ရှေးဟောင်းတာအိုဂိုဏ်းကို အပို့ခံရပြီးတော့ ဘဝရဲ့ ဒဏ်ကို ခံစားနေခဲ့ရတယ်”
ဒါကြီးက နည်းနည်းတော့ ဆန်းနေတယ်လေ၊မဟုတ်ဘူးလား
ရှမူဟိုင်၏ အမူအရာကို မြင်ပြီးနောက် လီချန်ချင်းက သူ့အား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်လေ၏။
ထို့နောက်မှ တချက်ပြုံးကာ “ခင်ဗျား အိမ်ထောင်မကျသေးဘူးမဟုတ်လား။အဲ့ဒါကြောင့်မို့လို့ ခင်ဗျားက နားမလည်သေးတာ မဆန်းပါဘူးဗျာ”
“စီနီယာက အံ့ဩဖို့ကောင်းလိုက်တာ။ကျုပ်က လက်မထပ်ရသေးဘူးဆိုတာကို စီနီယာက သိနေပါလား”
ရှမူဟိုင်က အလွန်လေးစားစွာ ဆိုလိုက်သည်။
“ကျုပ်က ခင်ဗျားလက်မထပ်ရသေးဘူးဆိုတာကိုလည်း သိတဲ့အပြင်၊ခင်ဗျားက အခုထိ လူပျိုစစ်နေသေးတယ်ဆိုတာကိုပါ သိသဗျ”
လီချန်ချင်းက ဖြူဖွေးနေသော သွားများပေါ်အောင် ပြုံးပြလိုက်သည်
“စီနီယာက တကယ့်ကို အံ့ဩစရာပါပဲ”
ရှမူဟိုင်မှာ လီချန်ချင်းကို ပို၍ပို၍ လေးစားမှုများ တိုးလာခဲ့တော့သည်။
“စီနီယာလီချန်ချင်းရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်က စွမ်းအားကြီးလွန်းလို့ ကျွန်တော့်ရဲ့ ချီ၊သွေးအနှစ်သာရရဲ့ တည်ငြိမ်မှဒကို အဝေးကနေတောင် မြင်နိုင်တာကိုး၊လေးစားပါတယ်၊လေးစားပါတယ်။စီနီယာက တကယ့်ကို အံ့ဩဖို့ကောင်းလောက်တဲ့ ကျွမ်းကျင်သူတစ်ယောက်ပါပဲ”
ရှမူဟိုင်က အလွန်လေးစားနေပြီ ဖြစ်သည်။
လီချန်ချင်းကတော့ အရေးမပါသလို ပုခုံးတချက်တွန့်လိုက်လေ၏။
ဟမ့် ဒါက ဘာများ အံ့ဩဖို့ကောင်းလို့လဲ
ခင်ဗျားကိုယ်ခင်ဗျားလည်း ပြန်ကြည့်ဦး
ဝတ်ထားတာတွေက ပြဲစုတ်၊ညစ်ပေနေတာ…ဘယ်မိန်းမကများ မျက်လုံးကန်းပြီး ခင်ဗျားနဲ့ အိပ်မှာလဲ
“စီနီယာ စိတ်ချပါ။ဒီနေ့ အဖြစ်အပျက်တွေကို လီဟမ်ရှန်းကို လုံးဝကို မသိစေရပါဘူး”
ရှမူဟိုင်က ကတိပေးလိုက်၏
လီချန်ချင်းသည် ထိုအချိန်မှ သက်ပြင်းမောကို မှုတ်ထုတ်နိုင်ခဲ့လေသည်။တချိန်ထဲမှာပင် ရှမူဟိုင်ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားခဲ့ရသည်။သူက တန်ဖိုးမြင့်မားသော လူတစ်ယောက်ပင် ဖြစ်၏။ယန်မိသားစုက သူ့အား တံဆိပ်ပြားအစုတ်တခုကို ပေးပြီး သူတို့မိသားစုနှင့် ချည်နှောင်လိုလေသည်။
ဒီအတွေးက စိတ်ကူးယဉ်နေကြတာပဲ
“ခေါင်းဆောင် ယန်”
လီချန်ချင်းသည် အပြင်ဖက်တွင် စောင့်ဆိုင်းနေသည့် ယန်ပါးထောင်အား လှမ်းခေါ်လိုက်လေ၏။
“ဆရာကြီး လီချန်ချင်း”
သူ့အား ခေါ်သည်ကို ကြားသဖြင့် ယန်ပါးထောင်သည် အတွင်းသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။
ဒီကျွမ်းကျင်သူနှစ်ယောက်က နောက်ဆုံးတော့ စကားပြောပြီးသွားပြီလား
“ပြီးခဲ့တဲ့ ရက်တွေမှာ ကျုပ်က ခင်ဗျားတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအောက်မှာ ကောင်းကောင်းနေခဲ့ရလို့ ကျေးဇူးတင်ပါတယ်” လီချန်ချင်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်ပါသည်။
“ဆရာကြီးက အရမ်းကို ယဉ်ကျေးနေပါပြီ”
ယန်ပါးထောင်က အလျင်အမြန်ပင် ဖြေလိုက်သည်။
“ကျုပ်တို့ ယန်မိသားစုနဲ့ ကျုပ်သား ယန်ယွီရှစ်အပေါ် ပြသပေးခဲ့တဲ့ ဆရာကြီးရဲ့ ကြင်နာမှုက အရမ်းကို များပြားနေခဲ့ပါပြီ။ယန်အိမ်တော်ကို လာပြီး စာအုပ်လေးဖတ်ခွင့်ပေးရတာက ဘာမှကို မဟုတ်ပါဘူးဗျာ”
“ဒါဆိုရင်လည်း ကျုပ်ရဲ့ ယန်မိသားစုအပေါ်ကူညီပေးခဲ့တဲ့ အကူအညီကို ပြန်ပေးဆပ်ပြီးပြီလို့ သတ်မှတ်လိုက်ပါတော့။ဒီမှာ အမိန့်ပြား၊ ပြန်ယူသွားလိုက်ပါတော့”
ထိုသို့ပြောပြီးသည့်နောက်တွင် လီချန်ချင်းက မဟာအကြီးအကဲတံဆိပ်ပြားကို စားပွဲပေါ်သို့ တင်လိုက်သည်။