ကောင်းကင်ပေါ် ပျံတက်ပြီးတော့ မသွားဘူးလား?
Vol. 3 Ch. 28
“ဒါက…”
လီချန်ချင်းက တံဆိပ်ပြားကို ပြန်ပေးသည်ကို မြင်လိုက်သောကြောင့် ယန်ပါးထောင်၏ မျက်နှာအမူအရာမှာ အမျိုးမျိုးပြောင်းလဲသွားလေတော့သည်။
ယန်ပါးထောင်၏ မူလအစီအစဉ်မှာ ထိုတံဆိပ်ပြားကို အကြောင်းပြပြီး လီချန်ချင်းကို မိသားစုထဲ ဆွဲသွင်းရန် ဖြစ်သည်။လီချန်ချင်းလို စွမ်းအားရှင်တစ်ယောက်က မိသားစုတွင် ရှိနေသေးသရွေ့ သူတို့မိသားစုမှာ အမြင့်သို့ ပျံသန်းနိုင်ပြီ ဖြစ်သည်။
ဒါပေမယ့် လီချန်ချင်းက တံဆိပ်ကို ပြန်ပေးလိမ့်မည်ဟု သူလုံးဝကို မမျှော်လင့်ထားခဲ့ပေ။
“ယန်အကြီးအကဲ ခင်ဗျားရဲ့ အစီအစဉ်ကတော့ ကောင်းပါတယ်။ဒါပေမယ့် စိနီယာလီချန်ချင်းလို ကျွမ်းကျင်သူမျိုးကို ခေါ်ထားနိုင်ဖို့က ခင်ဗျားရဲ့ မိသားစုသေးသေးလေးက တတ်နိုင်လို့လား”
ရှမူဟိုင်ကလည်း ခေါင်းကို ခါယမ်းရင်း ဝင်ပြောလိုက်၏။
မှန်၏ သူက စလာကတည်းကိုက အိပ်မက်မက်နေခြင်းပင်
လီချန်ချင်းလိုမျိုး ပုဂ္ဂိုလ်က မည်သည့်နေရာကို မဆိုသွားနိုင်ပြီး ရောက်လေရာအရပ်တွင် ထင်ပေါ်ကျော်ကြားမည့် ပုဂ္ဂိုလ်သာ ဖြစ်လေသည်။ဘာလို့များ သူက ယန်မိသားစုသေးသေးလေးမှာ နေထိုင်ပါ့မလဲ
“ယန်မိသားစုမှာ မဟာအကြီးအကဲအဖြစ်နဲ့ ကျုပ်နေလို့ရပါတယ်”
လီချန်ချင်းသည် သူ၏ ခေါင်းကိုစောင်းကာ ယန်ပါးထောင်ကို ကြည့်လိုက်တော့သည်။
ယန်ပါးထောင်နှင့် ရှမူဟိုင်သည် လီချန်ချင်းကို အံ့အားသင့်စွာနှင့် ကြည့်လိုက်ပြန်သည်။
ဒီအခြေအနေမှာ နောက်ပြန်လှည့်လို့ ရသေးလို့လား
“ဒါပေမယ့် ကျုပ်က အလကားအလုပ်လုပ်ပေးမှာတော့ မဟုတ်ဘူး။ကျုပ်က မဟာအကြီးအကဲဆိုမှတော့ ကျုပ်အတွက် လစာလိုမျိုး အကျိုးအမြတ်တခုခုတော့ ရသင့်တယ်လေ မဟုတ်ဘူးလား”
လီချန်ချင်းသည် ယန်ပါးထောင်အား စိုက်ကြည့်လိုက်၏
သူ၏ သားဖြစ်သူ လီဟမ်ရှန်းမှာ ငွေကြေးလိုနေသည် မဟုတ်ပါလား
ရှမူဟိုင်ပုံစံက အလွန့်ကို ဆင်းရဲ မွဲတေနေသဖြင့် သူ့ကို အားကိုး၍ မဖြစ်ပါချေ။သူ့သား လိုအပ်သော ငွေပမာဏမျိုးကို ရရှိအောင် အရင်ဆုံး ယန်မိသားစုဆီကနေ ငွေအမြောက်အမြားရအောင် လုပ်ရပေမည်။
“ဒါပေါ့ ရစေရမှာပေါ့” ယန်ပါးထောင်က တုန့်ဆိုင်းမနေပဲ သဘောတူချလိုက်လေသည်.
ငွေကြေးဆိုတာက ဘယ်လိုရှာရှာ ရလေသည်
ငွေကြေးနဲ့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူကို သူတို့ ငှားနိုင်မှာတဲ့လား
“အကြီးအကဲ ချန်ချင်း ၊ခဏလောက်တော့စောင့်ပေးပါ” ယန်ပါးထောင်သည် ချက်ချင်းပင် ယန်မိသားစုခန်းမမှ ထွက်ခွာသွားတော့သည်။
“အကြီးအကဲ ချန်ချင်း၊ခင်ဗျား တကယ်ပဲ ဒီမှာ နေမလို့လား” ရှမူဟိုင်သည် အားမလိုအားမရ ဖြစ်စွာ ဆိုလိုက်သည်။
“ယန်မိသားစုမှာ နေရတာ ကိုယ့်အဆင့်ကို ကိုယ်နှိမ့်သလိုမျိုး ဖြစ်နေတယ် မဟုတ်ဘူးလား”
“ဟမ်ရှန်းက ကျင့်ကြံဖို့အတွက် ငွေလိုတယ်။အဲ့ဒီ့အတွက်ကြောင့် ကျုပ်က အလုပ်လုပ်ရမယ်လေ”
လီချန်ချင်းသည် သက်ပြင်းဖွတချက်ချလိုက်သည်။
သူက သားဖြစ်သူအတွက် ကြိုးစားနေရခြင်းသာ ဖြစ်ပေသည်။
“အကြီးအကဲချန်ချင်းခင်ဗျား ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာလုံးဝမလိုပါဘူး။ကျုပ်ရှိတာပဲ”
ရှမူဟိုင်သည် ရင်ကော့လိုက်ပြီး သူ့ရင်ဘက်ကို တဘုန်းဘုန်းနှင့် ရိုက်လိုက်တော့လေသည်။
“ကျုပ်ရဲ့ အထောက်အပံ့နဲ့ဆိုရင် လီဟမ်ရှန်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရှားပါးမှာကို စိတ်ပူနေစရာကို မလိုတာ”
ရှမူဟိုင်၏ ယုံကြည်မှုရှိသော အမူအရာကို မြင်လိုက်သောအခါ လီချန်ချင်းသည် အချိန်အကြာကြီးတွေးတောနေမိသည်။သူက လီဟမ်ရှန်းအတွက် ငွေရှာနေသည့် အတောအတွင်း၌ မူဟိုင်ဖုန်းတောင်သခင်အတွက်လည်း ငွေများကို လှုဒါန်းရန် တပါတည်း တွေးလိုက်လေသည်။
တနေ့နေ့တွင် ရှမူဟိုင်တစ်ယောက် တောင်ပေါ်၌ အစာငတ်ပြီး သေဆုံးသွားမည်ကို သူအနည်းငယ် စိုးရိမ်မိလေသည်။
“ကျေးဇူတင်ပါတယ် တောင်သခင်ရှ။တောင်သခင်မှာ ဒီလို စေတနာရှိတာနဲ့တင်ပဲ လုံလောက်နေခဲ့ပါပြီ။တောင်သခင်ပေးတာက တောင်သခင့်အပိုင်းပါ။ကျုပ်ကလည်း ကျုပ်မွေးထားတဲ့ သားဖြစ်သူကို ကိုယ့်လုပ်အားခလေးနဲ့ ပေးချင်ပါသေးတယ်”
လီချန်ချင်းက တိုက်ရိုက်ကြီး မငြင်းသောကြောင့် စကားလှအောင် ပြောလိုက်၏
“ကောင်းပြီလေ။ဒါဆိုလည်း”
ရှမူဟိုင်က ခေါင်းညိတ်ပြလိုက်သည်.
သိပ်မကြာခင်မှာပင် ယန်ပါးထောင် ပြန်ရောက်လာခဲ့တော့သည်။သူ၏ မျက်လုံးများမှာ လေးနက်နေသော အရိပ်အယောင်များ အပြည့်နှင့် ဖြစ်နေခဲ့တော့သည်။
“အကြီးအကဲလီချန်ချင်း၊အကြီးအကဲကသာ ယန်မိသားစုရဲ့ မဟာအကြီးအကဲ လုပ်နေသရွေ့ ယန်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းကို ပေးပါ့မယ်”
၅၀ ရာခိုင်နှုန်းလား
လီချန်ချင်း၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့တော့သည်။
ယန်မိသားစုရဲ့ ဝင်ငွေ ငါးဆယ်ကို ရမယ်တဲ့လား
အဲ့ဒါက သူ့ကို ချမ်းသာမသွားစေဘူးလား
ယန်မိသားစုမှာ ချန်ထင်မြို့၏ မိသားစုကြီးများထဲမှ တခုပင် ဖြစ်သည်။သူတို့၏ ဝင်ငွေ အရင်းအမြစ်မှာ လွန်စွာမှကို များပြား ကြီးမားလှပေသည်။
ဒီလောက်နဲ့ဆိုရင် သူ့သားကတော့ ကျင့်ကြံဖို့ လုံလောက်ပြီ ဖြစ်သည်။
“ကောင်းပြီ ကျုပ်သဘောတူတယ်”
လီချန်ချင်းက ဟန်ပင်မဆောင်နေတော့ပဲ တန်းကို လက်ခံလိုက်လေသည်။
ထိုအခြေအနေကို မြင်မှသာ ယန်ပါးထောင်သည်လည်း စိတ်သက်သာရာရသည့်နှယ် သက်ပြင်းမောကို မှုတ်ထုတ်နိုင်သွားတော့သည်။ထို့နောက်တွင် သူသည် နဂိုမူလကထက်ပင် စိတ်လှုပ်ရှားလာခဲ့တော့၏။ယန်မိသားစုက နောက်ဆုံးမှာတော့ ကျွမ်းကျင်သူ တစ်ယောက်နဲ့ ချိတ်ဆပ်နိုင်ခဲ့ပြီ။
ယန်ပါးထောင်သည် လီချန်ချင်းတစ်ယောက် ဘယ်လောက်စွမ်းလဲဆိုတာတော့ မသိပေမယ့် အနည်းဆုံးတော့ မူလနယ်ပယ်လောက်တော့ ရောက်သင့်တယ် မဟုတ်လား။
ထို့နောက်တွင် ယန်ပါးထောင်သည် လီချန်ချင်းအား ယန်မိသားစုတခုလုံး၏ စီးပွားရေးလုပ်ငန်းများကို ရှင်းပြလိုက်လေတော့သည်။
လီချန်ချင်း နားထောင်လို့ပြီးသွားသည့်အခါတွင် သူသည် အနည်းငယ် အံ့အားသင့်သွားလေတော့သည်။
ယန်မိသားစုတစုလုံးကို အမြတ်အစွန်းများများ ရရှိစေသည်မှာ မိုင်းတွင်းလေးများထံမှ ဖြစ်သည်တဲ့’
“ချန်ထင်မြို့မှာ ယန်မိသားစုရဲ့ တခြားသော လုပ်ငန်းတွေကို ကျုပ်မြင်ဖူးပါတယ်ဗျ။အဲ့ဒီ့ကနေကော အမြတ်တွေ မရဘူးလား”
လီချန်ချင်းက အံ့အားသင့်စွာနှင့် မေးလိုက်တော့သည်။
“မဟာအကြီးအကဲခင်ဗျား ချန်ထင်မြို့က မိသားစုတွေထဲမှာ ပိုင်မိသားစုရဲ့ စားသောက်ဆိုင်တွေက အမြတ်အစွန်းရတာ အများဆုံးပါ။ချန်ထင်မြို့က ခုနစ်ဆယ်ရာခိုင်နှုန်းသော စားသောက်ဆိုင်တွေကို ပိုင်မိသားစုက ပိုင်ဆိုင်ပါတယ်။မဟာအကြီးအကဲ အရင်တုန်းက ကြိုက်တဲ့ စားသောက်ဆိုင်ဖြစ်တဲ့ ကျင်းဟုန်မျှော်စင်ကိုလည်း သူတို့မိသားစုက ပိုင်တာပါပဲ”
“အဝတ်အထည်နဲ့ ချည်မျှင်လုပ်ငန်းကိုတော့ ကျောက်မိသားစုက ပိုင်ပါတယ်။ကျုပ်တို့ ယန်မိသားစုကလည်း အဲ့ဒီ့အပိုင်းမှာ စက်ရုံရှိပေမယ့် သူတို့ကိုတော့ မမှီနိုင်ပါဘူး။”
“ကျန်တဲ့ လုပ်ငန်းတွေကို ခွဲခြမ်းလိုက်ရင်တောင်မှ ယန်မိသားစုက အကျိုးအမြတ်နည်းနည်းလေးကိုပဲ ရတာပါ”
ထိုသို့ပြောရင်းနှင့်ပင် ယန်ပါးထောင်သည် စာရင်းစာအုပ်များကို ထုတ်ကာ လီချန်ချင်းအား ပေးလိုက်လေတော့သည်။
လီချန်ချင်းမှာလည်း စိတ်ဝင်စားလာသဖြင့် စာအုပ်များကို ဖွင့်ကာ ဖတ်ရှုကြည့်လိုက်လေတော့သည်။မိုင်းတွင်းများမှလာသော လစဉ်ငွေကြေးများမှ အပ ကျန်သော စီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်းများမှာ လုံးဝကို မကောင်းမွန်ပါချေ။
ယန်မိသားစုသည် မိုင်းတွင်းများမှ တလကို ငွေတုံး လေးသိန်းမှ ငါးသိန်းကြား ရရှိပေ၏။
“ဒီလက မိုင်းတွင်းက ရတဲ့ ဝင်ငွေတွေမှာ တခုခု လွဲနေခဲ့တယ်”
လီချန်ချင်းသည် ချက်ချင်းပင် ထူးခြားမှုတခုကို မြင်လိုက်သည်။
“အဲ့ဒီ့အကြောင်းကို မူဟိုင်ဖုန်းတောင်သခင်နဲ့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။မိုင်းတွင်းတွေမှာ တခုခုထူးဆန်းတာဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့် အခုလိုတွေ ဖြစ်နေခဲ့ရတာပါ”
ယန်ပါးထောင်သည် ရှမူဟိုင်ကို ခိုးကြည့်လိုက်သည်.
“ဟုတ်တယ်။မိုင်းတွင်းတွေမှာ ထူးဆန်းတာ တခုခုဖြစ်နေခဲ့တယ်။အဲ့ဒါကလည်း ကျုပ်ရဲ့ တရားစီရင်ပိုင်ခွင့်ဖြစ်တဲ့ မင်ဟုန်ခရိုင်မှာ ဖြစ်နေတာဆိုေတာ့ ဒီက ကိစ္စပြီးရင် အဲ့ဒီ့ကို သွားကြည့်ဖို့အတွက် ကျုပ်ဆုံးဖြတ်ထားခဲ့တယ်”
ရှမူဟိုင်က ခေါင်းညိမ့်ပြလိုက်လေသည်။
“ကျုပ်လည်း သွားမယ်” လီချန်ချင်းသည် စာရင်းစာအုပ်ကို ပိတ်လိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်လေတော့သည်။
“အကြီးအကဲကလည်း သွားမလို့လား” ရှမူဟိုင်၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားလေ၏။လီချန်ချင်းကသာ သူနှင့်အတူတူ သွားမည်ဆိုပါက ဒီကိစ္စက အောင်မြင်ဖို့ ကျိန်းသေနေပြီ မဟုတ်လား
“ဒီပြသနာက ငါ့ရဲ့ ဝင်ငွေလမ်းကြောင်းကို လာနှောင့်ယှက်နေတယ်လေ။ဒါပေါ့ ငါသွားကိုသွားရမှာပေါ့”
လီချန်ချင်းက သူ၏ မျက်ဆံများကို ကျဉ်းမြောင်းကာ ပြောလိုက်သည်။
ဒီလ ငါရမယ့် ငွေတွေကို နည်းအောင် လုပ်နေတဲ့ ဘယ်ကောင်လဲကွ။အကုန် ငါနဲ့ တွေ့မယ်
ရှမူဟိုင်သည် လီချန်ချင်း၏ အပြုအမူကို မှင်သက်စွာ ငေးကြည့်နေမိတော့သည်။သူက လီချန်ချင်းမှာ ယခုလို ငွေမက်သောသူ ဖြစ်လိမ့်မည်ဟု လုံးဝကို မတွေးမိခဲ့ပါ။
ဒီလိုမျိုး ဖခင်ရှိနေတာက လီဟမ်ရှန်းအတွက်တော့ ကံကောင်းတာပဲ ဟုတ်တယ်မဟုတ်လား
“ဒီတော့ ကျုပ်တို့ မနက်ဖန် သွားကြမှာလား”
ရှမူဟိုင်က မေးလိုက်သည်။
“အခုအားနေတာပဲ။သွားကြတာပေါ့” လီချန်ချင်းသည် ပြသနာမြန်မြန်ရှင်းကာ ငွေများများ ရချင်နေခဲ့ပြီ
“ကောင်းပြီလေ။ကျုပ်တို့ရဲ့ အရှိန်နဲ့ဆိုရင် နမ့်ရှန်းမိုင်းတွင်းကို ညနေလောက်ဆိုရင် ရောက်လောက်ပါတယ်”
“ပြေးပြီး သွားမှာလား” လီချန်ချင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့တော့လေသည်။
“ဘယ်လိုသွားချင်လို့လဲ” ရှမူဟိုင်က လီချန်ချင်းကို သိလိုစွာ မေးလိုက်လေသည်။
“အာ” လီချန်ချင်းသည် အနည်းငယ် ကြောင်အအဖြစ်သွားတော့သည်။သူက ဘယ်လိုမျိုးသွားရမလဲဆိုတာကို တကယ်မသိပါချေ။အဲ့ဒါကိုတောင်မှ ယန်ပါးထောင်နှင့် ရှမူဟိုင်တို့မှ သူ့အား အကြီးအကဲ စီနီယာတစ်ယောက်လို ဆက်ဆံနေခဲ့သည် မဟုတ်ပါလား
သူသာ မသိနားမလည်သည့် အရိပ်အယောင်ကို ပြလိုက်မိပါက သူ၏ ဆရာကြီးဆိုသော ပုံရိပ်မှာ ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား
ဆရာကြီး ပုံရိပ် ပျက်စီးသွားပါက ယန်ပါးထောင်က သူ့အား မဟာအကြီးအကဲအဖြစ် ဆက်ဆံတော့လိမ့်မည် မဟုတ်သလို၊ရှမူဟိုင်မှလည်း သူ့အား လေးစားတော့မည် မဟုတ်ချေ။
သားဖြစ်သူ လီဟမ်ရှန်းပင်လျှင် လျစ်လျူအရှုခံရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူက အားနည်းချက်ကို လုံးဝကို ပြသလို့ မဖြစ်ချေ။
“အဟွတ်၊ ကျုပ်က အခုမှ သတိထားမိသွားတာပါ။ခင်ဗျားတို့ရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းအားကြီးတော့ ကောင်းကင်ပေါ်မှာ ဘယ်ပျံသန်းနိုင်ပါ့ဦးမလဲ။အဲ့လိုဆိုမှတော့ ကိုယ်ဖော့ပြီးတော့ပဲ ပြေးကြတာပေါ့”
လီချန်ချင်းသည် ဖဲသမားမျက်နှာနှင့် ပြောလိုက်၏
“စီနီယာက ကောင်းကင်ပေါ်ကို ပျံနိုင်တယ်လား”
ရှမူဟိုင်က မိုးကြိုးပစ်ချခံလိုက်ရသလို အံ့ဩသွားခဲ့သည်။
“ကောလဟာလတွေအရတော့ အချို့ဆရာကြီးတွေက စွမ်းအားမြင့်အင်အားကို အသုံးချပြီးတော့ ကောင်းကင်ပေါ်ကို ပျံသန်းနိုင်တယ်တဲ့။အဲ့ဒါက ကောလဟာလလို့ ထင်နေတာ၊တကယ်ပဲလား”
ယန်ပါးထောင်သည်လည်း လီချန်ချင်းအား လေးစားစွာ ကြည့်လိုက်လေ၏။
“စီနီယာက ဘယ်လောက်ဝေးဝေးကို ပျံနိုင်လဲဆိုတာကို သိချင်မိတယ်”
“တစုံတယောက်က ဘယ်လောက်ဝေးဝေးကို ပျံသန်းနိုင်လဲဆိုတာက ပြင်ပစွမ်းအားကို မူတည်ပြီးတော့ ဆုံးဖြတ်ရတာတွေပါ။မင်းတို့တွေက အဲ့ဒီ့အဆင့်ကို မရောက်သေးတော့ များများသိတာက မင်းတို့အတွက် အကျိုးမရှိတဲ့ အပြင်ကို မင်းတို့ရဲ့ ကျင့်ကြံမှုအပေါ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်တယ်”
လီချန်ချင်းက မဟုတ်တန်းတရားမျိုးစုံကို လျှောက်ပြောလိုက်လေတော့သည်။သူက ဒီအကြောင်းအရာကို ဆက်လက်၍ မဆွေးနွေးလိုတော့ပေ။
“ပြင်ပစွမ်းအား?” ရှမူဟိုင်နှင့် ယန်ပါးထောင်တို့သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြလေတော့သည်။
ဖြစ်နိုင်တာက အားအပြင်း၊အပျော့နဲ့များ သက်ဆိုင်တာကို ဆိုလိုတာများလား
သို့သော် လီချန်ချင်း၏ စိတ်ထဲတွင် သူတီးတိုးရွတ်လိုက်သည်မှာ
“ငါ ဘယ်လောက် ဝေးဝေးကို ပျံနိုင်တယ်ဆိုတာက ငါ့ကို တိုက်မယ့် မော်တော်ကားက ဘယ်လောက် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာလဲဆိုတဲ့အချက်ကို ကြည့်ရမှာပဲ…..”