နမ့်ရှန်တောင်
Vol. 3 Ch. 30
နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကို တချက်ကြည့်ရုံနှင့် တက်မြောက်ပြီး ကျွမ်းကျွမ်းကျင်ကျင်နှင့် အသုံးပြုနိုင်သောကြောင့် လီချန်ချင်း၏ နတ်ဘုရားဝိဉာဉ်မှာ ပန်းချီသူတော်စင်အဆင့်ကို ရောက်နေပြီဟု ရှမူဟိုင်က ထင်မြင်ခဲ့ပါသည်။
ပန်းချီသူတော်စင်တဲ့နော်
သူတို့တွေက စန်းယွမ်တိုက်ကြီးမှာ ထိပ်ပိုင်းအဖွဲ့တွေပဲ။
စန်းယွမ်တိုက်ကြီးရှိ ပန်းချီသူတော်စင်များမှာ နှာတချက်ချေလျှင် ကုန်းမြေကြီးတခုလုံးကို ဖိန့်ဖိန့်တုန်အောင် လှုပ်ခတ်စေနိုင်သည့် စွမ်းအားရှိနေပေသည်။
သူတို့၏ ကျင့်ကြံမှုမှာ မတွေးနိုင်အောင် နက်နဲလှပြီး ဂိုဏ်းပေါင်းများစွာတို့၏ သိုင်းပညာရပ်များစွာတို့ကို အကြည့်တချက်နှင့် တတ်မြောက်ထားခြင်းကြောင့် သူတို့၏ တိုက်ခိုက်မှုမှာ အမြဲတမ်း နည်းမျိုးစုံပြောင်းလဲနေပြီး ရင်ဆိုင်ရ အလွန်အင်မတန်ကို ခက်ခဲစေခဲ့သည်။
သာမန်လူများအဖို့ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ နတ်ဘုရားများအလားပင် ဖြစ်နေခဲ့တော့သည်။
ပန်းချီသူတော်စင်များ၏ ပန်းချီကားချပ်များမှာ လွန်စွာမှကို ရှားပါးလှပြီး အဖိုးမဖြတ်နိုင်သော ရတနာတပါးကဲ့သို့ ဖြစ်နေခဲ့လေ၏။
ထို့ကြောင့် ရှမူဟိုင်၏ အမြင်၌ လီချန်ချင်း၏ အတိတ်ဇာတ်ကြောင်းမှာ လွန်စွာမှကို ရှုပ်ထွေးလိမ့်မည်ဟု ထင်မြင်ခဲ့လေသည်။မဟုတ်လျှင် ထိုကဲ့သို့သော စွမ်းအားရှင်မျိုးက တောကြိုအုံကျားတွင် လာပုန်းအောင်းနေပြီး ယန်မိသားစုကဲ့သို့သော မိသားစုငယ်လေး၏ မဟာအကြီးအကဲ လုပ်လိမ့်မည် မဟုတ်ပါချေ။
ထို့အပြင် သူက သူ၏ ကိုယ်ပိုင် သိုင်းပညာများကို လုံးဝကို ထုတ်မသုံးကာ လူမှတ်မိမှာကို ကာကွယ်ထားခဲ့ပြန်သည်။အခြားလူများမှ သူ၏ ကိုယ်ပိုင်သိုင်းကွက်များကို မြင်လျှင် သူ၏ ဇစ်မြစ်ကို သိရှိသွားမည်ကို စိုးရွံ့ဟန်ရှိလေသည်။
ရှမူဟိုင်က သက်ပြင်းတချက် မှုတ်ထုတ်လိုက်လေသည်။
သူ၏ ကျင့်ကြံခြင်းက ပန်းချီသူတော်စင်အဆင့်သို့ ရောက်နေတာတောင်မှ ကံတရားရဲ့ ကစားကွက်က မလွတ်မြောက်နိုင်သေးပါလား။
ရှမူဟိုင်မှာ သူ၏ ကျောပြင်ကို ငေးကြည့်ရင်း Season ၇ ခု အပိုင်းအရေအတွက် ၁၂၈ပိုင်းပါဝင်သော ဒရာမာ ဇာတ်ကြောင်းတခုကို ပုံဖော်နေကြောင်းကိုမူ လီချန်ချင်းက လုံးဝကို မသိပါချေ။
သူသာ ရှမူဟိုင်၏ အတွေးများကို သိသွားလျှင် တက်တက်စင်အောင် လွဲမှားနေခြင်းကြောင့် လီချန်ချင်းမှာ ဆွံ့အသွားပေလိမ့်မည်။
လီချန်ချင်းမှာ တခြားသော ကိုယ်ဖော့ပညာရပ်များကို အသုံးမပြုရခြင်း၏ အကြောင်းအရင်းမှန်မှာ သူက တခြားသော သိုင်းပညာရပ်များကို လုံးဝကို မသိသောကြောင့် ဖြစ်သည်။
သူသာ ရှမူဟိုင်၏ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကို ကူးမယူခဲ့လျှင် ယန်မိသားစု၏ တံခါးဝမှပင် ထွက်လာနိုင်လိမ့်ဦးမည် မဟုတ်ပေ။
ညနေစောင်းလာသည်နှင့်အမျှ သူတို့နှစ်ယောက်မှာ နမ့်ရှန်ဒေသသို့ ရောက်ရှိလာခဲ့တော့သည်။
“စီနီယာလီချန်ချင်း ကျုပ်တို့ ရောက်ပါပြီ” ရှမူဟိုင်နှင့် လီချန်ချင်းသည် ရှေးဟောင်းသစ်ပင်ထက်၌ မတ်တပ်ရပ်နေကြရင်း အရှေ့သို့ မျှော်ကြည့်လိုက်ကြတော့သည်။
အရှေ့ရှိတောင်တန်းများမှာ ကြီးမားရုံမက ကျက်သရေရှိကာ လှပနေခဲ့သည်။
နေဝင်သည့်အချိန် အလင်းရောင်နှင့် ပနံသင့်စွာ လှပနေခဲ့တော့သည်။
တောင်ထိပ်၌ တိမ်တိုက်များက ဖုံးကာထားပြီး လေအေးလေးများမှာ ငြင်သာစွာနှင့် တိုက်ခတ်နေကာ တောတောင်၏ သင်းရနံ့များကို သယ်ဆောင်လာခဲ့လေ၏။
“ယန်မိသားစုရဲ့ မိုင်းတွင်းနှစ်တွင်းက ဒီမှာပါ” ရှမူဟိုင်က မိတ်ဆက်ပေးသည်။
“ဒီတောင်တန်းတွေမှာ တောင်ကြားကိုးလုံးနဲ့ ရွာပေါင်း ၁၈ရွာရှိပါတယ်။ရွာငယ်နဲ့ ရွာကြီးတွေကတော့ ရာချီရှိပါတယ်”
ခရီးလမ်းတောက်လျှောက်တွင် လီချန်ချင်းသည် ရှမူဟိုင်ထံမှ ဤနေရာတွင် ဖြစ်ပျက်နေခဲ့သော ထူးဆန်းမှုများကို ကြားသိခဲ့ရပေသည်။
ပြောတာကတော့ ကြယ်တံခွန်တခု ဆင်းသက်လာတာကို လူတွေကမြင်ခဲ့ပြီး မြင်လိုက်ရတဲ့လူတိုင်းက မေ့လဲသွားတယ်တဲ့။ပြန်နိုးလာတဲ့အခါမှာတော့ သူတို့ရဲ့ သက်တမ်းက တဝက်ကျော်အောင် ယုတ်လျော့သွားတယ်တဲ့လေ။
မိုင်းတွင်းအလုပ်သမားများမှာ ထွက်ပြေးသွားခဲ့လေတော့သည်။မည်မျှပင် ငွေကြေးပေးပေး မည်သူမှ အလုပ်မလုပ်ရဲကြတော့ပေ။
ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို လုပ်ခဲ့သူသည် လွန်စွာ ယုတ်ညံ့ပေလိမ့်မည်။
ယန်မိသားစု၏ အကြီးအကဲတစ်ယောက်ပင်လျှင် သူ၏ ကျင့်ကြံခြင်းများမှာ အစုပ်ယူခံလိုက်ရသဖြင့် ယခုဆိုလျှင် တက်လှမ်းခြင်းအဆင့်သို့ ကျဆင်းသွားခဲ့တော့သည်။
ဒါမျိုးကို ဘယ်လို ယုတ်ညံ့တဲ့အရာက လုပ်ခဲ့ရတာလဲ
ထိုအရာများအားလုံးကိုနားထောင်ပြီးသော် လီချန်ချင်းသည် ဒီနေရာကို လိုက်လာခဲ့မိသည်ကို ပိုးစိုးပက်စက်ကို နောင်တရနေခဲ့ပြီ ဖြစ်သည်။
ထိုအရာသာ ရှိနေသေးပါက၊ သူအိမ်ပြန်ရောက်လျှင် အဘိုးအို ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ဘာက ဒီလိုအရာမျိုးကို ဖြစ်စေတာဆိုတာကို ခင်ဗျား ခန့်မှန်းထားတာ ရှိလား”
လီချန်ချင်းက ရှမူဟိုင်ကို မေးလိုက်သည်။
“ရှိတယ်ပဲဆိုရမယ်” ရှမူဟိုင်က ခေါင်းညိတ်ပြသည်။သူ ခန့်မှန်းထားတာ တခုတော့ရှိပေမယ့် ထုတ်မပြောရဲသေးပေ။
“စီနီယာမှာ အစီအစဉ်ရှိပြီးသား မဟုတ်လား” ရှမူဟိုင်သည် လီချန်ချင်းအား လေးနက်စွာဖြင့် ကြည့်လိုက်တော့လေသည်။သူ၏ အမြင်တွင်မူ ယခုကိစ္စရပ်များကို လီချန်ချင်းက အကုန်သိရှိပြီးသား ဖြစ်သည်။
“ဒါပေါ့” လီချန်ချင်းက မှင်သေသေနှင့် ခေါင်းညိတ်ပြလိုက်လေ၏။သူ့မျက်နှာမှာ မှင်သေလွန်းလှသဖြင့် သူ့ကိုယ်သူပင် အရှက်မရှိဟု တွေးမိသွားခဲ့သည်။
“ကျေးဇူးပြုပြီး ရှင်းပြပေးပါ စီနီယာ” ရှမူဟိုင်၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားကာ အလျင်အမြန်ပင် ဆိုလိုက်တော့သည်။
“ခင်ဗျားတွေးနေတာနဲ့ နီးစပ်တယ်”
လီချန်ချင်းက လွန်စွာမှကို လေးနက်သည့် ဟန်ပန်နှင့် တလုံးချင်းပြောလိုက်သည်။
“ပြီးတော့ တချိန်လုံး ကျုပ်ကို စီနီယာလို့ ခေါ်မနေစမ်းနဲ့။ကျုပ်ရဲ့ နာမည်ကိုပဲ ခေါ်ပါ”
“ဒါကတော့...” ရှမူဟိုင်၏ အဖြစ်မှာ ဂွကျနေချေပြီ။သူက လီချန်ချင်းလိုမျိုး စွမ်းအားကြီးသူကို အမည်တပ်ပြီး ဘယ်လိုလုပ်များ ခေါ်ဆိုရဲမှာလဲ
“ခင်ဗျားအတွက် ခက်ခဲနေရင် ကျုပ်ကို အကိုချန်ချင်းလို့ ခေါ်လို့ရတယ်” လီချန်ချင်းက ခေါင်းညိတ်ပြပြီး ဆိုလိုက်သည်။
ရှမူဟိုင်က ဘာမှ ထပ်မပြောနိုင်ခင်မှာပင် လီချန်ချင်းက သူကြည့်ဖူးသော ဒရာမာထဲမှ မက်မွန်ကျွန်းသခင်ဟွမ်၏ ဟန်ပန်ကို အတုယူကာ ထီမထင်စွာနှင့် ပြောလိုက်လေ၏။
“ခင်ဗျား သတိထားမိမလားတော့မသိဘူး။ဒီဖြစ်ရပ်တွေကို လုပ်ခဲ့တဲ့ အရာက ဒီနမ့်ရှန်တောင်တန်းတွေထဲမှာ ပုန်းအောင်းနေသေးတယ်။ဒီကောင်က အခုထိ ရှိနေသေးတယ်”
(ကျွန်းသခင်ဟွမ်ဆိုတာက မက်မွန်မြေက ချစ်တေးတစ်ပုဒ် သိုင်းဇာတ်လမ်းတွဲက မေချောက်ဖုန်ရဲ့ ဆရာ ဖြစ်တဲ့ မက်မွန်ကျွန်းသခင် မိစ္ဆာကြီးဟွမ်ကိုပြောတာပါ။အဲ့ဒီ့ဇာတ်လမ်းတွဲက မင်းသမီး ဟွမ်ယုံရဲ့ အဖေပါ)
ရှမူဟိုင်သည် တောတောင်တန်းများကို ကြည့်ရင်း မေးလိုက်သည်။
“အ-အကိုကြီးချန်ချင်းက တခုခုကို အာရုံရထားလို့လား”
“တောင်ကြားနဲ့တောကို ဖြတ်ပြီး လေနုအေးက တိုက်ခတ်နေပါလား၊ပိုးကောင်သံတော့ မကြား၊ဘာလို့များလဲ တွေးပါလား”
မက်မွန်ကျွန်းသခင်၏ ဟန်ပန်အတိုင်း ကဗျာစပ်ကာ ရွတ်ရင်းနှင့် လီချန်ချင်းက အဖြေကို ပြောပြလိုက်လေ၏။
“အဲ့တချက်နဲ့ပဲ အားလုံးကို ရှင်းပြပြီးသား ဖြစ်နေပါပြီ” လီချန်ချင်းက ရှမူဟိုင်အား စိုက်ကြည့်ကာ ဖြေးညင်းစွာ ဆိုလိုက်၏။
“အကိုကြီးချန်ချင်းပြောတာ သိပ်ဟုတ်တယ်”
ရှမူဟိုင်သည် ထိုအချိန်မှသာ သတိထားမိသွားလေသည်။ပုံမှန်ဆိုလျှင် တောထဲရောက်နေသဖြင့် ငှက်သံများ၊ပိုးကောင်သံများကို ကြားရလိမ့်မည်သာ ဖြစ်သည်။သို့သော် ယခုမှာမူ အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်နေခဲ့တော့သည်။
“အထဲကို ဝင်ပြီး တချက်သွားကြည့်ကြည့်ရအောင်”
သူတို့က ဒီအထိတောင် ရောက်လာမှတော့ လီချန်ချင်းက စိတ်တင်းကာ အထဲသို့ ဝင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သေရေးရှင်ရေးအခြေအနေကျရောက်လာလျှင် ရှမူဟိုင်တယောက် ကိုင်တွယ်နိုင်ပါစေလို့သာ လီချန်ချင်းက မျှော်လင့်ထားတော့လေသည်။ရှမူဟိုင်သာ မဖြေရှင်းနိုင်ပါက လီချန်ချင်းကတော့ ကိုယ်ဖော့သိုင်းကို သုံးကာ ထွက်ပြေးလိမ့်မည်သာ ဖြစ်သည်။
ရှမူဟိုင်က ထွက်ပြေးလျှင် သူ့ကို လိုက်မှီလိမ့်မည် မဟုတ်ပေ။
တကယ်ပဲ မကောင်းဆိုးဝါးသာရှိလျှင် ရှမူဟိုင်၏ ခန္ဓာကိုယ်ဝဝမှာ မကောင်းဆိုးဝါး၏ စားသုံးမှုကို ခံရပြီးနောက် သူထွက်ပြေးနိုင်ရန်အတွက် အချိန်တခဏလောက်တော့ ရလိမ့်မည် ဖြစ်သည်။ရှမူဟိုင်က သူ့ထက်နှေးသဖြင့် အရင်ဆုံး အစားခံရဖို့ သေချာပေသည်။
ရှမူဟိုင်၏ သေဆုံးမှုအတွက် သူစိတ်မကောင်းဖြစ်သော်ငြားလည်း မတတ်နိုင်ပေ။ရှမူဟိုင်၏ အုတ်ဂူတွင် မည်သည့်စကားလုံးများကို ရေးထိုးပေးရန်အထိကိုပင် လီချန်ချင်းက တခါတည်း တွေးထားပြီးသား ဖြစ်သည်။
ရှမူဟိုင်မှာ လီချန်ချင်းတယောက် ဘာတွေတွေးနေမှန်းကို လုံးဝ မသိပါချေ။သူတို့နှစ်ယောက်မှာ ယခုမှ နမ်ရှန့်တောင်ထဲသို့ ဝင်လာကာစပဲရှိသေးသည့်အခိုက် လီချန်ချင်းမှာ သူ့အုတ်ဂူကို စာထိုးပေးဖို့ တွေးနေခဲ့ချေပြီ။
သူတို့နှစ်ယောက်သား တောင်ကြားထဲသို့ ရောက်လာသည့်အခိုက်တွင် ငှက်နှင့် တိရစ္ဆာန်များကို တကောင်တလေမှ မတွေ့ရသည်ကို သတိထားမိလာကြတော့သည်။
ထိုသတ္တဝါများသည် တစုံတခုကို ကြောက်ရွံ့နေသောကြောင့် ပုန်းအောင်းနေသည့်အလားပင်။
သိပ်မကြာခင် နေဝင်သွားချေပြီ။
သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းအရပ်တွင် မီးဖိုထားသောကြောင့် မီးခိုးများ ထွက်နေသည်ကို တွေ့လိုက်သောကြောင့် သူတို့သည် ထိုနေရာသို့ ဦးတည်လိုက်ကြလေသည်။
သူတို့သည် ရွာတရွာကို ရှာတွေ့သွားခဲ့ကြသည်။
ရွာမှာ မသေးငယ်ပေ။အိမ်ခြေစုစုပေါင်း သုံးရာခန့်တော့ ရှိလောက်ပေမည်။
သူတို့နှစ်ယောက် တောင်ခြေရွာလေးသို့ ဝင်ရောက်လာသည့်အခါတွင် ရွာသားများမှာ လီချန်ချင်းနှင့် ရှမူဟိုင်အား မလိုလားသည့် အမူအရာများကို မဖော်ပြခဲ့ပါချေ။သို့ပေမယ့် ကလေးများစွာတို့ကတော့ သူတို့ကို ထူးဆန်းနေသောကြောင့် ခဏခဏ မော့ကြည့်တတ်ကြသည်။
“ဒီနေရာ ပတ်ဝန်းကျင်က မဆိုးဘူးပဲ။ဒီနေရာမှာ မကောင်းတဲ့ဝိဉာဉ်တခုခု နှောင့်ယှက်နေလို့များ လူတိုင်းက အပြင်ကို ရောက်လာခဲ့ကြတာများလား”
လီချန်ချင်းက နားမလည်နိုင်စွာနှင့် ပြောလိုက်လေသည်။
“အကို ချန်ချင်း ကျုပ်တို့တွေ တယောက်ယောက်ကို အခြေအနေမေးကြည့်ကြရအောင်ဗျာ”
ရှမူဟိုင်သည် ထိုသို့ပြောပြီးနောက် လိုက်မေးရန် လူရှာနေတော့သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
ထိုအချိန်၌ စူးရှသော အသံတသံထွက်ပေါ်လာခဲ့သည်။
ရှမူဟိုင်နှင့် လီချန်ချင်းတို့သည် အသံလာရာကို မော့ကြည့်လိုက်သောအခါတွင် အိမ်ခေါင်မိုးတခုတွင် ဓာကိုင်ထားကာ သူတို့အား လေးနက်စွာစိုက်ကြည့်နေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်လေ၏။
ထို လူငယ်လေးသည် သူရဲကောင်းအရှိန်အဝါများ ထွက်ပေါ်နေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။သူ၏ ခါးတွင်လည်း ဓားတလက်ကို ချိတ်ဆွဲထားပြန်သည်။
“ကျုပ်တို့ ခင်ဗျားတို့ကို အရင်က မမြင်ဖူးဘူး။ခင်ဗျားတို့က ဒီရွာက မဟုတ်ဘူး။ဘယ်ကရောက်လာတာလဲ။ဘာလာလုပ်တာလဲ”
လူငယ်လေးသည် စကားပြောနေရင်းနှင့် အမိုးပေါ်မှ ကိုယ်ကို လှည့်ကာ ခုန်ဆင်းလာတော့သည်။
သူက ရှမူဟိုင်နှင့် လီချန်ချင်းအား သတိကြီးစွာနှင့် စိုက်ကြည့်နေခဲ့၏။ရှမူဟိုင်သည် သူ့အရှေ့ရှိ လူငယ်လေးအား ခြေဆုံးခေါင်းဆုံးကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်လေ၏။
“မင်းရဲ့ ဝတ်စုံနဲ့ မင်းကိုယ်ပေါ်က ဆေးဖက်ဝင်အပင်တွေရဲ့ အနံ့တွေကို ထောက်ရှုပြီး ခန့်မှန်းရမယ်ဆိုရင် မင်းက ဆေးဘုရင်တောင်ကြားက တပည့်ပဲ ဖြစ်ရမယ်။ဟုတ်တယ် မဟုတ်လား”
ထိုစကားကို ကြားပြီးသော် လူငယ်လေးမှာ သတိမလျော့သွားသည့်အပြင် ပို၍ပင် သတိထားလာပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်လေတော့သည်
“ခင်ဗျားက ဘယ်သူလဲဆိုတာကိုသာ ပြောစမ်းပါ”
ဒီလောကက ဒီအတိုင်းသာ ဖြစ်သည်။
သဘောမတူညီမှု အနည်းငယ်ဖြစ်လာသည်နှင့် ဓားဆွဲထုတ်ကာ သတ်ဖြတ်ရန် အသင့် ဖြစ်နေခဲ့ပြီ။
လီချန်ချင်းက လူငယ်လေးကို ဘာတခွန်းမှ မပြောပဲ စိုက်ကြည့်နေခဲ့သည်။သူက တခုခုဖြစ်တာနဲ့ ကိုယ်ဖော့သိုင်းသုံးကာ ထွက်ပြေးဖို့ အသင့်ပြင်ထားပြီးသားပင်
မတော်လို့ ချကြနှက်ကြလို့ သွေးတွေစွန်းကုန်ရင် ဘယ်လိုလုပ်မလဲ
“အပြုအမူကို ဆင်ခြင်စမ်း”
လေထု၏ တင်းမာမှုမှာ ထိပ်ဆုံးသို့ရောက်ကာ ပေါက်ကွဲမှု ဖြစ်လုဆဲဆဲမှာပင် ငွေခေါင်းလောင်းလေးကဲ့သို့ ချိုသာသော အသံတခု ထွက်လာခဲ့တော့သည်။
ထိုအသံမှာ စန်းယွမ်တိုက်ကြီးသို့ ရောက်ရှိပြီးနောက် လီချန်ချင်း ကြားဖူးသမျှထဲတွင် အချိုသာဆုံးနှင့် သာယာနာပျော်ဖွယ်အကောင်းဆုံးသော အသံပင် ဖြစ်လေသည်။
ထိုအသံမှာ စိတ်ဝိဉာဉ်များကို သန့်စင်နိုင်ပြီး နှလုံးသားထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့် အသံမျိုးပင် ဖြစ်သည်။
ပုံရိပ်တခုသည် လေထဲမှ ဖြေးညင်းစွာဆင်းသက်လာခဲ့သည်။
ထိုပုံရိပ်မှာ အမျိုးသမီးတယောက်ပင် ဖြစ်ပါသည်။
သူမသည်လည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။သူမ၏ မျက်လုံးများမှာ လင်းလက်နေကာ လူ့ပြည့်သို့ ဆင်းသက်လာသော နတ်သမီးတပါးအလားပင်။
“ဆရာ” လူငယ်လေးမှာ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီးနောက်တွင် ရိုသေစွာ ဆိုလိုက်သည်။
“ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ရှင်က ရှေးဟောင်းတာအိုဂိုဏ်းရဲ့ တောင်ထိပ်သခင် ရှမူဟိုင် မဟုတ်လား”
အမျိုးသမီးသည် ဖြေးညင်းစွာ လျှောက်လှမ်းလာခဲ့တော့သည်။သူမ၏ ခြေတလှမ်း လှမ်းလိုက်တိုင်းတွင် ဆန်းကြယ်စွာ ဖြင့် အစိမ်းနုရောင်ကြာပန်းများ ပွင့်လန်းလာခဲ့တော့သည်။