← Chapters

မင်းတကယ်လိုအပ်တဲ့အခါမှာတော့ စာအုပ်က ထင်သလောက် မကောင်းနေခဲ့ဘူး

Vol. 4 Ch. 32

မင်းတကယ်လိုအပ်တဲ့အခါမှာတော့ စာအုပ်က ထင်သလောက် မကောင်းနေခဲ့ဘူး

Vol. 4 Ch. 32

မင်းရဲ့ တက်လှမ်းခြင်းအဆင့်လေးနဲ့ စိန်ခေါ်ချင်နေသေးတာလား

“တောင်ထိပ်သခင်ရှ ကျွန်တော့်ကို အထင်မသေးပါနဲ့။ကျွန်တော့်ရဲ့ ရည်မှန်းချက်က လောကကြီးရဲ့ နံပတ်တစ် ဓားအင်မော်တယ် ဖြစ်ဖို့ပါပဲ။ကျုပ်လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်” ယင်ချန်းလီက ဆုံးဖြတ်ချက်ခိုင်မာသော အမူအရာနှင့် ဆိုလိုက်လေသည်။

“ဘာ ဓားအင်မော်တယ် ဖြစ်ချင်တာလဲ။လဲသေလိုက်” ထိုစကားလုံးများ ထွက်လာသည့်အခိုက် နံဘေးတွင်ရပ်နေသော မူချင်းကောမှာ သူ၏ ဦးခေါင်းကို ခပ်နာနာရိုက်ပုတ်လိုက်ပြီး ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။

“အား…ဆရာ။ကျွန်တော့်ခေါင်းကို ရိုက်ပြန်ပြီ။ခေါင်းကို မရိုက်နဲ့လို့ ကျွန်တော် ဉာဏ်ထိုင်းသွားရင် ဆရာ တာဝန်ယူမှာလား” ယင်ချန်းလီသည် နာကြည်းနေသော အမူအရာနှင့် လှမ်းကြည့်လိုက်လေသည်။

“နင် ဉာဏ်ထိုင်းသွားရင် ပြန်ကောင်းလာအောင် ကုပေးဖို့ ငါ့မှာ ဆေးအလုံအလောက်ရှိတယ်” မူချင်းကောသည် ဒေါသထွက်စွာနှင့် ပြောလိုက်သည်။

“နင်က ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ ဆေးဘုရင်တောင်ကြားက ငါ့ရဲ့ တပည့်ပဲ။ပြီးတော့ နင့်မှာ ရွှမ်းမူခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ဆေးပညာကို သေသေချာချာလေးသင်ယူရမယ့် အစား နင်က တနေကုန် ဓားတချောင်းကိုင်ပြီး ဓားသိုင်းပဲ ကျင့်ချင်နေတယ်။နင် ဘာတွေ ကြောင်နေတာလဲ”

မူချင်းကောထံမှ ပက်ပက်စက်စက် အဆူအငေါက်ကို ခံလိုက်ရသဖြင့် ယင်ချန်းလီမှာ သူ့အား မတရားဆက်ဆံသည်ဟု ခံစားနေရတော့သည်။

ရှမူဟိုင်သည် နှုတ်ခမ်းတွန့်ရုံလေးသာ ပြုံးနေတော့သည်။ယင်ချန်းလီလို လူငယ်လေးအဖို့ ငယ်ရွယ်ကာ စိတ်အားထက်သန်သော စိတ်ဓာတ်နှင့် မကြောက်ရွံ့သော သဘောထားရှိနေသည်မှာ ပုံမှန်သာ ဖြစ်လေသည်။

လူတိုင်းသည် ငယ်ရွယ်စဉ်အချိန်တုန်းက ထိုကဲ့သို့သာ ဖြစ်သည်။

“အကိုချန်ချင်း ကျုပ်တို့ အနားယူဖို့အတွက် နေရာတနေရာကို ရှာကြရအောင်” ရှမူဟိုင်သည် ကျောက်တုံးပြာတခုထက်တွင် တင်ပလ္လင်ခွေကာ ထိုင်နေသော လီချန်ချင်းအား လှမ်းပြောလိုက်လေသည်။

သို့သော် လီချန်ချင်းသည် ရှမူဟိုင်၏ ပြောစကားကိုမကြားသည့်အလား တုတ်တုတ်မျှပင် မလှုပ်ပါချေ။

ရှမူဟိုင်သည်လည်း အံ့ဩသွားခဲ့သည်။ဖြစ်နိုင်တာက လီချန်ချင်းက လေ့ကျင့်နေတာများလား

“သူက ဘယ်သူလဲ”

လီချန်ချင်းအား “အကိုချန်ချင်း” ဟု ခေါ်လိုက်သည်ကို ကြားလိုက်သော မူချင်းကောက လှမ်းမေးလိုက်လေသည်။ရှမူဟိုင်၏ လေသံအရ လီချန်ချင်းမှာ ရှမူဟိုင်၏ နောက်လိုက်ဟူသော အဆင့်အတန်းမဟုတ်ပဲ ထိုထက်ပိုမိုသော ဆက်ဆံရေးအဆင့်တွင် ရှိလိမ့်မည်ဟု ထင်မိသွားသည်။

ထို့ကြောင့် မူချင်းကောက သိလိုစွာနှင့် မေးလိုက်ခြင်းသာ ဖြစ်သည်။

“သူကလည်း ရှေးဟောင်းတာအိုဂိုဏ်းကပဲလား”

“အကိုချန်ချင်းက ဂိုဏ်းကမဟုတ်တဲ့ ကျုပ်ရဲ့ မိတ်ဆွေပါ” ရှမူဟိုင်က ပြုံးပြလိုက်လေသည်။

စကားပြောဆိုနေသည့်တောက်လျှောက်တွင် လီချန်ချင်းက ဘာတခွန်းမှ ဝင်မပြောသဖြင့် ရှမူဟိုင်ကလည်း များများ မပြောပြခဲ့ပေ။

မူချင်းကောသည် လီချန်ချင်းအား လေးနက်စွာနှင့် စိုက်ကြည့်လိုက်လေ၏။ထိုသူမှာ ဘယ်လိုပဲကြည့်ကြည့် သာမန်လူတစ်ယောက်နှင့်သာ တူသည်။ထို့အပြင် သူ့ထံမှ မည်သည့် အစစ်အမှန်အနှစ်သာရ ရိုက်ခတ်မှုများကို သူမ မခံစားရပြန်ပေ။သူမသည် ထပ်ခါထပ်ခါ စိတ်အာရုံပို့လွှတ်ကာ အာရုံခံသည့်တိုင် အချည်းနှီးသာ။

ဒီလူက တကယ့်ကို သာမန်လူပဲ။ကျင့်ကြံသူတစ်ယောက်နဲ့ ထူးထူးခြားခြား ခင်မင်ရင်းနှီးတဲ့ သာမန်လူပဲ ဖြစ်ရမယ်။

“တာအိုရောင်းရင်းရှုက ဒီကို ရောက်လာပြီဆိုမှတော့ ကျွန်မတို့ ဆရာတပည့်နှစ်ယောက်က မနက်ကျရင် ဒီကနေ ထွက်သွားပါတော့မယ်”

မူချင်းကောက လှပစွာ ပြုံးပြလိုက်လေ၏။

“ရှင် ဒီကို ရောက်နေပြီဆိုတော့ ရွာသားတွေရဲ့ လုံခြုံမှုက စိတ်ချသွားရပါပြီ။သူတို့ရဲ့ သက်တမ်းယုတ်လျော့သွားတာကတော့ ကျွန်မလည်း တကယ်ပဲ မကုသနိုင်ပါဘူး”

“ဆရာ ကျွန်တော်တို့ တကယ်ပဲ ထွက်သွားတော့မလို့လား။ဒီကိုတောင် ရောက်နေမှတော့ ရှေးဟောင်းတာအိုဂိုဏ်းကို တခါထဲ ဝင်လည်ကြမယ်လေ”

ယင်ချန်းလီသည် စိတ်ဖိစီးစွာ ပြောလိုက်လေသည်။

“ဘာ ရှေးဟောင်းတာအိုဂိုဏ်းလဲ” မူချင်းကောသည် သူမ၏ လက်ကို မြှောက်လိုက်ကာ ခေါင်းကို ရိုက်ရန် ဟန်ပြင်လိုက်လေသည်။ယင်ချန်းလီကလဲ သူ၏ ဦးခေါင်းကို လက်နှင့် ကာကွယ်ကာ တိမ်းရှောင်လိုက်၏။

ဒါပေမယ့် မူချင်းကော၏ မြှောက်ထားသော လက်မှာ မကျဆင်းလာခဲ့ပေ။

ရှမူဟိုင်ကလည်း ပြုံးရင်း ဆိုလိုက်သည်။

“ကောင်လေး ချင်းရွှယ်အာဏာဓါးအရှင်ကို စိန်ခေါ်ဖို့အတွက် မင်းရဲ့ စွမ်းအားက မလုံလောက်သေးဘူး။အရင်ဆုံး ပြန်ပြီး ကျင့်ကြံလိုက်ပါဦး။တနေ့ကျလို့ မင်းသန်မာလာတဲ့အချိန်ရောက်မှ စိန်လာခေါ်လည်း နောက်မကျသေးပါဘူး”

“ကျုပ်နာမည်က ယင်ချန်းလီဗျ။ကောင်လေး မဟုတ်ဘူး”

ယင်ချန်းလီက ရှုံ့မဲ့စွာဆိုလိုက်သည်။

“ကျုပ်က ချင်းရွှယ်အာဏာဓါးအရှင်နဲ့ ယှဉ်မတိုက်နိုင်တာကို ကျုပ်သိတာပေါ့၊အရူးမှ မဟုတ်တာ။ဒါပေမယ့် ကျုပ်က ချင်းရွှယ်အာဏာဓါးအရှင်ရဲ့ မိုးကြိုးဓားချက် ၁၃ချက်ကို တကယ်ပဲ မြင်ဖူးချင်လို့ပါ”

“နောက်ထပ် ကျုပ်ကြားထားတာ တခုရှိသေးတယ်။ချင်းရွှယ်အာဏာဓါးအရှင်က ရှေးဟောင်းတာအိုဂိုဏ်းကပဲ ဆိုပေမယ့် သူက ရှေးဟောင်းတာအိုဂိုဏ်းရဲ့ သိုင်းပညာဖြစ်တဲ့ စည်းတံဆိပ်ငါးချက်ကို မသင်ယူထားဘူးတဲ့။သူက ဓားတာအိုတမျိုးတည်းကိုပဲ လေ့ကျင့်ပြီးတော့ အခု အဆင့်အထိကို ရောက်လာတာတဲ့။အဲ့ဒါကြော င့်မို့လို့ ကျုပ်လည်း ဆေးပညာကို မသင်…”

သူသည် စကားပြောနေရင်းနှင့်ပင် ကျောရိုးတလျှောက်လုံး စိမ့်တက်လာသည်ကို သိလိုက်ရတော့လေသည်။သူ့နံဘေးတွင်ရှိသောဆရာဖြစ်သူ မူချင်းကောထံမှ ကြောက်မက်ဖွယ်ရာဒေါသကို ခံစားမိလိုက်သောကြောင့်ပင်။

ထို့ကြောင့် သူ့ပါးစပ်ကို အလျင်အမြန်ပင် ပိတ်လိုက်ရလေတော့သည်။

“ဟားဟားဟားဟား” ရှမူဟိုင်က ရယ်မောလိုက်တော့သည်။

“မင်းရဲ့ ဆရာပြောတာကတော့ မင်းမှာ ရွှမ်းမူခန္ဓာကိုယ်ရှိတယ်တဲ့။အဲ့ဒါကြောင့် မင်းဆေးပညာကို မလေ့ကျင့်တာက မင်းရဲ့ အရည်အချင်းကို အရမ်းကို ဖြုန်းတီးရာရောက်ပါတယ်။စွမ်းအားကြီး ဓားကျင့်ကြံသူဖြစ်ဖို့အတွက်တော့ ဓားသမားဖြစ်လာစရာ မလိုပါဘူး”

ရှမူဟိုင်၏ စကားကိုကြားသောအခါ ယင်ချန်းလီသည် လေသံတိုးတိုးနှင့် ပွစိပွစိပြောနေလေတော့သည်။သူတို့နှစ်ယောက်စလုံး ဘယ်လောက်ပြောပြော ယင်ချန်းးလီကို ဓားသိုင်းကျင့်ကြံခြင်းမှ ရပ်တန့်နိုင်လိမ့်မည့် ပုံမပေါ်ပါချေ။

ထိုအချိန်တွင် ကျောက်ပြာပေါ်တွင် ထိုင်နေသော လီချန်ချင်းက ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်လေတော့သည်။

သူ့မျက်လုံးထဲတွင် အလင်းတန်းများကို မြင်ရလိမ့်မည် ဖြစ်သည်။တီဗီဒရာမာများထဲမှ သိုင်းပညာများကို ကူးယူကျင့်ကြံ၍ မရသည့်တိုင် မူရင်းစာရေးသူ ရေးသားသည့် ဝတ္ထုစာအုပ်များထဲမှ သူမှတ်မိသလောက် အချက်အလက်များနှင့်ပင် သိုင်းကျင့်စဉ်ကို ကူးယူလို့ရခဲ့မည်ဟု သူလုံးဝကို မမျှော်လင့်ခဲ့မိပါချေ။

ယခုအချိန်တွင် လီချန်ချင်းသည် အလွန်အမင်းကို နောင်တရနေခဲ့ချေပြီ။သူသာ အတိတ်တုန်းက စာအုပ်ကိုသာ သေချာဖတ်ရှုခဲ့ပါက ယခုလောက်ဆိုရင် သိုင်းပေါင်းစုံကို တတ်မြောက်ပြီးသား ဖြစ်ပေလိမ့်မည်။

ကံဆိုးတာက သူဖတ်ခဲ့ဖူးသော မူလဝတ္ထုထဲမှ သိုင်းပညာရပ်များ၏ အညွှန်းများကို မမှတ်မိတော့တာပဲ ဖြစ်သည်။

ဒါပေမယ့် လောဘမကြီးသင့်တော့ပေ။ဘာမှ မရတာထက် ယခုလို သိုင်းကျင့်စဉ်တခု တက်မြောက်သွားတာက မဆိုးဟု ပြောရပေလိ့မ်မည်။

ဟင်….

ထိုအချိန်တွင် လီချန်ချင်းသည် ညကောင်းကင်ယံကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။

“အကိုချန်ချင်း နိုးပြီလားဗျ” ရှမူဟိုင်သည် အနားသို့ကပ်လာခဲ့သည်။မူချင်းကောသည်လည်း သူမ၏ တပည့်ကို ဆွဲကာ လီချန်ချင်းထံသို့ လှမ်းလာခဲ့သည်။သူမ၏ ခြေလှမ်းများအောက်တွင်တော့ အစိမ်းရောင်ကြာပွင့်များက ပွင့်လန်းနေဆဲ။သူမသည်လည်း အကိုချန်ချင်းဟု ခေါ်သော ထိုသာမန်လူကို အနည်းငယ် စိတ်ဝင်စားနေခဲ့၏။

လီချန်ချင်းက စကားလုံးဝမပြောပါချေ။သူ့အကြည့်များမှာ နက်မှောင်နေသော ကောင်းကင်ကိုသာ ထွင်းဖောက်လုမတက်ကို ကြည့်နေခဲ့၏။

“အကိုချန်ချင်း ဘာများဖြစ်နေလို့လဲ” ရှမူဟိုင်သည်လည်း ကောင်းကင်ကို သိလိုစွာကြည့်လိုက်သည့်တိုင် သူ ဘာမှ မတွေ့ပါချေ။”

လီချန်ချင်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“တခုခု လာနေတာကို ငါခံစားမိနေတယ်”

“တခုခု?”

ထိုစကားကိုကြားသော် မူချင်းကောကလည်း မော့ကြည့်လိုက်လေသည်။သို့သော် သူမသည်လည်း ရှမူဟိုင်ကဲ့သို့ပင် ဘာမှကို မတွေ့ခဲ့ချေ။

“ဟိုကောင်များ ပြန်လာတာလား” ရှမူဟိုင်၏ အမူအရာက လွန်စွာမှကို လေးနက်သွားခဲ့သည်။

လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်မှာ လွန်စွာမှကို စွမ်းအားကြီးမားလှပေသည်။သာမန်ကျင့်ကြံသူများနှင့် လုံးဝကို နှိုင်းယှဉ်၍ မရပါချေ။ထို့ကြောင့် သူက တခုခုလာသည်ဟုပြောလျှင် တစုံတခုက တကယ်ကို ချည်းကပ်လာသောကြောင့်ပင်။

“ဘာမှမရှိပါဘူးဗျာ။ဦးလေး အခုထိ အိပ်ငိုက်နေတုန်းလား” ယင်ချန်းလီကလဲ သိလိုစွာနှင့် ဝင်ပြော၏။

“နီးလာပြီ” လီချန်ချင်းက မတ်တပ်ထရပ်လိုက်၏။သူ့ မျက်လုံးများမှာ အရပ်မျက်နှာတဖက်ကို တသမတ်တည်း စိုက်ကြည့်နေခဲ့သည်။

“သတိထားကြ”

ရှမူဟိုင်က လေးနက်စွာ အော်လိုက်သည်။

ရှမူဟိုင်ကပါ အလွန်လေးနက်နေသောကြောင့် မူချင်းကောသည်လည်း သတိကြီးကြီးထားကာ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

အသက်ရှုရှိုက်ချိန် ဆယ်ကြိမ်ကြာမြင့်ပြီးနောက်တွင် သေးငယ်သော ရွှေအလင်းတန်းတကြောင်းသည် ကောင်းကင်ထက်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့တော့သည်။ထိုအလင်းတန်းမှာ ရွာငယ်လေးထံသို့ ကြယ်ကြွေကျသလို ဆင်းသက်လာ၏။

“ကပ်ဘေးကြယ်က ကျဆင်းလာပြီ”

ထိုအချိန်တွင် ရွာသားများသည်လည်း ရွှေအလင်းကျဆင်းလာသည်ကို မြင်တွေ့လိုက်တော့သည်။လူတိုင်း၏ မျက်နှာများမှာ ကြောက်ရွံ့နေသောအမူအရာသို့ တမဟုတ်ချင်း ကူးပြောင်းသွားခဲ့တော့သည်။သူတို့သိကြသည်။ထိုကြယ်ရောက်လာသည်နှင့် သူတို့၏ သက်တမ်းများယုတ်လျော့သွားကာ အသက်အရွယ်များ ကြီးရင့်လာကြတော့မည် ဖြစ်သည်။

ရွာသားများမှာ ယောက်ယက်ခတ်နေကာ မိမိတို့၏ အိမ်သို့ အလျင်အမြန် ထွက်ပြေးသွားကြလေတော့သည်။

“အဲ့ဒါက ဒီကို တကယ်ပဲ ရောက်လာခဲ့တာပဲ” မူချင်းကောမှာ ထိတ်လန့်နေခဲ့သည်။

ထိုထက် သူမကို ပိုမို၍ ထိတ်လန့်စေသည်မှာ ထိုအရာက ဟိုးအဝေးမှာ ရှိနေသည့်အချိန်ကတည်းကိုက သာမန်လူဖြစ်သော လီချန်ချင်းက သိနေခြင်းကြောင့်ပင်။

လီချန်ချင်း စကားစပြောသည့်အချိန်ကနေ ယခုထိုအရာရောက်ရှိသည့် အချိန်ကာလကြာမြင့်ချိန်မှာ အသက်ရှုချိန်ဆယ်ကြိမ်ပတ်ချာလည်တွင်သာ ရှိ၏။

မူလနယ်ပယ်အဆင့်သို့ ရောက်နေကြသော သူမနှင့် ရှမူဟိုင်တို့ပင်လျှင် ထိုအရာကို လုံးဝ အာရုံမခံနိုင်ကြပေ။

ဒီလူက ဘယ်သူလဲ???

ရွှေရောင်အလင်းတန်း၏ အရှိန်မှာ တဖြေးဖြေးနှင့် လျင်မြန်လာတော့သည်။ထိုအလင်းတန်းသည် ရွာ၏ အထက်သို့ ရောက်ရှိသောအခါတွင် မူချင်းကောထံသို့ တဟုန်ထိုး ပြေးဆင်းလာခဲ့လေ၏။

ဥက္ကာခဲကြွေကျသည့်နှယ်ပင်

မူချင်းကောသည် အနောက်သို့ လှမ်းဆုတ်လိုက်လေသည်။ သူမ၏ ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်လန်းနေကာ သူမ၏ တကိုယ်လုံးကို ကြီးမားလှသော ကြာပန်းပုံရိပ်ကြီးက ဖုံးအုပ်သွားခဲ့လေသည်။ထို့နောက်တွင် သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ များပြားလှသည့် ငွေအပ်များသည် လေထဲမှ ထွက်ပေါ်လာတော့သည်။ထိုငွေအပ်များသည် မုန်တိုင်းထဲမှ မက်မွန်ပွင့်ချပ်များအလား ရွှေအလင်းတန်းထံသို့ တိုးဝင်သွားခဲ့တော့သည်။

ဒါပေမယ့် ရွှေအလင်းမှာ လွန်စွာ လျင်မြန်လှပေသည်။ငွေအပ်များကို သက်သက်သာသာပင် ရှောင်ရှားသွားလေ၏။

“နတ်ဘုရားခြေလှမ်း”

ရှမူဟိုင်၏ ပုံရိပ်မှာ ရွှေရောင်အလင်းတန်းရှိနေရာသို့ ပြေးထွက်သွားခဲ့တော့သည်။သူ၏ အမြန်နှုန်းမှာ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကို အသုံးပြုစဉ်ကထက် များစွာ လျင်မြန်နေခဲ့ပါသည်။

တချိန်တည်းမှာပင် ရှမူဟိုင်သည် လက်ဖဝါးတချက် ရိုက်ချလိုက်၏။

“ယွမ်ပိတ်လှောင်ခြင်း”

အတွင်းစွမ်းအားများနှင့်ပြည့်ဝနေသည့် လက်ဝါးချက်မှာ ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးကို ပိတ်လှောင်လိုသည့်အလားပင်။

သို့သော် ရွှေအလင်း၏ အမြန်နှုန်းမှာ အတော်လေးကို လျင်မြန်နေခဲ့ပါသည်။ရှမူဟိုင်က နတ်ဘုရားခြေလှမ်းကို အသုံးပြုထားသည့်တိုင် သူ၏ အမြန်နှုန်းမှာ ရွှေအလင်းနှင့် ယှဉ်လျှင် အနည်းငယ် နှေးကွေးနေခဲ့ပါသည်။

လက်ဖဝါးရိုက်ချက်တချက်တည်းနှင့်ပင် မြေပြင်သည် လက်ဖဝါးရာကြီးထင်ကာ ပြိုကျသွားခဲ့တော့သည်။

သို့ပေမယ့် ရွှေအလင်းမှာ အဝေးသို့ ရှောင်ရှားသွားခဲ့တော့သည်။

ရွှေအလင်း ရပ်တန့်သွားသောအချိန်မှာသာ အတွင်းရှိအရာကို သဲသဲကွဲကွဲ မြင်လိုက်ကြရလေသည်။

All Chapters