← Chapters

ရွှေလင်းလန်သားရဲ

Vol. 4 Ch. 33

ရွှေလင်းလန်သားရဲ

Vol. 4 Ch. 33

၎င်းသည် ဝိဉာဉ်သားရဲ ဖြစ်၏။သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းများ တောက်ပနေပြီး မြေပြင်ပေါ်၌ ကိုယ်တဝက်ကို လှဲလျောင်းနေကာ ရှမူဟိုင်တို့အဖွဲ့အား သူ၏ အစွယ်များကို ဖြဲပြရင်း မာန်ဖီနေခဲ့လေသည်။

သူ၏ ယနေ့ အမဲလိုက်ရာတွင် ထိုကဲ့သို့ ပြသနာများသည့် ပြိုင်ဘက်များနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့ပုံမရချေ။

ရှမူဟိုင် လှုပ်ရှားမှုလုပ်လိုက်သည့်အချိန်မှာပင် ၎င်းသည် အန္တရာယ်အငွေ့အသက်ကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။

၎င်း၏ လျင်မြန်လှသော အမြန်နှုန်းကြောင့်သာ မဟုတ်လျှင် ရှမူဟိုင်၏ လက်ဝါးချက်ကို ထိမှန်ကာ ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရရှိနေခဲ့ပြီ ဖြစ်သည်။ထိုလက်ဝါးချက်၏ ပြင်းအားကို ကြုံတွေ့ပြီးနောက်တွင် ၎င်းသည် ထိုလူဝကြီးမှာ လျော့တွက်၍ မရသောသူဖြစ်သည်ကို သိလိုက်တော့လေသည်။

“ဒါက…” မူချင်းကောက ရှေ့သို့တိုးလာကာ မျက်မှောင်ကြုံ့လိုက်လေ၏။

“ရွှေလင်းလန်သားရဲတကောင်ပါလား”

“အဲ့ဒါက ရွှေလင်းလန်သားရဲဖြစ်ပေမယ့် တကယ့်သားရဲအစစ်မဟုတ်ဘူး။ပန်းချီကားထဲက စိတ်ဝိဉာဉ်ပဲ” ရှမူဟိုင်သည် ဝိဉာဉ်သားရဲကို စိုက်ကြည့်နေရင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။

“ပန်းချီဝိဉာဉ်?”

မူချင်းကောသည် အနီးကပ်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

“တကယ်ကိုပဲ”

နံဘေးတွင် ရပ်နေသော လီချန်ချင်းကသာ အူကြောင်ကြောင်ဖြစ်နေခဲ့သည်။

ရွှေလင်းလန်သားရဲဆိုတာက ဘာလဲဟ

နာမည်ကြီးက သောက်ကြီးသောက်ကျယ်နိုင်လိုက်တာ

အဲ့ကောင်က ခွေးလေဟ

ဂိုးဒင်းရီထရီဗာအမျိုးအစား ခွေးလေဟ

လခွမ်းနဲ့မှ

(အောက်မှာ ခွေးပုံတင်ထားပေးပါတယ်)

ထိုခွေးအမျိုးအစားသည် သူ၏ ယခင်ဘဝတွင် ခွေးချစ်သူ လူတိုင်းနီးပါး မွေးကြလေ၏။ဒါပေမယ့် ဒီစန်းယွမ်ကမ္ဘာကို ရောက်မှ ဒီခွေးကတောင် နာမည်ကြီးကြီးကျယ်ကျယ်တွေနဲ့ပါလား။

“ပန်းချီစိတ်ဝိဉာဉ်ဆိုတာက ဘာလဲ” လီချန်ချင်းသည် သူဖတ်ဖူးသော စာအုပ်များတွင် ထိုအကြောင်းအရာ မပါဝင်သောကြောင့် သိလိုစွာမေးလိုက်ချင်မိသည်။

သို့သော် သူမေးလိုက်ပါက ရှမူဟိုင်က သူ့အား သံသယဝင်သွားပေလိမ့်မည် မဟုတ်လား။

“ဆရာ ပန်းချီကားဝိဉာဉ်ဆိုတာက ဘာလဲ”

ထိုအချိန်တွင် မူချင်းကော၏အနောက်မှ ယင်ချန်းလီက စပ်စပ်စုစုနှင့် မေးလိုက်ပါသည်။

“လူတော်လေးပဲ၊မင်းမှာ အလားအလာကောင်းတွေ ရှိတယ်” လီချန်ချင်းက ကျိတ်ချီးကျူးလိုက်သည်။

“ရွှေလင်းလန်သားရဲက တကယ့်အစစ်အမှန် သားရဲ မဟုတ်ဘူး။ပန်းချီကားချပ်တခုပဲ။ပန်းချီကားဝိဉာဉ်ဆိုတာက ပန်းချီကားကနေ မွေးဖွားလာပြီးတော့ စိတ်ဝိဉာဉ်တခု ဖွဲ့စည်းလာတဲ့ ရွှေလင်းလန်သားရဲပဲ။အဲ့ဒါကြောင့် သူ့ရဲ့ ပုံစံက ရွှေလင်းလန်သားရဲပုံဖြစ်နေခဲ့တာ”

မူချင်းကောက တချက်ရယ်လိုက်သည်။

“ရွာသားတွေရဲ့ သက်တမ်းက ဘာကြောင့် ယုတ်လျော့သွားတာလဲဆိုတာကို ကျွန်မ နားလည်ပြီ”

ရှမူဟိုင်ကလည်း ခေါင်းညိတ်လိုက်၏။

“ဒီ ရွှေလင်းလန်သားရဲက စွမ်းအားကြီးပုဂ္ဂိုလ်တဦးဦး ရေးဆွဲခဲ့တဲ့ ဂန္ဓဝင်လက်ရာတခုပဲ ဖြစ်ရမယ်။ဒီလို စိတ်ဝိဉာဉ်အသိစိတ်ကို ရဖို့ နှစ်ဘယ်လောက်တောင် ကြာမြင့်ခဲ့တာလဲဆိုတာကို ဘယ်သူသိမှာလဲ။အချိန်တွေ အရမ်းကြာလာတော့ ပန်းချီကားထဲက စိတ်ဝီဉာဉ်က တဖြေးဖြေးနဲ့ ခမ်းခြောက်လာခဲ့တော့တာပဲ။အဲ့ဒါကြောင့်မို့လို့ ပန်းချီကားဝိဉာဉ်ကလဲ ပန်းချီကားချပ်ထဲကနေ ထွက်လာခဲ့တော့တာပါပဲ”

“သူက သူ့ရဲ့စိတ်ဝိဉာဉ် ကုန်ဆုံးနေတာကို ပြန်ဖြည့်တင်းဖို့အတွက် တခြားလူတွေရဲ့ ကျင့်ကြံခြင်းတွေနဲ့ သက်တမ်းတွေကို လိုက်ယူနေတာပဲ”

ရှမူဟိုင်မှာလည်း အံ့အားသင့်နေပါသည်။

“ပန်းချီကားထဲမှ မွေးဖွားလာသည့် ပန်းချီဝိဉာဉ်မှာ မူလနယ်ပယ်အဆင့်နှင့် ညီမျှသော ကျင့်ကြံခြင်းစွမ်းအား ရှိနေပါလား။ဖြစ်နိုင်တာက ဒီပန်းချီကားကို ရေးဆွဲခဲ့သူက အရင်မျိုးဆက်က ပန်းချီအင်မော်တယ်တပါးဖြစ်နိုင်တယ်။ပြောလို့တော့ မရဘူး…ကူဟန်ရှီတောင်မှ ဖြစ်နိုင်သေးတယ်”

“ကူဟမ်ရှီ” မူချင်းကော၏ မျက်လုံးများမှာ လင်းလက်သွားခဲ့လေ၏။

“ဒီခန့်မှန်းချက်ကသာ အမှန်ဆိုရင်တော့ ဒီနေရာမှာ ကူဟန်ရှီက တကယ် ပေါ်လာတာပဲ ဖြစ်ရလိမ့်မယ်”

“သုံးသက်ပန်းနဲ့ ပတ်သက်တဲ့ သဲလွန်စတောင် တွေ့ရင်တွေ့ရနိုင်တယ် ပြောမရဘူး”

ရှမူဟိုင်က ရယ်မောလိုက်လေသည်။ထို့နောက်တွင် သူ၏ ဝတ်ရုံလက်ကို ခေါက်တင်ရင်း

“အရင်ဆုံး ငါတို့တွေ ပန်းချီကားဝိဉာဉ်ကို အရင်ဆုံး ဖမ်းရလိမ့်မယ်”

“ငါတို့သာ ရွှေလင်းလန်သားရဲကို ဖမ်းဆီးနိုင်မယ်ဆိုရင် ရှေးဟောင်းတာအိုဂိုဏ်းက မျောလွင့်ကျမ်းစာခန်းမသခင်ကို လျော့ကျနေတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေကို ချိတ်ပိတ်ဖို့ အကူအညီတောင်းရမယ်။ ရွှေလင်းလန်သားရဲသာ ရခဲ့ရင် ရှေးဟောင်းတာအိုဂိုဏ်းက အင်အားကလဲ တိုးလာမှာပဲလေ မဟုတ်ဘူးလား”

“ဒါပေမယ့် ဆေးဘုရင်တောင်ကြားကလည်း ဒီ ရွှေလင်းလန်သားရဲကို လိုချင်ပါတယ်ရှင်”

မူချင်းကောက အပြုံးတခုနှင့် ပြောလိုက်လေသည်။

“တောင်ထိပ်သခင်ရှ ဒီသတ္တဝါက အဖိုးတန်လို့လား”

ထိုအချိန်တွင် နံဘေးကနေ ဂိုးဒင်းရီထရီဗာခွေးအား ကြည့်နေသော လီချန်ချင်းက မနေနိုင်တော့ပဲ ထမေးလိုက်တော့လေသည်။

“တန်ဖိုးရှိလားတဲ့” ရှမူဟိုင်သည် ထိုဖော်ပြချက်ကို ကြားသော် ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့လေသည်။ယခုအကြိမ်သည် တစုံတယောက်မှ ပန်းချီစိတ်ဝိဉာဉ်အား အဖိုးတန်လားဟု ပြောဆိုခြင်းကို သူ ပထမဦးဆုံးကြားဖူးခြင်းသာ ဖြစ်ပါသည်။

“အကိုချန်ချင်း ပန်းချီဝိဉာဉ်ဆိုတာမျိုးကို ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်ဘူး။အထူးသဖြင့် ရွှေလင်းလန်သားရဲပဲ။ဒီသားရဲက နဂိုကတည်းကိုက ရှားပါးသားရဲမျိုးပဲ။ပြီးတော့ ပန်းချီအင်မော်တယ်တပါးရဲ့ လက်ရာလည်းဖြစ်သေးတယ်။ဒီကောင်က လုံးဝကို အစစ်အမှန်ရတနာတပါးပဲ”

“မူလအဆင့်ရှိတဲ့ စိတ်ဝိဉာဉ်သားရဲတကောင် ကိုယ့်ဆီမှာ ရှိနေတာက ကိစ္စတော်တော်များများကို လွယ်ကူသွားစေနိုင်တယ်။အခြားလူတွေနဲ့ တိုက်ခိုက်မယ့်အချိန်မှာတောင်မှ သူ ရှိနေတာက ကိုယ့်ရဲ့ ခွန်အားကို တိုးတက်သွားစေတယ်လေ ဟုတ်တယ္မဟုတ်လား”

ရှမူဟိုင်က ထိုစကားများကို ပြောနေရင်း သူ၏ မျက်လုံးများမှာ အရောင်တလက်လက်တောက်ပနေခဲ့လေသည်။မသိလျှင် ထို ရွှေလင်းလန်သားရဲမှာ သူ့အပိုင်ဖြစ်နေပြီးသည့်အတိုင်းပင်။

“ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားက တပည့်တွေက ရှင်တို့ရဲ့ ရှေးဟောင်းတာအိုဂိုဏ်းကတပည့်တွေလို စွမ်းအားမကြီးကြဘူး။အဲ့ဒါကြောင့် ဒီသားရဲက ကျွန်မယူသွားတာ အသင့်တော်ဆုံးပဲ”

မူချင်းကောကလည်း လုံးဝကို လက်မလျော့လိုပေ။သူမကလည်း လိုချင်နေခဲ့ပြန်သည်။

“မူ လ အဆင့် စွမ်းအား…” လီချန်ချင်းက သူ၏ မေးစေ့ကို ပွတ်သပ်ရင်းနှင့် ဂိုးဒင်းရီထရီဗာခွေးကိုကြည့်ရင်း ရေရွတ်လိုက်ခဲ့သည်။

“ဒီကောင်သာ ငါ့သားရဲ့အနားမှာ ရှိနေရင် ငါ့သားကတော့ မူလအဆင့်ကျင့်ကြံသူတွေကို ကြောက်ဖို့လိုတော့မှာ မဟုတ်ဘူးပဲ”

“သူ လုံခြုံသွားလိမ့်မယ်” လီချန်ချင်းသည် ဂိုးဒင်းရီထရီဗာခွေး..မဟုတ်သေးဘူး ရွှေလင်းလန်သားရဲကို ကြည့်ပြီး တိတ်တဆိတ်မျှော်လင့်နေခဲ့တော့သည်။

“စုန့်နတ်မိမယ် ဒီကောင့်ကို အရင်ဆုံးဖမ်းကြတာပေါ့။ကျန်တာကိုတော့ နောက်မှပဲ ဆွေးနွေးကြတာပေါ့။ဒီကောင်က သိပ်ကိုလျင်တယ်။သူ့ကို ဖမ်းဖို့ ကျုပ်တို့ တော်တော်လေး ကြိုးစားဖို့ လိုလိမ့်မယ်”

ရှမူဟိုင်က လည်ပင်းကို အကြောဖြေလိုက်၏။

“ကောင်းပြီလေ” မူချင်းကောသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မြောက်များစွာသော ငွေအပ်များသည် သူမ၏ အရှေ့တွင် လွင့်မြောလာခဲ့တော့သည်။

ရွှေလင်းလန်သားရဲသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ သူတို့ နှစ်ဦးအား စိုးရိမ်တကြီးနှင့် ကြည့်လိုက်လေတော့သည်။နောက်တခဏတွင် သူတို့နှစ်ယောက်စလုံးသည် စတင် လှုပ်ရှားလိုက်ကြသည်။

နတ်ဘုရားခြေလှမ်းကို အသုံးပြုထားသောကြောင့် ရှမူဟိုင်၏ အရှိန်နှုန်းမှာ လွန်စွာ လျင်မြန်နေခဲ့ပါသည်။သူ၏ ပုံရိပ်မှာ ပုံရိပ်ယောင်များစွာကို ဖြစ်ပေါ်စေနေပြီး တချိန်တည်းမှာပင် ကိုယ်တွင်းစွမ်းအားများ ပေါ်ထွက်လာခဲ့၏။သူ၏ လက်ဖဝါးမှာလည်း များစွာသော အက္ခရာအလင်းတန်းများသည် ဆန်းကြယ်စွာဖြင့် ပေါ်ထွက်လာခဲ့တော့သည်။

“ဖမ်းချုပ်လိုက်စမ်း”

ထိုအသံနှင့်အတူ ရှမူဟိုင်၏ လက်ဖဝါးရိုက်ချက်သည် ကြီးမားလှသော လက်ဖဝါးပုံရိပ်ကြီးတခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ပထမအကြိမ်တုန်းက လက်ဖဝါးရိုက်ချက်ထက်ပင် ပို၍ပင် ကြီးမားလွန်းလှပေသည်။ကောင်းကင်တခုလုံးပြိုလဲလာသလိုမျိုး လက်ဝါးချက်မှာ ဆင်းသက်လာခဲ့တော့သည်။

အလင်းသင်္ကေတလေးလွှာဖုံးအုပ်နေသည့် ကျဆင်းလာသည့်ဖိအားမှာ ကူကယ်ရာမဲ့သည့် ခံစားချက်ကို ဖြစ်လာစေခဲ့သည်။

ရှမူဟိုင်၏ ခွန်အားမှာ ကြောက်ရွံ့ဖွယ်ပင်

“တာအိုရောင်းရင်းရှရဲ့ စည်းတံဆိပ်ငါးချက်က စွမ်းအားအတော်ကြီးတာပဲ။ရှင်က အချုပ်အနှောင်သိုင်းကွက်ကို အဆင့်၄အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာပဲ”

မူချင်းကောက အံ့အားသင့်စွာနှင့် မှတ်ချက်ပြုလိုက်သည်။

ရွှေလင်းလန်သားရဲသည် ခပ်တိုးတိုး မာန်ဖီလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ရှမူဟိုင်၏ တိုက်ခိုက်မှုအောက်မှ ဆန်းကြယ်စွာနှင့် လွတ်မြောက်သွားခဲ့တော့သည်။၎င်း၏ အမြန်နှုန်းမှာ မူလကထက် အဆမတန် မြန်ဆန်လွန်းသွားပြန်သည်။

တချိန်တည်းမှာပင် တောင်ကြီးတ‌ေတာင်ကိုပင် နှစ်ခြမ်းကွဲစေနိုင်လောက်သော လက်သည်းကုတ်ချက်ကြီးတခုသည် လေထုထဲမှ ထွက်ပေါ်လာခဲ့လေတော့သည်။

“ပြိုင်ဘက်ကင်း”

ရှမူဟိုင်က ဟစ်ကြွေးလိုက်သည်။သူ့ခန္ဓာကိုယ်တခုလုံးမှာ ရွှေအိုရောင်အလင်းတန်းများ ဖုံးအုပ်သွားခဲ့လေတော့သည်။တချိန်တည်းမှာပင် သူက လက်သီးတလုံးပစ်ကျွေးလိုက်သည်။ထိုလက်သီးချက်မှာ ရွှေလင်းလန်သားရဲအား တည့်တည့် ထိမှန်သွားလေသည်။

ပြိုင်ဘက်ကင်းခန္ဓာအကာအကွယ်ရှိနေခြင်းကြောင့် ရွှေလင်းလန်သားရဲက ရှမူဟိုင်အား လုံးဝကို မထိခိုက်နိုင်ခဲ့ပါချေ။

တချိန်တည်းမှာပင် ရှမူဟိုင်၏ တွန်းလှန်မှုကိုပင် ခံလိုက်ရပြန်သေးသည်။

“အခွင့်ကောင်းပဲ”

ရွှေလင်းလန်သားရဲ လွင့်ထွက်သွားသည်ကို မြင်သည့်အခိုက်တွင် အချိန်ကောင်းကို စောင့်နေသော မူချင်းကောသည် သူမ၏ လှုပ်ရှားမှုကို စတင်လိုက်သည်။

မြောက်မြားစွာသော ငွေအပ်များသည် သူမ၏ လက်ထဲမှ ပျံသန်းလာတော့သည်။ထိုအပ်များမှာ ကြိုးမျှင်များစွာတို့နှင့် ရစ်ပတ်ထားသည်။မျက်တောင်တခတ်အတွင်းမှာပင် ၎င်းတို့သည် ချည်မျှင်ပိုက်ကွန်တခုအဖြစ်သို့ ဖွဲ့စည်းသွားပြီး ရွှေလင်းလန်သားရဲ လွင့်ထွက်လာသော နောက်ကျောဘက်တွင် အသင့်စောင့်ဆိုင်းနေတော့သည်။

မူချင်းကောက လက်ညှိုးညွှန်လိုက်သည့်အချိန်မှာပင် ငွေအပ်များသည် ရွှေလင်းလန်သားရဲ၏ အရေးပါသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စိုက်ရန် အသင့်ဖြစ်နေခဲ့ပြီ။

“ဟ ဟ မြတ်စွာဘုရားရဲ့” လီချန်ချင်းသည် အလွန်တရာကို ထိတ်လန့်နေခဲ့ချေပြီ။

ရှမူဟိုင်၏ စည်းတံဆိပ်ငါးချက်ကော မူချင်းကော၏ ဆေးဘုရင်းတောင်ကြား ထိုက်ရီဆန်းကြယ်ငွေအပ်သိုင်းကော အားလုံးမှာ လီချန်ချင်းအတွက် လွန်စွာ စွမ်းအားကြီးနေတော့သည်။

“ဝှစ်”

ထိုအချိန်၌ ရွှေလင်းလန်သားရဲသည် သူ၏ ဦးခေါင်းကို မော့လိုက်ပြီး ကောင်းကင်ထက်သို့ တရှိန်ထိုး ပျံတက်သွားခဲ့သည်။လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည့်အချက်မှာ ထိုရွှေလင်းလန်သားရဲ၏ နောက်ကျောတွင် အတောင်ပံတစုံပေါက်လာခြင်းကြောင့်ပင်။

သောက်ကျိုးနည်း ဂိုးဒင်းရီထရီဗာခွေးက အတောင်ပံနဲ့ ဖြစ်နေသော မြင်ကွင်းမှာ လီချန်ချင်းဘဝတွင် ထူးခြားဆန်းကြယ်မြင်ကွင်းတခုအဖြစ် သတ်မှတ်၍ ရနေခဲ့ပြီ။

သောက်ကျိုးနည်း...

All Chapters