ကောင်လေး၊မင်းရဲ့ ဓားကို ခဏငှားပေးပါ...
Vol. 4 Ch. 34
“လွတ်သွားပြီ” ရှမူဟိုင်မှာ စိတ်ဖိစီးမှုလွန်စွာများပြားနေခဲ့လေပြီ။သူက မြေပြင်ကို ဖနောင့်တချက်ပေါက်ကာ အရှိန်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ကောင်းကင်ထက်သို့ လွင့်ပျံတက်သွားခဲ့တော့သည်။
သူက လေထုထဲသို့ ခုန်တက်ကာ ရွှေလင်းလန်သားရဲကို အမှီလိုက်ရန် ကြိုးပမ်းလိုက်တော့သည်။
သို့ပေမယ့် ရွှေလင်းလန်သားရဲ၏ အမြန်နှုန်းမှာ အလွန်အမင်းကို မြန်ဆန်လွန်းလှပေသည်။နတ်ဘုရားခြေလှမ်းကို အသုံးပြုထားသည့်တိုင် ရှမူဟိုင်အဖို့ အမှီလိုက်ရန် အခက်အခဲတွေ့နေခဲ့တော့သည်။
“ဟမ့်”
သူမ၏ ငွေအပ်များသည် ရွှေလင်းလန်သားရဲ၏ အမြန်နှုန်းကို လိုက်မမှီတော့သောကြောင့် မူချင်းကောကို စိတ်မကြည်မသာ ဖြစ်စေသွားသည်။
စိတ်မကျေနပ်သည့်အသံတခု ပြုလိုက်ပြီးနောက်တွင် မူချင်းကောသည် သူမ၏ ဝတ်ရုံရှည်ကို ခါရမ်းလိုက်ရာ ပန်းချီစာလိပ်တခုမှာ အပြင်သို့ ပျံထွက်လာခဲ့တော့သည်။
ပန်းချီစာလိပ်က လေထဲမှာပင် ပွင့်ကျလာတော့သည်။ပန်းချီစာလိပ်ထဲတွင် တောင်တလုံးကို များပြားလှသော နွယ်ပင်များ ရစ်ပတ်ထားသည့် ပန်းချီပုံတပုံ ရှိလေသည်။ထိုအခိုက် ပန်းချီကားထဲမှ နွယ်ကြိုးများသည် ပန်းချီကားထဲမှ အရှိန်ပြင်းပြင်းနှင့် အပြင်လောကသို့ ထွက်လာခဲ့ပြီး ရွှေလင်းလန်သားရဲ၏ အနောက်သို့ အရှိန်ပြင်းပြင်းနှင့် လိုက်သွားတော့သည်။
“ပန်းချီရတနာပဲ”
လီချန်ချင်း၏ မျက်ဝန်းများသည် အရောင်တောက်ပသွားခဲ့လေတော့သည်။ပန်းချီရတနာများနှင့် ပတ်သက်သောအကြောင်းအရာများကို သူက စာအုပ်များထဲတွင်သာ ဖတ်ဖူးခဲ့ပြီး ယခုအကြိမ်သည် အပြင်လောကတွင် ပထမဦးဆုံးအနေနှင့် မြင်ဖူးခြင်းသာဖြစ်လေသည်။။
“နွယ်ပင်တထောင်တောင်တန်း ပန်းချီကားပါလား”
ရှမူဟိုင်သည် ပန်းချီကားကို မှတ်မိသွားသောကြောင့် သူ၏ မျက်ခုံးများကို ပင့်တင်လိုက်လေ၏။
များပြားလှသော နွယ်ပင်များသည် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်နှင့် ပျံသန်းထွက်ပေါ်လာကာ ရွှေလင်းလန်သားရဲကို လိုက်မှီသွားခဲ့လေတော့သည်။
ထို့နောက်တွင် ရွှေလင်းလန်သားရဲ၏ ထွက်ပြေးနေသော လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
သူ ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်သောကြောင့် ရွှေလင်းလန်သားရဲသည် တည်ငြိမ်စွာပင် သူ၏ ပါးစပ်ကို ဖွင့်လိုက်တော့လေသည်။ထို့နောက်တွင် အစိမ်းရောင်မီးတောက်များကို ထွေးထုတ်လိုက်တော့သည်။
“ဝိဉာဉ်မီးတောက်”
ထိုမီးတောက်ကို မြင်လိုက်သည်နှင့် ရှမူဟိုင်ကော၊မူချင်းကောပါ အော်ဟစ်လိုက်ကြတော့၏။
“ပန်းချီကားဝိဉာဉ်က အရမ်းကို လွတ်မြောက်ချင်နေတာပဲ။သူ့အတွက် သေစေနိုင်လောက်တဲ့ စိတ်ဝိဉာဉ်မီးတောက်ကိုတောင် ထုတ်သုံးနေရပြီ။နဂိုကတည်းကိုက သူ့မှာ စိတ်ဝိဉာဉ်စွမ်းအားက နည်းနည်းလေးပဲ ကျန်တော့တာလေ”
ရှမူဟိုင်က မျက်မှောင်ကြုံ့ကာ ဆိုလိုက်ခြင်းပင်။
သိသာစွာပင် မီးတောက်ကို မှုတ်ထုတ်ပြီးသောအခါတွင် ရွှေလင်းလန်သားရဲ၏ အရှိန်နှုန်းမှာ တော်တော်လေးကို လျော့ကျသွားခဲ့တော့၏။ဒါပေမယ့် နွယ်ပင်များကလည်း အရှေ့သို့ဆက်မတိုးရဲတော့ပဲ ပြန်ရုတ်သွားခဲ့ကြ၏။မူချင်းကောပင်လျှင် ပန်းချီရတနာကို ကမန်းကတန်းပင် ပြန်လည်သိမ်းဆည်းလိုက်တော့၏။ထိုကဲ့သို့သော ဝိဉာဉ်မီးတောက်မျိုးနှင့် ရင်ဆိုင်ရသည့်အခိုက်မျိုး၌ သူမ၏ “နွယ်ပင်တထောင်တောင်တန်း ပန်းချီကား” ပျက်ဆီးသွားမည်ကို ကြောက်လန့်နေမိတော့၏။
“ဝုတ်”
ရွှေလင်းလန်သားရဲသည် တချက်ဟောင်လိုက်ပြီးနောက် အဝေးသို့ ပြေးထွက်သွားသည်။
“လွတ်သွားပြီ” ရှမူဟိုင်နှင့် မူချင်းကောတို့သည် ကူကယ်ရာမဲ့နေခဲ့ပြီ။
ဒါပေမယ့် သူတို့က ဘာမှ မလုပ်နိုင်ပဲ ထိုအကောင် ထွက်ပြေးသွားသည်ကိုသာ ထိုင်ကြည့်နေရတော့သည်။
“ဆရာ ကျွန်တော်တို့ ဒီတိုင်း လွှတ်ပေးလိုက်ရတော့မှာလား”
ယင်ချန်းလီက နောင်တအနည်းငယ်ရနေပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“ဆရာသာ အရင်ကတည်းက ကျွန်တော့်ကို ရှေးဟောင်းတာအိုဂိုဏ်းကို သွားပြီးတော့ ချင်းရွှယ်အာဏာဓါးအရှင်ဆီမှာသာ ဓားပညာသာ သင်ခိုင်းခဲ့ရင် ကျွန်တော့်ရဲ့ ဓားသိုင်းက အရမ်းကို အစွမ်းထက်နေခဲ့မှာ။ကျွန်တော်က ဆရာ့ကို အခုအခြေအနေမျိုးမှာ ရွှေလင်းလန်သားရဲကို ကူဖမ်းပေးနိုင်ပြီး အခုလိုမျိုး ဒီကောင်က လွတ်သွားမှာတောင်မဟုတ်ဘူး”
“ပါးစပ်ပိတ်ထားစမ်း” မူချင်းကောက အေးစက်စွာ ဟောက်လိုက်သည်။
“အာ” မူချင်းကော ဒေါသတကယ်ထွက်နေပြီ ဖြစ်သောကြောင့် ယင်ချန်းလီသည် နာခံစွာနှင့် နံဘေးတွင် ကုတ်ကုတ်လေး လမ်းလျှောက်နေလေတော့သည်။
ထိုအခိုက် တိတ်ဆိတ်နေသော လီချန်ချင်းသည် ရှေ့သို့ ခြေတလှမ်းတိုးလိုက်လေ၏။ကောင်းကင်ထက်တွင် တဖြေးဖြေးနှင့် ဝေးနေပြီ ဖြစ်သော ရွှေအလင်းတန်းကို မမှိတ်မသုန်ကြည့်ကာ နောင်တအနည်းငယ် ရနေခဲ့တော့သည်။
သူသာ ထိုခွေးကို ဖမ်းနိုင်ခဲ့လျှင် သူ့သားဖြစ်သူ၏ လုံခြုံရေးကို စိတ်ပူစရာ မလိုတော့ပေ။
အနာဂတ်တွင် သားဖြစ်သူမှာ ရှေးဟောင်းတာအိုဂိုဏ်းမှ ထွက်ကာ အခြားစွမ်းအားကြီးဂိုဏ်းများတွင် အကြီးအကဲရာထူးအဖြစ် ဝင်လုပ်မည်ဆိုပါက ထိုရွှေလင်းလန်သားရဲရှိနေခြင်းကြောင့်ပင် အင်တာဗြူး၌ အမှတ်ပိုရလိမ့်မည် မဟုတ်ပါလား။
ထိုအချက်များကို တွေးတောပြီးနောက်တွင် လီချန်ချင်းက ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
“အကိုကြီးချန်ချင်း အကို...” ရှမူဟိုင်က လီချန်ချင်း ဘာလုပ်မလို့လဲဆိုတာကို မေးတော့မည့်ဆဲဆဲဖြစ်သည်။
လီချန်ချင်းသည် နမ့်ရှန်တောင်တန်းများကို လာရသည့် ရည်ရွယ်ချက်မှာ ယန်မိသားစု၏ ပြသနာကို ဖြေရှင်းပေးရန် ဖြစ်လေသည်။ယခုတွင်မူ ရွှေလင်းလန်သားရဲက လွတ်မြောက်သွားပြီ ဖြစ်သောကြောင့် နမ့်ရှန်တောင်တန်း၏ သက်တမ်းယုတ်လျော့သည့် ပြသနာသည် ပြီးဆုံးသွားပြီဟု ပြော၍ မရသေးပေ။
“ကောင်လေး ငါ့ကို မင်းရဲ့ ဓားလေး ခဏငှားပါဦး”
လီချန်ချင်းက ယင်ချန်းလီကို တချက်လှမ်းကြည့်လိုက်၏။
“ကျုပ်က ကောင်လေးမဟုတ်ဘူးဗျ၊ကျုပ်နာမည်က ယင်ချန်းလီ၊ပြီးတော့ ခင်ဗျားကို ကျုပ်ရဲ့ ဓားကို ငှားဖို့ ဘာအကြောင်းမှ မရှိဘူး”
ယင်ချန်းလီသည် ကောင်လေးဟု အခေါ်ခံရသည်ကို မကြိုက်သည့်ပုံစံရှိလေသည်။
ထို့ကြောင့် သူက မကျေနပ်သည့် အမူအရာကို မကွယ်ဝှက်ထားပဲ၊လီချန်ချင်း၏ တောင်းဆိုမှုကို အပြတ်ငြင်းဆန်လိုက်တော့သည်။
“ကျေးဇူးပါပဲ”
ယင်ချန်းလီ၏ ငြင်းဆိုမှုကို လျစ်လျူရှုရင်း လီချန်ချင်းသည် ယင်ချန်းလီ၏ ခါးထက်တွင် ချိတ်ဆွဲထားသော ဓားကို လက်ညှိုးထိုးလိုက်လေသည်။
ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် ဓားသည် သိမ့်ခနဲ တချက်တုန်ခါသွားပြီး “ဝှစ်” ဟု အသံမြည်ကာ လေထဲသို့ ရုတ်တရက် ပျံသန်းသွားလေတော့သည်။
ဓားရှည်သည် လေထုထဲ၌ လွင့်မြောကာ ရပ်တန့်နေခဲ့သည်။လီချန်ချင်းက ကျွမ်းတပတ်ပစ်ကာ ဓားရှည်ပေါ်သို့ လှလှပပ ခုန်တက်သွားခဲ့တော့သည်။
တခဏအကြာတွင် ဓားရှည်မှာ လီချန်ချင်းကို သယ်ဆောင်ရင်း ကောင်းကင်ထက်သို့ ပျံသန်းသွားတော့လေသည်။
ဓားရှည်မှာ ညကောင်းကင်ယံကို ပိုင်းဖြတ်လိုက်သည့်နှယ် ဖြတ်သန်းသွားလေတော့သည်။ဓားပေါ်တွင်တော့ လီချန်ချင်းဟု ခေါ်သည့် ခန့်ညားသော လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အထီးကျန်သိုင်းထိပ်သီး ဓားအင်မော်တယ်တပါးကဲ့သို့ ရွှေလင်းလန်သားရဲ၏ အနောက်သို့ လိုက်ပါသွားတော့လေသည်။
ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် ဤမြင်ကွင်းကို မြင်လိုက်ကြရသော လူတိုင်းသည် ကျောက်ရုပ်များအလား ဖြစ်သွားခဲ့လေတော့သည်။
လီချန်ချင်း၏ ချော့မွေ့နေသော လှုပ်ရှားမှုနှင့် သူရဲကောင်းဆန်သော ဟန်ပန်ပုံရိပ်မှာ သာမန်လူတစ်ယောက်နှင့် ဘယ်လိုကြည့်ကြည့်ကို မတူပါတော့ချေ။
သူ့ ပုံစံမှာ လုံးဝကို မယုံကြည်နိုင်စရာပင်။
“အကိုကြီး ချန်ချင်းက တကယ်ကြီးကို ပျံ...ပျံ ပျံနိုင်တယ်လား”
ရှမူဟိုင်သည် ထိုမြင်ကွင်းကို တုန်လှုပ်ခြောက်ခြားစွာနှင့် ကြည့်လိုက်မိနေတော့သည်။
မူချင်းကောသည်လည်း လွန်မင်းစွာ လန့်ဖြန့်သွားလေတော့သည်။
ဒီလူက ပျံနိုင်တာလား
သူက ဘာကျင့်ကြံမှုမှ မရှိတဲ့ သာမန်လူမဟုတ်ဘူးလား
ဒီလူက ပြိုင်ဘက်ကင်းကျင့်ကြံသူ တစ်ယောက်ဖြစ်ရမယ်။သူနှင့် သူမတို့အကြား ကွာခြားမှုမှာ ကြီးမားလွန်းလှသောကြောင့် ထိုသူ၏ အဆင့်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။
“ငါလိုးမ...”
ယင်ချန်းလီသည် အံ့ဩလွန်းသဖြင့် ထဆဲလိုက်မိတော့သည်။
သူ့မျက်လုံးများမှာ ပြူးကျယ်နေပြီး သူ့လျှာကိုပင် သူကိုက်မိသွားတော့၏။
ဓားအင်မော်တယ်
ဒီလူက တကယ့်ကို ဓားအင်မော်တယ်ပဲ
ဒါကြီးက ဓားအင်မော်တယ်ကြီးဟ
ဓားအင်မော်တယ်မဟုတ်ရင် ဓားပျံကို ဘယ်လိုစီးနိုင်မှာလဲ။
လီချန်ချင်းက သူ့လုပ်ရပ်ကြောင့် ဘယ်လောက်ရိုက်ခတ်သွားမလဲဆိုတာကို ဂရုမစိုက်ခဲ့ပေ။
လက်ရှိတွင် သူလုပ်ချင်တာတခုက ရွှေလင်းလန်သားရဲကို အမိဖမ်းပြီး သူ့သားဖြစ်သူ၏ ကိုယ်ရံတော်လုပ်စေလိုခြင်းသာ ဖြစ်လေသည်။
ရွှေလင်းလန်သားရဲသည် သူ့အနောက်မှ တစုံတရာက လိုက်လာသည်ကို အာရုံခံလိုက်မိလေတော့၏။၎င်းက ခေါင်းကို အနောက်သို့လှည့်ကာ ကြည့်လိုက်ပြီး အတော်လေး လန့်သွားခဲ့လေ၏။သူ့အနောက်ကို လိုက်လာသူကား လူသားတယောက်ဖြစ်ပြီး ဓားရှည်ကြီးကို စီးထားသည် မဟုတ်ပါလား။ယခုလို ဓားကို ထိန်းချုပ်နိုင်သော လူသားကို တွေ့ရလိမ့်မည်ဟု တကယ်ကို မမျှော်လင့်ခဲ့မိပါချေ။
သူတို့နှစ်ယောက်မှာ တကောင်က အရှေ့မှပြေး၊တယောက်က အနောက်မှလိုက်နှင့် ညကောင်းကင်ယံထက်တွင် အလင်းတန်းနှစ်တန်းမှာ ရှေ့ဆင့်နောက်ဆင့် ပြေးနေခဲ့တော့သည်။
“ရုန်းကန်မနေနဲ့၊ငါ့အနောက်ကို လိုက်ခဲ့ပြီး ငါ့သားအတွက် အိမ်မွေးခွေး လာလုပ်စမ်း။မင်းကို ငါ ဆိုးဆိုးဝါးဝါး မဆက်ဆံဘူး။တနေ့ထမင်းသုံးနပ်ကို အသားနဲ့အရိုးမျှကျွေးမယ် ဘယ်လိုလဲ သဘောတူလား”
သို့သော် ရွှေလင်းလန်သားရဲမှာ လီချန်ချင်း၏ စကားကို နားမထောင်ပေ။သူ၏ ကြီးမားလှသော အတောင်ပံကြီးကို ခတ်ပြီး အဝေးသို့သာ အသည်းအသန်ထွက်ပြေးနေလေတော့သည်။
“မအေဘေးလေး ငါ ဒါကို မသုံးချင်ပေမယ့် အခု သုံးရတော့မယ်”
လီချန်ချင်းသည် ထိုသို့ ရေရွတ်လိုက်ပြီး သူ၏ လက်ကို အရှေ့သို့ဆန့်ကာ သိုင်းကွက်ထုတ်လိုက်လေ၏။
လေဟာနယ်မှာ တဆတ်ဆတ်တုန်ခါသွားခဲ့၏။လီချန်ချင်း၏ ခန္ဓာကိုယ်မှာ ရေနွေးစီးကြောင်းကဲ့သို့သော ပူနွေးပြင်းထန်သည့် အားလှိုင်းများစွာတို့ ထွက်ပေါ်လာခဲ့လေသည်။
ထိုအားလှိုင်းများမှာ စုပေါင်းသွားကာ ပတ္တမြားနှင့်ရွှေအိုရောင်ရောစပ်နေသည့် နဂါးပုံရိပ်ကြီးတခု ဖြစ်လာခဲ့တော့သည်။ထိုနဂါးပုံရိပ်ကြီးထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေလောက်သည့် နဂါးဟိန်းသံကြီး ထွက်လာခဲ့တော့သည်။
“နဂါးနိုင်လက်ဝါးသိုင်းရဲ့ ကိုးကွက်မြောက်သိုင်းကွက် -နဂါးကိုယ်ထင်ပြ”
လီချန်ချင်း၏ ခပ်တိုးတိုးအော်ဟစ်သံနှင့်အတူ နဂါးကြီးသည် လီချန်ချင်း၏ ကိုယ်တွင်းမှ ထွက်ကာ သူ၏ လက်ဖဝါး လားရာအတိုင်း ဟိန်းသံတချက်ပြုပြီး ပြေးထွက်သွားခဲ့တော့သည်။၎င်း၏ အရှိန်မှာ အလွန်အမင်းကို လျင်မြန်လွန်းလှပေသည်။ထိုနဂါးကြီးမှ ထွက်ပေါ်နေသည့် ဖိအားမှာ ပြင်းထန်လွန်းလှ၏။
ထိုဖိအားကြောင့်ပင် ရွှေလင်းလန်သားရဲမှာ တဆတ်ဆတ်ကို တုန်ရီသွားတော့လေသည်။၎င်း၌ စိတ်ဝိဉာဉ်စွမ်းအားမှာ များစွာ မကျန်ရှိတော့ပေ။လီချန်ချင်း၏ နဂါးနိုင်လက်ဝါးသိုင်းနှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝကို ခုခံနိုင်စွမ်းကင်းမဲ့သွားခဲ့တော့လေ၏။မကြာမီတွင် ရွှေလင်းလန်သားရဲမှာ နဂါးကြီး၏ လက်သည်းများကြားတွင် အဖမ်းခံလိုက်ရတော့သည်။
သို့သော် ထိုမြင်ကွင်းမှာ ရှမူဟိုင်တို့အဖွဲ့ကို လိပ်ပြာလွင့်သွားမတက်ကို ဖြစ်သွားစေတော့သည်။
“န-နနန-န-နဂါးကြီး”
“ဒါ ဘယ်လိုသိုင်းကျင့်စဉ်ကြီးလဲ”
မူချင်းကောနှင့် ရှမူဟိုင်တို့သည် ကြက်သေသေနေခဲ့ချေပြီ။သူတို့သည် ထိုကဲ့သို့သော သိုင်းကျင့်စဉ်ကို လုံးဝကို မမြင်ဖူးခဲ့ပါချေ။ထိုကဲ့သို့သော သိုင်းကျင့်စဉ်ကို တတ်မြောက်ရန်အတွက် နဂါးပုံတူပန်းချီကားကို လေ့လာပြီး ဉာဏ်အလင်းပွင့်ရန်လိုအပ်ပေလိမ့်မည်။
ဒါပေမယ့် နဂါးဆိုတာက နတ်ဘုရားသားရဲလေ
နှစ်ထောင်ချီကြာသည်အထိ နဂါးကျွန်းက နဂါးများ၏ ပုံတူကို ရေးဆွဲနိုင်သည်ဟု မည်သူမျှ မကြားဖူးကြပေ။အဲ့ဒါဆိုရင် ဒီနဂါးကြီးက ဘယ်ကရောက်လာရတာလဲ။
“ကျုပ် ဖမ်းမိလာပြီ”
လီချန်ချင်း၏ လက်ဖဝါးအောက်တွင် ရွှေလင်းလန်သားရဲမှာ တဆတ်ဆတ်တုန်ရီကာ အလွန်အမင်းကို ကြောက်ရွံ့နေခဲ့တော့သည်။
၎င်းသည် လီချန်ချင်းထံမှ ထွက်ပေါ်နေသည့် နဂါးအရှိန်အဝါ၏ လွှမ်းမိုးမှုကို အပြည့်အဝကို ခံထားရတော့သည်။
ထိုကဲ့သို့ အမိန့်နာခံနေသော ရွှေလင်းလန်သားရဲကို ကြည့်ပြီး လီချန်ချင်းမှာလည်း အလွန်တရာကို အားရကျေနပ်နေခဲ့တော့သည်။သူသည် ယခင်ဘဝက ဖတ်ရှုဖူးသော ဝတ္ထုများစွာတို့မှ သိုင်းပညာများကို ပြန်လည်တွေးတောကာ ကျင့်ကြံခဲ့သည့်တိုင် တခုမှ မအောင်မြင်ခဲ့ပေ။
နဂါးနိုင်လက်ဝါးသိုင်းတခုသာ အောင်မြင်ခဲ့သည်။
ထိုသို့ဆိုသည့်တိုင် သိုင်ကွက်အကုန်လုံး မဟုတ်သေးပေ။
နဂါးနိုင်လက်ဝါးသိုင်းမှာ ၁၈ကွက်ရှိပေသည်။သူတတ်မြောက်သည်မှာ အကွက် အနည်းငယ်ခန့်သာ ဖြစ်သည်။
လီချန်ချင်းကို နောင်တရစေမိသည်မှာ သူက နဂါးနိုင်လက်ဝါးသိုင်းကွက် ၁၈ကွက်လုံး မတတ်သည်ကိုပင်ဖြစ်သည်။၁၈ကွက်လုံးသာ တတ်မြောက်ပါက ပိုကောင်းသည် မဟုတ်ပါလား။
“တာအိုရောင်းရင်းရှ၊ဒီစီနီယာက ဘယ်သူများလဲ” မူချင်းကောသည် တံတွေးများကို မြိုချကာ မေးလိုက်လေ၏။
“ကျုပ်လည်း ဘယ်လိုရှင်းပြရမလဲဆိုတာ မသိဘူး”
ရှမူဟိုင်သည် သူက လီချန်ချင်းကို လုံးလုံးနားမလည်သေးမှန်း သိလိုက်ရတော့သည်။
ထိုသူမှာ အလွန်တရာမှကို ဆန်းကြယ်လှပေ၏။
လီချန်ချင်းက သူ၏ ကိုယ်ပိုင်သိုင်းပညာရပ်ကို ထုတ်ပြလိုက်သည့်အချိန်မှာပင် လီချန်ချင်း၏ ဇစ်မြစ်အစစ်အမှန်ကို ရှမူဟိုင်တယောက် ယခုထိ ခန့်မှန်းနိုင်ခြင်းမရှိသေးပါချေ။