ဝမ့်ရှန်လျို့ဝှက်နယ်မြေ
Vol. 4 Ch. 35
လီချန်ချင်းသည် ရွှေလင်းလန်သားရဲအား ကုတ်မှကိုင်ဆွဲကာ ဓားရှည်ကို စီးနင်းလျက် ပြန်လာခဲ့လေသည်။
ထို့နောက်တွင် ဓားပေါ်မှ ဖြေးညင်းစွာ ကိုယ်ဖော့ဆင်းလာပြီး ရွှေလင်းလန်သားရဲကို နံဘေးသို့ သက်တောင့်သက်သာနှင့် ပစ်လွှတ်လိုက်လေသည်။
“လျှောက်ပြေးမနေပဲ ငြိမ်ငြိမ်သာနေ”
လီချန်ချင်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ရွှေလင်းလန်သားရဲ၏ မျက်ဝန်းများတွင် အကြောက်တရားများနှင့် ပြည့်နှက်နေသည်မှာ အံ့ဩဖို့ကောင်းနေတော့သည်။၎င်းသည် မြေပြင်ပေါ်၌ ခွေးလိမ္မာလေးတကောင်လို လဲလျောင်းနေတော့လေ၏။
လီချန်ချင်းသည် သူ၏ ဝတ်ရုံလက်စကို ခါလိုက်ရာ လွင့်မြောနေသော ဓားရှည်သည် လေထုကို ခွင်းကာ ယင်ချန်းလီ၏ ဓားအိမ်ထဲသို့ ပြန်ဝင်သွားခဲ့တော့သည်။
“ကျေးဇူးပဲ ကောင်လေး” လီချန်ချင်းက စိတ်ကျေနပ်စွာ ပြောလိုက်သည်။
“ဒါက တကယ့်ကို ဓားကောင်းပဲ”
“အယ်” ယင်ချန်းလီသည် သူ၏ တွေဝေနေမှုမှာ မနိုးထလာနိုင်သေးပေ။လီချန်ချင်း၏ ချောမွေ့နေသည့် လှုပ်ရှားမှုများမှာ သူ့စိတ်အာရုံအား ယခုထက်ထိ ဖမ်းစားနိုင်ထားသေးသည်။
ဒါကမှ သူ့နှလုံးသားထဲက ဖြစ်ချင်နေတဲ့ ဓားအင်မော်တယ်အဆင့်ပဲ။
ဓားတလက်နဲ့ လမ်းလျှောက်ခြင်း၊လက်အဝှေ့တခုမှာ ဓားကို ထိန်းချုပ်ခြင်း၊မိုင်ထောင်ချီအကွာက ရန်သူကို သတ်ဖြတ်နိုင်စွမ်းရှိခြင်း
ဒါမျိုးစွမ်းအားရှိတဲ့လူက ဓားအင်မော်တယ် မဟုတ်ရင် ဘယ်လိုလူက ဓားအင်မော်တယ် ဖြစ်လိမ့်မလဲ
“အကိုချန်ချင်းကြောင့် ကျုပ်ကတော့ အမြင်ကျယ်သွားတော့တာပဲ” ရှမူဟိုင်သည် မြေပြင်ထက်၌ ခွေးလိမ္မာတကောင်ကဲ့သို့ ငြိမ်ကျနေသည့် ရွှေလင်းလန်သားရဲကို ကြည့်ရင်း တုန့်ဆိုင်းစွာ ဆိုလိုက်သည်။
“စီနီယာ၊မူချင်းကောက စီနီယာရဲ့ သရုပ်မှန်ကို မသိလို့ အလေးမထားသလို ဖြစ်သွားမိပါတယ်။ကျွန်မကို ခွင့်လွှတ်ပေးပါရှင့်”
မူချင်းကောက ရှေ့သို့တိုးကာ ညင်သာစွာ ပြောလိုက်သည်။
လွန်စွာလှပသော မိန်းမပျိုလေးမှ စီနီယာဟု အခေါ်ခံလိုက်ရခြင်းကြောင့် လီချန်ချင်းမှာ ရှက်အမ်းအမ်းဖြစ်သွားခဲ့တော့သည်။
“ကျုပ်ကို စီနီယာလို့ မခေါ်ပါနဲ့။တောင်ထိပ်သခင်ရှကို ခေါ်သလို တာအိုရောင်းရင်းလို့ပဲ ခေါ်ပါ” လီချန်ချင်းက ပြောလိုက်သည်။
“တာအိုရောင်းရင်းချန်ချင်း” မူချင်းကောသည် ခေါင်းကို လေးနက်စွာ ညိတ်လိုက်လေ၏။သူမ၏ လီချန်ချင်းအပေါ်ကြည့်သော အကြည့်များကပင် ပြောင်းလဲသွားခဲ့ချေပြီ။
လီချန်ချင်း၏ ဓားပျံနည်းလမ်းကို ကြည့်ရှုပြီးနောက်တွင် မူချင်းကောမှာ ခန့်မှန်းချက်တချို့ ရှိပြီးသား ဖြစ်လေသည်။
လီချန်ချင်းက သိုင်းပညာရှင်တစ်ယောက်မဟုတ်လောက်ပေ။
သူက ပန်းချီပညာရှင်တယောက်ဖြစ်နိုင်ပေသည်။
ထို့အပြင် သူ၏ နယ်ပယ်မှာ အဆင့်မနိမ့်လောက်ပေ။သူက ပန်းချီသူတော်စင်အဆင့်လောက်တော့ ရှိနိုင်လောက်ပေသည်။
သို့သော် စန်းယွမ်တိုက်ကြီး၌ ပန်းချီသူတော်စင်များစွာ မရှိပေ။ဒါဆိုရင် ဘာကြောင့် ဒီလူက မကျော်ကြားရတာလဲ
ဖြစ်နိုင်တာက ဒီလူက သိုဝှက်ပြီး နေနေတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်များလား
“တောင်ထိပ်သခင်ရှ၊ဒီရွှေလင်းလန်သားရဲကို ခင်ဗျားပြန်တဲ့အခါကျရင် ယူသွားပြီး ဟမ်ရှန်းကို ပေးပေးလို့ ရမလား။ဒီကောင်က ဟမ်ရှန်းကို ကာကွယ်ပေးနေမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးက စိတ်ချရပြီ”
လီချန်ချင်းက သူ့နံဘေးရှိ ရွှေလင်းလန်သားရဲကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
“အယ်” ရှမူဟိုင်က ထိုစကားကိုကြားသည့်အခိုက် ခေါင်းကို ချက်ချင်းခါလိုက်သည်။
“အဲ့လို မလုပ်ဖို့ ကျုပ်အကြံပေးပါရစေ”
“ပထမအချက်က လီဟမ်ရှန်းရဲ့ ကျင့်ကြံခြင်းက အရမ်းကို အားနည်းလွန်းနေသေးတယ်။သူက အခုမှ စကျင့်ကြံရုံရှိသေးတာ။ဒီပန်းချီကားစိတ်ဝိဉာဉ်က မူလနယ်ပယ်ကို ရောက်နေပြီ။သူက အကိုလီရဲ့ စကားကို နားထောင်ပေမယ့် လီဟမ်ရှန်းဆီရောက်ရင်တော့ ထိန်းချုပ်လို့ ရမှာ မဟုတ်တော့ဘူး”
“သူက လီဟမ်ရှန်းကိုတောင် အန္တရာယ်ပေးတောင် ပေးနိုင်လိမ့်မယ်”
“ပြီးတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းကြောင်းက အခက်အခဲတွေနဲ့ ပြည့်နှက်နေတာ။သူက အဲ့ဒါကိုသာ အားကိုးပြီးတော့ အရာရာကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းနေရင်တော့ ဘယ်အရာကိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး”
“တချိန်ကျလို့ လီဟမ်ရှန်းက မူလအဆင့်ကို တက်လှမ်းနိုင်တဲ့အချိန်ကို ရောက်လာမှ အဲ့ဒီ့သားရဲကို ပေးလိုက်တာက ပိုသင့်တော်လိမ့်မယ်” ရှမူဟိုင်က လီချန်ချင်းအတွက် တွေးပြလိုက်သည်။
လီချန်ချင်းက မျက်မှောင်ကြုံ့ကာ ရှမူဟိုင်၏ ပြောစကားများကို တွေးတောနေတော့သည်။
“အဲ့ဒါအမှန်ပဲ။ဒီကောင်သာ ကာကွယ်ပေးနေရင် ဒီကလေးက ကြိုးစားနေတော့မှာ မဟုတ်ဘူး”
“ဒါဆိုလည်း ငါပဲ သိမ်းထားရတော့မှာပေါ့” လီချန်ချင်းက လက်ကိုဆန့်တန်းကာ ရွှေလင်းလန်သားရဲကို လှမ်းထိလိုက်သည်။
ရွှေလင်းလန်သားရဲမှာ လှုပ်ပင်မလှုပ်ရှားရဲပေ။သူက လီချန်ချင်းကိုသာ ဝိုင်းစက်နေသော မျက်ဝန်းများနှင့်ကြည့်ကာ သူ့အား မသတ်ရန် အသနားခံနေတော့သည်။
“တာအိုရောင်းရင်းရှ ကျွန်မတို့ မဖမ်းဆီးနိုင်ခဲ့တဲ့ ရွှေလင်းလန်သားရဲက တာအိုရောင်းရင်းချန်ချင်းလက်ထဲမှာကျတော့ ခွေးလိမ္မာတကောင်လိုပါပဲလား။တော်တော်ကို အပြောင်းအလဲမြန်တဲ့ကောင်ပဲ” မူချင်းကောက ခါးသက်စွာပြုံးရင်း ပြောလိုက်ခြင်းပင်။
“ကျွန်မက ဆေးဘုရင်တောင်ကြားကနေ တော်ရုံအပြင်လောကကို ထွက်လာလေ့မရှိဘူး။လူတယောက်ထက်ကို ပိုတော်တဲ့ လူတယောက်၊ကောင်းကင်တခုထက် ပိုမြင့်တဲ့ကောင်းကင်တခု ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး”
“စုန့်နတ်မိမယ်၊အကိုလီက ရွှေလင်းလန်သားရဲကို ဖမ်းဆီးလိုက်ပြီမို့လို့ သုံးသက်ပန်းနဲ့ သက်ဆိုင်တဲ့ သတင်းလည်း ရှိနေနိုင်တယ်” ရှမူဟိုင်က ရွှေလင်းလန်သားရဲကို စိုက်ကြည့်ရင်း ပြောလိုက်ခြင်းပင်။
“အမှန်ပဲ” မူချင်းကောက ထိုအခါမှသာ သတိပြုမိသွားတော့သည်။
လီခချန်ချင််းက မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ရွှေလင်းလန်သားရဲကို ပွတ်သပ်လိုက်လေသည်။
ထို့နောက် တချက်ပြုံးကာ
“မင်း ကောင်စုတ်လေး မင်းကို ပျံသန်းနိုင်မယ်လို့ကို ငါတကယ်မထင်ထားခဲ့မိဘူး။မင်းကို ငါနာမည်တခုတော့ ပေးရမယ်။ ‘ဖေး’ ဆိုရင်ကော ဘယ်လိုလဲ”
“အူးးး” ရွှေလင်းလန်သားရဲသည် ခပ်တိုးတိုးအူလိုက်ပြီး သဘောတူဟန် ပြလိုက်သည်။
“ဒါဆိုလည်း ဖေး မင်းရဲ့ နေရာကို ငါတို့ကို ခေါ်သွား” လီချန်ချင်းသည် ရှမူဟိုင်အား ကြည့်ကာ ပြောလိုက်သည်။
“ဒီပန်းချီကားစိတ်ဝိဉာဉ်က ဒီနေရာမှာ ပေါ်လာတာဖြစ်တာမို့လို့ ရွှေလင်းလန်သားရဲရဲ့ ပုံတူပန်းချီကားအစစ်က တနေရာရာမှာ ရှိနေမှာ မဟုတ်လား။တခြားပစ္စည်းတွေလဲ ရှိနေနိုင်တယ်လေ”
“ကျုပ်ပြောချင်တာလည်း အဲ့ဒါပဲ” ရှမူဟိုင်က ခေါင်းညိမ့်လိုက်သည်။
“နမ့်ရှန်တောင်တန်းမှာ လျို့ဝှက်နယ်မြေတခုခုတော့ ရှိနေနိုင်တယ်”
“လျို့ဝှက်နယ်မြေ” မူချင်းကောက ဝင်ပြောလိုက်သည်။
“တကယ်ပဲ လျို့ဝှက်နယ်မြေက ရှိနေတယ်ဆိုရင်တော့ ပန်းချီအင်မော်တယ် ထားရစ်ခဲ့တာ ဖြစ်နိုင်တယ်”
“လျို့ဝှက်နယ်မြေ?” လီချန်ချင်းက ထိုစကားလုံးကို ကြားသော် အနည်းငယ်စိတ်ရှုပ်ထွေးသွားသော်လည်း ဝတ္ထုများထဲတွင် ထိုစကားလုံးများက ပါနေကျဖြစ်သဖြင့် သိပ်မကြာခင် ဘာကို ဆိုလိုတာလဲဆိုတာကို သူနားလည်သွားတော့သည်။
လီချန်ချင်း၏ နှလုံးသားမှာလည်း စိတ်လှုပ်ရှားလာတော့လေသည်။
သူက ယခုလိုမျိုးစိတ်လှုပ်ရှားစရာ နေရာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပါချေ။ဤလောကသို့ ရောက်လာပြီး သိပ်မကြာခင်မှာပင် သူက ဆရာသခင်တပါးလည်း ဖြစ်လာခဲ့ပြန်သည်။
လျို့ဝှက်နယ်မြေ၌ များစွာသော ရတနာပစ္စည်းများသည် သူရှာဖွေမည်ကို စောင့်ဆိုင်းနေကြပေသည်။ထိုရတနာများကို ရရှိပါက အကုန်လုံးကို ရောင်းချပြီး သူ့သား၏ ကျင့်ကြံခြင်းအတွက် အသုံးချနိုင်လိမ့်မည် ဖြစ်သည်။
“ဖေး ငါတို့ကို လမ်းပြ” လီချန်ချင်းက အမိန့်ပေးလိုက်လေ၏။
ရွှေလင်းလန်သားရဲသည် မနှောင့်နှေးရဲပဲ။ချက်ချင်းထရပ်ကာ အရပ်မျက်နှာတခုကို ဦးတည်လိုက်လေသည်။
“ငါတို့ အနောက်ကနေ လိုက်ကြမယ်”
“အကြီးအကဲလီ၊အကြီးအကဲလီ..ကောင်းကင်ပေါ်ကနေ မပျံတော့ဘူးလား။ကျွန်တော့်ရဲ့ ဓားကို ငှားလို့ရပါတယ်” ယင်ချန်းလီက အနောက်ကနေလိုက်ပါရင်း သူ၏ မျက်နှာသေးသေးလေးမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် နီရဲနေပြီး လီချန်ချင်းအား အော်ဟစ်ကာ ပြောလိုက်သည်။
“နင် ကောင်စုတ်လေး” မူချင်းကောသည် မတက်နိုင်သော အမူအရာနှင့် ပြောလိုက်သည်။
“ပုံမှန်ဆိုရင် ငါက နင့်ရဲ့ ဓားကို ကိုင်မိရင်တောင်မှ နင်က ပြန်လိုချင်နေတာ ငမ်းငမ်းတက်လေ။အခု ဘာလို့ နင်က ဓားကို သူများကို လိုက်ငှားနေတာလဲ”
“ပြီးတော့ အကြီးအကဲလီက ပျံသွားရင်ကော ဘာဆက်ဖြစ်မှာလဲ။ငါတို့က သူ့အနောက်ကို လိုက်နိုင်မှာမို့လို့လား”
မူချင်းကောသည် ယင်ချန်းလီကို တင်းမာစွာ ကြည့်လိုက်လေ၏။သူမစိတ်ထဲတွင်တော့ ဒီတပည့်ကို သူမကြာကြာ မထိန်းနိုင်တော့ဟု တွေးမိနေခဲ့တော့သည်။
သူက ရှေးဟောင်းတာအိုဂိုဏ်းသို့ သွားကာ ရွှယ်ချမ်းပိုင်ကို သွားရှာလိုခဲ့သည်။
ယခုကျတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်က ချက်ချင်းပင် လီချန်ချင်း ဖြစ်သွားခဲ့ပြန်လေပြီ။
အပြောင်းအလဲမြန်လိုက်တဲ့လူ
လီချန်ချင်းက နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကို အသ့ဒးပြုရင်း အရှေ့မှာ ပေါ့ပါးစွာ သွားနေသည်။ထိုစကားများကို ကြားသော် သူက အနောက်သို့ လှည့်ကြည့်ကာ တချက်ပြုံးပြလိုက်သည်။
“ကောင်လေး၊မင်းရဲ့ ဓားက ဓားကောင်းတလက်ပဲ။သေချာသိမ်းထားပါ။မင်းက အနာဂတ်မှာ ဓားအင်မော်တယ်တပါးဖြစ်လာလိမ့်မယ်လို့ ငါယုံတယ်”
“တကယ်လား” ယင်ချန်းလီက အလွန်အမင်းကို စိတ်လှုပ်ရှားသွားခဲ့တော့သည်။
“အဲ့ဒါက နင့်ကိုတမင်အားနာလို့ ပြောလိုက်တယ်ဆိုတာကို မသိတာလား၊မသိချင်ယောင်ဆောင်နေတာလား ငတုံးကောင်” မူချင်းကောမှာ သူ့တပည့်၏ တုံးအမှုကြောင့် ဆွံ့အနေခဲ့လေပြီ။
ရွှေလင်းလန်သားရဲ၏ ဦးေဆာင်မှုနောက်ကို လိုက်သွားပြီး အမွှေးတိုင်၂တိုင်ကုန်ဆုံးသည့် ကြာမြင့်ချိန်၌ ချောက်နက်ကြီးတခုကို ဝိုးတဝါး မြင်လိုက်ကြရတော့သည်။
တချိန်တည်းမှာပင် ရေစီးဆင်းသံများကို ချောက်နက်ထဲမှ ကြားလိုက်ရတော့သည်။ထို့နောက်တွင် ချောက်နက်ကို ဖြတ်သန်း၍ မြစ်တခုက ရှည်လျားစွာ စီးဆင်းနေသည်ကို သူတို့အားလုံးမြင်တွေ့လိုက်ကြတော့လေသည်။
မြစ်ရေစီးကြောင်းမှာ အရှိန်ပြင်းထန်ကာ မြန်ဆန်လှပေသည်။သာမန်လူတစ်ယောက်သာ ပြုတ်ကျသွားခဲ့ပါက မိနစ်ပိုင်းအတွင်းမှာပင် အစအနပင် ရှာ၍ရတော့မည် မဟုတ်ပါချေ။
ထိုအချိန်တွင် ရွှေလင်းလန်သားရဲမှာ မြစ်ရေစီးကြောင်းထဲသို့ ခုန်ဆင်းသွားခဲ့တော့လေသည်။
“ဒီမြစ်က ဝင်ပေါက်များဖြစ်နေမလားပဲ” ရှမူဟိုင်သည် ပြင်းထန်စွာစီးဆင်းနေသော မြစ်ကို ကြည့်ကာ ပြောလိုက်သည်။
“သွားကြည့်တာပေါ့” မူချင်းကောကလည်း ပြောလိုက်သည်။
လီချန်ချင်းတယောက်တည်း အကျပ်ရိုက်နေခဲ့သည်။
သူ ရေမကူးတတ်ပေ။