သူက ဒီကိုရောက်ခဲ့ဖူးတယ်
Vol. 4 Ch. 36
မြစ်ရေစီးကြောင်းက သိပ်ကို ပြင်းထန်လွန်းတယ်၊ငါခုန်ချလိုက်ရင် ငါက ရေနစ်မှာတော့ မဟုတ်ဘူး။ဒါပေမယ့် ရေစီးကြောင်းနဲ့ ပါသွားလောက်မယ်နော် ဟုတ်တယ်မဟုတ်လား။
ငါ ဘာလုပ်ရမလဲ
ရေမကူးတတ်ဘူးလို့ ဝန်ခံလိုက်ရင် သိပ်ကို ရှက်ဖို့ကောင်းမှာပဲ
လီချန်ချင်းတယောက် ကြောင်ပျောက်နေစဉ်တွင် ယင်ချန်းလီက အသံကျယ်ကြီးနှင့် အော်ပြောလိုက်သည်။
“ဆရာ ကျွန်တော် ရေမကူးတတ်ဘူး”
“လူကောင်းလေး တကယ့်ကို လူကောင်းလေး”
လီချန်ချင်းသည် ယင်ချန်းလီအား ကျေးဇူးတင်သော အကြည့်နှင့် ခိုးကြည့်လိုက်လေ၏။
ထိုကောင်လေးကမှ သူ့သားအရင်း ဖြစ်မည်ဟု သံသယပင် ဝင်မိသွားတော့သည်။
“စိတ်မပူနဲ့” ရှမူဟိုင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်ဝါးအမှတ်အသားတခုကို အောက်သို့ ဖိနှိပ်ချလိုက်လေသည်။
“ငြိမ်သက်”
ထိုအမိန့်နှင့်အတူ စဉ်ဆက်မပြတ်စီးဆင်းနေသော မြစ်ရေစီးကြောင်းသည် လက်ဖဝါးရိုက်ချက်နှင့်အတူ ချက်ချင်းငြိမ်သက်ကျသွားတော့သည်။တချိန်တည်းမှာပင် ထိုလက်ဝါးရာကြီးက မြစ်ကို ကန့်လန့်ဖြတ်ကာ တွင်းနက်ချိုင့်ဝှမ်းကြီးတခု ဖြစ်ပေါ်သွားစေခဲ့လေသည်။ထိုချိုင့်ဝှမ်းမှာ ဟိုဖက်မြစ်ကမ်းအထိသို့ပင် ရောက်ရှိနေသည်။စီးဆင်းနေသည့် မြစ်ရေများမှာ ရပ်တန့်သွားလေ၏။
ထိုဆန်းကြယ်သော နည်းလမ်းသည် ယင်ချန်းလီအား အံ့ဩသွားစေခဲ့သည်။
“ရှေးဟောင်းတာအိုဂိုဏ်းရဲ့ စည်းတံဆိပ်ငါးချက်က တကယ်ပဲ နာမည်ကြီးတာနဲ့အညီကို စွမ်းအားကြီးလွန်းပါတယ်” မူချင်းကောက သက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။
“ကျုပ်တို့ အမြန်ဝင်မှ ဖြစ်မယ်။အချိန်အကြာကြီး ကျုပ်ဆက်မထိန်းထားနိုင်တော့ဘူး” ရှမူဟိုင်က လောလိုက်သည်။
“သွားကြမယ်”
မြစ်ချိုင့်ဝှမ်းမှာ ထိုမျှနက်လိမ့်မည်ဟု လီချန်ချင်း မထင်ထားမိခဲ့ပေ။အနက်က မီတာ၆၀ခန့်တော့ ရှိပေမည်။သာမန်လူတစ်ယောက်က ခုန်ဆင်းလိုက်ပါက ပြုတ်ကျသည့် အရှိန်နှင့်ပင် သေဆုံးနိုင်ပေသည်။
သူ့ခေါင်းပေါ်တွင် ရပ်တန့်နေသည့် မြစ်ရေစီးကြောင်းကို တချက်မော့ကြည့်လိုက်ပြီးနောက်တွင် လီချန်ချင်း၏ နှလုံးသားမှာ တချက်ခုန်သွားခဲ့လေသည်။ရှမူဟိုင်၏ စည်းတံဆိပ်ငါးချက်က ဆက်လက်၍ မထိန်းချုပ်နိုင်ခဲ့လျှင် မြစ်ရေများမှာ သူ့ခေါင်းပေါ်သို့ ဖိအားပြင်းပြင်းနှင့် ကျဆင်းလာကာ သူချက်ချင်း သေဆုံးသွားလိမ့်မည် ဖြစ်လေသည်။
သူတို့ တွင်းနက်ထဲသို့ ခုန်ဆင်းလိုက်သည့်အချိန်တွင် ဘေးပတ်ပတ်လည်နှင့် အောက်ခြေမှာ လုံးဝကို မှောင်မဲနေခဲ့သည်။သူတို့ မြင်ရသည်မှာ ကျောက်တုံးများစွာနှင့် မဲနက်နေသော လှိုဏ်ဂူအဝင်ဝပင် ဖြစ်သည်။
ရွှေလင်းလန်သားရဲမှာ သူတို့အား ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့သည်။
သူတို့ရောက်လာသည်ကို မြင်သောအခါတွင် ရွှေလင်းလန်သားရဲက ဂူထဲသို့ တိုးဝင်သွားခဲ့သည်။
“သတိထားကြ” မူချင်းကောက သတိပေးကာ သူမ၏ ငွေအပ်များကို ဆင့်ခေါ်ပြီး အသင့်အနေအထားယူထားသည်။
ရှမူဟိုင်ကလည်း လေးနက်စွာ ခေါင်းညိမ့်ပြလေသည်။
သူတို့က မဲမှောင်နေသော ဂူထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ဂူက ကျဉ်းမြောင်းပြီး လေကြမ်းများတိုက်ခတ်နေသည်။
လီချန်ချင်း၊ယင်ချန်းလီနှင့် မူချင်းကောတို့က အဆင်ပြေကြသည့်တိုင် အနည်းငယ် အဝလွန်နေသော ရှမူဟိုင်ကမူ လှုပ်ရှားရသည်က အခက်အခဲတွေ့နေခဲ့တော့သည်။
အမွှေးတိုင်တတိုင်လောင်ကျွမ်းပြီးသည့် ကြာချိန်၌ လီချန်ချင်းက အလင်းရောင်ကို လှမ်းမြင်လိုက်ရသည်။
“ငါတို့ အပြင်ကို ရောက်တော့မယ်” လီချန်ချင်းက ကျဉ်းမြောင်းသော ဂူပေါက်ဝမှ ပထမဦးဆုံးထွက်လာခဲ့သူ ဖြစ်သည်။
သူမြင်လိုက်ရသည့် မြင်ကွင်းက အလွန်တရာကို ခမ်းနားလွန်းလှပေသည်။
ထိုနေရာ၌ နောက်ထပ် ဂူကြီးတလုံးရှိနေပြန်၏။အလွန်နက်သောကြောင့် ဂူထွက်ပေါက်ကို မမြင်ရပြန်ပေ။
ထိုလှိုဏ်ဂူ၏ အပြင်ဘက်ခြမ်းတွင်တော့ ဘောလုံးကွင်းနှစ်ကွင်းစာခန့်ကျယ်သော မြေကွက်လပ်ကြီးတခု ရှိလေသည်။
မြောက်မြားစွာသော တောက်ပနေသော ကျောက်တုံးများကို ဂူ၏ မျက်နှာကျက်တွင် ထွင်းကာ ကပ်ထားလေသည်။ထိုအလင်းကျောက်တုံးများကြောင့် ဂူတဂူလုံးကို အလင်းပေးနေခဲ့ကာ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတော့သည်။
နောက်ထပ် လီချန်ချင်းကို အံ့အားသင့်စေသည်မှာ သူတို့ရောက်ရှိနေသောနေရာမှာ မြစ်အောက်ကြမ်းပြင်၌ ဖြစ်နေသည့်တိုင် ရေတစက်မှ ရှိမနေခြင်းပင်။
မြေပြင်ပေါ်၌ အမျိုးအစားအမျိုးစုံလင်လှသော လက်နက်များ၊ချပ်ဝတ်များမှာ ပြန့်ကျဲနေခဲ့တော့သည်။
ဓား၊လှံ၊တင်းပုတ်...အမျိုးအစားမျိုးစုံတို့ ရှိနေခဲ့တော့သည်။
၎င်းတို့မှာ မြေပြင်ပေါ်၌ ပျံ့ကျဲနေပြီး ပတ်ပတ်လည်၌လည်း ဆွေးမြေ့နေသော သစ်သားစင်မြင့်များလည်း ရှိနေခဲ့သည်။ထိုလက်နက်များမှာ မူလက စင်မြင့်များထက်တွင် ရှိနေခဲ့ပြီး တယောက်ယောက်က မွေနှောက်ရှာဖွေထားသည့်အလားပင်။
“ကြည့်ရသလောက်ကတော့ တယောက်ယောက်က ဒီနေရာမှာ တိတ်တဆိတ်နေနေတဲ့ပုံစံပဲ” ရှမူဟိုင်နှင့် ကျန်သောသူများလည်း ဂူအပြင်သို့ ရောက်လာပြီး ပတ်ဝန်းကျင်ကို လေ့လာပြီး ပြောလိုက်ခြင်းပင် ဖြစ်သည်။
“ဆရာ ဒီနေရာက ရတနာသိုက်နဲ့တောင် တူတယ်နော်။ဒီမှာ နတ်ဘုရားလက်နက်တွေနဲ့ ချပ်ဝတ်တွေမှ အများကြီးပဲ။အကုန်လုံးက ပျက်ဆီးကုန်တာက တကယ့်ကို နှမြောစရာပါပဲဗျာ”
ယင်ချန်းလီက ဓားတလက်ကို ကောက်ကိုင်လိုက်လေသည်။ဓားမှာ ဓားကောင်းတလက်ပင်။ကံဆိုးတာက ပျက်ဆီးနေခြင်းသာဖြစ်သည်။
“အဲ့လိုဖြစ်သွားရတာက အချိန်အရမ်းကြာသွားလို့ပဲလေ။နတ်ဘုရားလက်နက် အနည်းစုကပဲ နှစ်တွေအများကြီးကြာတဲ့အထိ အကောင်းအတိုင်းရှိနေနိုင်တာပေါ့” မူချင်းကောက ရှင်းပြလိုက်သည်။
“အခုကြည့်ရတာတော့ တယောက်ယောက်က ငါတို့ထက်အရင် ဒီနေရာကို ရောက်နေပြီးတော့ ပစ္စည်းတွေကို မွှေသွားတဲ့ပုံစံပဲ” ရှမူဟိုင်သည် လျှောက်ရှာဖွေကြည့်ရာ ခပ်လှမ်းလှမ်းတွင် စုတ်ပြဲနေသော စာရွက်လိပ်များကို မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်ကို တွေ့ပြီး ပြောခြင်းဖြစ်၏။
စာလိပ်များမှာ ၎င်းတို့၏ စိတ်ဝိဉာဉ်စွမ်းအားများ ကုန်ခမ်းနေခဲ့ချေပြီ။စာလိပ်များတွင် ဝိဉာဉ်သားရဲများ၏ ပုံတူများကို ရေးဆွဲထားသည်ကို သေချာသတိထားကြည့်လျှင် မြင်နိုင်မည် ဖြစ်သည်။
“ဒီပန်းချီကားတွေထဲက ဝိဉာဉ်သားရဲတွေက ဒီနေရာကို ကာကွယ်နေကြတာပဲ ဖြစ်ရလိမ့်မယ်။တယောက်ယောက်က ဒီနေရာကို ရှာတွေ့ပြီးတော့ ငြိမ်းချမ်းမှုကို လာနှောက်ယှက်လို့ ဝိဉာဉ်သားရဲတွေက အသက်ဝင်လာပြီး တိုက်ပွဲကြီးတပွဲ ဖြစ်ခဲ့တဲ့ပုံပဲ။ပြီးတော့ အနိုင်ရပြီးတော့ ထွက်သွားခဲ့တဲ့ပုံ”
ရှမူဟိုင်က တွေးတွေးဆဆနှင့် ဆိုလိုက်သည်။
“အခုအခြေအနေအရတော့ ရွှေလင်းလန်သားရဲတကောင်ပဲ အသက်ရှင်ကျန်ခဲ့တာပဲ” မူချင်းကောသည်လည်း အရှေ့သို့ တိုးကာ ပြောလိုက်၏။သူမ ခြေ၂လှမ်းလှမ်းပြီးသည့်အခါတွင်တော့ တစုံတခုကို တက်နင်းမိသွားတော့လေသည်။
ငုံ့ကြည့်လိုက်ရာ အနီရောင် ပုတီးစေ့လေးကို တွေ့လိုက်လေ၏။
“ဒါက...”
သူမသည် အနီရောင်ပုတီးစေ့လေးကို ကောက်ကိုင်လိုက်ရာ ထိုပုတီးစေ့လေးမှာ လွန်စွာ သစ်လွင်နေသည်ကို သတိပြုလိုက်မိ၏။ထိုပုတီးစေ့မှာ ဤဂူထဲရှိ မူလပစ္စည်းမဟုတ်ပေ။
“ရေနီကျောက်တုံးပါလား” မူချင်းကောသည် သူမ၏ မျက်ခုံးများကို ပင့်တင်လိုက်သည်။
“ရေနီကျောက်က တိမ်တိုက်နယ်မြေမှာပဲ တွေ့ရတာလေ။ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ”
ထိုစကားကိုကြားသည်နှင့် ရှမူဟိုင်သည်လည်း အနားသို့လာကာ ပုတီးစေ့ကို ကြည့်ရှုလိုက်လေ၏။သူသည် တစုံတခုကို တွေးတောမိသွားသောကြောင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်လေတော့၏။
“ဘာတွေကို ရှာနေတာလဲ” ရှမူဟိုင်၏ အမူအရာကိုကြည့်ရင်း မူချင်းကောက စိတ်ဝင်တစားနှင့် မေးလိုက်ခြင်းဖြစ်သည်။
“ဒီဟာကို ရှာတာ” ရှမူဟိုင်က အရှေ့သို့ အနည်းငယ်လျှောက် လိုက်ပြီး သံချေးတက်နေသော သေတ္တာလေးတခုကို ကောက်ယူလိုက်လေသည်။ထိုသေတ္တာလေးထဲတွင် လေးထောင့်ပုံစံ နေရာလွတ်လေးတခု ရှိနေပေသည်။ထိုနေရာလွတ်လေးမှာ တစုံတခုရှိနေခဲ့ပြီး ပျောက်ဆုံးသွားသောကြောင့် လစ်ဟာနေသည့်ပုံဟန်ပင်။
“အဲ့ဒါက ဘာလဲ” မူချင်းကောက သိလိုစွာ မေးလိုက်သည်။
“ဒီက တခုခုက အခိုးခံလိုက်ရတယ်” ရှမူဟိုင်က အသက်ပြင်းပြင်းရှုလိုက်လေ၏။
“ဒီနေရာကို ရောက်လာတာက ယင်တန်မျှော်စင်က ယန်ဒေါင်ချန်ပဲ။သူက ဒီနေရာကနေ ချီရှန်းအမိန့်ပြားကို ယူသွားပြီး ပန်းချီစာလိပ်တွေထဲက ဝိဉာဉ်သားရဲတွေကို သတ်သွားခဲ့တာပဲ။နောက်ဆုံးတော့ ရွှေလင်းလန်သားရဲကြောင့် ဒဏ်ရာရခဲ့ပြီး ထွက်ပြေးသွားခဲ့တာဖြစ်ရမယ်။
“ချီရှန်းအမိန့်ပြားက ပေါ်ထွက်လာသေးတာလား” မူချင်းကောက အံ့ဩစွာ မေးလိုက်၏။
“အင်း” ရှမူဟိုင်က ခေါင်းညိတ်ပြသည်။ထို့နောက်တွင် မလှမ်းမကမ်းရှိ လီချန်ချင်းအား တချက်ခိုးကြည့်လိုက်လေသည်။
လီချန်ချင်းမှာ ပစ္စည်းများကို လျှောက်ကြည့်နေလေ၏။သူတို့ပြောနေကြသော စကားများမှာ သူနှင့် လုံးဝကို မဆိုင်သည့်အလားပင်။
ထိုအပြုအမူမှာ ရှမူဟိုင်ကို အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားစေခဲ့တော့သည်။
ရှမူဟိုင်၏ အမြင်တွင် လီချန်ချင်းက ချီရှန်းအမိန့်ပြားကို သားဖြစ်သူလီဟမ်ရှန်းကို ပေးခြင်းက အဓိပ္ပာယ်မရှိဟု ထင်မြင်ခဲ့မိသည်။
တက်လှမ်းခြင်းအဆင့်သာ ရှိသော ကျင့်ကြံသူပေါက်စလေးအား ချီရှန်းအမိန့်ပြားကို ပေးလိုက်ခြင်းသည် သေတွင်းတူးခိုင်းသည်နှင့် အတူတူသာ ဖြစ်သည်။
တစ္ဆေမျိုးနွယ်က ဘယ်လိုအလွတ်ပေးမှာလဲ
လီချန်ချင်းက ဘယ်အရာကို အစီအစဉ်ချထားတာများလဲ
“ချီရှန်းအမိန့်ပြားနဲ့ ပတ်သက်တာတွေကို နောက်မှ အသေးစိတ် ရှင်းပြပေးမယ်။လောလောဆယ် ဒီဂူရဲ့ ပိုင်ရှင်ကိုပဲ သိချင်နေတယ်”
ထိုအချိန်၌ ရွှေလင်းလန်သားရဲက ဟောင်သံတချက်ပြုကာ အားလုံးကို အထဲသို့ ဝင်လိုဟန်ပြနေသည်။
“အထဲသွားပြီး တချက်ကြည့်ကြည့်ရအောင်” လီချန်ချင်းက ကျန်သူများကို ပြောလိုက်သည်။
လီချန်ချင်း၏ စကားကို ကျန်သူများကလည်း သဘောတူလိုက်ကြလေ၏။
ဒီနေရာ၌ ဘာမှ အဖိုးတန်တာမရှိပဲ အကုန်လုံးက အမှိုက်တွေကြီးသာ ဖြစ်လေသည်။ထိုအဖြစ်မှာ လီချန်ချင်းအား စိတ်တိုစေ၏။သူက ရတနာများ ရမလားအမှတ်နှင့် ရောက်လာခြင်းဖြစ်သည်။အမှိုက်သိမ်းရန် မဟုတ်ပါချေ။
သူတို့က ဂူအနက်ပိုင်းထဲသို့ သွားလေလေ၊အနောက်မှလိုက်လာသော ယင်ချန်းလီက ရုတ်တရက် ထအော်လိုက်လေ၏။
“ဆေးပင်တွေ အနံ့ရတယ်”
“ဆေးပင်အနံ့?” ရှမူဟိုင်သည် အသက်ပြင်းပြင်းရှိုက်ကာ အနံ့ခံလိုက်သည့်တိုင် ဘာအနံ့ကိုမှ မရပေ။
“ဂူအတွင်းပိုင်းတနေရာရာမှာ ဆေးပင်တွေ ရှိမယ့်ပုံပဲ” မူချင်းကောက ရယ်မောကာပြောလိုက်၏။
“ကျွန်မရဲ့ တပည့်မှာ ရွှမ်းမူခန္ဓာကိုယ်ရှိတယ်လေ။သူက ဆေးပင်တွေနဲ့ ပတ်သက်ရင် အာရုံခံနိုင်စွမ်းအရမ်းမြင့်မားလွန်းတယ်။သူက အနံ့ရပေမယ့် တာအိုရောင်းရင်းရှ၊ရှင်တို့ ကျွန်မတို့တော့ ရမှာမဟုတ်ဘူး”
“ရွှမ်းမူခန္ဓာ၊သဘာဝအတိုင်းမွေးဖွားလာတဲ့ ဆေးပညာရှင်ခန္ဓာ”
ရှမူဟိုင်က မနာလိုဖြစ်စွာပြောလိုက်၏။
“မင်းတို့ ဆေးဘုရင်တောင်ကြားကတော့ နောက်ထပ် ပါရမီရှင်တဦးကို ထပ်မွေးထုတ်ပေးနိုင်တော့ဦးမှာပဲ”