← Chapters

လူတိုင်း၏ အကြည့်များကျရောက်နေခဲ့သော အရိုးစု၏ လက်ထဲမှ ထူဆန်းသည့် ပန်းချီကားတစ်ချပ်

Vol. 4 Ch. 40

လူတိုင်း၏ အကြည့်များကျရောက်နေခဲ့သော အရိုးစု၏ လက်ထဲမှ ထူဆန်းသည့် ပန်းချီကားတစ်ချပ်

Vol. 4 Ch. 40

"ဒါ စာလိပ်တစ်လိပ်ပဲ!"

အရိုးစု၏ လက်ထဲ၌၊ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သော စာလိပ်တစ်လိပ် ရှိနေခဲ့သည်။

အလွန်ရှေးကျသော အရှိန်အဝါတစ်ခုသည် စာလိပ် အနီးဝန်းကျင်တွင်ပျံ့နှံ့နေခဲ့ပြီး ထိုအရှိန်အဝါကိုအကွာအဝေးတစ်ခုမှပင် ခံစားနေရပေသည်။

" ပန်းချီအင်မော်တယ်ရဲ့ ရှေးဟောင်းပန်းချီကားတစ်ချပ်မဟုတ်လား " ထိုပန်းချီကားကိုတွေ့လိုက်ရချိန်တွင် ရှမူဟိုင် နှင့် မူချင်းကော တို့သည် သူတို့၏ အသက်ရှုသံများရပ်‌တန့်သွားခဲ့သကဲ့သို့ပင် ခံစားလိုက်ရသည်။

ဒါက တကယ် စစ်မှန်တဲ့ရတနာတစ်ခုပဲ။

ဒီသတင်းသာထွက်ပေါ်လာခဲ့ရင် ၊ စန်းယွမ် နယ်မြေ ရဲ့ ဂိုဏ်းတွေအများကြီးကြားမှာ လူသတ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာပေလိမ့်မည်။

သွေးတွေ ဘယ်လောက်တောင်ချောင်းစီးကုန်လိမ့်မလဲ၊ လူဘယ်နှစ်ယောက်ရဲ့ အသက်တွေဆုံးရှုံးလိုက်ရမလဲ ဆိုတာ မည်သူမျှမသိနိုင်ပေ။

ရှမူဟိုင် နှင့် မူချင်းကော တို့သည် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကနဲကြည့်လိုက်ပြီး ဂရုစိုက်ရန် အကြည့်များဖြင့်ပင် တစ်ဦးကိုတစ်ဦးသတိပေးလိုက်ကြသည်။

ယခုအချိန်တွင် သူတို့ကို အခြားတစ်ယောက်က ရုတ်တရက် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေပုံရသည်။

သူတို့ထဲမှ တစ်ဦးသည် ဆေးဘုရင်တောင်ကြား မှဖြစ်ပြီး နောက်တစ်ဦးသည် ရှေးဟောင်း တာအို တောင်တန်းဂိုဏ်း မှဖြစ်သည်။ နှစ်ခုလုံးသည် ဂုဏ်သရေရှိဂိုဏ်းကြီးများဖြစ်ကြသည်။

သူတို့အချင်းချင်း၏ဆက်ဆံရေးသည်လည်း ကောင်းမွန်ကြသည်။

သို့သော် ပန်းချီအင်မော်တယ် ၏ ရှေးဟောင်းပန်းချီကားရှေ့တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ ရှိမနေနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပေ။

ဒီလိုရတနာတစ်ခုအတွက် အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတဲ့လူနှစ်ယောက်မပြောနဲ့ ညီအစ်ကိုအချင်းချင်းပင် နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ဖြစ်နိုင်ပေသည်။

"အစ်ကို ချန်ချင်း၊ အရင်က ကျွန်မ ပြောခဲ့တာကို ထပ်ပြောမယ်။ ရှင် က ကျွန်မ တို့ကို ဒီနေရာ ခေါ်လာခဲ့တာဆိုတော့၊ ရှင် ပဲ ဒီကိစ္စကို ကိုင်တွယ်သင့်တယ် " မူချမ်းကော သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြဿနာကို လီချန်ချင်း ဆီသို့ လွှဲအပ်လိုက်သည်။

"အစ်ကို ချန်ချင်း ၊ အစ်ကိုပဲ ဆုံးဖြတ်ပါ။" ရှမူဟိုင် သည်လည်း စိတ်အေးသွားခဲ့သည်။

သူတို့အနားမှာ လီချန်ချင်း တစ်ယောက်လုံးရှိနေဆဲဖြစ်သည်။

ဤသည်မှာ ပန်းချီအင်မော်တယ် ချန်ထားခဲ့သော ရတနာတစ်ခုဖြစ်သည်။

အကယ်၍ သူတို့တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိခဲ့ပါက၊ လီချန်ချင်း သည် နေရာတွင်ပင် သူတို့နှစ်ဦးစလုံးကို ချက်ချင်းသတ်ပစ်လိုက်နိုင်ပေသည်။

ဒီလို ရတနာတစ်ခု၏ရှေ့တွင် ကိုယ့်အဖေကိုတောင် ယုံကြည်ဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် သူတို့နှစ်ဦးစလုံးသည် ရာထူးအဆင့်အတန်းတွေကို ဖယ်ပြီး ဒီကိစ္စကိုကိုင်တွယ်ရန် လီချန်ချင်း ကို သာလျင်လျင်မြန်မြန်လွှဲအပ်လိုက်‌ေတာ့သည်။

လီချန်ချင်းကလည်း ဒီပန်းချီကားကို စိတ်မဝင်စားဖို့ကိုတော့ သူတို့ မျှော်လင့်ကြရပေမည်။

ထိုမှသာ ပန်းချီကားသည် သူတို့လက်ထဲရောက်လာနိုင်ပေသည်။

သူတို့အတွက် အခွင့်အရေးက နည်းပါးသော်လည်း ရတနာတစ်ခုအတွက်နှင့် သူတို့၏အသက်ကိုမဆုံးရှုံးချင်ပေ။

သူတို့ ပြောသည့်စကားများကို လီချန်ချင်း က ဘာမှမတုန့်ပြန်သေးဘဲရှိ၏။

သူသည် မလှမ်းမကမ်းရှိ အရိုးစုအလောင်းကောင်နဲ့ ထိုအရိုးစုလက်ထဲရှိ ရှေးဟောင်းပန်းချီကားကို စိုက်ကြည့်နေခဲ့သည်။

တစ်ချို့သော အချက်များကြောင့် လီချန်ချင်း သည် ဂူထဲသို့ဝင်ရောက်လာခဲ့ပြီးနောက် သူ၏စိတ်ထဲတွင် အချိန်မြစ်အကြောင်းသည် ရုတ်တရက်ပေါ်လာခဲ့သည်။

သူသည် အချိန်မြစ်မှ ပဟေဠိဆန်သောပုံရိပ်ကို တွေးနေခဲ့သည်။ထို့အပြင် သူ့နားနားသို့ ကပ်ကာ ပြောခဲ့သော တီးတိုးစကားကကော ဘာလဲ။

အခုချိန်တွင် သူသည် မလှမ်းမကမ်းရှိ ရှေးဟောင်းပန်းချီကားကို ကြည့်နေရင်း ဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားနေရပေသည်။

ထိုပန်းချီကားနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာသည် မှားယွင်းနေသကဲ့သို့ပင်။

သို့သော်လည်း သူ့အနေဖြင့် ပန်းချီကားများအကြောင်းကို သိပ်အများကြီး မသိသည့်အတွက်ကြောင့် သူ့ခံစားချက်များကပဲမှားနေသလား၊ ဒါမှမဟုတ် ပန်းချီကားကပဲ တစ်ခုခု လွဲမှားနေသလားဆိုတာကိုတော့ လီချန်ချင်း မသိပေ။

" ဒီပန်းချီကားကို ငါစိတ်မဝင်စားဘူး။ မင်းတို့နှစ်ယောက် ပန်းချီကားကို ယူပြီး ဖွင့်ကြည့်လို့ရတယ်။ ပြီးတော့ လိုအပ်တဲ့ဘယ်သူမဆို ဒီပန်းချီကားကိုယူလို့ရတယ် " လီချန်ချင်း က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

ဒီပန်းချီကားကို သူတကယ် မလိုအပ်ပေ။

သူ၏ သစ်သားပန်းပုထွင်းထုခြင်းက ပန်းချီဆွဲခြင်းထက် ပိုပြီးအကျိုးရှိသည်ကို လီချန်ချင်း က ရှင်းရှင်းလင်းလင်း သိထားပေသည်။

သူ က လီဟမ်ရှန့် ကိုကူညီရန် ပန်းချီကားတစ်ချပ်ကို မလိုအပ်ပေ။ ထို့ကြောင့် ဒီပန်းချီကားသည် သူအတွက် အမှန်တကယ် အသုံးမဝင်ပေ။

ပန်းချီကားကို ငွေ‌ကြေးအတွက်နှင့် ရောင်းချရန်ဆိုသည်မှာလည်း၊ လီချန်ချင်းက သူ၏ကိုယ်ပိုင်စွမ်းအားကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်ပြီး ဒီကမ္ဘာကြီး အကြောင်းကို နားလည်သဘောပေါက်ခြင်းမရှိသေးမီတွင် ထိုကဲ့သို့မဆင်မခြင်မလုပ်သင့်ဟု ခံစားနေရပေသည်။

သူအတွက်ကျရှုံးဖို့ လွယ်ကူလှပေသည်။

ရှေးဟောင်းတာအိုတောင်တန်းနယ်မြေ နှင့် ဆေးဘုရင်တောင်ကြား နှစ်ခုစလုံးက သူ့ကို ပြိုင်ဖက်ကင်းသော ပါရမီရှင်ဟု ထင်မှတ်ထားကြသော်လည်း ကိုင်တွယ်ရခက်သည့် ခေါင်းမာသူများလည်းရှိနေသေးသည်။ သူတို့တွေသာ အမှန်တကယ် သူ့ကို ဒုက္ခရောက်အောင် လုပ်မည်ဆိုပါက၊ သူ၏ သာမန်စွမ်းအားလေးဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။

သူ့သားကိုတောင် ဒုက္ခရောက်စေပေလိမ့်မည်။

သူလျှို့ဝှက်ထားခဲ့သော သစ်သားပန်းပုထွင်းထုခြင်းနှင့်ပတ်သက်၍ ရှမူဟိုင် နှင့် မူချင်းကော တို့နှစ်ယောက်လုံးက ဉာဏ်ကောင်းသူများဖြစ်၍ ပေါက်ကြားမည်မဟုတ်ပေ။

ယန်မိသားစုသည်လည်း ယခုအချိန်တွင် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စိတ်ပူစရာမလိုပေ။

လီချန်ချင်း သည် ပန်းချီကားထဲတွင် ဘာတွေရှိနေလိမ့်မလဲဆိုသည်ကို သိလိုစိတ်အနည်းငယ် ရှိသော်လည်း ထိုအရာ၏အကျိုးဆက်များကိုတော့ ခုခံနိုင်စွမ်း မရှိပေ။ ထို့ကြောင့်ပင် သူ မယူတော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင်၊ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သူအမြဲတမ်း ခံစားနေရသည်။

လီချန်ချင်း ၏စကားကိုကြားလိုက်ရသည့်အခါတွင် ရှမူဟိုင် နှင့် မူချင်းကော တို့သည် သူတို့၏ကံကြမ္မာကိုတောင် မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်သွားခဲ့သည်။

သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ပြီး အရိုးစုအလောင်းရှိရာသို့ အလျင်အမြန်သွားလိုက်ကြသည်။

သူတို့တွေ ပန်းချီကားကို အမှန်တကယ်လိုချင်ကြသော်လည်း ထိုနေရာတွင် ထောင်ချောက်များရှိနေမည်ကိုတော့ စိုးရိမ်နေကြပြီး အလွန်သတိထားကြပေသည်။

သူတို့နှင့် အရိုးစုအလောင်းသည် မီတာအနည်းငယ်မျှသာဝေးသော်လည်း ထိုနေရာသို့ ဘေးကင်းစွာရောက်ရှိရန် အချိန်တစ်ခဏတော့ကြာမြင့်ခဲ့သည်။

အရိုးစုအလောင်းသည် မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သော်လည်း မူချင်းကော အနေဖြင့် ထိုအရိုးစုသည် ဤနေရာ၌ ရှိနေခဲ့သည်မှာ အနည်းဆုံး နှစ်တစ်ရာ လောက်ရှိနေပြီဆိုတာကိုတော့ ပြောနိုင်ပေသည်။

" ဒီအရိုးစုက တကယ်ပဲ စီနီယာ ကူဟန်ရှီ ဖြစ်နိုင်တယ်။" မူချင်းကော က ရှုပ်ထွေးသောအမူအရာတစ်ခုဖြင့်ပြောလာခဲ့သည်။

"တကယ် သူသာဆိုရင် ဒီပန်းချီကားက ပန်းချီအင်မော်တယ် တစ်ယောက်ရဲ့ ပန်းချီကား အစစ်ပေါ့။" ရှမူဟိုင် က လက်လှမ်းကာ ပန်းချီကားကို ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ "ဒီပန်းချီကားက တကယ်ပဲ ပန်းချီရတနာ တစ်ခုဖြစ်နိုင်တယ်"

" ပန်းချီအင်မော်တယ် တစ်ယောက် သေဆုံးတော့မယ့်အချိန်မှာတောင် သူ့လက်ထဲမှာသေသေချာချာ ဆုပ်ကိုင်ထားခဲ့တဲ့ အရာက သေချာပေါက် ထူးခြားတဲ့ ရတနာတစ်ခုပဲ ဖြစ်ရမယ်!" မူချင်းကော သည်လည်း သဘောထားအတူတူပင်ဖြစ်သည်။

" ပန်းချီကားကို ဖွင့်ကြည့်ဖို့ ငါမစောင့်နိုင်တော့ဘူး" ရှမူဟိုင် သည် အနောက်မှာကျန်ခဲ့သော လီချန်ချင်း ကိုပင် မစောင့်နိုင်တော့ပေ။

ဒီအတွက်နှင့် လီချန်ချင်း က သူ့ကိုအပြစ်မတင်ဘူးဆိုတာ ရှမူဟိုင် သိပေသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် သိတာမကြာသေးပေမယ့်လည်း လီချန်ချင်း ၏ အကျင့်စရိုက်အချို့ကို သူ သိထားပေသည်။

သူက ကျိုးကြောင်းဆင်ခြင်စဉ်းစားတတ်‌သောသောသောသူတစ်ဦးဖြစ်ပြီး အသေးအဖွဲကိစ္စလေးများကို မလိုအပ်ပဲ ရေးကြီးခွင်ကျယ်လုပ်တတ်သောသူတစ်ဦးလည်းမဟုတ်ပေ။

ဒါကိုတွေးမိပြီး ရှမူဟိုင် သည် အပြောင်မြောက်ဆုံးပန်းချီလက်ရာတစ်ခုကို တွေ့မြင်လိုစိတ်ပြင်းပြစွာဖြင့် စာလိပ်ကို အလျင်အမြန်ဖွင့်လိုက်လေသည်။

သို့သော် ရှမူဟိုင် စာလိပ်ကိုဖွင့်လိုက်ချိန်တွင်။

လီချန်ချင်း ၏ မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

အန္တရာယ်အငွေ့အသက်တစ်ခုထွက်‌ပေါ်လာသည်ကို သူခံစားလိုက်ရ၏။

လီချန်ချင်း သည် စန်းယွမ်နယ်မြေသို့ရောက်လာချိန်ကတည်းကစပြီး ဤမျှလောက် ကြီးမားသောအန္တရာယ်အငွေ့အသက်ကြီးကို ခံစားလိုက်ရခြင်းသည် ယခုအချိန်သည်ပထမဆုံးပင်ဖြစ်သည်။

"သတိထား! အန္တရာယ်ရှိတယ်! " လီချန်ချင်း က အော်ပြောလိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် ရှမူဟိုင် သည် စာလိပ်ကို ဖွင့်ပြီးသွားပြီ ဖြစ်သည်။

စာလိပ်အတွင်းတွင်၊ မျက်လုံးတစ်စုံမှလွဲ၍ ဘာမျှမရှိပေ။

သွေးနီရောင် မျက်လုံးတစ်စုံ!

ကောင်းကင်ဘုံ နှင့်ကမ္ဘာမြေကြီးတစ်ခုလုံးရှိ အရာအားလုံးကို သွေးနီရောင်များဖြင့်ဆေးခြယ်ချင်သည့်ဟန်ဖြင့် ထိုမျက်လုံးများကိုလည်း စေးပျစ်သောသွေးများဖြင့်ရေးဆွဲထားသကဲ့သို့ပင် ထင်ရပေသည်။

ထိုအခိုက်တန့်တွင် လေများတိုက်ခတ်လာပြီး တိမ်တိုက်များသည်လည်း အရောင်ပြောင်းသွားခဲ့သည်။ ထို့နောက် ဂူကြီးတစ်ခုလုံး မှုန်ဝါးသွားခဲ့သည်။

အတောမသတ်နိုင်သော အရှိန်အဟုန် တစ်ခုသည် ကောင်းကင်သို့ မြင့်တက်နေခဲ့ပြီး အလွန်အားကောင်းသော ဝိညာဉ်အရှိန်အဝါတစ်ခုသည် စာလိပ်အတွင်းမှ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။

ရှမူဟိုင် နှင့် မူချင်းကော တို့သည် ချက်ချင်းဆိုသလိုပင် ထိုဝိညာဉ်အရှိန်အဝါ၏အောက်တွင် နစ်မြှုပ်သွားခဲ့သည်။

သူတို့နှစ်ဦးသည် ဝိညာဉ်အရှိန်အဝါ သမုဒ္ဒရာကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသကဲ့သို့ပင်။ သူတို့သည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြသူများဖြစ်သော်လည်း ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဉ်အရှိန်အဝါမျိုးကို တစ်ခါမျှ မခံစားခဲ့ကြဖူးပေ။

ထိုအရှိန်အဝါသည် အလွန် အားကောင်းလွန်းလှပြီး ခုခံနိုင်စွမ်းပင် ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။

ဒီ တစ္ဆေမျိုးနွယ် ရဲ့ အဆင့်ကဘယ်လောက်တောင်များလဲ?

မူလအဆင့်အထွတ်အထိပ်လား?

ဒဏ္ဍာရီလာ မြေကမ္ဘာအင်မော်တယ်များဖြစ်နေမလား?

ဒါမှမဟုတ် ဖြစ်နိုင်တာက……

သူတို့ လုံးဝမထိနိုင်တဲ့အဆင့်တစ်ခုလား?

ထိုအရာသည် သူတို့၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ထို့နောက် ဝိညာဉ်အရှိန်အဝါများသည် အရာအားလုံးကို ဝါးမြိုသွားခဲ့ပြီး ဂူတစ်ခုလုံး၌ ပြည့်နှက်သွားခဲ့သည်။ အဝေးမှ ယင်ချန်းလီ နှင့် လီချန်ချင်း တို့သည်လည်း ထိုဝိညာဉ်၏ အရှိန်အဝါများကြားတွင် နစ်မြုပ်သွားခဲ့သည်။

"ဒါက တစ္ဆေမျိုးနွယ်ရဲ့ အရှိန်အဝါပဲ" လီချန်ချင်း သည် အကန့်အသတ်မရှိသော ထို ဝိညာဉ်အရှိန်အဝါများထဲတွင် ရှိနေခဲ့ပြီး သူ၏ ဘေးပတ်ဝန်းကျင်သည် မူလအခြေအနေအတိုင်းမဟုတ်တော့ဘဲ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

လီချန်ချင်း သည် အနည်းငယ်ထိတ်လန့်သွားခဲ့၏။ ထိုအချိန်တွင် ကောင်းကင်မှ အနီရောင်အလင်းတန်းတစ်ခု ကျရောက်လာခဲ့သည်။

လီချန်ချင်း မော့ကြည့်လိုက်သည့်အခါ ပိန်းပိတ်အောင်မှောင်နေသော ညကောင်းကင်၌ သွေးနီရောင် လနှစ်စင်း ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

မဟုတ်သေးဘူး။

သွေးနီရောင် လနှစ်စင်းလို့ ခေါ်တာထက်…

သွေးနီရောင် မျက်လုံးနှစ်လုံးလို့ ပြောရင် ပိုသင့်တော်ပေလိမ့်မည်။

ထိုမျက်လုံးများထဲ၌ အလွန်ထိတ်လန့်အံဩဖွယ် စွမ်းအားအချို့ ရှိနေပုံရပြီး ထိုအချိန်တွင် လီချန်ချင်း ၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် ပရမ်းပတာ တုန်ယင်နေခဲ့ပေသည်။

သူ၏ နတ်ဘုရား စိတ်ဝိဉာဉ် သည် တစ်စုံတစ်ခု ၏ လွှမ်းမိုးမှုကို ခံထားရသကဲ့သို့ပင်ဖြစ်နေ၏။

ထိုအရာသည် အလွန်အားကောင်းလွန်းလှပေသည်။

လီချန်ချင်း သည် နတ်ဘုရား စိတ်ဝိဉာဉ် ကို အပြည့်အဝနားမလည်သေးသော်လည်း သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ရေကန်ကို ကျူးကျော်ဝင်ရောက်လာသော ကြောက်မက်ဖွယ်စွမ်းအားတစ်ခု၏ အရှိန်အဝါကို ခံစားနေရဆဲဖြစ်သည်။

ထိုစာလိပ်ထဲမှာ မည်သို့သောအရာကိုချိပ်ပိတ်ထားခဲ့တာလဲ။

All Chapters