← Chapters

ကွေအရိပ် အထွတ်အထိပ်အဆင့်

Vol. 5 Ch. 68

ကွေအရိပ် အထွတ်အထိပ်အဆင့်

Vol. 5 Ch. 68

မြို့ပျက်ကြီးထဲရှိ ရွှီချင်းနေထိုင်ရာ ဂူထဲတွင် ငှက်မွေးများဖြင့် ပြည့်နှက်နေပြီး ဆိုးဝါးသောအနံ့အသက်များ ထွက်ပေါ်နေသည်။

ယခင်က သူ အက်ကွဲကြောင်းများကို ပိတ်ဆို့ရန် အသုံးပြုခဲ့ဖူးသော ကျောက်တုံးများနှင့် တောက်တိုမယ်ရပစ္စည်းများသည် ယခုအခါတွင် ဓာတ်နှောများ၏ တိုက်စားခြင်းကို ခံနေရပြီဖြစ်သည်။

သူ ထွက်ခွာသွားခဲ့စဉ်အချိန်ကထက် ဘေးပတ်ဝန်းကျင်တွင် ဖုန်မှုန့်များသာ နေရာယူထားသည်။

တားမြစ်နယ်မြေ ထွက်ပေါ်လာခဲ့သည့်တိုင်အောင် ရတနာမုဆိုးများ လာရောက်စူးစမ်းရှာဖွေနေကြဆဲဖြစ်သည်။ သို့တိုင်အောင် သူ၏အသိုက်အမြုံလေးက လျှို့ဝှက်လွန်းသည်ဖြစ်၍ သူ ထွက်သွားပြီးနောက် တစ်ယောက်မှ ဤနေရာသို့ ရောက်မလာခဲ့ပေ။

ထို့ကြောင့် ဖုန်နံ့များ သူ၏နှာခေါင်းထဲ တိုးဝင်လာပါသောလည်း သူ စိတ်ထဲမထားပေ။

ထိုအချိန် သူသည် တင်ပျဉ်ခွေ၍ ကျင့်ကြံနေပြီး တောင်တန်းပင်လယ်ပညာရပ်ကို ခွန်အားများကို လှည့်ပတ်ကာ အဆင့်ခုနစ်သို့ ရောက်ရန် သူ ကြိုးစားနေသည်။

အပြင်ဘက်လောကကြီး၌ ဆံပင်မွေးများကို ထောင်ထသွားစေနိုင်လောက်အောင် ထူးဆန်းသော ငိုညည်းသံများ လွင့်ပျံနေပေရာ ရွှီချင်းသည် အတန်ငယ် ငေးမောသွားရသည်။

လွန်ခဲ့သော နှစ်ဝက်ခန့်ကို သူ ပြန်ရောက်သွားခဲ့သည့်အလားပင်။

ထိုအချိန်က နတ်ဘုရား၏မျက်လုံးများ ပွင့်လာပြီး သွေးမိုးများ ရွာကျလာကာ အရိုးများဖြင့် ပြည့်နေသော မြို့ထဲတွင် သူ ရှင်သန်ရန် ရုန်းကန်ခဲ့ရသည်။

ရွှီချင်း ငြိမ်သက်သွား၏။

အချိန်အတော်ကြာပြီးနောက် အတိတ်မှအငွေ့အသက်များက သူ၏စိတ်ထဲ မရှိတော့ပေ။ သူ၏ကျင့်ကြံခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေသည်။ သူ ဆက်လက် ကျင့်ကြံနေသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားအငွေ့အသက်များ စုစည်းလာကာ သူ၏ခန္ဓာကိုယ်ထဲရှိ မွေးညင်းပေါက်လေးများထဲသို့ အလုအယက် စိမ့်ဝင်လာသည်။

သူ၏ခန္ဓာကိုယ်ထဲတွင် တဝုန်းဝုန်းမြည်ဟည်းနေသည်။ အသံများက တစတစ ကျယ်လောင်လာပြီး အဆုံးသတ်တွင် သူ၏စိတ်ကို တုန်ရီသွားစေနိုင်သည့် မြည်ဟည်းသံကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုမြည်ဟည်းသံများနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်လျှောက်ရှိ မွေးညင်းပေါက်လေးများမှတစ်ဆင့် အညစ်အကြေး အများအပြား စိမ့်ထွက်လာသည်။

ရွှီချင်း၏အဝတ်အစားများအောက်ရှိ ခန္ဓာကိုယ်သည်လည်း တဖျစ်ဖျစ်မြည်သံများနှင့်အတူ ကြောက်ခမန်းလိလိ ခွန်အားကို ရရှိလာသည်။

နှစ်နာရီကြာပြီးနောက် သူ၏စိတ်ထဲ မိုးခြိမ်းသံ မြည်ဟည်းသွားပြီး သူ၏မျက်လုံးများ ဖျပ်ခနဲ ပွင့်လာသည်။ သူ၏မျက်လုံးအိမ်ထဲမှ ခရမ်းရောငအလင်းတန်း ဖြာထွက်လာ၏။

ထိုအခိုက် သူ၏နောက်တွင် ကွေအရိပ် ပြန်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူ၏အရိပ်သည် ယခင်ပုံစံနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေပြီး တုတ်ခိုင်သန်မာနေသည်။ ၎င်း၏ခေါင်းတွင် ဦးချိုတစ်ချောင်းတည်း မဟုတ်တော့ဘဲ ကျွဲရိုင်းကဲ့သို့ ဦးချိုများ ရှိလာသည်။ ယင်းအပြင် ဦးချိုများသည် တွန့်လိမ်ကွေးကောက်သည့်ပုံစံရှိပြီး အဖျားတွင် အနက်ရောင်အလင်းဖျော့ဖျော့ ရှိနေသည်။

၎င်း၏မျက်နှာက ပို၍ သွေးပျက်ဖွယ်ကောင်းသည်။ ၎င်း၏သွေးဆာနေသော ပါးစပ်ကြီးကို ဟလိုက်သည်နှင့် မိစ္ဆာဝိညာဉ်များကို အရှင်လတ်လတ်ဝါးမျိုနိုင်သည့်အလား ထင်မှတ်ရသည်။

အထူးသဖြင့် ၎င်း၏ စူးရှချွန်ထက်သော လက်သည်းချွန်များပင်။ ၎င်း၏ခရမ်းရောင်မျက်လုံးများနှင့် ပေါင်းစပ်လိုက်သောအခါ ဝိညာဉ်များကို တုန်ရီသွားစေနိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။

ဂူတစ်ခုလုံးကို ဖောက်ထွင်းကာ ဘေးပတ်ဝန်းကျင်ကို တုန်ဟီးသွားစေနိုင်သည့်အလား အရိပ်မှ ထူးဆန်းသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ကွေအရိပ်၊ အထွတ်အထိပ်အဆင့်

ယင်းသည် တောင်တန်းပင်လယ်ပညာရပ်ကို အထွတ်အထိပ်အဆင့်သို့ ရောက်သောအခါမှသာ ဖြစ်ပေါ်လာမည့် ပြောင်းလဲခြင်းတစ်ရပ်ဖြစ်သည်။ တခြားလူတစ်ယောက်သာဆိုပါက ချီစုစည်းခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်သောအခါမှသာ ထိုအဆင့်ကို ရောက်မည်ဖြစ်ပြီး နောက်ထပ်တိုးတက်လာတော့မည် မဟုတ်ချေ။ သို့သော်လည်း ရွှီချင်းက အဆင့်ခုနစ်သာ ရှိသေးသည်။

သူ၏ခန္ဓာကိုယ်တွင်လည်း ကြီးစွာသော တိုးတက်မှုများ ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ပို၍ အားကောင်းလာသည်။ သူ၏မျက်လုံးများထဲရှိ ခရမ်းရောင်အလင်းတန်းသည်လည်း ယခင်ကထက် ကြာရှည်ခံလာသည်။

အထူးသဖြင့် သူ၏မျက်နှာပင်။

တောင်တန်းပင်လယ်ပညာရပ်ကိုရောက်စဉ်အခါက သူသည် နှိုင်းယှဉ်၍ မရအောင် ယောက်ျားပီသကာ ချောမောသည်ဟု ဆိုပါက ယခုအချိန် သူ၏မျက်လုံးများထဲရှိ ခရမ်းရောင်အလင်းတန်းအောက်တွင် သူ၏မျက်နှာသည် ဖုန်အလိမ်းလိမ်းကပ်နေပါသော်လည်း မိစ္ဆာတစ်ကောင်နှင့် တူလာနေသည်ဟု ဆိုရပေမည်။

သို့သော်လည်း ထိုကဲ့သို့အရာများကို ရွှီချင်း ဂရုမစိုက်ချေ။ သူ စိတ်ဝင်စားသည်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ခွန်အားများပင်။

ထို့ကြောင့် သူသည် သူ၏လက်သီးများပေါ်ရှိ ဖောင်းကြွနေသော သွေးကြောများနှင့် လက်မောင်းရှိ သွေးကြောများကိုလည်း ငုံ့ကြည့်လိုက်သည်။

သူ၏မျက်လုံးများထဲရှိ ခရမ်းရောင်အလင်းတန်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီး သူ၏ခွန်အားကို သူ ရှင်းလင်းစွာ အာရုံခံနိုင်လာသည်။

သူ၏ခွန်အားက ယခင်ကထက် နှစ်ဆဖြစ်လာသည်။

“ ကွေတစ်ကောင်ရဲ့ခွန်အားလား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

အပြင်ဘက်၌ မှောင်မည်းနေပြီး ဂူထဲတွင်လည်း အလင်းရောင်မရှိပေ။ ရွှီချင်းက အရာအားလုံးကို ဝိုးတစ်ဝါးမြင်ရပါသော်လည်း အရိပ်ကို ကြည့်၍ မရပေ။

သို့သော်လည်း သူ၏အရိပ်ကို အာရုံခံမိနေသည်ဖြစ်၍ စဉ်းစားတွေးတောပြီးနောက် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ငါးမိနစ်ကြာပြီးနောက် ရွှီချင်း၏မျက်လုံးများထဲတွင် တအံ့တသြဖြစ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အရိပ်ကို ထိန်းချုပ်ရာတွင် ယခင်ကထက် များစွာ အဆင်ပြေလာခဲ့ပြီဖြစ်ကြောင်း သူ၏အာရုံက ပြောပြနေသည်။ သူက အရိပ်ကို အနည်းငယ် ထိန်းချုပ်၍ အရိပ်ထဲရှိ ဓာတ်နှောများအား သူ၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်အောင်လုပ်နိုင်ပြီဖြစ်သည်။

ယင်းသည် အသုံးမဝင်ပါသော်လည်း အရိပ်ကို ထိန်းချုပ်ရာတွင် ပို၍ အဆင်ပြေချောမွေ့လာပြီဖြစ်ကြောင်း သွယ်ဝိုက်သောနည်းအားဖြင့် သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။

သူ၏လက်ရှိခွန်အားဖြင့်ဆိုပါက စခန်းခေါင်းဆောင်ကို နောက်တစ်ဖန် ရင်ဆိုင်ခဲ့ရမည်ဆိုပါက နတ်ဘုရားရုပ်ထု၏ ကောင်းကင်ဓားမော့ဓားချက်ကို လိုအပ်တော့မည်မဟုတ်ကြောင်း သူ ခံစားနေရသည်။ ချီစုစည်းခြင်းအဆင့်ရှစ် အပြင်အားခန္ဓာပိုင်ရှင် စခန်းခေါင်းဆောင်၏ လက်မောင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်ရန် လက်သီးတစ်ချက်သာ လိုတော့မည်ဖြစ်သည်။

“ ငါနဲ့ ကျင်းကန်းဂိုဏ်းခေါင်းဆောင်ကြားက ကွာခြားချက်ကြီးနေသေးတာ ဆိုးတာပဲ ”

ရွှီချင်းသည် ခေါင်းယမ်းလိုက်သည်။ ဂိုဏ်းစောင့်ဘိုးဘိုးနှင့် ထိပ်တိုက်ရင်မဆိုင်ခဲ့ရပါသော်လည်း သူ ပြေးလာရာလမ်းတစ်လျှောက် ဂိုဏ်းစောင့်ဘိုးဘိုး၏လက်သီးအရိပ်ကြောင့် သူတို့နှစ်ယောက်ကြားရှိ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း နားလည်လာသည်။

သို့ဖြစ်၍ အရိပ်ကြောင့် အစွမ်းထက်လာသည့်တိုင်အောင် လက်ရှိခွန်အားဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း ရွှီချင်း ကောင်းစွာ သိသည်။

“ ဒါပေမဲ့ အဲဒီချီစုစည်းခြင်းအဆင့်ကိုး လူနှစ်ယောက်ကိုတော့ ငါ သတ်နိုင်တယ် ”

ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျပ်ခနဲ လက်သွားပြီး ဂူ၏အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။

ဟိန်းဟောက်သံများနှင့် ထူးဆန်းသောအသံများ နီးတစ်လှည့်၊ ဝေးတစ်လှည့် လွင့်ပျံလာနေပြီး ဂူထဲရှိ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းသွားသည်။

ရွှီချင်းမှာ လွန်ခဲ့သော နှစ်ဝက်ခန့်ကို ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရပြန်သည်။ သူသည် သံတုတ်ကလေးကို လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ နောက်ထပ်လုပ်ရမည့်အရာကို စိတ်ထဲတွင် တွေးတောလိုက်သည်။

ယခု သူ ထွက်သွားလျှင် လုကျောက်မြို့ကို ဘေးကင်းလုံခြုံစွာ ရောက်နိုင်ရန် အခွင့်အလမ်းများကြောင်း သူ ခံစားမိနေသည်။

သို့သော်လည်း ရွှီချင်း၏စိတ်ထဲ အနည်းငယ် မတင်မကျဖြစ်နေပြီး သူ၏မျက်ဝန်းများထဲတွင် လူသတ်ချင်သည့်အရိပ်အယောင်များ ဝင်းလက်သွားသည်။

“ ငါ အဲဒီလူတွေကို မသတ်ရင် အဲဒီအန္တရာယ်က ငါ့ကို ခြောက်လှန့်နေမှာ ”

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး မြို့တစ်ခုလုံး၏ မြေပုံက သူ့စိတ်ထဲ ပေါ်လာသည်။

ဤမြို့ကို သူ လွန်စွာ ကျွမ်းကျင်သည်။

ယခုအခါ သူ၏စိတ်ထဲတွင် သန္ဓေပြောင်းသားရဲများ အိပ်စက်အနားယူရာနေရာဖြစ်စေ၊ ငှက်ကလေးများ၏ အသိုက်အမြုံဖြစ်စေ၊ လမ်းသွယ်လေးများတစ်လမ်းပြီးတစ်လမ်း ရှင်းလင်းပြတ်သားစွာ ပေါ်လာပြီး စတင်ဝေဖန်သုံးသပ်လိုက်သည်။

“ မြို့စားစံအိမ် ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

ပထမဆုံးအနေဖြင့် မြို့ထဲမှ ထွက်ခွာရန် သူ စီစဉ်ထားသည်။ လမ်းတစ်လျှောက်တွင် ကျင်းကန်းဂိုဏ်းမှ မည်သူ့ကိုမဆို ထိပ်တိုက်မတွေ့ခဲ့လျှင် ဘာမှလုပ်မည် မဟုတ်သော်လည်း ထိပ်တိုက်ရင်ဆိုင်တွေ့ပါက သုတ်သင်ရှင်းလင်းသည့်နည်းလမ်းကို သူ သုံးမည်ဖြစ်သည်။

အပြင်ဘက်မှ ဟိန်းဟောက်သံများကို နားစွင့်၍ ရွှီချင်းသည် တင်းမာပြတ်သားသောအသွင် ဖြစ်လာသည်။ သူက အဝင်ပေါက်ရှိ တောက်တိုမယ်ရပစ္စည်းများကို ဖယ်ရှားကာ တဖြည်းဖြည်း တွားသွားသည်။

ထွက်ပေါက်သည် ကျဉ်းမြောင်းလှပြီး ရွှီချင်း၏ခန္ဓာကိုယ်က အတန်ငယ် ကြီးမားလာသည်ဖြစ်၍ ထွက်သွားရာတွင် အနည်းငယ် ခက်ခဲသည်။ သို့သော်လည်း သူ၏မျက်နှာအမူအရာက ပုံမှန်အတိုင်းဖြစ်ပြီး အပြင်ဘက်သို့ သူ ထွက်သွားရာတွင် ဒဏ်ရာများရပါသော်လည်း အလျင်အမြန် ပျောက်ကင်းသွားသည်။

အပြင်ဘက်ကို ရောက်ပြီးနောက် ရွှီချင်းသည် မည်းမှောင်နေသော ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး မြို့ပျက်ကြီးထဲသို့ သတိထား၍ သွားလိုက်သည်။

သူက တားမြစ်နယ်မြေတောနက်ထဲသို့ ဝင်ရောက်စဉ်အချိန်ကထက်ပင် ပို၍ သတိထားသွားသည်။

တားမြစ်နယ်မြေနှင့် ယှဉ်လျှင် မြို့ပျက်ကြီးထဲ၌ ညအခါတွင် သန္ဓေပြောင်းသားရဲများနှင့် ကြောက်မက်ဖွယ် မကောင်းဆိုးဝါးများ ပို၍ များသည်။

ကံကောင်းစွာဖြင့် မြို့၏မြေမျက်နှာသွင်ပြင်အနေအထားကို ရွှီချင်း နားလည်ထားသည်။ လမ်းခရီးတွင် အန္တရာယ်အနည်းအကျဉ်းကို သူ ထိပ်တိုက်တွေ့ခဲ့ပါသော်လည်း သူ၏အမြန်နှုန်းနှင့် ရင်းနှီးကျွမ်းဝင်မှုကို အသုံးချ၍ ရှောင်တိမ်းခဲ့သည်။

သူသာ အမှန်တကယ် မရှောင်တိမ်းနိုင်ခဲ့ပါက မြန်ဆန်စွာ ဖြေရှင်းကာ ထွက်သွားမည်ဖြစ်သည်။

ထိုသို့ဖြင့် သိပ်သည်းထူထပ်သော ဓာတ်နှောများ လွှမ်းခြုံနေသည့် မြို့ပျက်ကြီးထဲတွင် ရွှီချင်းသည် တစ်နာရီကျော်ကြာသည်အထိ သတိထား၍ ခရီးဆက်နေသည်။ သူ မြို့အစွန်သို့ ရောက်ခါနီးဆဲဆဲတွင် အဝေးမှနေ၍ တဝုန်းဝုန်းမြည်ဟည်းသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုအသံသည် ရွှီချင်း၏မျက်လုံးများကို မှေးသွားစေသည်။

ညအမှောင်ထုထဲ၌ သူ၏အကြည့်သည် အထီးကျန်ဝံပုလွေတစ်ကောင်၏အကြည့်ပမာ စူးရှပြတ်သားနေပြီး အသံကြားရာကို တရွေ့ရွေ့ ချဉ်းကပ်သွားသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် သန္ဓေပြောင်းသားရဲခုနစ်ကောင်၊ ရှစ်ကောင် အလိုက်ခံနေရသော လူရိပ်နှစ်ရိပ်ကို သူမြင်လိုက်ရသည်။

ထိုလူနှစ်ယောက်မှာ ကျင်းကန်းဂိုဏ်း၏ အကြီးအကဲနှစ်ယောက်ပင်။

သူတို့သည် ရွှီချင်းနှင့် ဂိုဏ်းစောင့်ဘိုးဘိုးတို့ မြို့ထဲသို့ ဝင်ရောက်သွားပြီး အချိန်တစ်ခုကြာသောအခါမှသာ ရောက်ရှိလာခြင်းဖြစ်သည်။

သူတို့ရောက်သောအခါတွင် မှောင်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့က အကျိုးနှင့်အပြစ်ကို ချိန်ဆ၍ တွေဝေနေပြီးနောက် မြို့ထဲကို မဝင်ဘဲ မြို့အစွန်မှသာ စောင့်နေရန် ဆုံးဖြတ်လိုက်ကြသည်။

မြို့ထဲတွင် သန္ဓေပြောင်းသားရဲများနှင့် မကောင်းဆိုးဝါးများစွာ ရှိနေသည်ဖြစ်ပြီး လုံခြုံသောနားခိုရာသည်လည်း မရှိသည့်အတွက်ကြောင့် ထိုသတ္တဝါများနှင့် ကြုံတွေ့ရမည်မှာ ရှောင်လွှဲ၍မရသော ကိစ္စတစ်ရပ်ဖြစ်သည်။

သူတို့နှစ်ဦးသည် သန္ဓေပြောင်းသားရဲများစွာကို သတိမထားမိစေရန်နှင့် ဆူဆူညံညံမဖြစ်စေချင်သောကြောင့် တတ်နိုင်သရွေ့ ရှောင်တိမ်းသည်။ သူတို့ မရှောင်နိုင်သောအခါမှသာ တိုက်ခိုက်ကြသည်။

သူတို့၏သတိကြီးသောအပြုအမူနှင့် လက်ဖျားခါရလောက်သော ခွန်အားတို့ကြောင့် ယခု သူတို့ တိုက်ခိုက်နေရသည့်တိုင်အောင် ကောင်းစွာ ဖြေရှင်းနိုင်ကြသည်။

ထိုအချိန်၌ သူတို့သည် နောက်မှ သန္ဓေပြောင်းသားရဲများကို သုတ်သင်ရန် ပြင်လိုက်စဉ် အဝေးတစ်နေရာမှ အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားသည်။

၎င်းသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ညအမှောင်ထုထဲတွင် လက်ဖျားခါရလောက်အောင် မြန်ဆန်နေပြီး တရွှီရွှီမြည်သံပေးကာ ကျင်းကန်းဂိုဏ်း၏ အကြီးအကဲထံ ဝင်ရောက်သွားသည်။

ထိုလူသည် အစောပိုင်းက ရွှီချင်းနှင့် မတိုက်ခိုက်ရသေးသည့်လူ ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့်အတူ နောက်မှရောက်လာသည့်လူဖြစ်၏။

သူသည် ကွက်ခနဲ မျက်နှာပျက်သွားပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်များ တရစပ်ဖော်လိုက်ရာ ဘေးပတ်ဝန်းကျင်မှ ရေခဲငွေ့များမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် အေးစက်စက်အလင်းတန်းကို ကာကွယ်ရန် သူ့ဘေးပတ်လည်တွင် အတားအဆီးအလွှာကြီး ခိုင်ခံစွာ ဖြစ်တည်လာ၏။

သို့သော်လည်း ထိုအေးစက်စက်အလင်းတန်းက အံ့အားသင့်စရာကောင်းလှပြီး ရေခဲများကို ဖောက်ထွင်း၍ သူ၏အတားအဆီးအလွှာကြီးကို ထိုးဖောက်သွားသည်။

ဝိညာဉ်စွမ်းအားအငွေ့အသက်များ မငြိမ်မသက်ဖြစ်သွားပြီး သူ၏အတားအဆီးအလွှာတွင် အက်ကွဲကြောင်းများ လှိုင်းထလာသည်။ သို့သော်လည်း အဆုံးသတ်တွင် သူ ကာကွယ်နိုင်လိုက်သည်။ သူ့ကို တိုက်ခိုက်လာသည်က မည်းနက်တောက်ပြောင်နေသော သံတုတ်လေးဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်သွားသည်။

ထိုမြင်ကွင်းကြောင့် ကျင်းကန်းဂိုဏ်းအကြီးအကဲ၏ မျက်လုံးများ မှေးသွားပြီး ချက်ချင်း နောက်လှည့်ကာ သူ့အဖော်ကိုကြည့်၍ လှုပ်ရှားရန် ပြင်လိုက်သော်လည်း သူ နောက်ကျသွားခဲ့လေပြီ။

သူ၏ဘေးရှိ လမ်းသွယ်လေးထဲမှ အနက်ရောင်အရိပ်တစ်ရိပ်သည် လျှပ်စီးလက်သည့်အလား သူ၏နောက်ရှိအဖော်ထံ ချက်ချင်း ချဉ်းကပ်သွားနေပြီဖြစ်သည်။

ထိုအနက်ရောင်အရိပ်သည် ရွှီချင်းဖြစ်သည်။

သံတုတ်ကလေးသည် အယောင်ပြတိုက်ခိုက်လိုက်ခြင်းသာ ဖြစ်ပြီး ရွှီချင်း၏ အဓိကပစ်မှတ်မှာ သူနှင့် တိုက်ခိုက်ခဲ့သည့် ဘယ်ခြေထောက်ပျက်စီးသွားခဲ့သော သတ်လတ်ပိုင်းအကြီးအကဲ ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်းသည် တောင်တန်းပင်လယ်ပညာရပ်အဆင့်ခြောက်ကို ရောက်ရှိစဉ်အချိန်ကထက် အဆပေါင်းများစွာ မြန်ဆန်နေပြီး တရွှီရွှီမြည်သံနှင့်အတူ ဒဏ်ရာရထားသော သက်လတ်ပိုင်းအရွယ်လူဘေးကို ရောက်သွားပြီဖြစ်သည်။

ထိုသက်လတ်ပိုင်းအရွယ်လူသည် ဒဏ်ရာရထားပြီး ဓာတ်နှောများကလည်း သိပ်သည်းထူထပ်နေသည့်အတွက်ကြောင့် ပျံသန်းစေနိုင်သော အဆောင်ကို ဆက်မသုံးနိုင်တော့ပေ။ သို့ဖြစ်၍ သူ၏အဖော်နှင့်ယှဉ်ပါက သူ၏ခြေလှမ်းများသည် အနည်းငယ် နှေးကွေးနေသည်။

ထိုအခိုက် အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ရင်ထဲတွင် သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်များ ထိုးတက်လာသည်။ သူက ဒရောသောပေါး နောက်ဆုတ်ကာ ရှောင်တိမ်းချင်ပါသော်လည်း ရွှီချင်းက မည်ကဲ့သို့ ထိုအခွင့်အရေး ပေးနိုင်ပါမည်နည်း။ သူက နီးကပ်လာသည်နှင့် ခုန်ပျံကာ ညာလက်သီးကိုဆုပ်၍ အညှာအတာမဲ့စွာ ထိုးနှက်လိုက်သည်။

ခွန်အား သို့မဟုတ် အမြန်နှုန်းအရဖြစ်စေ ရွှီချင်းသည် ထိုလက်သီးချက်တွင် အားကုန်သုံးထားခဲ့သည်။

ထိုသို့ သူ လက်သီးဖြင့် ထိုးလိုက်သည့်အခိုက် သူ၏နောက်တွင် ကွေအရိပ်ပေါ်ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို တုန်ဟီးသွားစေနိုင်လောက်အောင် ဟိန်းဟောက်ကာ ရွှီချင်း၏လက်သီးထဲ စုစည်းသွားသည်။

လက်သီးချက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲတော့မည့်အလားပင်၊ တဖျစ်ဖျစ်မြည်သံများနှင့်အတူ ပြင်းထန်သော အားတစ်ရပ်က သက်လတ်ပိုင်းအကြီးအကဲ၏ ဝမ်းဗိုက်ပေါ် ဝုန်းခနဲ ကျရောက်သွားသည်။

သက်လတ်ပိုင်းအရွယ်လူ၏ ရှေ့ရှိ အတားအဆီးအလွှာကြီး ချက်ချင်း ပျက်စီးသွားသည်။ ထို့နောက် ရွှီချင်း၏လက်သီးက ထောပတ်ကို ဓားဖြင့် လှီးဖြတ်လိုက်သည့်အလား ထိုလူ၏ဝမ်းဗိုက်ပေါ် ကျဆင်းသွားသည်။

နားစည်ကွဲလုမတတ်ဟိန်းသံကြီး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်နေသော မြို့ထဲ လွင့်ပျံသွားသည်။

ဘယ်ခြေတစ်ဖက် ပျက်စီးထားသော သက်လတ်ပိုင်းလူသည် သွေးပျက်ခမန်းအော်ဟစ်ကာ သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး သူ၏ဝမ်းဗိုက်ကြီးသည်လည်း ချိုင့်ဝင်သွားသည်။ သူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးလုနီးပါးဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်သည် ကျိုးပြတ်သွားသော စွန်တစ်ခုအလား ထိန်းချုပ်၍မရအောင် လွင့်စဉ်သွားသည်။

သို့သော်လည်း သူသည် ချီစုစည်းခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်မဟုတ်ပါလား။ သူသည် ကြောက်လန့်တုန်ရီစွာဖြင့် သူ၏ဒဏ်ရာများကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။ သူ၏ညာဖက်ခြေထောက်ရှိ ပျံသန်းစေနိုင်သော အဆောင်လေးက ရုတ်တရက် ဝင်းလက်လာပြီး သူ၏ယိုင်နဲ့နေသော ခန္ဓာကိုယ်မှာ ပြန်လည်တည့်မတ်လာကာ ထွက်ပြေးရန် သူ ကြိုးစားလိုက်သည်။

ထိုစဉ် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားပြန်ပြီး ဓားရှည်တစ်လက်က တရွှီရွှီမြည်သံပေး၍ ပြေးဝင်လာကာ သူ၏ညာခြေထောက်ကို ဖြတ်တောက်သွားသည်။

လတ်ဆတ်သောသွေးများ ဖွာခနဲ ပြန့်ကျဲသွားပြီး သွေးပျက်ခမန်းအော်ဟစ်သံ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ ပျံသန်းစေနိုင်သော အဆောင်ကို တွဲချည်ထားသည့် သူ၏ညာခြေထောက်မှာ သူ၏ခန္ဓာကိုယ်မှ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း ညာခြေထောက် ပြတ်သွားသောလူ အောက်သို့ ကျမလာခင် ရွှီချင်းက အားထည့်၍ ဝင်ရောက်သွားပြန်သည်။ သူ ထိုသို့ ဝင်ရောက်သွားသည့်အခိုက် သူ ရပ်နေခဲ့သည့်နေရာတွင် တခြားအကြီးအကဲ၏ အစီအရင်မှ ရေခဲဓားမြှောင်များ စိုက်ဝင်သွားသည်။

သို့သော် ရွှီချင်းက နောက်ကို တစ်ချက်လှည့်မကြည့်ဘဲ လေထဲမှ ကျလာနေသော သက်လတ်ပိုင်းအရွယ်လူထံ ရောက်သွားပြီး ညာလက်သီးဖြင့် ထိုးနှက်လိုက်သည်။

ကွေအရိပ်သည် ဟိန်းဟောက်၍ သူ၏လက်သီးနှင့် ပေါင်းစပ်သွားပြီး သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူထံ ဝင်ရောက်သွားသည်။

လက်သီးချက်က ထိုလူ၏ခေါင်းကို တိုးဝင်သွားသည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ် အရှိန်ပြင်းစွာ တုန်ရီလာပြီး သူ၏ခေါင်း ပေါက်ကွဲသွားသည်။ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားကာ သူ ဇီဝိန်ချုပ်သွားတော့သည်။

မြေပြင်ပေါ်သို့ အလောင်း ကျလာသောအခါ နောက်မှလိုက်ပါလာသော သန္ဓေပြောင်းသားရဲများက အလောင်းအပေါ် ခုန်အုပ်၍ ဆွဲဖြဲလိုက်ကြသည်။

ရွှီချင်းသည် ရပ်တန့်မနေဘဲ သေသွားသည့်လူ၏ခြေထောက်ပျက်မှ ပျံသန်းစေနိုင်သော အဆောင်ကို ဆွဲဖြဲပစ်ကာ မနီးမဝေးရှိ မျက်နှာဖြူဖျော့နေသော ကျင်းကန်းဂိုဏ်းအကြီးအကဲကို လှည့်ကြည့်လိုက်သည်။

ရွှီချင်း၏ဝံပုလွေကဲ့သို့ မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူသည် လျှာဖြင့် နှုတ်ခမ်းကိုသပ်၍ ထိုအကြီးအကဲထံ ပြေးဝင်သွားသည်။

သတ် …

All Chapters