အေးခဲရှေးဟောင်းဘုရားကျောင်း
Vol. 5 Ch. 41
ထိုအချိန်၌ သူ့အရှေ့တွင် ဖြစ်ပေါ်နေသော တစ္ဆေအရှိန်အဝါကို အားတစုံတခုက ဆွဲဖြဲလိုက်သကဲ့သို့ ကွဲထွက်သွားသည်ကို လီချန်ချင်း တွေ့လိုက်တော့သည်။
ကြီးမားလှသော အက်ကွဲကြောင်းကြီး တခုသည် တစ္ဆေအရှိန်အဝါများကြားမှ ပေါ်ထွက်လာခဲ့တော့လေသည်။လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်ရေကန်အထက်တွင် တွဲလွဲခိုနေခဲ့တော့သည်။ထိုမြင်ကွင်းမှာ ချောက်ချားဖွယ်ရာ ကောင်းလွန်းလှပေသည်။
တခဏအတွင်းမှာပင် ထိုအက်ကြောင်းအတွင်းမှာ ပြင်းထန်လှသော စုပ်ယူသည့် အားတရပ်ပေါ်လာခဲ့တော့သည်။
လီချန်ချင်း၏ အဝတ်အစားများမှာ ပြင်းထန်လှသော လေတိုက်ခတ်မှုကြောင့် လှုပ်ခတ်နေခဲ့သည်။လက်ရှိအခြေအနေမှာ စုပ်ယူမှုအားကြီးကြောင့် လီချန်ချင်းမှာ အက်ကွဲကြောင်းထဲသို့ စုပ်ယူခံရတော့မည် ဖြစ်သည်။
“ဟမ့်”
လီချန်ချင်းသည် ဒေါသတကြီးနှင့် နှာတချက်မှုတ်လိုက်၏။သူ၏ အသံမှာ ခေါင်းလောင်းသံအလား ကျယ်လောင်နေခဲ့သည်။လီချန်ချင်းသည် သူ၏ နတ်ဘုရားဝိဉာဉ်ကို ထိန်းချုပ်ရာ၌ မကျွမ်းကျင်သေးသည့်တိုင်အောင် ယခုလို သေရေးရှင်ရေးအခြေအနေမျိုးတွင်တော့ ထိုစုပ်ယူမှုအားကို သူ၏ စွမ်းအားကြီးသော နတ်ဘုရားစိတ်ဝိဉာဉ်ကို အသုံးပြုကာ အားကုန် ခုခံလိုက်လေတော့သည်။
ထိုစုပ်အားမှာ ပြင်းထန်လှသည့်တိုင်အောင် လီချန်ချင်းအား ဆက်လက်၍ မစုပ်ယူနိုင်ခဲ့တော့ပေ။
လီချန်ချင်းသည် မရွေ့လျားနိုင်သော ကျောက်တောင်ကြီးအလား၊မလှုပ်မယှက်နှင့် ရှိနေခဲ့တော့သည်။
ထူးဆန်းသော ပန်းချီကားမှ ထုတ်လွှတ်နေသော စွမ်းအားများမှာ ကြီးမားလှပေ၏။သို့သော် သူ့အား လွှမ်းမိုးနိုင်လောက်သည်အထိတော့ စွမ်းအားမရှိခဲ့ပါချေ။
“ဒါက ဘာလဲ”
လီချန်ချင်းသည် အက်ကွဲကြောင်းကို စိုက်ကြည့်လိုက်ရာ ထိုအထဲမှ ကမ္ဘာငယ်လေးတခုကို ရှာတွေ့ခဲ့လေသည်။
သူက တစ္ဆေစွမ်းအားများအကြားမှ ကြီးမားလှသော ဘုရားကျောင်းကြီးကို ခပ်ဝါးဝါးမြင်တွေ့ခဲ့၏။
“တောင်ထိပ်သခင်ရှ”
“စုန့်နတ်သမီးနဲ့ ဟိုကောင်လေးတို့အားလုံးက အဲ့ဒီ့အထဲကို ရောက်သွားကြပါလား” လီချန်ချင်းသည် ထိုသုံးယောက်ကို ဘုရားကျောင်းအရှေ့၌ တွေ့လိုက်တော့သည်။သူတို့သုံးယောက်မှာ ဘုရားကျောင်းရှိရာအရပ်သို့ ဖုတ်ကောင်များအလား ဒယီးဒယိုင်နှင့် အသိစိတ်ကင်းလွတ်ကာ သွားနေခဲ့ကြတော့သည်။
“ဒီနေရာက ဘာမို့လို့ ရှေးဟောင်း ပန်းချီကားထဲမှာ ထည့်ပြီး ချိတ်ပိတ်ထားရတာလဲ” လီချန်ချင်းက ထိုပန်းချီကား၌ လျို့ဝှက်ချက်အကြီးစားကြီး တခုရှိရမည်ဟု ခံစားနေရသည်။
ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းအနားကို ကပ်သွားသော ထိုသူများကိုသာ သူကြည့်နေမိတော့သည်။
ကောင်းကင်မှာ လမင်းပင်မရှိချေ။
လေထုထဲတွင်သာ သွေးနီရောင်ကဲ့သို့ ရဲရဲနီနေသော မျက်လုံးတစုံသာလျှင် တွဲလဲခိုနေပြီး လောကကြီးတခုလုံးရှိ အဖြစ်အပျက်များကို စောင့်ကြည့်နေသည့်အလားပင်။
နေရာတကာသို့ ပျံ့နှံ့နေသော တစ္ဆေအရှိန်အဝါများအကြားတွင် ရှမူဟိုင်နှင့် ကျန်သူများမှာ အသိစိတ်လွတ်ကင်းနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းစွာ လှုပ်ရှားနေပြီး ဘုရားကျောင်းထံသို့ ဦးတည်နေခဲ့တော့သည်။
ဘုရားကျောင်းအရှေ့တွင် ခြင်္သေ့ရုပ်ထုနှစ်ခု ရှိနေခဲ့သည်။
ထိုကျောက်ခြင်္သေ့ရုပ်များမှာ ရေညှိများ၊အလေ့ကျပေါက်ပင်များနှင့် ဖုံးလွှမ်းနေခဲ့သည်။ထိုအချက်ကို ထောက်ရှုသော် ဤပတ်ဝန်းကျင်ကို သန့်ရှင်းရေးမလုပ်သည်မှာ လွန်စွာ ကြာမြင့်လှပြီဟု သိနိုင်ပေသည်။
လေအေးတချက်တိုက်ခတ်သွားသောကြောင့် ဘုရားကျောင်းအရှေ့ရှိ သစ်ရွက်ခြောက်များကို လှုပ်ခါသွားစေခဲ့လေသည်။
သစ်ရွက်များပင် ခြောက်နေသည်မဟုတ်၊နံရံ၏ နံဘေးတွင် ရှိနေသော အပင်အိုကြီးမှာလည်း ခြောက်ကပ်နေခဲ့လေပြီ။
ပျက်စီးခြင်းတရားမှာ ဤပတ်ဝန်းကျင်၌ ထွက်ပေါ်နေခဲ့လေသည်။
သူတို့သုံးယောက်မှာ ဘုရားကျောင်း လှေကားထစ်များထံသို့ ဖြေးဖြေးချင်း တက်လာခဲ့ကြတော့သည်။၎င်းတို့၏ မျက်လုံးများမှာ အရှေ့ကို ကြည့်နေကြသော်လည်း ဗလာဖြစ်နေခဲ့ပြန်သည်။
ထိုအချိန်၌ ဘုရားကျောင်းတံခါးမှာဖြေးညင်းစွာ ပွင့်ဟသွားခဲ့လေပြန်သည်။သစ်သားတံခါး၏ ‘ကျွီ’ ဟူသောမြည်သံမှာ တိတ်ဆိတ်နေသောညကို ချောက်ချားမှုပိုတိုးသွားစေခဲ့လေ၏။
သူတို့သုံးယောက်မှာ ရှေးဟောင်းဘုရားကျောင်းထဲသို့ ရောက်လာခဲ့ကြလေပြီ.
လီချန်ချင်းသည် သူတို့ ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားသည်ကိုသာ မျက်လုံးအပြူးသားနှင့် ကြည့်နေမိတော့သည်။
“ဒါက ဘယ်နေရာများလဲ” လီချန်ချင်းသည် အက်ကွဲကြောင်းအနီးသို့ သတိကြီးစွာ ခြေတလှမ်းတိုးလိုက်ပြီး အတွင်းသို့ ဂရုတစိုက်နှင့် စိုက်ကြည့်လိုက်တော့လေသည်။
ထိုသုံးယောက် ဘုရားကျောင်းထဲသို့ ရောက်သွားသည်နှင့် သူတို့၏ မျက်လုံးများမှာ ချက်ချင်းကို ကြည်လင်လာကြတော့သည်။
တစ္ဆေသရဲများ၏ အော်ဟစ်ညည်းညူသံများကို ငရဲသို့ ရောက်နေသည့်အလားပင် သူတို့ ကြားလိုက်ရလေတော့သည်။
“ကျွန်တော်တို့ ဘာဖြစ်သွားကြတာလဲ” ယင်ချန်းလီက အလွန်အမင်းလန့်ဖြန့်သွားခဲ့လေ၏။ပတ်ပတ်လည်ကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်လေသည်။ပတ်ဝန်းကျင်အခြေအနေမှာ မှုန်မှိုင်းနေကာ နေရာတကာ၌ အပျက်အဆီးများ အပြည့်နှင့် ဖြစ်နေခဲ့သည်။
ကျယ်ပြန့်သော ဝင်းတံတိုင်းမှာ အသက်ရှင်သန်မှုလက္ခဏာဟူ၍ လုံးဝကိုပင် မတွေ့ရပေ။
ထို့အပြင် အခြေအနေကို ကြည့်ရှုပြီးသော် ဤနေရာမှာ နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ဒီအတိုင်းပစ်ထားခြင်းကို ခံခဲ့ရပုံပေါ်သည်။
“ဘယ်ကို ရောက်နေတာလဲ” မူချင်းကောနှင့် ရွှယ်မူဟိုင်တို့လည်း ၎င်းတို့၏ မိန်းမောနေမှုမှ ပြန်လည်၍ နိုးထလာခဲ့တော့လေသည်။
သူတို့က ဝင်းတံတိုင်းထဲသို့ ရောက်ရှိနေသည်ကို သိလိုက်သဖြင့် သူတို့က ချက်ချင်းပင် သတိကပ်ကာ အသင့်အနေအထားပြင်လိုက်ကြတော့သည်။
“ဘမ်း”
အသံခပ်အုပ်အုပ်ထွက်ပေါ်လာသဖြင့် အားလုံးက လှည့်ကြည့်လိုက်ရာ ၎င်းတို့၏ အနောက်ရှိ ရှေးဟောင်းတံခါးကြီးမှာ ပိတ်သွားခြင်းကို တွေ့လိုက်ကြရတော့သည်။
ထိုအသံကြီးမှာ သူတို့၏ လှုပ်ရှားမှုများကို ချုပ်နှောင်လိုက်သည့်အလားပင်။
“မကောင်းတော့ဘူး” ရှမူဟိုင်၏ မျက်နှာသည် ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့၏။
မူချင်းကောက ရှမူဟိုင်အား ဘာဖြစ်သွားတာလဲလို့ မေးရန်ပြင်လိုက်သည်။သို့သော် သူမ မမေးခင်မှာပင် ၊သူမ၏ မျက်နှာအမူအရာသည်လည်း ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် မူချင်းကော ကော၊ရှမူဟိုင်ပါ ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို ဖိနှိပ်လိုက်သည်ကို ခံစားလိုက်ရသောကြောင့်ပင်ဖြစ်သည်။
သူတို့ကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများမှာ ရွံ့ထဲနစ်နေသော ဘီးကဲ့သို့ပင် ချောမွေ့စွာ မလှုပ်ရှားနိုင်ခဲ့တော့ပေ။
တနည်းဆိုရသော် ဤကြောက်မက်ဖွယ်ရာနေရာတွင် သူတို့က လုံးဝကို ကျင့်ကြံခြင်းစွမ်းအားကို ထုတ်သုံး၍ မရနိုင်တော့ပါချေ။သူတို့သာ အန္တရာယ်နှင့်ကြုံတွေ့နေပါလျှင် သူတို့က သေဖို့စောင့်နေရသော သိုးသူငယ်များကဲ့သို့ ဖြစ်သွားတော့မည် မဟုတ်ပါလား။
“ငါတို့ ကျင့်ကြံခြင်းတွေ အဖိနှိပ်ခံရလိုက်ပြီ” ရှမူဟိုင်သည် အနောက်သို့လှည့်ကာ ကြေးတံခါးကြီးကို ဖွင့်ရန်ကြိုးပမ်းလိုက်သည်။သို့ပေမယ့် တံခါးက တုတ်တုတ်မျှပင် မလှုပ်ခတ်ပါချေ။
“ဒါက ဘယ်လိုနေရာကြီးလဲ။ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကိုတောင်မှ ဖိနှိပ်နိုင်စွမ်းရှိနေခဲ့ပါလား။”
မူချင်းကောက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
“ဒါနဲ့ တာအိုရောင်းရင်း လီချန်ချင်းက ဘယ်ကို ရောက်သွားတာလဲ”
“ဟုတ်သားပဲ” ထိုအချိန်မှသာ ရှမူဟိုင်က သတိရသွားခဲ့တော့သည်။
လီချန်ချင်းက ဘယ်မှာလဲ
အခုလေးတင် ယင်ချန်းလီနှင့် လီချန်ချင်းက ခပ်လှမ်းလှမ်းမှာ အတူတူရပ်နေကြတာလေ။ယင်ချန်းလီက ပါလာမှတော့ လီချန်ချင်းလည်း ပါလာသင့်သည် မဟုတ်ပါလား။
သို့သော် လီချန်ချင်းနှင့် ပတ်သက်သော လက္ခဏာဟူ၍ မတွေ့ရပါချေ။
“စီနီယာလီချန်ချင်းက လိုက်မဝင်လာတာကော မဖြစ်နိုင်ဘူးလား” ယင်ချန်းလီက သာမန်အတိုင်း ပြောလိုက်သည်။
“အကိုလီချန်ချင်း မဝင်လာတာက ပိုတောင်မှ ကောင်းသေးတယ်။သူက နည်းလမ်းရှာပြီး ငါတို့ကို အပြင်ကနေ ကယ်ထုတ်လိမ့်မယ်” ရှမူဟိုင်က ခေါင်းညိမ့်ပြလိုက်သည်။
“လာကြ အထဲကိုသွားပြီးတော့ အခြေအနေကို ဝင်ကြည့်ကြတာပေါ့။ဒီမှာ မတ်တပ်ရပ်နေရတာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်”
“ကျွန်မလည်းအတူတူပဲ။တယောက်ယောက်က ကျွန်မကို စောင့်ကြည့်နေသလို ခံစားနေရတယ်”မူချင်းကောက အရှေ့သို့ ခြေလှမ်းနည်းနည်းလျှောက်လိုက်ပြီး အနောက်သို့ မရည်ရွယ်ပဲ ခဏခဏ လှည့်ကြည့်နေမိတော့သည်။
“ဟင်” မူချင်းကောသည် တံစက်မြတ်အောက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးကို မြင်တွေ့လိုက်လေတော့သည်။
ထိုဆိုင်းဘုတ်ကြီးမှာ ဖြစ်သလိုသာ ချိတ်ဆွဲထားပြီး ထိုအပေါ်ရှိ စကားလုံးများမှာ ပျက်စီးနေခဲ့လေပြီ။
သို့သော် ထိုအပေါ်ရှိ ကြီးမားလှသော စာလုံးလေးလုံးကို သူမ အသေအချာမြင်နိုင်သေးပါသည်။
“အေးခဲရှေးဟောင်းဘုရားကျောင်း”
ထို စာလုံးကြီးများကို မြင်တွေ့ပြီးနောက်တွင် မူချင်းကော၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ပေါ်လာကာ သူမသည် အနောက်သို့ ခြေလှမ်းများကို ဆုတ်သွားခဲ့မိတော့လေသည်။
“တကယ်ကြီး အေးခဲရှေးဟောင်းဘုရားကျောင်းပဲ” ရှမူဟိုင်သည်လည်း ဆိုင်းဘုတ်ကိုကြည့်ကာ မူချင်းကောလိုပင် တုန်လှုပ်နေခဲ့တော့သည်။
“ဆရာ အေးခဲရှေးဟောင်းဘုရားကျောင်းက ဘာလဲ”
ယင်ချန်းလီသည်လည်း သူတို့၏ အမူအရာများကို ကြည့်ပြီး ဤနေရာသည် ရိုးရှင်းသော နေရာတခုမဟုတ်ကြောင်းကို ခံစားမိလိုက်တော့သည်။
မူချင်းကောသည် အသက်ပြင်းပြင်းရှိုက်ကာ သူမ၏ ရင်တွင်းခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်တော့သည်။
“အေးခဲရှေးဟောင်းဘုရားကျောင်းဆိုတာက တချိန်တုန်းက စန်းယွမ်တိုက်ကြီးမှာ အရမ်းအရမ်းကို စွမ်းအားကြီးမားလွန်းတဲ့ ဗုဒ္ဓဂိုဏ်းပေါ့”
မူချင်းကောက ဖြေလိုက်သည်။
“ဗုဒ္ဓဂိုဏ်း” ယင်ချန်းလီက အံ့ဩသွားခဲ့လေသည်။
“အဲ့ဒါက ဘာဂိုဏ်းလဲ”
“သူတို့က ဗုဒ္ဓဘုရားကို ကိုးကွယ်တယ်။စာလိပ်ထဲက ကျမ်းဂန်တွေကနေ ဉာဏ်အလင်းကို ရအောင် အားထုတ်တယ်။သူတို့ကျင့်ကြံတဲ့နည်းလမ်းက အရမ်းကို ဆန်းကြယ်လွန်းလှတယ်။အထူးသဖြင့် တစ္ဆေကျင့်ကြံသူတွေ အတွက်တော့ ဗုဒ္ဓကျင့်ကြံသူတွေဟာ အိပ်မက်ဆိုးပဲ”
“ဟိုးအရင် နှစ်ပေါင်းများစွာတုန်းကပေါ့၊ အေးခဲရှေးဟောင်းဘုရားကျောင်းရဲ့ ဦးဆောင်မှုကြောင့် စန်းယွမ်တိုက်ကြီးမှာ ရှိတဲ့ ဗုဒ္ဓကျောင်းတော်တွေအားလုံးက တစ္ဆေမျိုးနွယ်တွေနဲ့ စစ်ဖြစ်ခဲ့တယ်”
ရှမူဟိုင်က ဝင်ပြောလိုက်သည်။
“စစ်ပွဲမှာ တစ္ဆေမျိုးနွယ်တွေက အနိုင်ရသွားတယ်။ဒါပေမယ့် အနိုင်ရဖို့အတွက် ပေးဆပ်မှုက အရမ်းကို ကြီးမားခဲ့တာပေါ့။တခြားဂိုဏ်းက စွမ်းအားကြီး လူသားကျင့်ကြံသူတွေကလည်း တံခါးပိတ်ကျင့်ကြံနေရာကနေ တယောက်ပြီးတယောက်ထွက်လာပြီး တစ္ဆေမျိုးနွယ်တွေကို မြေရိုင်းဒေသဖြစ်တဲ့ တိမ်တိုက်နယ်မြေကို မောင်းထုတ်ခဲ့တယ်”
“ဒါပေမယ့်လည်း စစ်ပွဲကြောင့်ပဲ ဗုဒ္ဓဂိုဏ်းက အကုန်နီးပါးကို ပျက်စီးခဲ့ရတယ်။စစ်ပွဲပြီးသွားတော့ အေးခဲရှေးဟောင်းဘုရားကျောင်းက ဒီလောကထဲကနေကို လုံးဝကို ပျောက်ဆုံးသွားခဲ့တယ်။အခုဆိုရင် နှစ်တစ်ထောင်လောက်တော့ ရှိရောပေါ့”
“အခုလိုမျိုး အေးခဲရှေးဟောင်းဘုရားကျောင်းကို ဒီစာလိပ်ထဲမှာ ချိတ်ပိတ်ထားမယ်လို့ ကျုပ်လုံးဝမထင်ခဲ့မိဘူး” ရှမူဟိုင်သည် ဒီကိစ္စက တကယ့်ကို ပဟေဠိဆန်လွန်းလှသည်ဟု တွေးနေမိနေတော့သည်။
“ငါတို့တော့ ထောင်ခြောက်အဆင်ခံလိုက်ရပြီပဲ”
မူချင်းကော၏ မျက်ဝန်းများမှာ မသိမသာလေး ကျဉ်းမြောင်းသွားခဲ့လေသည်။
“ဒီပန်းချီကားက ကျွန်မတို့ကို တမင်ထောင်ခြောက်ဆင်ထားတာပဲ။စာလိပ်ကို ဖွင့်လိုက်တာနဲ့ပဲ၊ကျွန်မတို့က ချက်ချင်းကို ဒီနေရာကို အပို့ဆောင်ခံလိုက်ရတာပဲ။သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို မသိပေမယ့် ကျွန်မတို့ ဒီကနေ ပြန်ထွက်ဖို့ နည်းလမ်းကို မြန်မြန်မရှာနိုင်ရင် ဘယ်တော့မှ ထွက်လို့ရတော့မှာ မဟုတ်ဘူး”