ရုတ်တရက်ထကြွလာတဲ့ အလောင်းကောင်များ
Vol. 5 Ch. 42
ရှမူဟိုင်ကလည်း မူချင်းကော၏ ပြောစကားကို သဘောတူပေ၏။
“ချန်းလီ ငါ့အနားမှာပဲနေ” မူချင်းကောသည် နံဘေးရှိ ယင်ချန်းလီကို လှမ်းပြောလိုက်လေသည်။
“ဟုတ်ဆရာ” ယင်ချန်းလီသည်လည်း တုန်လှုပ်စွာနှင့် မူချင်းကော၏ နံဘေးသို့ တိုးလာခဲ့တော့သည်။
“ဒီနေရာကနေ ငါတို့ မထွက်နိုင်မှတော့ တခြားလမ်းတခုခုကို ရှာမှပဲ ဖြစ်မယ်”
သူတို့သုံးယောက်သည် သတိကြီးစွာထားကာ အရှေ့သို့ တိုးလိုက်ကြလေတော့၏။
အေးခဲရှေးဟောင်းဘုရားကျောင်းကြီးတခုလုံးမှာ တိတ်ဆိတ်နေခဲ့တော့သည်။တိတ်ဆိတ်လွန်းနေသဖြင့် တိုက်ခတ်နေသော လေ၏ အသံကိုပဲ ကြားနေခဲ့ရတော့သည်။
ဘုရားကျောင်း၏ အပြင်ဘက်တွင်သာ တစ္ဆေအရှိန်အဝါများသာ ရှိနေခဲ့ပြီး ဘုရားကျောင်း၏ အတွင်းသို့ လုံးဝကို စိမ့်မဝင်နေခဲ့ပေ။
ထိုပုံစံအရ ဘုရားကျောင်းထဲ၌ တစ္ဆေများကြောက်ရွံ့သော အရာတခုခု ရှိနေသည့်အလားပင်။
“ဆရာ ဒီနေရာက ကြောက်စရာကြီး” ယင်ချန်းလီက မူချင်းကော၏ အနောက်မှ လျှောက်နေရင်း ပြောလိုက်လေသည်။သူ၏ အသံမှာ ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေခဲ့တော့သည်။
“ဘာများ ကြောက်ဖို့လိုနေလို့လဲ။ဒီနေရာမှာ ဘာမှ မရှိဘူး” မူချင်းကောက တချက်ရယ်လိုက်၏။
“နင့်ရဲ့ သတ္တိနဲ့များ ဓားအင်မော်တယ်က ဖြစ်ချင်နေသေးတယ်”
“ကျွန်တော်... ဘယ်သူက ပြောလဲ ကျွန်တော်က ကြောက်တယ်လို့”
ယင်ချန်းလီသည် ရင်ကိုကော့ကာ သူမကြောက်ကြောင်းကို ပြောလိုက်လေသည်။
“ဗုဒ္ဓနဂါးခန်းမ”
သူတို့သုံးယောက်သည် ကြီးမားလှသော ခန်းမဆောင်ကြီးသို့ ရောက်ရှိလာခဲ့တော့သည်။ခန်းမ၏ ဆိုင်းဘုတ်မှာ အောက်သို့ ပြုတ်ကျနေပြီ ဖြစ်သည့်တိုင် ရေးထိုးထားသော စာတန်းကိုမူ သူတို့သုံးယောက်စလုံးက အသေအချာကို မြင်လိုက်သေးသည်။
ထိုခန်းမကို ဝင်လာပြီးနောက်တွင် ဤနေရာမှာ စွန့်ပစ်ခံထားရသည်မှာ လွန်စွာကြာမြင့်နေပြီကို ပိုသေချာသွားတော့သည်။အဝေးရှိ စင်မြင့်မှာ ပက်လက်လန်နေခဲ့သည်။ခန်းမအတွင်းရှိ ကျောက်တိုင်ကြီးတခုပင်လျှင် ပြိုလဲနေခဲ့သည်။
ဤနေရာ၌ ပြင်းထန်လှသော တိုက်ပွဲတခု ဖြစ်ပေါ်ခဲ့သည်ကို မြင်နိုင်ပေသည်။
“အဲ့ဒါက ဗုဒ္ဓလား”
ထိုအချိန်၌ ယင်ချန်းလီသည် သူ့အရှေ့၌ ရှိနေသည့် ကြိးမားလှသော ရုပ်ထုကြီးကို မြင်တွေ့သွားခဲ့တော့လေသည်။
ထိုရုပ်ထုကြီးမှာ လွန်စွာမှကို ကြီးမားလှပြီး ဗုဒ္ဓပုံရိပ်နှင့် တူညီနေသည့်တိုင် ရုပ်ထု၏ ဦးခေါင်းမှာမူ ပြတ်တောက်နေခဲ့လေသည်။
ခေါင်းပြတ်ဗုဒ္ဓရုပ်ထုမှာ ခြောက်ခြားဖွယ်ရာ အလွန့်ကို ကောင်းနေခဲ့ပါသည်။
“ဆရာ အဲ့ဒါတွေက ပန်းချီရတနာတွေလား”
ယင်ချန်းလီသည် အရှေ့သို့ တလှမ်းတိုးသွားလေတော့သည်။ကြမ်းပြင်ပေါ်၌ ပျံ့ကျဲနေသော စာလိပ်များကို ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။ သို့သော် စာလိပ်များမှာ ပြဲစုတ်နေကာ အတွင်းရှိ စာသားများမှာ အသေအချာ မမြင်တွေ့ရတော့ပေ။
အေးခဲရှေးဟောင်းဘုရားကျောင်း၌ မည်သို့သော တိုက်ပွဲကြီးမျိုး ဖြစ်ပွားခဲ့ရသည်ကို သူတို့ မမှန်းဆနိုင်ကြတော့ချေ။
“ဒီမှာ စာလုံးတွေရှိတယ်” ရှမူဟိုင်သည် ဗုဒ္ဓရုပ်ထုထံသို့ လျှောက်လှမ်းလာပြီး ရုပ်ထုပေါ်မှ အနက်ရောင်စာလုံးများကို တွေ့သွားတော့လေသည်။အသေအချာသာ မကြည့်လျှင် ထိုစာလုံးများကို မျက်စိလျှမ်းသွားကြမည်သာ ဖြစ်သည်။
ထိုအနက်ရောင် စာလုံးများမှာ သွေးဖြင့် ရေးသားထားခြင်းသာ ဖြစ်သည်။
အချိန်ကာလကြာမြင့်သွားပြီ ဖြစ်သဖြင့် သွေးရောင်များမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်းသာ ဖြစ်သည်။
ဒါပေမယ့် ရေးသားထားသည့် စာကြောင်းမှာမူ ထင်ထင်ရှားရှားကို မြင်တွေ့နိုင်ပါသေးသည်။
“ဗုဒ္ဓတသောင်းခန်းမထဲကို လုံးဝ မဝင်မိစေနဲ့”
ထိုစကားလုံးများကိုမြင်တွေ့သော် သူတို့သုံးယောက်စလုံး၏ နှလုံးသားမှာ ရေခဲရိုက်လိုက်သလိုပင် အေးစက်သွားခဲ့ရတော့သည်။
ဗုဒ္ဓတသောင်းခန်းမက အေးခဲရှေးဟောင်းဘုရားကျောင်းအတွင်းရှိ ကြီးမားလှသော ခန်းမကြီးတခု ဖြစ်ပေသည်။သူတို့၏ မူလအစီအစဉ်မှာ ထွက်ပေါက်ကို ရှာရန်ဖြစ်လေသည်။သို့သော် ထူးခြားမှုတစုံတခုမျှ မဖြစ်လာသောကြောင့် သူတို့အား အနည်းငယ် လုံခြုံသောခံစားချက်ကို ပေးစွမ်းခဲ့လေသည်။
ဒါပေမယ့် ဗုဒ္ဓတသောင်းခန်းမမှာ ဘာရှိနေတာမို့လို့လဲ
သူတို့ကို အထဲကို မဝင်အောင် ဘာလို့ သတိပေးခံခဲ့ရတာလဲ
“အကိုချန်ချင်းက အခုငါတို့နဲ့ အတူတူရှိမနေဘူး။သူ့အခြေအနေကလည်း ဘယ်လိုဆိုတာကို ငါတို့ မသိဘူး။အရင်ဦးဆုံး ဒီနေရာကနေ အတတ်နိုင်ဆုံး အမြန်ထွက်မှပဲ ဖြစ်မယ်” ရှမူဟိုင်က အသက်ပြင်းပြင်းရှိုက်ကာ ပြောလိုက်သည်။
“ဒီနေရာက...ငါ့ကို ခံစားချက်မကောင်းဘူး”
“သွားကြရအောင်” မူချင်းကောသည်လည်း အနောက်သို့လှည့်ကာ ယင်ချန်းလီနှင့် အတူတူ ထွက်သွားလေသည်။
ရှမူဟိုင်က အနောက်က လိုက်သွားခဲ့၏။
အေးခဲရှေးဟောင်းဘုရားကျောင်းသည် လွန်စွာမှကိုကျယ်ပြန့်လှပေ၏။သူတို့သုံးဦးမှာ ဗုဒ္ဓနဂါးခန်းမကို ကျော်ဖြတ်ပြီးနောက်တွင် ဘုရားကျောင်း၏ အတွင်းပိုင်းသို့ တဖြေးဖြေးချင်း ဝင်လာခဲ့လေသည်။
သူတို့ အတွင်းသို့ ဝင်လာလေလေ၊ချောက်ချားဖွယ်ရာ ခံစားချက်မှာ ပိုမို၍ များပြားလာလေလေပင် ဖြစ်သည်။
သူတို့သည် လှေကားအချို့ကို တက်လှမ်းပြီးသည့်နောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းမှာ သူတို့အား လွန်စွာမှကို ခြောက်ခြားသွားစေခဲ့တော့သည်။
ထိုနေရာ၌ ပိုမို၍ပင် ရက်စက်လွန်းလှပေ၏။
အရိုးများမှာ ကြမ်းပြင်အနှံ့တွင် ပျံ့ကြဲနေခဲ့လေတော့သည်။
ကျန်ရှိနေသည့်အရာများမှာ အရိုးစုများသာ ဖြစ်နေပြီး နှစ်ကာလဘယ်လောက်ကြာမြင့်နေပြီဆိုတာကို မသိနိုင်တော့ပါချေ။
သူတို့ လှည့်ပတ်ကြည့်ရှုလိုက်ရာ အနည်းဆုံး ရာကျော်ရှိလေပေသည်။
“ဟီးဟီး”
သူတို့သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်၍ မပြီးသေးခင်မှာပင် အသံတခုမှာ သူတို့ စိတ်ထဲသို့ ဝင်ရောက်လာခဲ့တော့လေ၏။
“ဘယ်သူလဲကွ”
ရှမူဟိုင်က ဒေါသတကြီး ဟစ်အော်လိုက်လေသည်။
သူတို့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသည့်တိုင်အောင် မည်သူမျှကို မတွေ့ရပါချေ။
ထိုအသံမှာ ကြည်လင်ပြီး ကလေးမလေးတယောက်၏ ရယ်မောသံ ဖြစ်ပါသည်။
“ဆရာ ခုနတုန်းက ဘယ်သူ ရယ်နေတာလဲ”
ထိုအခြေအနေသို့ရောက်သော် ယင်ချန်းလီမှာ သေးထွက်မတက်ကို ကြောက်ရွံ့နေခဲ့ချေပြီ။
မူချင်းကော၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။သူမသည်လည်း ထိုအသံကို ကြားလိုက်ရသည်မဟုတ်ပါလား။
သို့ပေမယ့် ထိုအသံမှာ မည်သည့်အရပ်မှ လာသည်ကိုတော့ သူမ မခန့်မှန်းနိုင်ခဲ့ပါချေ။
“ကျုပ်တို့ သတိအရမ်းထားမှ တော်ကာကျမယ်”
ရှမူဟိုင်က အလျင်အမြန် ပြောလိုက်သည်။
ထို့နောက်တွင် သူတို့အားလုံးမှာ အရိုးများ ပြန့်ကျဲနေသော နေရာမှ ခပ်သွက်သွက် ဖြတ်ရန် လျှောက်လှမ်းလိုက်ကြသည်။
ဒါပေမယ့် သူတို့ ခြေလှမ်းတဒါဇင်ခန့်သာ လှမ်းရုံရှိသေး ယင်ချန်းလီမှာ အမြီးနင်းခံရသည့် ကြောင်လို အော်ဟစ်လိုက်တော့သည်။
“အာားးးးးးး”
“ဘာဖြစ်လို့လဲ”
မူချင်းကောသည်လည်း ယင်ချန်းလီ၏ အော်ဟစ်မှုကြောင့် ထိတ်လန့်သွားခဲ့တော့သည်။
“ဘာလို့ အော်နေတာလဲ”
“ဆ...ဆရာ” ယင်ချန်းလီ၏ မျက်နှာမှာ ပိတ်စဖြူလို ဖြူဖျော့နေကာ သူ၏ ခြေထောက်များမှာ ခွေကျလုနေပြီ။သူ့မျက်လုံးများမှာ အောက်သို့ ဆင်းနေခဲ့ပြီ။
ရှမူဟိုင်နှင့် မူချင်းကောတို့လည်း အောက်သို့ ငုံ့ကြည့်လိုက်ရာ သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ယင်ချန်းလီ၏ ခြေကျင်းဝတ်ကို လက်တချောင်းက ကိုင်ဆွဲထားခြင်းကြောင့်ပင်။
အရိုးစုလက်သည် ယင်ချန်းလီ၏ ခြေဖဝါးကို ကိုင်ဆွဲထားလေသည်။ထိုလက်သည် ကြမ်းပြင်ရှိ အလောင်းတလောင်းမှ ဖြစ်ပေသည်။
“လွှတ်စမ်း” ရှမူဟိုင်က အော်ဟစ်လိုက်သည်။အရှေ့သို့တိုးကာ အရိုးစုလက်ကို လွှဲကန်လိုက်လေသည်။ဒါပေမယ့် အရိုးစုလက်က ယင်ချန်းလီ၏ ခြေထောက်ကို ဘာလို့ ထဆွဲရတာလဲဆိုတာကို သူတို့ကောင်းကောင်း နားမလည်သေးခင်မှာပင် သူတို့ပတ်ပတ်လည်၌ တရှဲရှဲအသံများကို စတင်၍ ကြားလိုက်ရတော့လေသည်။
ထို့နောက်တွင် နှစ်များစွာကြာအောင် သေဆုံးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော အရိုးစုများသည် ကြမ်းပြင်ထက်မှ ဖြေးညင်းစွာနှင့် ထရပ်လာခဲ့တော့လေသည်။
အချို့အရိုးစုများဆိုလျှင် ကျိုးပဲ့နေသော ဓားများကို ၎င်းတို့၏ လက်ထဲတွင် ကိုင်ကာ ထလာကြတော့သည်။ရာနှင့်ချီသော အရိုးစုများမှာ ထရပ်လာကြပြီး သူတို့သုံးယောက်ကို ဝန်းရံထားလိုက်တော့လေသည်။
သုံးယောက်စလုံးသည် လန့်ဖြန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်ကြတော့လေသည်။
သူတို့အားလုံးမှာ ကျင့်ကြံခြင်းစွမ်းအားများ မရှိကြတော့ချေ။သူတို့သာ အခုလိုမျိုး အဝိုင်းခံထားရပြီဖြစ်သဖြင့် သူတို့၌ ခုခံရန် စွမ်းအားမှာ လုံးဝကို ရှိမနေပါတော့ချေ။
“ပြေး”
သူတို့သုံးဦးစလုံးမှာ အရိုးခြောက်များမရှိပဲ နည်းပါးသည့် နေရာသို့ အသည်းအသန် ပြေးလွှားသွားကြတော့လေသည်။
ဒါပေမယ့် အရိုးခြောက်များမှာ ဓားများကိုဆွဲကိုင်ကာ သူတို့၏ အနောက်သို့ ပြေးလိုက်လာခဲ့ကြတော့သည်။
သူတို့မှာ အရိုးခြောက်များသာဖြစ်သော်လည်း အနောက်ကပြေးလိုက်ရာတွင် နှေးကွေးမနေခဲ့ပေ။
“သူတို့က သရဲတွေ”
ယင်ချန်းလီက သွေးရူးသွေးတန်းနှင့် အော်ဟစ်နေခဲ့တော့သည်။
“အရိုးစုတွေက အပြင်ဘက်က တစ္ဆေအရှိန်အဝါရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာပဲ”မူချင်းကောကလည်း ဖိအားများစွာ ပြောလိုက်သည်။
“သူတို့သာ ငါတို့ကို မှီလာရင်တော့ ငါတို့တော့ ကိစ္စတုံးပြီ”
သို့သော် သူတို့သုံးယောက်သား ဝင်းတံတိုင်းသို့ ဖြတ်ကျော်လာသည့်အခါတွင် သူတို့အရှေ့တွင်လည်း မြောက်မြားစွာသော အရိုးစုများက ထလာနေသည်ကို မြင်လိုက်ရတော့သည်။သူတို့သုံးယောက်အား အရိုးစုများစွာတို့မှ စိုက်ကြည့်နေခဲ့ကြလေသည်။၎င်းတို့၏ မျက်လုံးတွင်းပေါက်များမှာ သူတို့အား အရှင်လတ်လတ် ဝါးမြိုစားသောက်လိုသည့်အလားပင်။
ထို့ကြောင့် သူတို့မှာ ထွက်ပြေးသည့် လမ်းကြောင်းကို ပြောင်းလဲပစ်ရပြန်လေသည်။
သူတို့သည် အချိုးအကွေ့များစွာတို့ကို ကွေ့ပတ်ကာ ပြေးနေခဲ့ရာ ကော်ရစ်ဒါများစွာတို့ကို ဖြတ်သန်းလာခဲ့လေသည်။ထို့နောက်တွင် လှေကားထစ်ပေါင်းများစွာတို့ကိုလည်း တက်ကာ ကျော်ဖြတ်ခဲ့ပြန်သည်။
သူတို့၏ အနောက်မှ လိုက်ပါလာသော အရိုးစုများ၏ အရေအတွက်မှာလည်း အရေအတွက် ငါးရာအထိပင် များပြားလာခဲ့ပြန်သည်။
“ဆရာ ကျွန်တော် မပြေးနိုင်တော့ဘူး” ယင်ချန်းလီသည် အသက်ကို အသည်းအသန်ရှုရှိုက်ရင်း ပြောလိုက်တော့လေသည်။
“အသက်ရှင်ချင်ရင် ဆက်ပြေးနေ”
အစစ်အမှန်ချီကို လှည့်ပတ်ကာ အသုံးမပြုနိုင်သောကြောင့် သူတို့မှာခန္ဓာကိုယ်စွမ်းအားကိုသာ အားပြုပြီး ပြေးလွှားနေကြရတော့သည်။ထိုအဖြစ်မှာ သူတို့အတွက် လွန်စွာမှပင် ခက်ခဲလွန်းလှပါသည်။
ထိုအချိန်၌ သူတို့၏ ပတ်ပတ်လည်၌ လေထုမှာ ရပ်တန့်သွားသည့်အလားပင်။
လောကကြီးတခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင် ခံစားလိုက်ကြရလေတော့သည်။
လေထုမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင်ကို ထူးဆန်းနေခဲ့တော့သည်။
သူတို့၏ အနောက်မှ လိုက်နေခဲ့သော အလောင်းများက စုရုံးနေသည့်ပုံစံမှာ ကျောရိုးတလျှောက်ကိုပင် အေးစိမ့်သွားစေခဲ့၏။
“ဆရာ သူတို့မှီလာတော့မယ် မှီလာတော့မယ်” ယင်ချန်းလီက ကြောက်ရွံ့တကြီးဆိုလိုက်သည်။
“အရှေ့မှာ ခန်းမကြီးတခုရှိနေတယ်။တံခါးနဲ့ ပြတင်းပေါက်တွေကလည်း အကောင်းအတိုင်းရှိနေတယ်။အဲ့ဒီ့မှာ ပုန်းနေကြရအောင်”
“တကယ်အဲ့လို မပျက်စီးသေးတဲ့ နေရာလည်း ရှိနေတာပဲ...” ရှမူဟိုင်က အရှေ့ကို ကြည့်လိုက်လေသည်။အမှန်တကယ်ပင် သူတို့အရှေ့တွင် မပျက်စီးသေးသည့် ခန်းမဆောင်ကြီးတခုရှိနေခဲ့ပါသည်။
တံခါးမှာတင်းကျပ်စွာ ပိတ်ဆို့ထားပါသည်။တံခါးပေါ်တွင်လည်း ဖတ်ရှု၍ မရသော စာများကိုလည်း ရေးသားထားလေ၏။
သို့ပေမယ့် ထိုခန်းမဆောင်တံခါးအပေါ်ရှိ ဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသည့် စာများကြောင့် သူတို့၏ မျှော်လင့်ချက်များအားလုံးမှာ ရိုက်ချိုးပစ်ခြင်းကို ခံခဲ့ရပြီး အကြောက်တရားမှာ နှလုံးသားထဲမှ တိုးထွက်လာခဲ့တော့ပြန်သည်။
“ဗုဒ္ဓတသောင်းခန်းမ”
ခေါင်းပြတ်ဗုဒ္ဓရုပ်ထုထက်တွင် သွေးနှင့်ရေးသားထားသော စာများကို သူတို့အားလုံး ကျိန်းသေပေါက် မှတ်မိနေပါသေးသည်။
“ဗုဒ္ဓတသောင်းခန်းမထဲကို လုံးဝမဝင်မိစေနဲ့”