← Chapters

ဗုဒ္ဓတသောင်းခန်းမ

Vol. 5 Ch. 43

ဗုဒ္ဓတသောင်းခန်းမ

Vol. 5 Ch. 43

ထိုစကားလုံးမှာ တစုံတယောက်မှ သူ သေအံ့မူးမူးဖြစ်နေစဉ်အချိန်၌ ရေးခဲ့သော စာကြောင်းများအလား ဖြစ်နေခဲ့တော့သည်။

ထိုစာကြောင်း၏ ညွှန်ပြမှုမှာ ထိုခန်းမထဲ၌ လွန်စွာမှကို ကြောက်မက်ဖွယ်ကောင်းလှသည့် တည်ရှိမှုတခု ရှိနေသည့်အလားပင်။

ထိုခန်းမကို မြင်တွေ့လိုက်သည်နှင့် သူတို့၏ နှလုံးသားများမှာ ကြောက်ရွံ့မှုများကြောင့် ပေါက်ကွဲထွက်တော့မည့်အလားပင်။

သူတို့သာ ထိုခန်းမထဲသို့ မဝင်ပါက သူတို့အနောက်မှ ပါလာသော အလောင်းကောင်များနှင့် အရိုးစုများမှာ သူတို့ကို တစစီ ဆွဲဖြဲကြတော့ပေမည်။

ဒါပေမယ့် သူတို့သာ အထဲသို့ ဝင်ရောက်လိုက်ပါက ပိုမို၍ ကြောက်ဖို့ကောင်းသော အရာတခုသည် ခန်းမအတွင်းမှနေ၍ သူတို့အား ပြန်တက်နိုင်ခြင်းမရှိတော့သော ငရဲတွင်းပေါက်ထဲသို့ ပစ်ထည့်နိုင်ခြေ ရှိနေပေသည်။

မရေမတွက်နိုင်သော ခြေသံများသည် သူတို့၏ အနောက်မှ နီးကပ်လာခဲ့လေပြီ။

“ဆရာ ကျွန်တော်တို့ အထဲကို ဝင်ကြမလား” ယင်ချန်းလီက စိတ်ဖိစီးစွာ မေးလိုက်သည်။သူတို့သာ အထဲသို့ မဝင်ပါက အလောင်းကောင်များမှာ သူတို့အား မှီလာတော့လိမ့်မည် ဖြစ်သည်။

အလောင်းကောင်များမှ သူ့တကိုယ်လုံးကို ဆွဲဖြဲနေသည်ကို သူ ခန့်မှန်းကြည့်ရုံသာ တတ်နိုင်သည်။

“ငါ့တပည့်၊ဆရာ အရင်အထဲကိုသွားပြီး အခြေအနေဝင်ကြည့်လိုက်မယ်။အားလုံးအဆင်ပြေရင် ဆရာ မင်းကို လှမ်းခေါ်လိုက်မယ်လေ” မူချင်းကောသည် အံတင်းတင်းကြိတ်ကာ ဖြေလိုက်သည်။

“ဟင်” ယင်ချန်းလီက ခပ်မြန်မြန် ပြောလိုက်သည်။

“ဒါပေမယ့် အန္တရာယ်တခုခုရှိနေရင် ဆရာ...”

“တာအိုရောင်းရင်းရှ” မူချင်းကောက ရှမူဟိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကျွန်မသာ တခုခုဖြစ်သွားခဲ့ရင် ကျွန်မရဲ့ တပည့်ကိုခေါ်ပြီးတော့ လွတ်လမ်းကိုရှာပါ။လွတ်မြောက်သွားခဲ့ရင် သူ့ကို ဆေးဘုရင်တောင်ကြားကို ပို့ပေးနိုင်မလားရှင့်”

“ကျုပ် ရှမူဟိုင်က သူရဲကောင်းတယောက်မဟုတ်ပေမယ့် ဒီလိုမျိုးအခြေအနေမျိုးမှာ မိန်းမငယ်လေးတယောက်ကို စွန့်စားခိုင်းမယ်ထင်လို့လား။ဒီသတင်းသာ လောကထဲမှာ ပျံ့နှံ့သွားရင် ဘယ်လောက်တောင်မှ သိက္ခာကျပြီး ရှက်ဖို့ကောင်းလိုက်မလဲ”

ရှမူဟိုင်က တဟားဟားနှင့် အော်ရယ်လိုက်လေသည်။

“မင်းတို့နှစ်ယောက် နေခဲ့ချေ။ကျုပ်အထဲကိုဝင်ပြီး အခြေအနေကို သွားကြည့်လိုက်မယ်”

“ကျုပ်သာ သေဆုံးသွားခဲ့ရင် ရှေးဟောင်းတာအိုဂိုဏ်းကို အကြောင်းကြားပေးပါ”

ရှမူဟိုင်က ထိုစကားများကို ပြောပြီးနောက်တွင် ရင်ကော့ပြီးတော့ လှည့်ထွက်သွားလေသည်။

သူလှည့်သွားသည်နှင့် မူချင်းကောက သူ၏ ဝတ်ရုံစကို လှမ်းဆွဲလိုက်လေ၏။

“ရောင်းရင်းရှ၊ ကျွန်မတို့ ကျင့်ကြံစွမ်းအားတွေက အဖိနှိပ်ခံထားရပေမဲ့လို့ ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားက ဆေးဝါးကုသတဲ့ ဂိုဏ်းပါ။ကျွန်မတို့တွေ တက်လှမ်းခြင်းအဆင့်ကို ရောက်ရင်တောင်မှ ရှင်တို့လိုမျိုး တာအိုဂိုဏ်းနဲ့ယှဉ်မယ်ဆိုရင် သိသိသာသာကို သိုင်းပညာပိုင်းကော၊ရုပ်ခန္ဓာသန်စွမ်းမှုမှာပါ အားနည်းပါတယ်။ကျွန်မက ချန်းလီနဲ့ အတူတူ လွတ်နိုင်တော့မှာ မဟုတ်ဘူး။ဒါပေမယ့် ရှင်ဆိုရင်၊ရှင်ဆိုရင်တော့ လွတ်မြောက်နိုင်ဖို့အတွက် အခွင့်အရေးရှိတယ်”

မူချင်းကောသည် ရှမူဟိုင်အား လွန်မင်းစွာလေးနက်သော အကြည့်နှင့် ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်ပါသည်။

“ဒါက...”

ရှမူဟိုင် အကြံအိုက်နေချေပြီ။

မူချင်းကောပြောသည်က အဓိပ္ပာယ်ရှိ၏။

သာမန်ကျင့်ကြံသူများသည် တက်လှမ်းခြင်းအဆင့်သို့ ရောက်ပါက မိမိတို့၏ ခန္ဓာကိုယ်သန်စွမ်းအောင် ကျင့်စဉ်များနှင့် ကျင့်ကြံကြပေသည်။ထို့နောက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်ကို သန်စွမ်းသော ခန္ဓာကိုယ်နှင့်အတူ ချိုးဖြတ်ကြလေသည်။

ဒါပေမယ့် ဆေးဘုရင်တောင်ကြားမှ ကျင့်ကြံသူများကမူ ထိုသို့ မဟုတ်ပါ။သူတို့က ဆေးလုံးများ၊ဆေးရည်များကို အသုံးချကာ ခန္ဓာကိုယ်ကို မြှင့်တင်ကြလေသည်။သက်ရောက်မှုမှာ အတူတူပင် ဖြစ်သည့်တိုင် ကျင့်ကြံမှုအမြန်နှုန်းမှာ ဆေးဘုရင်တောင်ကြားမှ တပည့်များမှာ ကျန်ဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာမှကို မြန်ဆန်လွန်းလှပေသည်။

ဒါပေမယ့် ရုပ်ခန္ဓာကို အဓိကအသားပေးရသည့် အနီးကပ်တိုက်ခိုက်မှုများတွင်တော့ ဆေးဘုရင်တောင်ကြားမှ တပည့်များသည် ကျန်သောဂိုဏ်းများနှင့် ယှဉ်လျှင် လွန်မင်းစွာ အားနည်းလွန်းလှပေသည်။

ရှမူဟိုင်သာ သက်စောင့်စွမ်းအားများပါမချန် အသုံးပြုကာ ဖောက်ထွက်မည်ဆိုပါက သူ့အတွက် လွတ်မြောက်နိုင်စွမ်းရှိပေဦးလိမ့်မည်။သို့သော် မူချင်းကောအတွက်တော့ ထိုသို့ လုပ်နိုင်မည့် အခွင့်အရေးမှာ လွန်စွာမှကို နည်းပါးလွန်းလှပေ၏။

ရှမူဟိုင်၏ တွေးတောနေမှုကို အခွင့်ကောင်းယူကာ မူချင်းကောက ဗုဒ္ဓတသောင်းခန်းမထဲသို့ ပြေးထွက်သွားခဲ့တော့လေ၏။။

“ဆရာ” ယင်ချန်းလီ၏ မျက်လုံးများမှာ မျက်ရည်များနှင့် ပြည့်နှက်နေကာ မူချင်းကော၏ အနောက်သို့ ပြေးလိုက်တော့မည်ဟန်ပြုလိုက်လေသည်.

“ကျွန်တော်လည်း ဆရာနဲ့ အတူတူသွားမယ်”

သို့သော် ရှမူဟိုင်က ယင်ချန်းလီအား လှမ်းဆွဲလိုက်လေတော့သည်။

“ကျုပ်ကို မဆွဲနဲ့” ယင်ချန်းလီက ငိုရှိုက်သံနှင့် ပြောလိုက်သည်။

“မင်းရဲ့ဆရာသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်စမ်း”

ရှမူဟိုင်သည် သူတို့အား ဝန်းရံနေသော အလောင်းကောင်အုပ်ကို တချက်ကြည့်ရင်း သက်ပြင်းမောကို မှုတ်ထုတ်လိုက်တော့သည်။

“စုန့်နတ်သမီးသာ တခုခုဖြစ်ခဲ့ရင် ငါ့အသက်ကို စတေးပြီးတော့ မင်းလွတ်မြောက်အောင် ငါလမ်းဖောက်ပေးမယ်”

“ဆရာ!!!!!!”

ယင်ချန်းလီမှာ ဆောက်တည်မရစွာ အော်ဟစ်လိုက်လေ၏။

သို့ပေမယ့် မူချင်းကောက လုံးဝကို လှည့်မကြည့်ပါချေ။သူမသည် ဗုဒ္ဓတသောင်းခန်းမ၏ ဝင်ပေါက်သို့ပင် ရောက်သွားခဲ့ချေပြီ။ထိုခန်းမအတွင်းမှာ တိတ်ဆိတ်လွန်းနေကာ မည်သည့်အသံကိုမျှ မကြားရပါချေ။သူမအာရုံခံလိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။

မူချင်းကောသည် အသက်ပြင်းပြင်းရှုကာ ခန်းမတံခါးကို ဖြေးညင်းစွာဖြင့် တွန်းဖွင့်လိုက်လေသည်။

ထိုအချိန်ထိ လှုပ်ရှားမှုဟူ၍ တစုံတရာပင် မရှိသေးပါချေ။

တံခါးပေါ်တွင် ရေးထိုးထားသော သူတို့နားမလည်သည့် စာကြောင်းများမှာ ထိုအခိုက်တွင် သဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ လေအဝှေ့မှာ အဝေးသို့ လွင့်ပါးသွားတော့လေ၏။တံခါးပေါ်ရှိစာကြောင်းများမှာ အကုန် ပျောက်ကွယ်သွားခဲ့လေပြီ။

မူချင်းကောက အထဲသို့ ဝင်သွားလိုက်တော့သည်။

ထို့နောက်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားလေတော့၏။

မှုန်မှိုင်းနေပြီး မဲမှောင်နေသည့် ဗုဒ္ဓတသောင်းခန်းမသည် အဝေးကကြည့်လျှင် သားရဲကောင်၏ ခံတွင်းဝနှင့် ဆင်တူပြီး မူချင်းကောအား ဝါးမြိုသွားသည့်နှယ်ဖြစ်နေတော့သည်။

ထိုစောင့်စားနေသည့်အချိန်ကာလမှာ သေမိန့်ကျတာကို စောင့်နေရသည့်အလားပင်။

အလောင်းကောင်များမှာလည်း သူတို့နှင့် တဖြေးဖြေးနီးကပ်လာခဲ့ချေပြီ။

ရှမူဟိုင်မှာ သူသေကိုယ်သေတိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့လေပြီ။

သို့သော် ထိုအချိန်၌ မူချင်းကော၏ အသံသည် ခန်းမထဲမှ ထွက်ပေါ်လာခဲ့လေတော့သည်။

“အထဲကိုလာကြ ဒီမှာ ဘာမှမရှိဘူး”

“ကောင်းလိုက်တာ။ဒါဆိုငါတို့ လုံခြုံပြီ” ရှမူဟိုင်က စိတ်သက်သာရကာ သက်ပြင်းမောကို မှုတ်ထုတ်လိုက်လေသည်။သူက ယင်ချန်းလီကို ခေါ်ရန် ဆွဲမလို့ရှိသေးသည်။

ယင်ချန်းလီက ရှမူဟိုင်အား ဆက်မသွားရန် လှမ်းဆွဲခဲ့၏။

“ဘာဖြစ်လို့လဲ” ရှမူဟိုင်က ယင်ချန်းလီကို လှည့်ကြည့်လိုက်၏။

“ငါတို့ မြန်မြန်မသွားရင် အလောင်းကောင်တွေက မှီလာလိမ့်မယ်။အထဲမှာအရင်ဆုံးပုန်းနေကြရအောင်။ပြီးမှပဲ ထွက်သွားဖို့အတွက် နည်းလမ်းကို ရှာကြရအောင်”

ဒါပေမယ့် ယင်ချန်းလီ၏ အမူအရာမှာ လွန်စွာ ထူးဆန်းနေခဲ့၏။လက်ရှိ၌ သူ့မျက်လုံးများမှာ လွန်စွာမှကို ကြောက်ဖို့ကောင်းနေခဲ့တော့သည်။

“အဲ့ဒါက...ကျွန်တော့်ဆရာရဲ့ အသံမဟုတ်ဘူး” ယင်ချန်းလီ၏ လည်ချောင်းများမှာ ခြောက်ကပ်နေခဲ့တော့လေသည်။သူ့မျက်နှာမှာ ကြောက်ရွံ့မှုကော ‌ဒေါသများနှင့် ရောယှက်နေပြီး ဗုဒ္ဓတသောင်းခန်းမကို စိုက်ကြည့်နေခဲ့လေ၏။

“ဟင်” ရှမူဟိုင်သည်လည်း ထိုစကားကိုကြားသော် ရင်တဒိန်းဒိန်းနှင့် ခုန်သွားခဲ့တော့သည်။

သူ့အတွက်တော့ ခုနက ကြားလိုက်သည့်အသံမှာ မူချင်းကော၏ အသံအစစ်ပင် ဖြစ်သည်။

ဒါပေမယ့် သူက မူချင်းကောနှင့် တွေ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်လေသည်။ယင်ချန်းလီလို မူချင်းကောနှင့် နေ့ကောညပါအတူရှိနေသည့် ရင်းနှီးမှုမျိုး မရှိသေးပေ။

“မင်းသေချာလား” ရှမူဟိုင်က သေချာအောင် မေးလိုက်လေ၏။

“အဲ့ဒါ ကျုပ်ဆရာရဲ့ အသံမဟုတ်ဘူး” ယင်ချန်းလီက လုံးဝကို သေချာသည့်ဟန်နှင့် ထပ်ပြောလိုက်သည်။

သူက ဆရာဖြစ်သူ၏ အသံနှင့် လွန်စွာ ရင်းနှီးလှပေသည်။ဗုဒ္ဓတသောင်းခန်းမမှ ထွက်ပေါ်လာသော အသံမှာ ဆရာဖြစ်သူ၏ အသံနှင့်တူညီသည့်တိုင် သေးငယ်သော လေသံအနိမ့်အမြင့်များမှာမူ သိသိသာသာကို ကွဲလွဲနေခဲ့သဖြင့် အတုဖြစ်သည်ကို ယင်ချန်းလီက သိသွားခဲ့ခြင်းပင်။

“ဆရာ...” ယင်ချန်းလီက ကွဲအက်နေသည့်အသံနှင့် အော်လိုက်လေ၏။မူချင်းကောမှာ သေဆုံးသွားလောက်လေပြီ။သူမ၏ အသံမှာလည်း အခိုးယူခံလိုက်ရချေပြီ။

“သွားရ‌အောင်” ရှမူဟိုင်သည် ယင်ချန်းလီ၏ လက်မောင်းကို လှမ်းဆွဲကာ အနီးရှိ ဘုရားကျောင်း ထောက်တိုင်လုံးကြီးကို လက်ဖဝါးတချက်ရိုက်ကာ ဖြိုလှဲလိုက်လေ၏။ထိုတိုင်လုံးကို အသုံးပြုကာ သူတို့၏ အပြန်လမ်းတွင် လက်နက်အဖြစ်အသုံးပြုရန် ပြင်ဆင်လိုက်သည်။

သို့ပေမယ့် ထိုအချိန်၌ မူချင်းကော၏ အသံသည် ‌ဟောခန်းမထဲမှ ထွက်ပေါ်လာခဲ့ပြန်သည်။

“ဘယ်သွားကြမလို့လဲ။အပြင်မှာ အန္တရာယ်များတယ်လေ။အထဲကို မြန်မြန်လာကြလေ”

“‌စောက်ပါးစပ်ပိတ်ထားစမ်း စောက်မကောင်းဆိုးဝါး။ငါ့ဆရာရဲ့ အသံနဲ့ မပြောနဲ့”

ယင်ချန်းလီ၏ မျက်နှာမှာ နီရဲလာခဲ့လေသည်။သူ့လည်ပင်းပေါ်၌ သွေးကြောများပင်ထောင်ထလာကာ ဗုဒ္ဓတသောင်းခန်းမအတွင်းတွင် ရှိနေသည့် မကောင်းဆိုးဝါးအား အော်ဟစ်လိုက်လေသည်။

“ဟီးးဟီးးးဟီးးးး”

ရှမူဟိုင်ကော ယင်ချန်းလီကိုပါ တုန်လှုပ်သွားစေမည့် ရယ်မောသံတသံထွက်ပေါ်လာခဲ့တော့လေသည်။

ထိုအသံမှာ သူတို့ ယခင်တုန်းက ကြားခဲ့ရသော အသံပင် ဖြစ်လေသည်။

ဗုဒ္ဓတသောင်းခန်းမက ဒီမကောင်းဆိုးဝါးကို မထွက်ပေါ်လာနိုင်အောင် ဖိနှိပ်ပြီးချုပ်နှောင်ထားခဲ့တာများလား

အဲ့ဒါကြောင့် ‌ဗုဒ္ဓတသောင်းခန်းမထဲကို မဝင်ဖို့ တားမြစ်ထားတာပေါ့

“ငါ့ကို သေချာကိုင်ထား။ငါတို့ ဒီနေရာကနေ မရရအောင်ကို ထွက်မယ်”

ရှမူဟိုင်က ကျယ်‌လောင်စွာ ပြောလိုက်သည်။

သူက ယင်ချန်းလီကို ဦးဆောင်ကာ ထွက်သွားတော့မည့်အချိန်တွင် ခန်းမအတွင်းရှိ ကလေးလိုလို အသံက သူတို့ကို လှမ်းပြောလိုက်လေ၏။

“ဟီးဟီး ထွက်သွားချင်တာလား။လွတ်မယ်လို့ အခုထိ ထင်နေသေးတာလား”

“မင်းတို့တွေကို ဒီနေရာအထိရောက်အောင် ငါဒုက္ခအများကြီး ခံထားရတာ။မင်းတို့ကို ထွက်သွားခွင့်မပြုနိုင်ဘူး”

ထို့နောက်တွင် ဗုဒ္ဓတသောင်းခန်းမအတွင်းမှ သွေးနီရောင်လက်သည်းနှစ်ခုသည် ပျံထွက်လာကာ ရှမူဟိုင်နှင့် ယင်ချန်းလီကို လှမ်းဆွဲလိုက်လေ၏။

“ထွက်သွားစမ်း”

ရှမူဟိုင်က အော်ဟစ်လိုက်ပြီး တစ္ဆေလက်သည်းကို တိုင်လုံးနှင့် လွှဲရိုက်လိုက်တော့လေသည်။

ကျောက်တိုင်မှာ ချက်ချင်းပင် ကြေမွသွားပြီး တစ္ဆေလက်သည်းကို နည်းနည်းလေးမှ နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ပေ။တစ္ဆေလက်သည်းမှာ ရှမူဟိုင်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်မှ အထက်သို့ မြှောက်ထားလိုက်တော့သည်။

အခြားတစ္ဆေလက်သည်းကြီးမှာလည်း ကြောက်ရွံ့နေသည့် ယင်ချန်းလီထံသို့ ရောက်လာတော့သည်။

လက်သည်းကြီး နီးကပ်လာသည်နှင့်အမျှ သူ့တကိုယ်လုံးမှာ ထုံကျင်လာခဲ့၏။

သို့သော် ထိုအခိုက် ယင်ချန်းလီ၏ ကျောဖက်တွင် ချိတ်ဆွဲထားသည့် ရွှမ်ယွမ်သစ်သားဓားသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေသည်။

ကျယ်လောင်သော ဓားအော်သံတခုနှင့်အတူ၊ဓားမှာ ဓားအိမ်ထဲမှ ထွက်လာပြီး နီးကပ်လာသည့် တစ္ဆေလက်သည်းကို ခုတ်ပိုင်းချလိုက်တော့သည်။

All Chapters