တစ္ဆေများ
Vol. 5 Ch. 44
ရွှမ်ယွမ်သစ်သားဓားထံမှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြိုင်ဘက်ကင်းသည့် အရှိန်အဝါတရပ်ထွက်ပေါ်လာခဲ့တော့လေသည်။
တစ္ဆေလက်သည်းမှာ ရွှမ်ယွမ်သစ်သားဓား၏ ဓားသွားကို လှမ်းဖမ်းဆုတ်လိုက်လေ၏။ထို့ခဏတွင် ထူထဲသော မီးခိုးငွေ့များသည် လက်သည်းထံမှ ထွက်ပေါ်လာလေ၏။ရွှမ်ယွမ်သစ်သားဓားမှာ စတင်၍ တဆတ်ဆတ်နှင့် တုန်ရီလာခဲ့တော့လေသည်။
၎င်းမှာ တစ္ဆေလက်သည်းမှ ထွက်နေသည့် တိုက်စားမှုစွမ်းအားကို မိမိ၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် ခုခံနေသည့်ပုံပင်။
“အဲ့ဒါက ဘာလဲ”
အသံမှာ အနည်းငယ် ထိတ်လန့်နေသည့်ဟန်ဖြစ်သွားသည်။တစ္ဆေလက်သည်းမှာ ရွှမ်ယွမ်သစ်သားဓားနှင့် ရင်ဆိုင်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း အနောက်သို့ ပြန်ရုတ်သွားခဲ့တော့လေသည်။သွေးများမှာ တစ္ဆေလက်သည်းထံမှ စီးကျနေခဲ့၏။
လက်သည်း၏ ပုပ်ပွယိုယွင်းသွားသော အသွေးအသားများမှာ ပိုမို၍ ချောက်ချားဖွယ်ရာ ကောင်းနေခဲ့တော့သည်။
“ရွှမ်ယွမ်သစ်သားဓား” ယင်ချန်းလီက စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။
လီချန်ချင်းပေးထားသည့် ရွှမ်ယွမ်သစ်သားဓားမှာ ထိုကဲ့သို့သော အစွမ်းရှိနေမည်ဟု သူလုံးဝကို မမျှော်လင့်ထားခဲ့မိပေ။
သို့သော် ထိုအချိန်တွင် ရွှမ်ယွမ်သစ်သားဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။၎င်း၏ သစ်သားဓားသွားပေါ်၌ တစ္ဆေလက်သည်း၏ လက်ရာကြီး ကျန်ရစ်ခဲ့ပေသည်။
“အာ”
ယင်ချန်းလီသည် ကမန်းကတန်းနှင့် ဓားကိုကောက်ကိုင်လိုက်၏။သစ်သားဓားပေါ်၌ ကျန်ရစ်နေခဲ့သော အမှတ်အသားကို ကြည့်လိုက်ပြီးနောက်တွင် ရွှမ်ယွမ်သစ်သားဓားမှာ တစ္ဆေလက်သည်းကို ပိတ်ဆို့နိုင်လိုက်သည့်တိုင် အတိုက်စားခံလိုက်ရသည်ကို သိလိုက်ရသည်။
“ဟင်” တစ္ဆေလက်သည်းအရာသည် တဖြေးဖြေးနှင့် ပျောက်ကွယ်လာသည်ကို ယင်ချန်းလီက သတိထားမိလိုက်လေသည်။
ထိုအရာကို မြင်မှသာ ယင်ချန်းလီမှာ စိတ်အနည်းငယ်အေးသွားခဲ့တော့သည်။ရွှမ်ယွမ်သစ်သားဓားမှာ ဖြေးဖြေးချင်းပြန်လည် ကုစားနေသည် မဟုတ်ပါလား။ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောက်ထပ်တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
“စီနီယာရှ” ရှမူဟိုင်မှာ တစ္ဆေလက်သည်း၏ ထိန်းချုပ်မှုကို ခံနေရသည်ကို မြင်လိုက်သောကြောင့် ယင်ချန်းလီမှာ ဘာဆက်လုပ်ရမလဲဆိုတာကို မသိတော့ပေ။
“ကောင်လေး မင်းရဲ့ရတနာက အထင်ကြီးစရာပဲ။ဒါပေမယ့် နောက်ထပ်တိုက်ခိုက်မှု ဘယ်နှခုကို ခံနိုင်မလဲဆိုတာကို သိချင်စရာပဲ”
အသံမှာ ကျယ်လောင်စွာနှင့် ပဲ့တင်ရိုက်ကာ ထွက်လာခဲ့တော့လေသည်။
နောက်တခဏတွင် ဗုဒ္ဓတသောင်းခန်းမထဲမှ သေးငယ်သော ပုံရိပ်တခုမှာ ပျံသန်းထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ အသက်ခြောက်နှစ်အရွယ်လောက်သာ ရှိဦးမည်ဖြစ်သည့် ကောင်လေးတယောက် ဖြစ်လေသည်။
ထိုကောင်လေးမှာ သွေးစွန်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။သူ့မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီနေခဲ့၏။သူ့မျက်လုံးများမှာ ကောင်းကင်ထက်ရှိ အမြွာလခြမ်းကဲ့သို့ နီရဲကာ တူညီနေခဲ့၏။ထိုကလေးလေးမှာ ယောကျ်ားလေးဖြစ်သည့်တိုင် သူ့အသံမှာ မိန်းကလေးနှင့် တူညီနေခဲ့တော့သည်။
ထိုကောင်လေးကို တချက်ကြည့်ရုံနှင့်ပင် ယင်ချန်းလီ၏ ဆံပင်များမှာ အဆုံးစွန်အထိ ထောင်ထသွားခဲ့တော့၏။
ထိုသွေးနီရောင်မျက်လုံးများ၏ စိုက်ကြည့်ခံရမှုကြောင့် ယင်ချန်းလီ၏ ခြေထောက်များမှာ ယိုင်နဲ့ကာ ခွေကျလုမတက်ပင် ဖြစ်သွားတော့သည်။
“ငါ...ငါ့နာမည်က ယင်ချန်းလီကွ..ကောင်လေးမဟုတ်ဘူး” ယင်ချန်းလီက အံတင်းတင်းကြိတ်ကာ ဖြေလိုက်တော့သည်။
“ဝှစ်”
ထိုအချိန်၌ နောက်ထပ်ပုံရိပ်တခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ထိုကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်နေသော တစ္ဆေလက်သည်းမှာ မူချင်းကောကို တင်းတင်း ဆုတ်ကိုင်ထားနေသည်။
မူချင်းကောမှာ အသည်းအသန်ကို ရုန်းကန်နေခဲ့တော့၏။သို့သော် သူမက ထိုကဲ့သို့သော တစ္ဆေလက်သည်း၏ ချုပ်ကိုင်ထားမှုကို ဘယ်လိုများ ရုန်းထွက်နိုင်မှာလဲ။
“ဆရာ အသက်ရှင်သေးတယ်နော် “ မူချင်းကော အသက်ရှင်နေသည်ကို မြင်လိုက်သောကြောင့် ယင်ချန်းလီသည် အပျော်လွန်သွားခဲ့တော့လေသည်။
“ချန်းလီ၊အကိုရှ” သူတို့နှစ်ယောက်ကိုတွေ့လိုက်သဖြင့် မူချင်းကောက ကြောက်ရွံ့တကြီးခေါ်လိုက်လေ၏။ဗုဒ္ဓတသောင်းခန်းမအတွင်း၌ ထိုကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးတကောင် ရှိနေလိမ့်မည်ဟု သူမ လုံးဝကို မထင်ထားခဲ့မိပါ။
ထိုအလောင်းကောင်များအားလုံးသည် ထိုကောင်လေး၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး သူတို့အား ဗုဒ္ဓတသောင်းခန်းမအရှေ့သို့ ရောက်ပြီး ချိတ်ပိတ်ထားသော တံခါးကို ဖွင့်မိအောင် တမင်ခြောက်လှန့်ခဲ့ခြင်း ဖြစ်လေသည်။
တံခါးပွင့်သွားသဖြင့် သူ လွတ်လပ်သွားပြီ ဖြစ်၏။
ပန်းချီကားချပ်အပါအဝင်၊ချီရှန်းအမိန့်ပြားကို လောကကြီးထဲတွင် ပြန်လည်ပေါ်ပေါက်လာခြင်းများ ထိုအရာများအားလုံးမှာ လျို့ဝှက်ပူးပေါင်းကြံစည်မှုကြီးသာ ဖြစ်သည်။
ထိုအချိန်တွင် ရှမူဟိုင်သည်လည်း အန္တရာယ်တွင်းထဲသို့ ကျရောက်နေခဲ့တော့သည်။
ထိုကောင်လေး၏ စွမ်းအားမှာ လွန်စွာ သန်မာလွန်းပေ၏။ရှမူဟိုင်၏ ကျင့်ကြံခြင်းများ ပြန်လည်ရရှိသည့်အချိန်မှာပင် ထိုကောင်လေး၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
“မင်းတို့တွေရဲ့ ကျင့်ကြံခြင်းတွေကို ဖိနှိပ်ထားလိုက်ရုံနဲ့ မင်းတို့ကို ကိုင်တွယ်ရတာ လွယ်ကူသွားမယ်လို့ထင်ထားခဲ့တာ။အခုလိုမျိုး တော်တော်လေး အားထုတ်ရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကောင်လေး၏ မိန်းမဆန်သော အသံမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်လေသည်။သူ၏ သွေးနီရောင်မျက်လုံးများမှာ ယင်ချန်းလီကို စိုက်ကြည့်ရင်း တစ္ဆေလက်သည်းမှာ ယင်ချန်းလီထံသို့ ထပ်မံ၍ ပစ်လွှတ်လိုက်ပြန်သည်။
ယင်ချန်းလီမှာလည်း ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ပဲ၊လည်ပင်းကိုကိုင်ဆွဲကာ အဆွဲမခံလိုက်ရပြန်၏။
သူတို့သုံးယောက်လုံးမှာ ကောင်လေး၏ ခန္ဓာကိုယ်မှ ရှည်ထွက်နေသော လက်များ၏ ဆွဲမ ချုပ်နှောင်ခြင်းကို ခံနေကြရတော့၏။
ထိုမြင်ကွင်းမှာ အလွန်အမင်းကို ခြောက်ခြားဖွယ်ရာကောင်းလွန်းလှပေသည်။
“မင်းတို့တွေလာကြတာ စုစုပေါင်း လေးယောက်ရှိရမှာလေ။ဘာလို့ သုံးယောက်ထဲလဲ” ကောင်လေးသည် မျက်မှောင်ကြုတ်လိုက်လေသည်။
သူ့အကြည့်မှာ အေးခဲဘုရားကျောင်းတခုလုံးကို လွှမ်းခြုံသွားလေသည်။သို့သော် စတုတ္ထမြောက်လူကိုတော့မူ ဘယ်မှာမှ ရှာမတွေ့ပါချေ။
“ထားလိုက်တော့”
“မင်းတို့သုံးယောက်ထဲနဲ့တင်ပဲ အဆင်ပြေပါတယ်။မင်းတို့ပုံစံကြည့်ရသလောက်ကတော့ သက်ဆိုင်ရာနယ်ပယ်မှာ ဩဇာအာဏာရှိကြမယ့်ပုံပဲ။ငါ သတ်မှတ်ထားတဲ့ စည်းမျည်းတွေနဲ့ ကိုက်ညီတယ်”
ကောင်လေးက သရော်လိုက်လေ၏။
ကောင်လေးက စကားပြောနေရင်းနှင့် သူ၏ အမူအရာမှာ စတင်၍ တွန့်လိမ်လာခဲ့တော့သည်။
သူ့မျက်နှာအမူအရာသည်လည်း လိမ်ခေါက်ကာ ရှုံ့တွလာတော့၏။
သူ့မျက်နှာမှာကောင်းကင်သို့မော့ကာ တွန့်ခေါက်လာတော့သည်။သူ့ပုံစံမှာ အလွန်တရာမှကို နာကျင်နေသည့်အလားပင်။
ထိုအချိန်၌ သူ့လည်ချောင်းထဲမှ အသံတသံထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းမှာ သူတို့သုံးဦးအား လွန်စွာ ထိတ်လန့်သွားစေခဲ့တော့သည်။ထိုကောင်လေး၏ ရည်ရွယ်ချက်က ဘာများလဲ
နောက်တခဏတွင် ကြောက်မက်ဖွယ်ရာတခု ဖြစ်လာတော့သည်။
ကောင်လေး၏ ပါးစပ်ပေါက်ထဲမှ ဝဝကစ်ကစ် ကလေးလက်လေးတဖက် ထွက်လာခဲ့တော့သည်။
ထိုလက်ကလေးမှာ အစိမ်းရောင်ဖြစ်၏။မွေးကင်းစကလေးလက်ကလေး နှင့်ပင်တူသေးသည်။နောက်တခဏတွင် သေးငယ်သော ဦးခေါင်းကလေးမှာလည်း သူ၏ ပါးစပ်ပေါက်ထဲမှ ထွက်လာခဲ့ပြန်လေတော့သည်။
ထိုအရာမှာ အစိမ်းရောင်ရှိသော ကလေးငယ်လေးတယောက်ဖြစ်သည်။ထိုကလေးလေးမှာ အဖြူရောင်မျက်လုံးသာရှိပြီး မျက်ဆံဟူ၍ မရှိပါချေ။တစ္ဆေကလေးငယ်အစစ်ပင် ဖြစ်သည်။
“အဲ့ဒါ တစ္ဆေဝိဉာဉ်မျိုးနွယ်ပဲ”
ရှမူဟိုင်၏ သူငယ်အိမ်မှာ ပြူးကျယ်သွားခဲ့တော့သည်။
တစ္ဆေမျိုးနွယ်ထဲတွင် မြောက်မြားစွာသော မျိုးနွယ်ခွဲများရှိလေသည်။သမိုင်းမှတ်တမ်းများအရ တစ္ဆေဝိဉာဉ်မျိုးနွယ်မှာ ထူးဆန်းသော အမျိုးအစားဖြစ်သည်။သူတို့သည် လူများ၏ ဝိဉာဉ်ကို စားသုံးကာ လက်ခံကောင်၏ ခန္ဓာကိုယ်ကို ပူးကပ်ပြီး အသက်ရှင်သန်နိုင်ပေသည်။
ထိုကဲ့သို့သော သဘာဝကို ဆန့်ကျင်နေသည့် ယုတ်ညံ့သော တည်ရှိမှုများဖြစ်နေသည့်အတွက် ၎င်းတို့မျိုးနွယ်ကို ဟိုးလွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်ကြီးများအားလုံး စုပေါင်းကာ နှိမ်နင်းခဲ့ပြီး ဖြစ်လေသည်။
ထို တစ္ဆေကလေးငယ်မှာ တစ္ဆေဝိဉာဉ်ပင် ဖြစ်သည်။
သေးငယ်သော တစ္ဆေကလေးငယ်လေး ထွက်လာပြီးနောက်တွင် နောက်ထပ် ကလေးတယောက်ထပ်ထွက်လာပြန်သည်။
သုံးယောက်မြောက်...
တစ္ဆေကလေးငယ်သုံးကောင်တို့ ထွက်သွားပြီးသည့်နောက်တွင် နဂိုမူလက ကောင်လေးမှာ အသက်ကို ပြင်းပြင်းရှုရှိုက်နေရတော့လေသည်။သူ့မျက်နှာမှာ အသက်ပိုကြီးသွားတော့သည်။
သူ့ပုံစံမှာ ကလေးခန္ဓာကိုယ်နှင့် အဘိုးအိုတယောက်ပုံဖြစ်နေပြီး ကြည့်ရသည်မှာ လွန်စွာမှကို စက်ဆုပ်ဖွယ်ကောင်းလေ၏။
“ကလေးလေးတွေ သွားကြတော့”
ကောင်လေး၏ အသံပင်လျှင် အသက်ကြီးသည့်လေသံဖြစ်သွားလေတော့သည်။
တစ္ဆေကလေးငယ်သုံးကောင်သည် ချောက်ချားဖွယ်ရာအသံများပြုလိုက်ပြီးနောက်တွင် မူချင်းကောတို့ သုံးယောက်ထံသို့ လေးဖက်ထောက်ကာ သွားနေကြတော့၏။
“မကောင်းတော့ဘူး”
မူချင်းကော၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့တော့သည်။
“သူတို့က ငါတို့ကို ဝင်ပူးပြီး ကပ်တွယ်ချင်နေတာပဲ”
သူတို့သာ အကပ်တွယ်ခံလိုက်ရပါက သူတို့၏ မူလစိတ်ဝိဉာဉ်များမှာ သေဆုံးသွားရမည်ဖြစ်ပြီး သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည်မှာ ထိုတစ္ဆေကလေးသုံးကောင် ဖြစ်သွားပေလိမ့်မည်။
ဘယ်လိုကြောက်မက်ဖွယ်ကောင်းသော အရာများ ဖြစ်လာလိမ့်မည်ကို မည်သူမျှ တွေးနိုင်ကြလိမ့်မည် မဟုတ်ပေ။
တစ္ဆေကလေးသုံးကောင်က သူတို့၏ ရှည်လျားသော တစ္ဆေလက်မောင်းများကို အသုံးပြုကာ လေးဖက်ထောက်လာသည်ကို ကူကယ်ရာမဲ့စွာနှင့်သာ ကြည့်နေရတော့လေသည်။
သူတို့ လုပ်နိုင်သည်မှာ သေဆုံးခြင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့လေသည်။
“သိပ်ကောင်းတယ်” အဘိုးအိုကလေးငယ်သည် သူ၏ နှုတ်ခမ်းများကို လျှာနှင့်တချက်သပ်လိုက်ပြီးနောက်တွင် လှောင်ပြောင်လိုက်တော့သည်။
“ကောင်းကောင်းစားသောက်လိုက်ကြ ငါ့ကလေးတွေ၊အဲ့ဒါပြီးရင် ဒီနေရာကနေ သွားသင့်တဲ့နေရာကို ထွက်သွားကြပေတော့”
“ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့ရဲ့ နောက်လိုက်တွေက မင်းတို့ကို စောင့်မျှော်နေကြတယ်”
တစ္ဆေကလေးငယ်များသည် မူချင်းကောတို့ထံသို့ ရောက်ခါနီးအချိန်တွင် အဘိုးအိုကလေးငယ်တစ္ဆေမှာ ရုတ်တရက် မျက်နှာ ပျက်ယွင်းကာ အမူအရာပြောင်းသွားတော့လေသည်။ သူက ချက်ချင်းပင် အပေါ်သို့ မော့ကြည့်လိုက်လေတော့သည်။
“ဝုန်း”
“ဝုန်း”
“ဝုန်း”
သူတို့ပတ်ပတ်လည်အား ဝန်းရံထားသည့် အလောင်းကောင်နှင့် အရိုးခြောက်များကို အရပ်မျက်နှာ သုံးဖက်မှ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။အရိုးခြောက်နှင့်အလောင်းကောင်များမှာ လေထဲသို့ တစစီမြောက်တက်သွားခဲ့တော့သည်။
တိုက်ခိုက်နေသည့်လူကို သဲသဲကွဲကွဲ မမြင်ရသောကြောင့် တစ္ဆေကလေးငယ်များ အားလုံးမှာ တိတ်ဆိတ်ကာ ငြိမ်ကျသွားတော့သည်။
ထို့နောက်တွင် ပုံရိပ်သုံးခုမှာ လေထုထဲသို့ ပျံသန်းလာခဲ့သည်။
“နဂါးနိုင်လက်ဝါးသိုင်း သုံးကွက်မြောက်သိုင်းကွက် - ကြိုးကြာတောင်ပံဖြန့်”
ရှင်းလင်းပီသသော အသံတသံထွက်ပေါ်လာပြီးနောက် ထိုပုံရိပ်သုံးခုမှာ ဧရာမ ရွှေရောင်နဂါးကြီး သုံးကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့လေသည်။
“ဝေါင်း ဂရား ဂါး”
နဂါးကြီးသုံးကောင်မှာ လေထုထဲတွင်လှည့်ပတ်နေရင်း ပတ်ပတ်လည်တွင် ရှိရှိသမျှသော အလောင်းကောင်များအားလုံးကို ဝင်တိုက် ကုတ်ဆွဲကာ ချေမှုန်းလိုက်တော့သည်။
ထို့နောက်တွင် လေထုထဲမှာပင် နဂါးသုံးကောင်မှာ ပေါင်းစပ်သွားပြီး ဧရာမနဂါးကြီး ဖြစ်သွားလေတော့၏။ထိုနဂါးကြီးမှာ ဟိန်းသံတချက်ပေးကာ ကောင်းကင်မှ မြေပြင်သို့ ဇောက်ထိုးဆင်းချလာတော့သည်။
“ဝုန်းး”
နဂါးကြီးကျဆင်းလာသော အရှိန်ကြောင့် တစ္ဆေကလေးငယ်များမှာ အဝေးသို့ အရှိန်နှင့် လွင့်ပျံသွားကာ ပတ်ပတ်လည်ရှိ အလောင်းကောင်များအားလုံးသည်လည်း ပြာမှုန့်များအဖြစ်သို့ ရောက်သွားခဲ့တော့လေသည်။
နဂါးကြီးပျောက်ကွယ်သွားပြီးနောက် အတွင်းမှ ရွှေရောင်အလင်းများ လွှမ်းခြုံထားသော ပုံရိပ်တခု ထွက်လာခဲ့လေ၏။
သူ့ အနောက်တွင်က သက်ရှည်သစ်သားတုံးမှာ လေထုထဲတွင် မျောလွင့်ကာ လိုက်ပါနေခဲ့သည်။
ထိုလူက ကျွမ်းတပတ်ပစ်ကာ သစ်သားတုံးပေါ်သို့ ခုန်တက်လိုက်တော့သည်။
“မိစ္ဆာကောင်”
လေထုထဲတွင် ပဲ့တင်သံတသံထွက်သွားခဲ့လေသည်။
“စီနီယာချန်ချင်း” ယင်ချန်းလီက လီချန်ချင်းတယောက် သက်ရှည်သစ်သားတုံးပေါ်တွင် ပျံသန်းနေသည်ကို မြင်လိုက်သောကြောင့် စိတ်လှုပ်ရှားကာ အံ့ဩနေခဲ့တော့သည်။လီချန်ချင်းက ဘာလို့ ဓားမရှိပဲနဲ့ သစ်တုံးကြီးနဲ့ ပျံနေရတာလဲ။
အမှန်တကယ်တော့ လီချန်ချင်းမှာ မပျံသန်းနိုင်ပေ။သူ၏ နတ်ဘုရားဝိဉာဉ်က ရုပ်ဝတ္ထုပစ္စည်းများကို ထိန်းချုပ်ကာ ပျံသန်းအောင် လုပ်နိုင်ခြင်းသာ ဖြစ်၏။သူက ထိုပစ္စည်းများအပေါ်တွင် ကပ်တိုးလေး လိုက်စီးခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူက ခွေးချေးတုံးပေါ်တွင်ပင်လျှင် လိုက်စီးကာ ပျံသန်းနိုင်ဦးမည် ဖြစ်သည်။
“လေးယောက်မြောက်လူ” တစ္ဆေကလေးငယ်မှာ လီချန်ချင်းအား မြင်သော် သူ၏ မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့လေသည်။
“အကိုချန်ချင်း ကယ်ပါဦး”
လီချန်ချင်းမှာ နဂါးပုံပြောင်းကာ အလောင်းကောင်များကို တိုက်ခိုက်နိုင်သဖြင့် သူ၏ ကျင့်ကြံစွမ်းအားမှာ ဖိနှိပ်ခြင်းမခံရသည်ကို မြင်လိုက်သဖြင့် မူချင်းကောနှင့် ရှမူဟိုင်တို့မှာ မျှော်လင့်ချက်များ ပြည့်ဝသွားသလို အလွန်လည်း ဝမ်းသာသွားခဲ့လေသည်။
“ဝှစ်”
တစ္ဆေကလေးငယ်၏ နောက်ကျောထံမှ နောက်ထပ် လက်ကြီးတဖက်ထွက်လာကာ လီချန်ချင်းကို လှမ်းဆွဲလိုက်လေ၏။
သို့သော် လီချန်ချင်းမှာ လုံးဝ မလန့်သွားပေ။
“အကောင်းအဆိုးကို နားမလည်တဲ့ မိစ္ဆာကောင်ပဲ”
လီချန်ချင်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ပန်းပုရုပ်တရုပ်မှာ ပျံသန်းထွက်ပေါ်လာခဲ့လေသည်။
ပန်းပုရုပ်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းက ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့တော့လေသည်။တချိန်တည်းမှာပင် ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများသည်လည်း ထွက်ပေါ်လာခဲ့တော့လေသည်။
သစ်သားဗုဒ္ဓရုပ်ထုမှ ထွက်ပေါ်နေသည့် ဗုဒ္ဓကျမ်းစာသံများနှင့် ဗုဒ္ဓရွှေအလင်းများသည် ဘီလူးကြီးတကောင်လို နေရာအနှံ့သို့ ကြီးမားပျံ့နှံ့သွားကာ အရာအားလုံးကို ဖိနှိပ်ချလိုက်တော့လေ၏။
ပျံသန်းလာသော တစ္ဆေလက်သည်းကြီးမှာ ချက်ချင်းပင် ပြာဖြစ်သွားခဲ့တော့သည်။
“ဗုဒ္ဓ”
တစ္ဆေကောင်လေး၏ မျက်နှာအမူအရာမှာ ချက်ချင်းကို ပျက်ယွင်းသွားခဲ့တော့လေသည်။