← Chapters

ဗုဒ္ဓအလင်းက အကန့်အသတ်မဲ့တယ်

Vol. 5 Ch. 45

ဗုဒ္ဓအလင်းက အကန့်အသတ်မဲ့တယ်

Vol. 5 Ch. 45

သူက ဗုဒ္ဓကို အလွန်ကြောက်ရွံ့သည့်ပုံဟန်ရှိလေသည်။

ထို့ကြောင့် ဗုဒ္ဓက ကျမ်းစာများနှင့် ရွှေအလင်းများကို အသုံးပြုကာ သူ့အား ဖိနှိပ်သည့်အချိန်တွင် သူ့အတွက် မသက်မသာခံစားနေခဲ့ရတော့သည်။

ဗုဒ္ဓအလင်းနှင့် ရင်ဆိုင်ရသော် တစ္ဆေလက်သည်းမှာ ကြီးမားသော ထိန်းချုပ်မှုကိုခံလိုက်ရသည့်အလားပင်။ကောင်းကင်ထိတိုင်အောင် မြင့်တက်နေသည့် တစ္ဆေအရှိန်အဝါများမှာ ဗုဒ္ဓအလင်းကျရောက်လာသည်နှင့် ချက်ချင်းကို ဖျက်စီးခြင်းခံလိုက်ရလေသည်။

ရှမူဟိုင်နှင့် မူချင်းကောတို့သည်လည်း တစ္ဆေလက်သည်း၏ ထိန်းချုပ်ထားမှုမှာ ပြုတ်ကျလာခဲ့ကြတော့လေသည်။ဗုဒ္ဓအလင်းကြောင့် တစ္ဆေကလေးငယ်များ၏ ငိုသံမှာ အရိုးထဲထိစိမ့်ဝင်လောက်အောင်ပင် ကြောက်ရွံ့ဖွယ်ကောင်းလှသောကြောင့် ကြားလိုက်ရသော လူတိုင်းကို မသက်မသာ ဖြစ်စေသွားတော့သည်။

ထိုအသံမှာ ဆံပင်မွှေးများ ‌ထောင်ထမတက်ပင်။

အနက်ရောင်မီးခိုးငွေ့များမှာ ၎င်းတို့၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေကာ အရေပြားများမှ အဆက်မပြတ်ထွက်နေခဲ့တော့လေသည်။

၎င်းတို့၏ အရေပြားများမှာ စတင်၍ ပုပ်သိုးလာခဲ့တော့လေ၏။

ထိုအချိန်၌ လီချန်ချင်း၏ ဗုဒ္ဓပန်းပုရုပ်ထုမှာ နေမင်းကြီးကဲ့သို့ လင်းထိန်ကာ တောက်ပနေလေ၏။တစ္ဆေကလေးငယ်မှာလည်း နာကျင်မှုအကြီးစားကို ခံစားနေရတော့၏။သူ့မျက်လုံးထဲတွင် ဗုဒ္ဓ၏ အလင်းတန်းကို ကြောက်ရွံ့မှုနှင့်အတူ ခါးသီးသော ခံစားချက်များကိုလည်း မြင်တွေ့နိုင်ပေသည်။

“မဖြစ်နိုင်ဘူး”

“ဗုဒ္ဓက ပျောက်ကွယ်သွားခဲ့တာကြာပြီ။မင်းကဘယ်သူလဲ”

ကောင်လေးက အော်ဟစ်လိုက်လေသည်။ထို့နောက်တွင် တစ္ဆေကလေးငယ်လေးသုံးကောင်မှာလည်း ဗုဒ္ဓ၏ အလင်းကြောင့် ပြာဖြစ်သွားခဲ့လေပြီ။

“ငါ ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။အဓိက အရေးကြီးတာက မင်းက တခြားလူတွေကို အန္တရာယ်ဆက်မပေးနိုင်တော့ဖို့ပဲ”

လီချန်ချင်းသည် သက်ရှည်သစ်သားပေါ်မှ ဖြေးညင်းစွာ ဆင်းသက်လာခဲ့သည်။သူ့ခေါင်းပေါ်မှ ဗုဒ္ဓရုပ်ထုသည်လည်း ဖြေးညင်းစွာနှင့် ဆင်းလာခဲ့တော့သည်။

ကောင်လေးမှာ အတင်းအကြပ်ဒူးထောက်ရမည့် အားလှိုင်းသက်ရောက်ခြင်းကို ခံနေခဲ့ရသည်။သို့ပေမယ့် ထိုကောင်လေး၏ ခွန်အားမှာ လွန်စွာမှကို စွမ်းအားကြီးကာ သန်စွမ်းလှပေသည်။သူ့အား ဗုဒ္ဓအလင်းမှ ဖိနှိပ်ထားသည့်တိုင်၊သူက တစ္ဆေကလေးငယ်သုံးကောင်လိုမျိုး ချက်ချင်းပြာမဖြစ်သွားခဲ့ပါချေ။

“အကိုချန်ချင်း အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်” မူချင်းကောသည် ကမ္ဘာပျက်ကပ်ဘေးကြီးကို ကျော်လွန်ပြီး အသက်ရှင်လွတ်မြောက်လာသလို ခံစားခဲ့ရတော့လေသည်။

နဂါးပုံရိပ်ကြီးမှ ပြောင်းလဲသွားသော လီချန်ချင်း၏ ကောင်းကင်ထက်မှ ကျဆင်းလာသော နတ်ဘုရားတပါးကဲ့သို့ ဖြစ်နေသည့် ပုံရိပ်မှာ သူမ၏ နှလုံးသားအနက်ပိုင်းထဲတွင် စွဲထင်သွားခဲ့လေပြီ

ရှေးဟောင်းခေတ်ကတည်းက မိန်းမလှလေးတိုင်းက သူရဲကောင်းတွေကို သဘောကျကြသည် မဟုတ်ပါလား။

“အကိုချန်ချင်းက ကျုပ်ကို ထပ်ကယ်လိုက်ပြန်ပြီ” ရှမူဟိုင်သည်လည်း အလွန်အမင်းကို ကျေးဇူးတင်နေခဲ့ပါတော့သည်။

“ဝူးးး စီနီယာချန်ချင်း ကျွန်တော် သေပြီလို့တောင် ထင်နေတာဗျ” ယင်ချန်းလီက လီချန်ချင်းထံသို့ ပြေးသွားပြီး လီချန်ချင်း၏ ပေါင်ကို ဖက်ကာ ငိုနေခဲ့တော့သည်။

“ဒါကို မှတ်ထား” တစ္ဆေကောင်လေးမှာ ရုတ်တရက် ချောက်ချားဖွယ်ရာ အပြုံးတခုကို ပြုံးပြလိုက်ပြီး

“သူတို့ကို ငါက ဝင်မပူးနိုင်ခဲ့ပေမဲ့ ဒီကိစ္စက ဒီနေရာမှာတင် မပြီးသွားဘူး။အနာဂတ်မှာ ငါတို့ ဒီနေ့ကိစ္စကို ထပ်ဖြေရှင်းမယ်”

ထိုသို့ပြောပြီးနောက်တွင် ကောင်လေးသည် သူ၏ ဦးခေါင်းထက်တွင် ရွှေအလင်းများထွက်နေသော ဗုဒ္ဓရုပ်ထုကို ကြည့်ကာ အံတချက်ကြိတ်လိုက်လေ၏။ထို့နောက်တွင် ဗုဒ္ဓတသောင်းခန်းမသို့ ပျံသန်းကာ ဝင်ရောက်သွားခဲ့တော့သည်။

ဘမ်းကနဲ အသံတချက်မြည်ကာ ဗုဒ္ဓတသောင်းခန်းမ၏ တံခါးမကြီးမှာ တင်းကျပ်စွာဖြင့်ပိတ်ဆို့သွားခဲ့လေသည်။

လီချန်ချင်းသည် ထိုအချိန်မှ စိတ်သက်သာရာရသွားခဲ့ပြီး လက်တချက်အဝှေ့တွင် ဗုဒ္ဓပန်းပုရုပ်မှာ ကောင်းကင်ပေါ်မှနေ၍ သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး သာမန်သစ်သားရုပ်တရုပ်ဖြစ်သွားလေတော့သည်။

ထိုသစ်သားရုပ်မှာ ယခုလေးတင် လီချန်ချင်း ထုလုပ်ထားသည့်အရုပ်ပင်ဖြစ်ပါသည်။သူက လူအချို့ပြောနေကြသော စကားများကိုကြားခဲ့လေသည်။တစ္ဆေမျိုးနွယ်များက ဗုဒ္ဓကိုကြောက်ရွံ့သည်ဟု ကြားခဲ့သောကြောင့် တစ္ဆေများကို ဖိနှိပ်နိုင်မလားဟု စမ်းသပ်ကြည့်လိုသောကြောင့် ဗုဒ္ဓရုပ်ထုကို ထုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

မမျှော်လင့်ပဲ၊သက်ရောက်မှုမှာ လွန်စွာ ကောင်းမွန်လှပေ၏။

ဒါပေမဲ့ ဗုဒ္ဓတသောင်းခန်းမမှ ကောင်လေးကို ဗုဒ္ဓရုပ်ထုကပင် အသေမသတ်နိုင်ခဲ့ချေ။

ထိုသို့ဆိုလျှင်တောင်မှ လီချန်ချင်းက ဗုဒ္ဓတသောင်းခန်းမထဲသို့ ဝင်ရောက်ကာ ထိုတစ္ဆေကောင်လေးကို နှိမ်နင်းရန် စိတ်ကူးမရှိပါချေ။

အထဲမှာ ထောင်ချောက်တွေ ဘာတွေ ရှိရင် ဘယ်လိုလုပ်မလဲ

သူသာ တခုခုဖြစ်သွားခဲ့ရင် သူ့ရဲ့သားကို ဘယ်သူက စောင့်ရှောက်မှာလဲ

“အားလုံး အဆင်ပြေကြရဲ့လား” လီချန်ချင်းသည် လူတိုင်းကို ထရပ်နိုင်အောင် ကူညီပေးလိုက်သည်။

“ကောင်လေး ငါ့ခြေထောက်ကို ဖက်ထားတာလွှတ်ဦး။ငါ့ ခြေထောက်ကျဉ်နေပြီ”

လီချန်ချင်းသည် ယင်ချန်းလီအား အဝေးသို့ တွန်းရန် ကြိုးစားနေသည်။

“ဟေ့ နှပ်ချီးတွေကို ငါ့ဝတ်ရုံနဲ့ မသုတ်နဲ့လေ ‌အော် ကဲ...”

“စီနီယာချန်ချင်း ဟိုမှာ”

ရုတ်တရက် ယင်ချန်းလီက အော်ဟစ်လိုက်ပြီး လီချန်ချင်း၏ အနောက်သို့ လက်ညှိုးညွှန်ပြလိုက်လေသည်။

ထိုအချိန်၌ မြေပြင်မှာ တဆတ်ဆတ် တုန်ယင်လာခဲ့ပြန်တော့သည်။သူတို့ လှည့်ကြည့်လိုက်ရာ သူတို့၏ ပတ်ပတ်လည်၌ မြေအောက်ထဲမှ ဖုတ်အလောင်းကောင်များစွာတို့ ထပ်မံ၍ ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရပြန်သည်။အလောင်းကောင်တကောင်ချင်းစီကလည်း သတ်ဖြတ်လိုသော အရှိန်အဝါများ တလူလူထွက်နေခဲ့တော့သည်။

၎င်းတို့မှာ လီချန်ချင်းတို့ လူစုကို တစစီဆွဲဖြဲချင်နေသည့်အလားပင်။

“ဟမ့်”

“အကောင်းအဆိုးမသိသေးတဲ့ မိစ္ဆာလေးပဲ”

လီချန်ချင်း၏ ဝတ်ရုံမှာ သူ၏ လက်အဝှေ့၌ လှုပ်ခတ်သွားခဲ့လေတော့သည်။ဆန်းကြယ်သော စွမ်းအားများမှာ လေနုအေးလေးများ တိုက်ခတ်သလို ထွက်ပေါ်လာလေသည်။

“ရပ်တန့်လိုက်စမ်း”

ထိုစကားလုံးမှာ လီချန်ချင်း၏ နှုတ်ခမ်းမှ ထွက်သွားပြီးသည့်နောက်တွင် ဖုတ်ကောင်များအားလုံးမှာ ချက်ချင်း ရပ်တန့်သွားခဲ့တော့လေသည်။

သူတို့၏ ပုံစံများမှာ အရှေ့သို့ကိုင်းကာ လမ်းလျှောက်ရန်ပြင်နေကြသည့်ပုံစံအတိုင်းကြီး ကျောက်ရုပ်များလို ရပ်တန့်သွားလေခဲ့တော့သည်။

အဆုံးမရှိသော ကိုယ်ပျောက်ပိုးချည်မျှင်များက သူတို့အား ချည်နှောင်ထားလိုက်သည့်အလားပင် ဖြစ်နေခဲ့သည်။

ထိုသိုင်းကျင့်စဉ်ကို မြင်လိုက်သော် လူတိုင်းမှာ ပင့်သက်ရှိုက်လိုက်ကြမိတော့သည်။

အဆိုးဆုံးမှာ ရှမူဟိုင်ဖြစ်သည်။

သူက လုံးဝကို ဆွံ့အနေခဲ့လေပြီ

အဘယ်ကြောင့်ဆိုသော် ထိုသိုင်းပညာရပ်မှာ သာမန်သိုင်းပညာရပ်မဟုတ်ပေ။သူတို့ ရှေးဟောင်းတာအိုဂိုဏ်း၏ စည်းတံဆိပ်ငါးချက် ကျင့်စဉ်ထဲမှ တခုဖြစ်သော ချုပ်နှောင်ခြင်း စွမ်းအားပင် ဖြစ်နေသောကြောင့်ပင်။

လီချန်ချင်းက အဲ့ဒါကို တကယ်ကြီး တတ်မြောက်နေတာလား

လီချန်ချင်းက နတ်ဘုရားဝိဉာဉ်ကို ပန်းချီဆရာများကဲ့သို့ ကျင့်ကြံသည့်တိုင် ‌ရှေး‌ဟောင်းတာအိုဂိုဏ်း၏ စည်းတံဆိပ်ငါးချက်ကျင့်စဉ်မှာ လုံးဝသာမန်မဟုတ်ပါချေ။

စည်းတံဆိပ်ငါးချက်ကျင့်စဉ်မှာ အလွန်နက်နဲသိမ်မွေ့သော ကျင့်စဉ်တခုဖြစ်ပြီး ရှေး‌ဟောင်းတာအိုဂိုဏ်းကို တည်ထောင်သူမှ တီထွင်ခဲ့သော ကျင့်စဉ်လဲ ဖြစ်ပါသည်။

ပန်းချီသူတော်စင်များပင်လျှင် ထိုကျင့်စဉ်ကို ပုံတူကူးကာ ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပါချေ။

စည်းတံဆိပ်ငါးချက်၏ ပထမအဆင့်ဖြစ်သော “နတ်ဘုရားခြေလှမ်း”၊”ပြိုင်ဘက်ကင်း”၊”အားတထောင်” တို့ကို ကူးယူကာ အသုံးပြုနိုင်သည်ဆိုရင်တောင်မှ ရှမူဟိုင်က သိပ်အံ့အားသင့်လိမ့်မည်မဟုတ်ချေ။

ယခု လီချန်ချင်းအသုံးပြုသွားသည်မှာ စည်းတံဆိပ်ငါးချက်၏ တတိယမြောက်အဆင့် ဖြစ်သော “ချုပ်နှောင်ခြင်း” ဖြစ်လေသည်။နောက်ပြီး လက်တချက်အဝှေ့မှာပင် ရာချီသော ဖုတ်ကောင်များကို သူက ချုပ်နှောင်လိုက်သည် မဟုတ်ပါလား။ထိုကဲ့သို့သော စွမ်းရည်မှာ သူတတ်နိုင်သော ပမာဏကို ကျော်လွန်နေခဲ့ချေပြီ။

လီချန်ချင်းရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်က ဘယ်လောက်တောင်မှကို စွမ်းအားကြီးနေခဲ့ရတာလဲ။တစ္ဆေစွမ်းအားများ၏ ဖိနှိပ်မှုကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းက လျော့ကျသွားတာလည်းမရှိပြန်ဘူး။ဒီလူနဲ့ပတ်သက်ပြီးတော့ လျို့ဝှက်ချက်တွေ၊ထူးခြားတာတွေ အရမ်းကို များပြားလွန်းနေတယ်။

“ဖိနှိပ်လိုက်စမ်း”

သူ၏ လက်ထဲမှ သစ်သားဗုဒ္ဓရုပ်ထုမှာ ကောင်းကင်သို့ ပျံတက်သွားခဲ့တော့လေသည်။ဗုဒ္ဓ၏ နှုတ်မှအသံထွက်လာပြီးနောက်တွင် ဖုတ်ကောင်များအားလုံးမှာ ငြိမ်ကျသွားတော့လေ၏။

ထို့နောက်တွင် အလောင်းကောင်များသည် ပေါက်ကွဲထွက်ကာ အမှုန့်များ ဖြစ်သွားခဲ့လေတော့သည်။

ဒါပေမယ့် အခုက အဆုံးသတ်မဟုတ်‌သေးပေ။လီချန်ချင်းက သူ၏ လက်ကို မြောက်လိုက်ရာ သစ်သားဗုဒ္ဓရုပ်သည် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ကောင်းကင်အမြင့်၌ တွဲလွဲခိုနေသော သွေးနီရောင်မျက်လုံးနှစ်လုံးရှိရာသို့ ဦးတည်သွားခဲ့တော့သည်။

သူသာ ဒီကနေ ထွက်သွားချင်ပါက ထိုသွေးနီရောင်မျက်လုံးက သော့ချက်ဖြစ်သည်ကို လီချန်ချင်းက သိနေလေ၏။

သွေးနီရောင်မျက်လုံးမှာ သစ်သားဗုဒ္ဓရုပ်နှင့် ရင်ဆိုင်တွေ့သွားကာ လွန်စွာ နီရဲနေသော အလင်းတန်းကို ထုတ်လွှတ်လိုက်လေသည်။သွေးနီရောင်အလင်းတန်းမှာ ဗုဒ္ဓကို ဖိနှိပ်ထားသည့်ပုံဟန်ပင်။သို့ပေမယ့် ဗုဒ္ဓ၏ ရွှေအလင်းမှာလဲ လွန်စွာမှကို လင်းလက်တောက်ပနေခဲ့သည်။

၎င်းတို့မှာ အချင်းချင်းအားပြိုင်နေခဲ့တော့လေသည်။

သစ်သားဗုဒ္ဓရုပ်၏ကိုယ်ပေါ်၌ ဆေးဆိုးထားသကဲ့သို့ သွေးနီရောင်အကွက်အကြီးကြီး ပေါ်လာခဲ့တော့လေသည်။

ဒါပေမယ့် တချိန်တည်းမှာပင် သွေးနီရောင်မျက်လုံးမှာလည်း ပြိုကျစပြုနေခဲ့ပြီ။

လောကကြီးတခုလုံး၌ ကြီးမားလှသော အက်ကြောင်းကြီးများ ပေါ်လာခဲ့တော့လေသည်။

ပြင်းထန်လှသော လေများသည် ထိုအက်ကြောင်းမှ ဝင်ရောက်လာခဲ့တော့သည်။ထိုအက်ကြောင်းမှတဆင့် အပြင်ဘက်ကမ္ဘာကို သူတို့ အာရုံခံစားလိုက်မိသွားတော့သည်။

“ထွက်သွားကြမယ်”

လီချန်ချင်းက ယင်ချန်းလီ၏ လက်ကို ကိုင်ဆွဲလိုက်ပြီး ကျန်နှစ်ယောက်ကို ပြောလိုက်လေသည်။

အားလုံးက ခေါင်းညိတ်ပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့လေသည်။တချိန်တည်းမှာပင် ကောင်းကင်မှ ဗုဒ္ဓရုပ်ထုကလည်း ပြုတ်ကျလာပြီး ဘုရားကျောင်း၏ အဝင်ဝသို့ ပိတ်ဆို့သွားခဲ့လေတော့သည်။

လောကကြီးမှာ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်တော့သည်.

“ဟီးဟီးဟီး”

“မင်းတို့ တကယ်ပဲ လွတ်ပြီလို့ထင်နေတာလား”

“ငါ့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ထွက်ပေါ်လာတော့မယ်”

မိန်းမငယ်လေးကဲ့သို့ အသံမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။ဤတကြိမ်တော့ ထိုအသံမှာ ပို၍ပင် ကျောချမ်းစရာကောင်းနေတော့သည်။

“ဝှစ်”

ဂူအတွင်း၌ ရှေးဟောင်းပန်းချီစာလိပ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အလိုလို မီးထလောင်သွားခဲ့သည်။

ရှမူဟိုင်နှင့် ကျန်သူများမှာ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားခဲ့တော့လေသည်။ကပ်ဘေးဆိုးကြီးမှ အသက်ရှင်လျက် သီသီလေး လွတ်မြောက်လာသည်ကို ခံစားလိုက်ရတော့သည်။ရှမူဟိုင်သည် ယခုလိုမျိုး သေခြင်းတရားနှင့် နပမ်းသတ်ခဲ့ရသည့် ခံစားချက်မျိုးကို မခံစားရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီမှန်းကို မမှတ်မိတော့ပါချေ။

“အဆင်ပြေကြရဲ့လား”

လီချန်ချင်းက ပြုံးရင်းမေးလိုက်သည်။

“အသက်ကို ကယ်ပေးလို့ နောက်တခေါက်ထပ် ကျေးဇူးတင်ပါရ‌စေ၊တာအိုရောင်းရင်းချန်ချင်း”

မူချင်းကောက သူမ၏ နှုတ်ခမ်းများကို စုဝိုင်းကာ ပြောလိုက်၏။ထို့နောက် မတ်တပ်ထရပ်ကာ လီချန်ချင်းကို အရိုအသေပေးလိုက်တော့လေသည်။

“တာအိုရောင်းရင်း ချန်ချင်းက ကျွန်မတို့ရဲ့ ဆေးဘုရင်တောင်ကြားကို ဧည့်သည်တော်အဖြစ်လာလည်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။အိမ်ရှင်ဖြစ်တဲ့ ကျွန်မက ကောင်းကောင်းကို ဧည့်ဝတ်ကျေပွန်ပါ့မယ်”

All Chapters