မကျေချမ်းဝိဉာဉ်ကျိန်စာ
Vol. 5 Ch. 46
" ဒါပေါ့ဗျာ လာလည်ရမှာပေါ့" လီချန်ချင်းက မူချင်းကော ၏ ဖိတ်ခေါ်စကားများကို ယဉ်ကျေးစွာလက်ခံလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
" တာအိုရောင်းရင်း ချန်ချင်း က ဘယ်အချိန်လာမှာလဲ " မူချင်းကော က သတိမထားမိဘဲ မေးလိုက်မိသည်။
သို့ပေမယ့်လည်း သူမ မေးပြီးသည်နှင့် မူချင်းကောသည် ရုတ်တရက် သတိဝင်လာခဲ့တော့လေ၏။
လီချန်ချင်း သည်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ဒါက မေးခွန်းမေးတဲ့ နည်းလမ်းလား
ရှမူဟိုင် နှင့် ယင်ချန်းလီ တို့က ပို၍ပင်ကြောင်အသွားကြပြီး မူချင်းကောကို ကြည့်လိုက်ကြသည်။
ဆေးဘုရင်တောင်ကြားရဲ့ နတ်မိမယ် စုန့် က နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်တဲ့ ပါရမီရှင် လူငယ်လေးတွေဆီက ပိုးပန်းခံရတဲ့သူဖြစ်ပြီး အဲ့ဒီ့ လူတွေကို တန်းစီလိုက်မယ်ဆိုရင်တောင်မှ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ တောင်တံခါးဝကနေ တိမ်တိုက်နယ်မြေအထိကို ရောက်တဲ့ လူအုပ်တန်းကြီး ဖြစ်ကုန်မှာလေ။
မူချင်းကောက တခြားလူတစ်ယောက်ကို အလည်ဖိတ်ခေါ်ပြီး ဘယ်အချိန်လာမှာလဲလို့ မေးဖို့မဆိုထားနှင့် မရေမတွက်နိုင်တဲ့ လူတွေက သူတို့ ချစ်ခွင့်ပန်တာနဲ့ မူချင်းကော ဆီကနေ ငြင်းပယ်ခံကြရပေသည်။
တစ်ခုခုမှားနေပြီ။
လီချန်ချင်း သည်လည်းပဲ အနည်းငယ် ရှက်နေပြီး တစ်ခဏတော့ သူက ဘာပြောရမယ်မှန်းမသိ ဖြစ်သွားခဲ့သည်။
မူချင်းကောသည်လည်း မသက်မသာခံစားလိုက်ရသည်။ သူမက ထိုကိုးရိုးကားယားနိုင်သည့် အခြေအနေကို ပြေပျောက်စေရန်အတွက် တစ်ခုခုပြောလိုက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် လီချန်ချင်း၏ မျက်ဝန်းများမှာ ချက်ချင်းကို ကျဉ်းမြောင်းသွားခဲ့လေတော့သည်။သူ၏ အကြည့်မှာ မူချင်းကော၏ ဖြူဖွေးနေသော လည်တိုင်သို့ ရောက်သွားတော့သည်။
" ဒါက ဘာလဲ ၊ နတ်မိမယ်စုန့် ဒါက အမြဲတမ်းရှိတာလား " လီချန်ချင်း က အံ့ဩသွားကာ မေးလိုက်သည်။
" ဘာကြီးလဲ " မူချင်းကောက အလိုအလျောက် လက်လှမ်းလိုက်ပြီး သူမ၏ လည်ပင်းကိုထိလိုက်သော်လည်း ဘာကိုမှ မခံစားရပေ။ ထို့ကြောင့် သူမ၏ အင်္ကျီရင်ဘတ်ထဲမှ ကြေးနီရောင် မှန်ကို ထုတ်ယူလိုက်ပြီး သူမ ဘာသာ မှန်ထဲ၌ ကြည့်လိုက်သည်။
မှန်ထဲမှ ပုံရိပ်ကို တွေ့ပြီးသည့်နောက်တွင် မူချင်းကော၏ မျက်နှာက အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကျောက်စိမ်းရောင်လည်ပင်းထက်၌ ထူးဆန်းသည့် အမှတ်တစ်ခုကို ရှာတွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ထိုအမှတ်က ကလေးငယ်တစ်ယောက်၏ သေးငယ်သည့် လက်သည်းနှင့် ကုတ်ခြစ်မိထားကဲသို့ပင်။
ထို့အပြင် သူတို့ အရင်က ကြုံတွေ့ခဲ့ရသည့် ကလေးဝိဉာဉ်၏ လက်သည်းရာနှင့် အတိအကျ တူညီလေသည်။
မူချင်းကောက သူမလက်နှင့် ပွတ်၍ ဖျက်လိုက်သော်လည်း ထိုအရာက လုံးဝဖျက်လို့မရသည်ကို တွေ့လိုက်ရသည်။ ထိုအရာက သူမ၏ခန္ဓာကိုယ်ပေါ်၌ တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ပင်။
" တာအိုသခင် ရှ ၊ ခင်ဗျားရဲ့ လည်ပင်းမှာရောပဲ ရှိတယ်" လီချန်ချင်း က ရှမူဟိုင်ကို ကြည့်လိုက်ပြီး ရှမူဟိုင် သည်လည်း သူ့လည်ပင်း၌ ထိုအတိုင်း အမှတ်တစ်ခုရှိနေသည်ကို တွေ့လိုက်ရပေသည်။
" ကျွန်တော့် မှာလည်း ရှိတယ်လား " ရှမူဟိုင်က အလွန်အမင်း မျက်မှောင်ကြုတ်လိုက်သည်။
" တကယ်လား ၊ ကျွန်တော့ မှာရော ရှိလား " ယင်ချန်းလီ က အနည်းငယ် စိုးရိမ်နေပေ၏။
လီချန်ချင်း ကြည့်ရန်အတွက် သူ၏ လည်ပင်းကို လျင်မြန်စွာပင် စောင်းပေးလိုက်သည်။
ထိုအတိုင်းပင်။ ယင်ချန်းလီ ၏ လည်ပင်းပေါ်၌ သေးငယ်သည့် တစ္ဆေလက်သည်း တစ်ခုရှိနေပေသည်။
လီချန်ချင်း က ခေါင်းညိမ့်လိုက်သည်ကို တွေ့ပြီး ယင်ချန်းလီ၏ မျက်နှာသည်လည်း ပြောင်းလဲသွားခဲ့သည်။
" ငါ့မှာ ရှိလား " လီချန်ချင်း က လည်း တခြားသူများမြင်နိုင်ရန်အတွက သူ့လည်ပင်းကို လျင်မြန်စွာစောင်းပေးလိုက်သည်။ သို့သော်လည်း သူတို့အားလုံးက လီချန်ချင်း၏ လည်ပင်း၌ ဘာမှမတွေ့ရသဖြင့် ခေါင်းယမ်းလိုက်ကြသည်။
" ဒါတွေက ဘာတွေများလဲ "
သူ၌ မရှိသည်ကို သိလိုက်ရသည်နှင့် လီချန်ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်လည်း ထိုအရာက ဘာလဲဆိုသည်ကိုလည်း သိချင်သွားခဲ့သည်။
" နတ်မိမယ် စုန့် ၊ မင်းဘယ်လိုထင်လဲ " ရှမူဟိုင်က ဤသည်ကို နားမလည်ပေ။ ထို့ကြောင့် သူက မူချင်းကော ကို ကြည့်နေခဲ့သည်။ ဆေးဘုရင်တောင်ကြား၏ ဆက်ခံသူဖြစ်သည့်အတွက် သူမက တစ်ခုခုသိထားပေလိမ့်မည်။
လီချန်ချင်းကလည်း မူချင်းကော ကို ကြည့်နေခဲ့သည်။
ထိုအချိန်၌ မူချင်းကော၏ မျက်နှာက အတော်လေး ဖြူဖျော့နေဆဲပင်ဖြစ်သည်။
" ဒါက .... ဒါက မကျေချမ်းဝိဉာဉ်ကျိန်စာ ပဲ " မူချင်းကော ၏ မျက်လုံးများက အတော်လေးကို မှုန်မှိုင်းနေပေသည်။
" မကျေချမ်းဝိဉာဉ်ကျိန်စာလား " မကျေချမ်းဝိဉာဉ်ကျိန်စာ အကြောင်း ကြားရသည်နှင့် ရှမူဟိုင်၏ မျက်လုံးများသည်လည်း ရပ်တန့်သွားခဲ့လေ၏။သူသည်လည်း ထိုကျိန်စာအကြောင်းကို ကြားဖူးခဲ့လေသည်။
လီချန်ချင်းတစ်ယောက်သာလျှင် သူတို့နှစ်ယောက် ၏ ရှင်းလင်းချက်ကို စိတ်ရှည်ရှည်နှင့်စောင့်နေပေသည်။
သို့သော်လည်း သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် စကားမပြောကြပေ။
" ဆရာ ၊ မကျေချမ်းဝိဉာဉ်ကျိန်စာ က ဘာလဲ " ယင်ချန်းလီ က စိုးရိမ်တကြီး မေးလိုက်သည် " လူတွေကို သေစေတာလား"
လီချန်ချင်းက ယင်ချန်းလီ၏ မေးခွန်းအား အလွန် စိတ်ကျေနပ်ပေသည်။
" မကျေချမ်းဝိဉာဉ်ကျိန်စာ က ဝိဉာဉ်ကဝေမျိုးနွယ်စု က စပြီးဆင်းသက်လာပြီး ဝိဉာဉ်တွေရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ပဲ " မူချင်းကောက ပြောလိုက်သည် " မကျေချမ်းဝိဉာဉ်ကျိန်စာ က လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝစွမ်းအားကို အကုန်အကျခံပြီး ထုတ်ဖော်ရတဲ့ ကျိန်စာတစ်ခုပဲ။ မကျေချမ်းဝိဉာဉ်ကျိန်စာ နဲ့ ကျိန်စာတိုက်ခံရတဲ့သူက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ ဝိဉာဉ်စွမ်းအားတစ်ခု ကိန်းဝပ်လာလိမ့်မယ် "
" တကယ်လို့ အဲ့ဒီ ဝိဉာဉ်စွမ်းအားက ပေါက်ကွဲသွားမယ်ဆိုရင် လူတွေကို သေချင်စိတ်ဖြစ်လာတဲ့အထိ သေချာပေါက်နှိပ်စက်ခံရပေလိမ့်မယ် "
" အရင်တုန်းက ဝိဉာဉ်ကဝေ တွေက မကျေချမ်းဝိဉာဉ်ကျိန်စာ ကိုသုံးပြီး လူတွေကို ထိန်းချုပ်ခဲ့ကြတယ်။အခုက ငါတို့က အဲ့ဒီ မကျေချမ်းဝိဉာဉ်ကျိန်စာ နဲ့ ကျိန်စာတိုက်ခံထားရတာ ပြောချင်တာက တစ်ယောက်ယောက်က ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို နှိပ်စက်ဖို့ ဝိဉာဉ်စွမ်းအားကို သေချာပေါက်သုံးနိုင်တယ်။ "
မူချင်းကောက ရှမူဟိုင်ကို လေးလေးနက်နက်ကြည့်လိုက်သည်။
" သူက တစ္ဆေကလေးငယ်တွေကိုသုံးပြီး ငါတို့ကို ဝင်ပူးဖို့မအောင်မြင်လို့ မကျေချမ်းဝိဉာဉ်ကျိန်စာ ကို သုံးလိုက်တာပဲ" ရှမူဟိုင်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး " အဲ့လူတွေမှာ ကြီးမားတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုရှိမယ်ထင်တယ် "
မူချင်းကောက ခေါင်းညိမ့်လိုက်ပြီး " ဗုဒ္ဓတစ်သောင်း ခန်းမ ထဲက ကောင်လေးရဲ့ စကားတွေကို မှတ်မိသေးလား ။ သူက ထာဝရရှင်သန်ခြင်းဂိုဏ်း ဆိုတဲ့ နာမည်တစ်ခုကို ပြောခဲ့တယ် "
မူချင်းကောက ခေါင်းယမ်းလိုက်ပြီး " ကျွန်တော် တစ်ခါမှ မကြားဖူးဘူး "
" ဆရာ ဒီ မကျေချမ်းဝိဉာဉ်ကျိန်စာကို ဘယ်လို ကုသနိုင်လဲ " ယင်ချန်းလီက အမောတကော မေးလိုက်သည်။မူချင်းကော ဖော်ပြထားသည့် သေဆုံးခြင်းထက် ပို၍ ဆိုးရွားသည့် ခံစားချက်အတွ့အကြုံကို မလိုချင်ပေ။
" ငါမသိဘူး ၊ ဂိုဏ်းကို ပြန်ရောက်တဲ့အချိန်ကျရင် အဖေ့ကိုမေးရမယ် မူချင်းကောက မကျေချမ်းဝိဉာဉ်ကျိန်စာကို သိသော်လည်း ထိုအရာက နှစ်အတော်ကြာပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ဆေးဘုရင်တောင်ကြား၌ ၎င်းနှင့် ပတ်သက်သည့် မှတ်တမ်းမရှိသောကြောင့် ဘယ်လိုဖယ်ရှားမလဲဆိုသည်ကို သူမ မသိပေ။
သူ့ဆရာတောင်မှ မသိသည်ကိုသိပြီးနောက်တွင် ယင်ချန်းလီက မျက်ကည်ကျလုနီးနီး ဖြစ်နေခဲ့သည်။
သူ၏ ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာမည့် လမ်းကြောင်းက မစတင်ခင်က အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
သူတို့ စကားပြောနေရင်း ရှမူဟိုင် နှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းလာခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လည်ပင်းပေါ်မှ သေးငယ်သည့် လက်ရာက စတင်ပြီး ကျယ်ပြန်လာကာ အနက်ရောင် ဝိဉာဉ်စွမ်းအားများ ထုတ်လွှတ်လာခဲ့သည်။
" တောင်ထိပ်သခင်ရှ”
ထိုသည်ကိုမြင်သည့်အခါတွင် လီချန်ချင်းသည်လည်း တုန်လှုပ်သွားခဲ့သည်။
ရှမူဟိုင်က ရုတ်တရက် ချွေးစေးများထွက်လာပြီး သူ့မျက်လုံးများက နီရဲလာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့သည်။ သူ၏ လည်ချောင်းထဲမှ နာကျင်သည့် အသံခပ်တိုးတိုးပင် ထွက်ပေါ်လာခဲ့သည်။
သာမန်လူများလိုက်မမှီနိုင်အောင် စိတ်စွမ်းအားကြီးမားကာ အစွမ်းထက်သည့် ရှမူဟိုင်ကဲ့သို့ အင်အားကြီး ပုဂ္ဂိုလ်ပင် ထိုအခိုက်အတန့်၌ လဲပြိုနေခဲ့သည်။
" တာအိုသခင် ရှ !" မူချင်းကောကို သူမလက်ကို ယမ်းလိုက်ပြီး ငွေအပ်များထုတ်ယူ လိုက်ပြီး ရှမူဟိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ များစွာသော သွေးကြောမှတ်များဆီသို့ ချက်ချင်းထိုးစိုက်လိုက်သည်။
ဤနည်းလမ်းက ရှမူဟိုင်အား နာကျင်မှုကို သက်သာစေရန် အကူအညီပေးပေသည်။
သို့သော်လည်း ရှမူဟိုင်၏ သွေးကြောမှတ်များဆီသို့ ငွေအပ်များ ထိုးစိုက်ပြီးသည့်နောက်တွင်လည်း ရှမူဟိုင်၏ လက္ခဏာများက လုံးဝ မသက်သာလာခဲ့ပေ။
" အား ! ! "
ရှမူဟိုင်က ရုတ်တရက်ပင် အရူးတစ်ယောက်ကဲ့သို့ ထရပ်ကာ ခပ်လှမ်းလှမ်းရှိကျောက်နံရံဆီသို့ ပြေးသွားခဲ့သည်။
ဗုန်း ! မသဲမကွဲ လဲကျသံနှင့်အတူ ရှမူဟိုင်က သူ့ကိုယ်သူ နံရံနှင့် ဝင်ဆောင့်နေခဲ့ပြီး သူ့ခေါင်းက သွေးများ မနည်းမနော ထွက်နေခဲ့သည်။ဝိဉာဉ်စွမ်းအားက သူ့ပတ်ပတ်လည်၌ လွှမ်းခြုံလာခဲ့ပြီး သူ့အား ပို၍ အလွန်အမင်းနာကျင်စေသည်မှာ ထင်ရှားပေသည်။
" ဘုရားရေ ! " ယင်ချန်းလီ က တအံ့တဩရေရွတ်လိုက်သည်။
တကယ်လို့ သူက တူညီတဲ့အခြေအနေတစ်ခုမှာ အဆုံးသတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
ရှမူဟိုင်က နောက်တစ်ခါနံရံဆီကို ပြေးဝင်သွားသည်ကိုတွေ့ပြီး လီချန်ချင်း က ရှမူဟိုင်က ဤအပြုအမူဖြင့် သူ့ကိုယ်သူ သတ်လိုက်မိမှာကို စိုးရိမ်ကာ ချုပ်နှောင်ခြင်းကျင့်စဉ်ကို အသုံးပြုပြီး ရှမူဟိုင် အား နေရာ၌ ရပ်နေစေခဲ့သည်။
" မင်းတို့အားလုံး သူ့ကို မျက်ခြေမပြတ် ကြည့်နေ " လီချန်ချင်းက ထိုစကားကိုပြောပြီးသည့်နှင့် သူ့နောက်မှ ထာဝရရှင်သန်ခြင်းသစ်သားက ပျံထွက်လာခဲ့သည်။
လီချန်ချင်း က သူ၏ ကိရိယာများကို ထုတ်ယူ၍ စတင် ပန်းပုထွင်းထုနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှမူဟိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းလာခဲ့ပြီး သူက မဖော်ပြနိုင်သော နာကျင်မှုကို ကြိတ်မှိတ်ကာ ခံနေရတော့လေသည်။
သူ၏ စိတ်ဝိဉာဉ်က ပြိုလဲတော့မည့်ပုံစံနှင့်ပင် တူနေခဲ့သည်။
မူချင်းကောသည်လည်း ရှမူဟိုင် အား နာကျင်မှုမှ ပြေပျောက်စေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစား၍ ကူညီနေခဲ့သည်။
သို့သော်လည်း သူမ၏ ဆေးပညာအစွမ်းက မကျေချမ်းဝိဉာဉ်ကျိန်စာကို ခုခံရာ၌ လုံးဝ အသုံးမဝင်သည်ကို သိလိုက်ရသည်။ ဆေးဘုရင်တောင်ကြား၏ ဂုဏ်ယူစရာဖြစ်သည့် သူမပင် အားကိုးရာမဲ့နေခဲ့ပေသည်
15 မိနစ်ပင် မကြာသေးသည့်အချိန်၌ လီချန်ချင်း၏ လက်ထဲတွင် သေးငယ်သည့်သစ်သား ဗုဒ္ဓဆင်းတုတော်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သစ်သား ဗုဒ္ဓဆင်းတုတော်က လက်ထဲ၌ တောင်ဝှေး ကို ကိုင်ထားပြီး သူ၏ ခြေရင်း၌ သူတို့တစ်ခါမျှ မမြင်ဖူးသည့် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ရှိသည်။
လီချန်ချင်းနှင့် မူချင်းကောက ပိုးချည်တစ်စကိုယူလိုက်ပြီး ဗုဒ္ဓဆင်းတုတော်ပေါ်၌ချည်လိုက်ပြီး ရှမူဟိုင်၏ လည်ပင်း၌ ဆွဲလိုက်ကြသည်။
ချက်ချင်းပင် ရှမူဟိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိဉာဉ်စွမ်းအားများက ဒီရေကဲ့သို့ နောက်ပြန်ဆုတ်သွားခဲ့သည်။
ရှမူဟိုင် က မြေပြင်ပေါ်သို့ ပြိုလဲသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးများဖြင့် စိုရွဲနေခဲ့ပေသည်။
သူကြုံတွေ့ခဲ့ရသည့် နာကျင်မှု၌ သူ၏ စိတ်စွမ်းအားများ ကုန်ခမ်းသွားပေသည်။ သူက နာကျင်မှုမရှိတော့သော်လည်း အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ လုံးဝ ပင်ပန်းနေခဲ့ပေသည်။
" အလုပ်ဖြစ်တယ် ထင်တယ် "
လီချန်ချင်းထုလုပ်လိုက်သည့် သစ်သားဆင်းတုတော်လေးသည် မြေကမ္ဘာစောင့်ဗောဓိသတ္တ၏ ရုပ်ထုဖြစ်ပေသည်။
အဲ့တာကို ရှမူဟိုင်၏ လည်ပင်း၌ ဆွဲထားလိုက်မှသာလျှင် တစ္ဆေဝိဉာဉ်စွမ်းအားအရှိန်အဝါ များကို ဖိနှိပ်ထားပေသည်။