← Chapters

လေးဆက်မြောက် တိုက်ရိုက်တပည့်

Vol. 6 Ch. 51

လေးဆက်မြောက် တိုက်ရိုက်တပည့်

Vol. 6 Ch. 51

လူများရှုပ်ထွေးစွာသွားလာနေကြသော တောင်ခြေက မြင်ကွင်းထက် လက်ရှိနေရာက မြင်ကွင်းများမှာ ပိုမို၍ ရိုးရှင်းလှပေ၏။

“ဆရာက တခြားလူတွေလိုမျိုး ထုံထမ်းစဉ်လာတွေကို သိပ်မလိုက်နာတတ်ဘူး။အဲ့ဒါကြောင့် ဒီနေရာကပိုပြီး ရိုးရှင်းနေတာပဲ.”

တောင်ထိပ်တွင်‌တော့ လွန်စွာမှကို သာမန်ဆန်သော စံအိမ်တလုံး ရှိလေသည်။

တံခါးအရှေ့တွင် မြင်းကို ရပ်လိုက်ပြီးသည့်နောက်တွင် ကျိုးကျွင်းက လီဟမ်ရှန်းကို အထဲသို့ ဦးဆောင်ကာ ခေါ်သွားတော့လေသည်။

အထဲတွင်တော့ အိုးအကြီးကြီးတလုံးရှေ့တွင် တစုံတခုကို ချက်ပြုတ်နေသည့် ရှမူဟိုင်ရှိလေသည်။

အသား၏သင်းရနံ့မှာ ခြံအပြင်အထိကို သင်းပျံ့နေခဲ့တော့သည်။

“ဆရာ... ကျွန်တော်ပြန်လာပြီ”

ကျိုးကျွင်းမှာ အဝေးကတည်းက အသံကျယ်ကြီးနှင့် အော်နေခဲ့သည်။

“မင်းလာတာကို ငါသိပါတယ်ကွာ။ အသံကုန်အော်နေစရာ မလိုပါဘူး”

ရှမူဟိုင်က မော့၍ပင် မကြည့်ပဲ ဟင်းအိုးထဲမှ ကြက်သားကိုသာ အာရုံစိုက်နေခဲ့တော့သည်။

အချိန်အနည်းငယ်ကြာမှသာ သူက မော့ကြည့်လိုက်ပြီးနောက် လီဟမ်ရှန်းအား မြင်တွေ့သွားလေ၏။ရှမူဟိုင်သည် တူကို ချလိုက်ကာ ပြောလိုက်သည်။

“ဟမ်ရှန်း... မင်းကို ဘာလို့ခေါ်လိုက်လဲဆိုတာကို မင်းရိပ်မိလောက်ပြီပေါ့။မင်း ငါ့ရဲ့ တိုက်ရိုက်တပည့် ဖြစ်ချင်သေးလား”

“တကယ်ကြီးဟ”

ဒီအကြောင်းကို သိပ်မကြာ ခင်တုန်းက လီဟမ်ရှန်းက ပြောပြပေးခဲ့ပေမယ့် ကျိုးကျွင်းက သိပ်မယုံကြည်သလို ခံစားနေခဲ့ရသည်။

တပည့်ရွေးချယ်ရာ၌ လွန်စွာမှကို ကန့်သတ်ချက်အများကြီး သတ်မှတ်ထားသည့် ရှမူဟိုင်က လီဟမ်ရှန်းကို သူ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် ရွေးလိုက်တာတဲ့လား။

ကျိုးကျွင်းမှာ လုံးဝကို နားမလည်နိုင်ပေ။

လီဟမ်ရှန်း၏ ပါရမီမှာ သာမန်လူများထဲမှ သာမန်သာ ဖြစ်ပေသည်။

တပည့်လက်ခံရတဲ့ အကြောင်းရင်းက ဘာကြောင့်များဖြစ်နိုင်မလဲ

ဖြစ်နိုင်တာက...

ကျိုးကျွင်း၏ အတွေးများမှာ လွန်စွာ ခရီးရောက်နေခဲ့ပြီ

ဖြစ်နိုင်တာက လီဟမ်ရှန်းက ရှမူဟိုင် အပြင်ကိုသွားတုန်း အမျိုးသမီးတယောက်နဲ့ တွေ့ပြီး မွေးခဲ့တဲ့ တရားမဝင်သားများ ဖြစ်နေမလား

ဖြစ်နိုင်တယ်...ဒါပေါ့ ဖြစ်နိုင်တာပေါ့

ဘာကြောင့်လဲဆိုတော့ တခြားသော အကြောင်းပြချက်ကို ကျိုးကျွင်းက လုံးဝကို မတွေးတတ်တော့ပါချေ။

“ကျွန်တော် ဆန္ဒရှိပါတယ်” လီဟမ်ရှန်း၏ နှလုံးသားမှာ တဒုတ်ဒုတ်ခုန်နေခဲ့သည်။

“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”

လီဟမ်ရှန်းသည် ရှမူဟိုင်အား ဆရာအဖြစ်အသိအမှတ်ပြုသည့် အခမ်းအနားကို ချက်ချင်းပင် ပြုလုပ်ချလိုက်တော့သည်။

“ကောင်းတယ်” ရှမူဟိုင်က ပြုံးရင်းပြောလိုက်၏။

“ထပါ။အခု မင်းက ငါ့တပည့်ဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ မူဟိုင်ဖုန်းမှာ လာကျင့်ကြံလိုက်ပါ။မင်း နားမလည်တာတခုခုများ ရှိတယ်ဆိုရင် ငါ့ကိုကော မင်းရဲ့ ဆရာတူအကိုကိုကော မေးနိုင်တယ်”

“ကျိုးကျွင်း မင်းက အနာဂတ်မှာ လီဟမ်ရှန်းကို အကူအညီပေးရမယ်နော်။နားလည်လား”

ရှမူဟိုင်က ကျိုးကျွင်းကို ကြည့်ကာ ပြောလိုက်ခြင်းပင်။

“တပည့် မှတ်ထားပါမယ်” ကျိုးကျွင်းက လက်သီးဆုတ်ကာ အရိုအသေပြုရင်း ဖြေလိုက်သည်။

“တိုက်ရိုက်တပည့်ဖြစ်တဲ့အတွက် မင်းက ဟမ်ရှန်းကို ကောင်းကောင်းသင်ပေးရမယ်‌နော်”

ရှမူဟိုင်က ကျိုးကျွင်းကို ကြည့်လိုက်သည်။

“ပြီးတော့ ချင်ကျူးတောင်မှာ ဟမ်ရှန်းနေထိုင်ဖို့အတွက် အစေခံတွေကို ရှင်းလင်းပြီးတော့ ပြင်ဆင်ထားခိုင်းလိုက်၊ပြီးတော့ အစောင့်အရှောက်အနေနဲ့ ရှုခွေကို ထားလိုက်”

“ချင်ကျူးတောင်?”

“အစောင့်အရှောက်က ရှုခွေ?”

ကျိုးကျွင်း၏ မျက်ဝန်းထဲတွင် မျက်ရည်များဥတက်လာတော့သည်။သူ တိုက်ရိုက်တပည့်ဖြစ်လာသည့် အချိန်တွင် ချင်ကျူးတောင်ကို သူ ကျင့်ကြံရန်နေရာအတွက် လိုချင်၍ တောင်းခဲ့‌သော်လည်း ရှမူဟိုင်က လက်မခံခဲ့ပါချေ။

ထိုအချိန်တုန်းက ရှမူဟိုင်ပြောခဲ့သည့်စကားမှာ ချင်ကျူးတောင်မှာ ပိုမိုကောင်းမွန် သင့်တော်သည့်အခြေအနေတွင် အသုံးပြုရန် ဖြစ်သည်တဲ့။

သူ့သားအရင်းအတွက်ကျတော့ သုံးရက်တယ်ပေါ့လေ

“ဝိုးးး တကယ်ကြီးကို လက်လန်ပါတယ်ကွာ”

ကျိုးကျွင်းသည် လူမမြင်ခင် မျက်ရည်များကို ခိုးသုတ်လိုက်လေသည်။

“ဘာလို့ အကို ၃ က စိတ်ခံစားချက်ပြင်းထန်နေရတာလဲ?”

လီဟမ်ရှန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“သူက အိမ်လွမ်းနေလို့ ဖြစ်ရင် ဖြစ်မှာပေါ့။ ဘယ်သူသိမှာလဲ” ရှမူဟိုင်ကလည်း ကျိုးကျွင်း၏ ထွက်သွားသည့်ပုံရိပ်ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ထို့နောက်တွင် လက်ကို ဝှေ့ယမ်းလိုက်ရာ ခြံဝင်းတံခါးကို ပိတ်သွားစေလိုက်၏။

ရှမူဟိုင်သည် ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး ခေါ်လိုက်တော့သည်။

“ဟမ်ရှန်း”

ထိုပစ္စည်းများထဲ၌ ကျောက်စိမ်းပုလင်းလေးတလုံးလည်း ပါရှိပေသည်။ထိုပုလင်းအား လီဟမ်ရှန်းထံသို့ ပေးလိုက်ပြီးနောက်တွင် ပြောလိုက်တော့သည်။

“ပုလင်းထဲမှာ ရွှေနယ်ပယ်ဆေးလုံးပါတယ်။အဲ့ဆေးက မင်းရဲ့ ကျင့်ကြံခြင်းအတွက်ပဲ။မင်းရဲ့ ပါရမီက သာမန်ပဲ ဒါပေမယ့် ဒီဆေးလုံးက တက်လှမ်းးခြင်းအဆင့်ကိုးကို လွယ်လွယ်နဲ့ ရောက်သွားနိုင်တယ်”

“ရွှေနယ်ပယ်ဆေးလုံး?” လီဟမ်ရှန်း၏ မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့လေတော့သည်။

ရွှေနယ်ပယ်ဆေးလုံးမှာ လွန်စွာမှကို တန်ဖိုးကြီးးမားလှပေ၏။လီချန်ချင်းက သူ့အား ငွေများစွာ ပို့ပေးခဲ့သည့်တိုင်၊ရွှေနယ်ပယ်ဆေးလုံးမှာ ငွေစထောင်ချီတန်အောင် တန်ဖိုးကြီးမားလှသဖြင့် လီဟမ်ရှန်းမှာ မဝယ်ယူနိုင်ခဲ့ပါချေ။

“မင်းက လောလောဆယ် တက်လှမ်းခြင်းအဆင့်လေးမှာပဲရှိပြီးတော့ ပန်းချီကားချပ်တွေကို ကြည့်ပြီးတော့ ဉာဏ်အလင်းကို မရယူနိုင်သေးတာဖြစ်လို့ ဘယ်လို လက်နက်အမျိုးအစားမျိုးကို မင်းကို ပေးရမလဲဆိုတာကို ငါမသိဘူး”

“ဒါက ကြယ်အလင်းသတ္တုအပိုင်းအစတခုပဲ။သူ့ကို လက်နက်ပြုလုပ်တဲ့နေရာမှာ အသုံးပြုလို့ရတယ်။လက်နက်ကို ပြုလုပ်တဲ့ သတ္တုအရောထဲမှာ ကြယ်အလင်းသတ္တုနည်းနည်းလောက်ပါဝင်သွားတာနဲ့ လက်နက်က ပြိုင်ဘက်ကင်းဖြစ်သွားပြီပဲ” ရှမူဟိုင်သည် လက်သည်းခွံလောက်သာ ရှိသော ကြယ်အလင်းသတ္တုအပိုင်းအစကို လီဟမ်ရှန်းအား ကမ်းပေးပြီး ပြောလိုက်ခြင်း ဖြစ်သည်။

ထိုသတ္တုအစိတ်အပိုင်းမှာ ငွေရောင်ရှိပြီး ကြယ်တာရာများကဲ့သို့ တလက်လက်တောက်ပနေခဲ့သည်။

၎င်းမှာ လွန်စွာ တန်ဖိုးကြီးမားလှသည့် ပုံစံပင် ဖြစ်နေခဲ့သည်။

လီဟမ်ရှန်းသည် သတ္တုကို လှမ်းယူပြီးသော် အလွန်လန့်ဖြန့်သွားခဲ့၏။လက်သည်းခွံလောက်သာရှိသော သတ္တုအပိုင်းလေးမှာ ဆယ်ပေါင်မက လေးလံလှသောကြောင့်ပင် ဖြစ်သည်။

ထိုကဲ့သို့သော ရတနာမျိုးကို လီဟမ်ရှန်းသိပေသည်။လက်နက်ကို ပြုလုပ်ရန်အတွက် များစွာသော တွင်းထွက်သတ္တုများရှိပါသည်။ကြယ်အလင်းသတ္တုမှာလည်း ထိုထဲမှ တခုသာ ဖြစ်လေသည်။

၎င်းမှာ လက်နက်ပြုလုပ်ရာတွင် ထိပ်ဆုံးအဆင့်တန်းတွင် ရှိသော သတ္တုဖြစ်ပြီး စွမ်းအားကြီးကျင့်ကြံသူများပင် လိုချင်နေသော အရာပင် ဖြစ်ပေသည်။

ရှမူဟိုင်က ထိုကဲ့သို့သော ရတနာမျိုးကို သူ့အားပေးလိမ့်မည်ဟု လီဟမ်ရှန်းက လုံးဝကို မမျှော်လင့်ထားခဲ့မိပါချေ။

မူဟိုင်ဖုန်းတောင်ရဲ့ အရင်းအမြစ်တွေက အဲ့သလောက်တောင်ပဲ ကောင်းမွန်နေတာလား

ဒီကိစ္စကိုသာ ကျိုးကျွင်းသိသွားပါက လီဟမ်ရှန်းမှာ ရှမူဟိုင်၏ တရားမဝင်ကလေးဆိုသည့်အချက်ကို သူက ပို၍ပင် ယုံကြည်သွားတော့မည် ဖြစ်လေသည်။

ကြယ်အလင်းသတ္တုမှာ ငွေကြေးဖြင့် ဝယ်ယူ၍ ရရှိနိုင်သော အရာမျိုး မဟုတ်ပါချေ။

၎င်းသတ္တုမှာ အဖိုးမဖြတ်နိုင်သည်ကို အသာထားဦး။တစုံတယောက်က ရူးနှမ်းသဖြင့် ထိုသတ္တုကို ရောင်းသည်ဆိုလျှင်တောင်မှ သန်းနှင့်ချီသော ရွှေပုံကြီးပေးကာ ဝယ်မှ ဖြစ်နိုင်ပေမည်။

သာမန်လူများ ဝယ်ယူနိုင်သည့် အရာမျိုး ဟုတ်မနေခဲ့ပါ။

“ပြီးတော့ ရှိသေးတယ်”

“ဟင် ကျန်သေးတာလား”

ထိုအချိန်၌ လီဟမ်ရှန်း၏ နှလုံးသားမှာ တုန်လှုပ်နေခဲ့လေပြီ။ သူ့ ဘဝတလျှောက်လုံးတွင် ထိုသို့သော ရတနာများစွာတို့ကို မမြင်ခဲ့ဖူးပါ။

ရှမူဟိုင်သည် သစ်သားသေတ္တာလေးတခုကို ထုတ်ယူကာ လီဟမ်ရှန်းထံသို့ ကမ်းပေးလိုက်ခဲ့သည်။

“ဒီရတနာက ငါမတော်တဆ ရရှိခဲ့တာပဲ။ ပြီးတော့ ဒါကို မင်းကို ပေးလိုက်မယ်”

ရှမူဟိုင်က လွန်စွာ လေးနက်စွာပြောလိုက်လေသည်။

“ဒါပေမယ့် မင်းတခုကိုတော့ သေချာ မှတ်ထားပါ”

“ဆရာသခင် မွက်ကြားပါ”

ရှမူဟိုင်၏ လေးနက်နေသည့် အရှိန်အဝါကြောင့် လီဟမ်ရှန်းက အလျင်အမြန်ဆိုလိုက်လေသည်။

“အထဲမှာ ပါတဲ့အရာက ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မပြောနဲ့။ ဒီရတနာကို လုံလုံခြုံခြုံ သိမ်းထားပါ၊ ပြီးတော့ ဘယ်သူ့ကိုမှ မပြမိစေနဲ့”

ရှမူဟိုင်က မျက်ဝန်းများကို ကျဉ်းမြောင်းကာ ဆိုလိုက်သည်။

လီဟမ်ရှန်းက တံတွေးတချက်မြိုချလိုက်၏။ရှမူဟိုင်မှာ ရွှေနယ်ပယ်ဆေးလုံးနှင့်ကြယ်အလင်းသတ္တုတို့ထက်ပင် ဤသစ်သားထဲတွင်ပါသည့်အရာကို ပို၍ပင် သတိကြီးကြီးထားနေသည်ကို သူကောင်းကောင်းခံစားလို့ရနေခဲ့သည်။

အထဲမှာ ဘာများလဲ

“တပည့် သေချာ မှတ်ထားပါ့မယ်” လီဟမ်ရှန်းက ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်သည်။

ရှမူဟိုင်၏ သတိပေးမှုကြောင့် ထိုပစ္စည်းမှာ လွန်စွာမှကို တန်ဖိုးကြီးမားမည့်ပုံစံရှိသည်။အကယ်၍ အခြားသူများကို ပြသလိုက်မိပါက ကြိမ်းသေပေါက်ကို ကပ်ဘေးကြီးတခု ဖြစ်လာမည် ဖြစ်သည်။

လီဟမ်ရှန်းက စိတ်ထဲတွင် မှတ်ထားလိုက်လေ၏။

“တက်လှမ်းခြင်းအဆင့်ငါးကို မင်း ချိုးဖြတ်နိုင်တဲ့အချိန်ရောက်ရင် မျောလွင့်ခန်းမကိုသွားပြီးတော့ ပန်းချီကားကို နားလည်သဘောပေါက်အောင် လုပ်ပါ။ အဲ့ဒီ့အချိန်ရောက်ရင် ပန်းချီကားထဲကနေ စွမ်းအားကြီးမားတဲ့ ကျင့်စဉ်ကို မင်း ရလာဖို့ ဆရာ မျှော်လင့်တယ်”

ရှမူဟိုင်က လီဟမ်ရှန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

“မင်းရဲ့ ပါရမီက သာမန်ဖြစ်နေတာက အရေးမပါဘူး။မင်းသာ ဖြေးဖြေးမှန်မှန် ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ အနာဂတ်က တောက်ပနေဦးမှာပဲ”

သို့သော် ရှမူဟိုင်စိတ်ထဲတွင် တကယ်တွေးနေသည်မှာတော့

[မင်းအဖေလိုမျိုး စွမ်းအားရှင်က မင်းအတွက် လမ်းကြောင်းကို အရှေ့ကနေ ကြိုဖောက်ပေးနေမှတော့ ပါရမီဆိုတာက တိမ်တိုက်လိုမျိုး ဘာမှ အရေးမပါတော့ဘူးလေ]

“ဆရာ စိတ်ချပါ။ ကျွန်တော်က ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး” လီဟမ်ရှန်းက ရိုသေစွာဖြင့် ပြောလိုက်သည်။

ထို့နောက်တွင် ရှမူဟိုင်က လီဟမ်ရှန်းကို ကြင်နာစွာ အားပေးနေခဲ့သည်။ရှမူဟိုင်၏ ကြင်နာတတ်သည့်ပုံစံမှာ ကောလဟာလများနှင့် များစွာ ကွာခြားနေသောကြောင့် လီဟမ်ရှန်းပင်လျှင် သူက ရှမူဟိုင်၏ သားအရင်းများ ဖြစ်နေသလာဟုပင် သံသယများဝင်လာခဲ့တော့သည်။

ထိုအချိန်၌ တံခါးခေါက်သံထွက်ပေါ်လာခဲ့တော့သည်။

“ဆရာတူညီလေး ၄ မင်းရဲ့ စံအိမ်ကို လိုက်ပြပါရစေ”

ကျိုးကျွင်း၏ အသံထွက်ပေါ်လာခဲ့သည်။

“သွားလေ” ရှမူဟိုင်က လီဟမ်ရှန်းကို ပြောလိုက်ခြင်းဖြစ်သည်။

“အဲ့ဒါဆိုရင် သွားလိုက်ပါဦးမယ်” လီဟမ်ရှန်းက ဦးခေါင်းကိုညွတ်ကာ အရိုအသေပေးလိုက်သည်။ထို့နောက်တွင် ရှမူဟိုင်ပေးထားသော ပစ္စည်းများကို ထုတ်ပိုးလိုက်သည်။

“သိပ်မကြာခင်မှာ မင်းက ငါ့ရဲ့ တပည့်ဖြစ်သွားပြီဆိုတာကို ရှေးဟောင်းတာအိုဂိုဏ်းတဂိုဏ်းလုံးသိအောင် ငါကြေညာမယ်။အဲ့အချိန်ကျရင် အပြင်စည်းကော ၊ အတွင်းစည်းတပည့်တွေကောက မင်းကို စီနီယာအကိုလို့ ခေါ်ကြလိမ့်မယ်”

ရှမူဟိုင်က ဟန်အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

ရှမူဟိုင်၏ ထိုစကားကို ကြားပြီးသော် လီဟမ်ရှန်းမှာ ဖော်ပြခြင်းငှာမစွမ်းသာသည့် ဖိအားမျိုးကို ခံစားလိုက်ရတော့သည်။

သာမန်ဆန်သော ပါရမီနှင့် သူက တိုက်ရိုက်တပည့်ဖြစ်လာသောကြောင့် အနာဂတ်တွင် သူ့အား စောင့်ကြည့်နေကြမည့် မျက်လုံးများကို သူကြောက်ရွံ့နေမိတော့သည်။

သူ အဆင်ပြေပါ့မလား

သူ၏ အရည်အချင်းမပြည့်ဝမှုကြောင့် လူရယ်စရာဖြစ်လာခဲ့လျှင် သူ့သိက္ခာကျမည်မဟုတ်ပဲ၊ ဆရာဖြစ်သူနှင့် မူဟိုင်ဖုန်းတောင်တခုလုံး၏ သိက္ခာကျဆင်းလိမ့်မည် ဖြစ်သည်။

All Chapters