← Chapters

တိုက်ရိုက်တပည့်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ

Vol. 6 Ch. 52

တိုက်ရိုက်တပည့်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ

Vol. 6 Ch. 52

ကျိုးကျွင်း၏ ဦးဆောင်မှုနှင့်အတူ လီဟမ်ရှန်းသည် ချင်းကျူးတောင်သို့ ရောက်လာခဲ့ပါသည်။

“ညီ ၄ “

ကျိုးကျွင်းက ဆက်ပြောသည်။

“မင်းကို အဲ့လိုခေါ်လို့ ရတယ်မဟုတ်လား” အကြီးဆုံးအကိုနဲ့ ဒုတိယအမက ငါ့ကို “ညီ ၃” လို့ ခေါ်ကြတယ်လေ”

“ပြသနာမရှိပါဘူး” လီဟမ်ရှန်းက အဆင်ပြေကြောင်းကို ပြောလိုက်လေသည်။

“ဆရာက မင်းကို တကယ်ကောင်းကောင်း ဆက်ဆံတာပဲ။ ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းမှာ ချင်ကျူးတောင်က တောင်အပိုတွေထဲကမှ အကောင်းဆုံးတောင်ပဲလေ။ ငါက အဲ့ဒီ့တောင်ကိုလိုချင်လို့ တောင်းတုန်းက ဆရာက ဘယ်လိုတောင်းတောင်း ငါ့ကို မပေးဘူးလေ”

ကျိုးကျွင်းက အနည်းငယ်မနာလိုနေသည့် လေသံနှင့် ပြောလိုက်သည်။

“အာ...အဲ့ဒါကတော့” လီဟမ်ရှန်းကလည်း သူ့ကို ရှမူဟိုင်က ဘာလို့ အလေးပေးကာ ဆက်ဆံနေလဲဆိုသည်ကို မသိသောကြောင့် ဘာပြောရမှန်း မသိဖြစ်နေတော့သည်။

သူက သူ၏ အခြေအနေကို ကောင်းကောင်းကို နားလည်ခဲ့ပါသည်။မူဟိုင်ဖုန်း၏ တိုက်ရိုက်တပည့် ဖြစ်လာနိုင်သည်ကိုက သူ့အတွက် လွန်စွာ ကောင်းမွန်နေခဲ့ပြီဖြစ်၏။ ဘာကြောင့် အခုလိုမျိုး ဖြစ်နေရတာလဲဆိုတာကိုတော့ သူ သိပ်မသေချာပါချေ။

ဒါပေမယ့် ထိုအခြေအနေနှင့်် ပတ်သက်ပြီးတော့ သူ ဂရုမစိုက်ပါချေ။ရှမူဟိုင်က သူ့ထံမှ မျှော်လင့်ပြီး ရယူစရာဆို၍ ဘာမှ ရှိမနေခြင်းကြောင့်ပင်။

သူ့တွင် ဘာမှ မရှိပေ။

သူက သာမန်လူတယောက်သာဖြစ်သည်။

ကြီးမားသော မိသားစုနောက်ခံလည်းမရှိ၊ အဆက်အသွယ်ဟူ၍လည်း မရှိ၊ ငွေကြေးလည်း မရှိပေ။

သူ့ ဖခင်ဖြစ်သူမှာ ပန်းချီဆရာတယောက်ဖြစ်သည့်တိုင် အစွမ်းအစ တဝက်လောက်ပင် မရှိသည့်အတွက် ရှမူဟိုင်က ထိုကဲ့သို့သောအရာကို စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု လီဟမ်ရှန်းက သိလေသည်။

“ဟီးဟီး ညီ၄ စိတ်မပူနဲ့ ငါအားလုံးကို နားလည်ပါတယ်ကွာ”

ကျိုးကျွင်း၏ အမူအရာမှာ သူအားလုံးကို သိနေသည့်အလားဖြစ်နေသည်။ထိုအမူအရာကြောင့်ပင် လီဟမ်ရှန်းအား ပို၍ စိတ်ရှုပ်ထွေးသွားစေခဲ့တော့သည်။

မင်းက ဘာကို နားလည်တာလဲ

ငါ့ကိုယ်ငါတောင် နားမလည်တာ

“အမှန်တကယ်တော့ တိုက်ရိုက်တပည့်ဖြစ်လာတာနဲ့ ငါတို့ရဲ့ အဓိက တာဝန်က ကျင့်ကြံဖို့ပဲ”

ကျိုးကျွင်းက လီဟမ်ရှန်းအား ရှင်းပြလိုက်လေသည်။

“ဂိုဏ်းထဲမှာ ငါတို့ရဲ့ အဆင့်အတန်းကြောင့် အခွင့်အရေးကောင်းတွေပိုရတယ်လေ။အထူးသဖြင့် ကိုးထပ်တိုက်ပွဲခန်းမနဲ့ သားရဲအစည်းအရုံးတို့မှာပေါ့၊ ငါတို့ အဓိကတပည့်တွေက အားသာချက်ကြီးကြီးမားမားရှိတယ်”

” ကိုးထပ်တိုက်ပွဲခန်းမနဲ့ သားရဲအစည်းအရုံး ? “

လီဟမ်ရှန်း၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားတော့သည်။

“အဲ့ဒါကို ကျွန်တော်ကြားဖူးတယ်ထင်တယ်။ ပြောကြတာကတော့ ကျွန်တော်တို့ရဲ့ ရှေး‌ဟောင်းတာအိုဂိုဏ်းမှာ ခွန်အားစမ်းသပ်တဲ့ လျို့ဝှက်နယ်ပယ်နှစ်ခုရှိတယ်တဲ့”

“သူတို့နှစ်ခုကို လျို့ဝှက်နယ်မြေလို့ခေါ်တာ မမှန်သေးဘူး။တကယ်တော့ အဲ့ဒီ့နေရာနှစ်ခုက ပန်းချီရတနာတွေပဲလေ”

“ပန်းချီရတနာ”

လီဟမ်ရှန်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“သူတို့က ငါတို့ရဲ့ ဂိုဏ်းတည်ထောင်သူဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ စွမ်းအားကြီးတဲ့ ပန်းချီရတနာတွေပေါ့။ သူတို့က တပည့်တွေရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ နေရာမှာ အ‌ထောက်အကူဖြစ်တယ်လေ။ ဒါပေမယ့် သူတို့ရဲ့ နယ်မြေထဲကို ဝင်ရောက်ရင်တော့ ပန်းချီရတနာတွေရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ကုန်ဆုံးစေတယ်”

“အပြင်စည်းနဲ့ အတွင်းစည်းတပည့်တွေကို အကြိမ်အရေအကန့်အသက်နဲ့ပဲ ဝင်ခွင့်ပြုတာပေါ့။ ငါတို့ တိုက်ရိုက်တပည့်တွေမှာလည်း အကန့်အသက် ရှိတယ်ဆိုပေမယ့် ငါတို့က သူတို့နဲ့ ယှဉ်ရင်တော့ ပိုပြီး အခွင့်အလန်းရရှိသေးတယ်။ အဲ့ဒါက တိုက်ရိုက်တပည့်ဖြစ်ရတဲ့ ငါတို့အတွက် အထူးဆက်ဆံခံရမှုပဲလေ”

ကျိုးကျွင်းက ပြုံးရင်းနှင့်ဆိုလိုက်ပြန်သည်။

“ဒါပေမယ့် ငါတို့ တိုက်ရိုက်တပည့်တွေက ဦးဆောင်ရဖို့လဲ လိုတယ်လေ။ ညီ၄ အကိုကတော့ မင်း တိုက်ရိုက်တပည့်ဖြစ်လာလို့ ပြသနာတွေ အများကြီး ကြုံလာတော့မယ်လို့ပဲ မြင်နေတယ်။ ဘာလို့လဲဆိုတော့ မင်းကို လူတွေအများကြီးက စိန်ခေါ်ကြတော့မှာမို့လို့ပဲ”

“ကျွန်တော့်ကို စိန်ခေါ်မယ်?” လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်လေသည်။ သူကလည်း ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရမည်ကို မျှော်လင့်ထားပြီးသား ဖြစ်လေသည်။ အခြားသူများအမြင်တွင် လီဟမ်ရှန်းမှာ လွယ်ကူသော ပစ်မှတ်ဖြစ်နေသည် မဟုတ်ပါလား။

“ဒါပေါ့ တိုက်ရိုက်တပည့်ကို စိန်ခေါ်တာမျိုးက သူတို့အတွက် အကြီးမားဆုံးသော ဂုဏ်ယူရမယ့် အရာပဲလေ။အဲ့ဒါအပြင် တောင်ထိပ်တခုက တိုက်ရိုက်တပည့်တယောက်ကို စိန်ခေါ်ပြီး အနိုင်ရသွားရင် အဲ့ဒီ့တောင်ထိပ်ကပေးတဲ့ ဆုကို ရမယ်လေ”

“သိပ်လည်းစိတ်ပူစရာမလိုပါဘူး။ မင်းကို နှစ်ဝက်အတွင်းမှာ ဘယ်သူမှ စိန်လာခေါ်ကြမှာ မဟုတ်ပါဘူး။ မင်းအတွက် ခေါင်းခဲစရာ ပြသနာတွေက နှစ်ဝက်ကြာပြီးမှ ရောက်လာမှာ” ကျိုးကျွင်းက လီဟမ်ရှန်းအား စိတ်သက်သာရာရအောင် ဆိုလိုက်လေသည်။

လီဟမ်ရှန်းကလည်း ကျိုးကျွင်းအား သိလိုစွာနှင့် မေးလိုက်တော့သည်။

“အကို၃ အကို တိုက်ရိုက်တပည့်ဖြစ်လာတုန်းကကော အကို့ကို စိန်ခေါ်ခဲ့တဲ့ လူတွေ အများကြီး ရှိခဲ့ဖူးလား?”

“အရမ်းကြီး မရှိဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ တော်တော်များများက အဆင့်တူထဲမှာဆိုရင် ငါ့ကို နိုင်တဲ့ လူမရှိဘူးဆိုတာကို သိကြတယ်လေ”

“အဲ့ဒီ့အချိန်တုန်းက ငါက ပါရမီရှင် ဖြစ်ခဲ့တယ်လေ။ ငါ့ရဲ့ ဂုဏ်သတင်းကလဲ တပည့်တွေကြားထဲမှာ ကျော်ကြားတယ်လေ”

ကျိုးကျွင်းက ဂုဏ်ယူစွာနှင့် ပြောလိုက်တော့သည်။

“အိုခေ”

လီဟမ်ရှန်းက အသက်ပြင်းပြင်း ရှုရှိုက်လိုက်၏။

သူ ရရှိထားသော အဆင့်အတန်းမှာ သူနှင့် မထိုက်တန်နေသောကြောင့် သူ့အတွက် ယခုလိုမျိုး အခက်အခဲများမှာ အနည်းနှင့် အများ ကြုံရလိမ့်မည် ဖြစ်လေသည်။

လီဟမ်ရှန်းမှာ အနည်းငယ်တော့ စိတ်အေးနေခဲ့တော့သည်။ သူ့အတွက် နှစ်ဝက်တိတိ အချိန်ကျန်နေသေးသည် မဟုတ်ပါလား။

ပြီးတော့ စိန်ခေါ်မှုများမှာ အဆင့်တူများသာ စိန်ခေါ်ခွင့်ရှိပြီး အဆင့်မတူသည့် စိန်ခေါ်ခြင်းများကို ပိတ်ပင်ထားခဲ့လေသည်။

ထိုပြသနာကို နောက်နှစ်ဝက်ကြာလျှင် သူဖြေရှင်းရလိမ့်မည် ဖြစ်သည်။

သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် ချင်ကျူးတောင်သို့ ရောက်လာခဲ့တော့၏။

တောင်အပိုဟု သတ်မှတ်ထားသော်လည်း ချင်ကျူးတောင်၏ အလှအပမြင်ကွင်းမှာ လွန်စွာ ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။

အစိမ်းရောင်တောင်တန်းများနှင့် ကြည်လင်သန့်ရှင်းသောရေကန်များ၊ သိပ်သည်းစွာ ပေါက်‌ရောက်နေသော မြက်ခင်းစိမ်းများ ရှိနေခဲ့သည်။

ထိုမြက်ခင်းစိမ်းနှင့် သစ်ပင်များတွင် အသီးများကို ခူးကာ ပြေးလွှားနေကြသော ရှဉ့်ငယ်လေးများသည် လီဟမ်ရှန်း၏ ရောက်ရှိလာမှုကို စပ်စုစွာနှင့် ငေးကြည့်နေကြတော့သည်။

ခပ်ဝေးဝေးတွင် ခမ်းနားသော သဏ္ဍာန်ရှိသည့် စံအိမ်ကြီးတလုံးကို တွေ့ရလိမ့်မည် ဖြစ်သည်။

တချိန်တည်းမှာပင် လူများစွာတို့သည် အိမ်အပြင်တွင် တန်းစီနေကာ လီဟမ်ရှန်း၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေခဲ့ကြတော့၏။

“ဒီနေရာက စိတ်ဝိဉာဉ်စွမ်းအားက တကယ်ကို ကောင်းတာပဲ”

လီဟမ်ရှန်းသည် အသက်ရှုလိုက်ရုံနှင့် ခံစားချက်ကောင်းကို ရရှိနေသောကြောင့် ရေရွတ်လိုက်လေ၏။

“ရှေးဟောင်းတာအိုဂိုဏ်းက တောင်ထိပ် ၃၆ခုမှာ ချင်ကျူးတောင်ထိပ်က ထိပ်ဆုံးသုံးနေရာထဲမှာ ပါတယ်လေ”

ကျိုးကျွင်းက မနာလိုစွာ ပြောလိုက်သည်။

“နောက်ပိုင်းကျရင် ငါမင်းဆီကို မကြာမကြာ လာလည်မှာ‌နော်”

“အမြဲတမ်း ကြိုဆိုပါတယ်ဗျာ” လီဟမ်ရှန်းက အပြုံးတခုနှင့် ပြောလိုက်သည်။

“သခင်လေးကို နှုတ်ဆက်ပါတယ်”

သူတို့နှစ်ယောက်စလုံးသည် အိမ်ရှေ့သို့ ရောက်သောအခါ တံခါးဝ၌ စောင့်ဆိုင်းနေကြသူများအားလုံးသည် လီဟမ်ရှန်းအား ရိုသေစွာနှင့် ဦးညွတ်လိုက်ကြလေသည်

ထိုဖြစ်ရပ်မှာ လီဟမ်ရှန်း၏ နားလည်နိုင်မှုများကို ပြန်လည် ဆန်းသစ်သွားစေခဲ့ပြန်၏။

အစေခံနှင့် အမျိုးသမီးအစေခံများမှာ အယောက်နှစ်ဆယ်ကျော်ခန့် ရှိနေခဲ့သည်။သူတို့၏ အနောက်တွင်တော့ ကျင့်ကြံခြင်းစွမ်းအားများရှိသော စစ်သည်များရှိကြပေ၏။၎င်းတို့သည် ချပ်ဝတ်များကို ဝတ်ဆင်ထားကာ အစောင့်အရှောက်များနှင့်ပင် တူသေးသည်။

လီဟမ်ရှန်းသည် သူတို့ထံမှ ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ညီမျှသော စွမ်းအားဖိအားများကို ခံစားမိလိုက်တော့သည်။

သူတို့ကို ဦးဆောင်နေသောလူကို မြင်လိုက်သောအခါတွင် လီဟမ်ရှန်းကို ပို၍ပင် အံ့အားသင့်သွားစေခဲ့တော့သည်။

ထိုသူမှာ နက်မှောင်နေသော ဆံသားများနှင့် နဖူးမှ ပါးစပ်အထိရောက်အောင် ရှိနေသော ကြီးမားလှသည့် အမာရွတ်ကြီးရှိနေခဲ့သည်။ထို အမာရွတ်ကြောင့်ပင် ထိုသူ၏ ပုံစံမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံစံ ပေါက်နေခဲ့တော့သည်။

ထိုသူမှာ အရောင်အဆင်းကင်းမဲ့သော အဝတ်အစားကိုသာ ဝတ်ဆင်ထားသည့်တိုင် ၊ ထိုနေရာတွင် ရပ်နေရုံနှင့် လီဟမ်ရှန်းအား ကျယ်ပြန့်ကာလေးနက်သည့် ခံစားချက်ကို ပေးစွမ်းနေခဲ့တော့သည်။

ကျွမ်းကျင်သူတယောက်ပဲ

ကျိန်းသေကို ကျွမ်းကျင်သူတယောက်ပဲ

“အခုကနေစပြီးတော့ သူတို့က မင်းရဲ့ အစေခံနဲ့ အစောင့်အရှောက်တွေပဲ၊ ပြီးတော့ ဒီလူက မင်းရဲ့ အိမ်တော်ထိန်းပဲ”

ကျိုးကျွင်းက အနက်ရောင်ဆံသားနှင့် လူကို လက်ညှိုးညွှန်ပြလိုက်ပြီး ပြောလိုက်၏။

“ကျုပ်နာမည်က ရှုခွေပါ”

နက်မှောင်နေသော ဆံသားရှည်များရှိသည့်လူက အရှေ့သို့ တလှမ်းတိုးကာ လွန်စွာလေးစားသည့်ဟန်ပန်နှင့် မိတ်ဆက်လိုက်သည်။

“အခုချိန်ကနေစပြီးတော့ ကျုပ်က ချင်ကျူးတောင်ရဲ့ ကိစ္စအဝဝကို သခင်လေးကိုယ်စား တာဝန်ယူသွားပေးပါ့မယ်။ သခင်လေးက အမိန့်ပေးစရာရှိရင် ကျုပ်ကို ပေးနိုင်ပါတယ်”

“လူကြီးမင်းက ကြင်နာလွန်းနေပါပြီ”

လီဟမ်ရှန်း၏ နှလုံးသားမှာ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့ပြီ။

တိုက်ရိုက်တပည့်တယောက်ဖြစ်ရတဲ့ ဘဝနေထိုင်မှုက ဒီလိုတဲ့လား

သူ ရရှိသော ခံစားမှုများမှာ မဖြစ်နိုင်လောက်အောင်ပင် ကောင်းမွန်နေခဲ့သည်လေ။

ဆင်းရဲနွမ်းပါးသည့် သူ့ဘဝမှာ သူ၏ အမြင်များကို ကန့်သက်ထားခဲ့သည်လေ။

“ညီ၃”

ကျိုးကျွင်းက မနာလိုသော အမူအရာအပြည့်နှင့် ပြောလိုက်သည်။

“တိုက်ရိုက်တပည့်တွေရဲ့ အိမ်တော်ထိန်းတွေအားလုံးက ငါတို့ဆရာသခင် အသက်နဲ့ရင်းပြီး ယုံကြည်ရတဲ့ လူတွေကြီးပဲ။ သူတို့အားလုံးက အတိတ်တုန်းက ဆရာသခင်ရဲ့ အနောက်ကို လိုက်ခဲ့ကြပြီးတော့ ဆရာ့ကို သစ္စာရှိကြတဲ့ လူတွေကြီးပဲ”

“အခု ငါတို့ရှေ့က လူက၊ သူ ငယ်စဉ်အခါတုန်းက သူတို့မိသားစုကို ဆရာက ကယ်တင်ခဲ့ဖူးတယ်။ အဲ့ဒါကြောင့် သူက ဆရာ့အနောက်ကို သစ္စာရှိပြီး လိုက်နေခဲ့တာပဲ။ သူက စွမ်းအားအကြီးဆုံးထဲက တယောက်ဖြစ်ပြီးတော့ မူလအဆင့်ကျင့်ကြံခြင်းစွမ်းအား ရှိတယ်။ ဆရာက မင်းကို တကယ့်ကို ကောင်းကောင်းဆက်ဆံတာပဲ”

မူလနယ်ပယ်တဲ့ဟ

လီဟမ်ရှန်းသည် သည်းမခံနိုင်တော့ပဲ ပင့်သက်ရှိုက်လိုက်တော့လေသည်။

သူ၏ အိမ်တော်ထိန်းက မူလအဆင့်တဲ့

တခြားလူများကို သူပြောလျှင်ပင် မည်သူမျှ ယုံလိမ့်မည် မဟုတ်ပါချေ။

ဒါကတော့ နည်းနည်း များလွန်းတယ်လို့ မထင်ဘူးလား

သူက အခုမှ တက်လှမ်းခြင်းအဆင့်လေးပဲ ရှိနေပေမယ့် သူ့ရဲ့ အိမ်တော်ထိန်းက မူလအဆင့်တဲ့လေ။

ဒီစံအိမ်က သာမန် အစောင့်တပ်သားကတောင် သူ့ထက် အဆတစ်ရာလောက် စွမ်းအားကြီးနေသေးတယ်။

လီဟမ်ရှန်းမှာ ခါးသက်စွာပြုံးရန်သာ တတ်နိုင်တော့သည်။

ကြည့်ရသလောက်ကတော့ သူ့ရဲ့ ကျင့်ကြံဆင့်ကို မြန်နိုင်သမျှမြန်အောင် မြင့်မားအောင် ကျင့်ကြံမှကို ဖြစ်တော့ပေမည်။

“အကြီးအကဲရှု၊ အနာဂတ်မှာ အကြီးအကဲက သင်ကြားပေးမယ်လို့ မျှော်လင့်ပါတယ်”

လီဟမ်ရှန်းက ယဉ်ကျေးစွာပြောလိုက်သည်။

ရှုခွေက စကားအများကြီး ပြောတတ်သည့် ပုံမပေါ်ပေ။သူ၏ အမူအရာမှာလည်း ကြောက်ရွံ့ဖွယ်ကောင်းလှပေသည်။

လီဟမ်ရှန်း၏ ခေါ်ဆိုမှုကို ကြားပြီးနောက်တွင် သူက ခေါင်းကို ခပ်လေးလေး ခါယမ်းကာ ဆိုလိုက်သည်။

“သခင်လေး ကျုပ်ကို အဲ့လိုခေါ်လို့မရပါဘူး။ “အကြီးအကဲ” ဆိုတဲ့ နာမည်က မသင့်တော်ပါဘူး”

“ဒါဆိုလည်း ဦးလေးရှုလို့ပဲ ခေါ်တော့မယ်” လီဟမ်ရှန်းက တခဏကြာအောင် တွေးတောပြီး ပြောလိုက်သည်။

ရှုခွေက ဆက်လက်၍ ငြင်းမနေတော့ပေ။

“သခင်လေး အထဲကိုလာပြီး ကြည့်ကြည့်ပါဦး။ စိတ်မကျေနပ်တာ တခုခုရှိရင် ကျုပ်ကို ပြောပါ။ ကျုပ်ချက်ချင်း ပြန်ပြင်ပေးပါ့မယ်”

All Chapters