← Chapters

ငါ့ရဲ့ဓားက သိပ်ကို မြန်တယ်

Vol. 6 Ch. 53

ငါ့ရဲ့ဓားက သိပ်ကို မြန်တယ်

Vol. 6 Ch. 53

စံအိမ်ထဲသို့ ဝင်လိုက်သည့်အခိုက်တွင် ကျယ်ပြန့်သော ခြံဝင်း၊ ပြည့်စုံစွာ တပ်ဆင်ထားသော အသုံးအဆောင်ပစ္စည်းများမှာ လီဟမ်ရှန်း၏ မျှော်လင့်ထားသည်ထက်ကို များစွာကို သာလွန်နေခဲ့ပါသည်။

သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ သူနေခဲ့သော နေရာနှင့် ပြန်နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးအလားပင်။

ကျင့်ကြံရန်နေရာ၊လျို့ဝှက်ခန်းနှင့် လက်နက်ထုလုပ်ရာအခန်း၊ အခန်းတိုင်းလိုလိုသည် သူတယောက်တည်းအတွက် အသုံးပြုရန်အတွက် အသင့်ဖြစ်နေခဲ့တော့သည်။

‌ဆေးစိုက်ခင်းတွင်လည်း ဆေးပင်များစွာတို့ကို စိုက်ပျိုးထားသည်ကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ အချို့ဆေးပင်များမှာ တန်ဖိုးကြီးမားလှပေသည်။

ထိုအရာများအားလုံးသည် ရှမူဟိုင်ပေးသော လက်ဆောင်များဖြစ်ပေသည်။

အားလုံးကို ကျေနပ်စွာ ကြည့်ရှုပြီးသော် လီဟမ်ရှန်းက ဘာတခုမှ အပြောင်းအလဲမလုပ်ခဲ့ပါချေ။

စံအိမ်၏ ဒုတိယအထပ်တွင် လီဟမ်ရှန်းသည် ကျိုးကျွင်းနှင့်အတူတူထိုင်နေရင်း အကြမ်းရည် သောက်နေကြတော့သည်။လီဟမ်ရှန်းသည် ထိုကဲ့သို့သော သက်တောင့်သက်သာဖြစ်သော ခံစားချက်ကို တခါမှ မခံစားဖူးပါချေ။

ဂျူနီယာညီမလေး ချောင်းချောင်းသာ ဒီမြင်ကွင်းကို မြင်လိုက်ရရင် ဘယ်လောက်တောင်မှ ကောင်းလိုက်မလဲ။

အကြမ်းပန်းကန်လုံးကို ကိုင်ထားရင်း လီဟမ်ရှန်းမှာ အတွေးထဲနစ်မြောနေခဲ့တော့သည်။

“ညီ၄ ၊ အကိုကြီး နဲ့ အမ၂တို့က ရက်နည်းနည်းကြာရင် ပြန်လာကြလိမ့်မယ်။ သူတို့ကို သွားနှုတ်ဆက်သင့်တယ်နော်”

ကျိုးကျွင်းက ဆက်ပြောသည်။

“အကိုကြီးက အရမ်းကို စိတ်ကောင်းရှိပြီး ရက်ရောတယ်။သူ့မှာ နောက်ထပ် ညီလေးတယောက်ရောက်လာတာကို သိရင် တန်ဖိုးကြီး လက်ဆောင်တခုခုကို ပျော်ပျော်ရွှင်ရွှင်နဲ့ကို ပေးလိမ့်မယ်”

“အကိုအကြီးဆုံးနဲ့ အမ၂ တို့က ဘယ်လို အကျင့်စရိုက်ရှိတဲ့ လူမျိုးတွေလဲ”

လီဟမ်ရှန်းမှာ သူ၏ စီနီယာအကိုနှင့် အမကို စိတ်ဝင်စားနေမိတော့သည်။

“အကြီးဆုံးအကိုကြီးက ကြင်နာတတ်ပြီး တိုက်ပွဲတွေကို တတ်နိုင်သမျှ ရှောင်ရှားတတ်တယ်။ သူက ဗုဒ္ဓဝါဒီကို ကိုးကွယ်တဲ့ လူတွေလိုပဲ။ ဒါပေမယ့် အမ၂... အမ၂ကတော့ ဒေါသထွက်လွယ်တယ်၊ ပြီးတော့ သူ့ဒေါသ ပေါက်ကွဲပြီဆိုရင် လွတ်အောင်သာပြေးပေတော့ ။ မင်း သတိထားသင့်တယ်။ ဒါပေမယ့် အကိုကြီးပဲဖြစ်ဖြစ်၊ အမ ၂ ပဲဖြစ်ဖြစ် မူဟိုင်ဖုန်းတောင်က တပည့်တိုင်းကို ဂရုစိုက်ကြပါတယ်”

ကျိုးကျွင်းက လက်ဖက်ရည်ကြမ်းကို တငုံ‌သောက်လိုက်ပြီး ပြောလိုက်လေသည်။

“သူတို့အကြောင်းပြောမှပဲ ငါသတိထားမိတော့သည်။ သူတို့ကို ငါမတွေ့မိတာ တလနီးပါးတောင် ရှိနေပါရော့လား။အကြီးဆုံးအကိုက ကျန့်ကောစံအိမ်မှာ ရှိနေပြီး အဲ့ဒီ့ကနေ တခါတလေမှသာ ပြန်လာတယ်”

“အမ၂က အမဲလိုက်ရတာသိပ်ကြိုက်တယ်လေ။ အဲ့ဒါကြောင့် အပြင်လောကကို သွားနေတာများပြီး တောင်ပေါ်မှာ မရှိတတ်ဘူး။ ငါတယောက်ပဲ တောင်ပေါ်မှာ ကျန်ရစ်နေခဲ့တာများတယ်”

“ကျန့်ကောစံအိမ်?” လီဟမ်ရှန်းက မေးလိုက်လေသည်။

“ဟုတ်တယ် တိုက်ရိုက်တပည့်တယောက်က မူလနယ်ပယ်ကို ချိုးဖြတ်နိုင်သွားပြီဆိုရင် သူက ရှေးဟောင်းတာအိုဂိုဏ်းရဲ့ နယ်မြေတခုမှာ အရှင်သခင်အဖြစ် တာဝန်ယူပြီး ဦးဆောင်ရတယ်လေ။

အဓိကတာဝန်ကတော့ တစ္ဆေမျိုးနွယ်တွေ ကျူးကျော်လာမှာကို ပြန်တိုက်ခိုက်ဖို့နဲ့ ကိုယ်အုပ်ချုပ်တဲ့ ဒေသရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက်ပဲပေ့ါ။ မင်းသာ အောင်မြင်မှုတွေ ရလာရင် အဲ့ဒါတွေကို အမှတ်နဲ့ လဲပြီး ကိုယ်လိုချင်တာကို တောင်းဆိုလို့ရတယ်လေ”

ကျိုးကျွင်းက ဆက်ပြောသည်။

“ အဲ့ဒီ့အောင်မြင်မှုအမှတ်တွေက ရှေး‌ဟောင်းတာအိုဂိုဏ်းမှာပဲ လဲလှယ်လို့ရတာမဟုတ်ဘူး။ကောင်းကင်ပင်လယ်မြို့ထဲမှာလည်း လဲလို့ရတယ်လေ။အမှတ်တွေကနေ ကိုယ်လိုချင်တဲ့ ရတနာတွေကို လဲလို့ရတယ်”

“ပြောကြတာကတော့ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်မှုတွေသာ လုံလောက်ရင် နတ်သမီးပန်းချီကားရတနာတွေတောင် လဲလို့ရတယ်တဲ့”

“နတ်သမီးပန်းချီကားလား “ လီဟမ်ရှန်း၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့တော့သည်။

“နေပါဦး အကြီးဆုံးအကိုက မူလအဆင့်တောင် ရောက်နေပြီလား” လီဟမ်ရှန်းက မျက်တောင်ခတ်လိုက်လေသည်။ သူက အဲ့လောက်တောင် စွမ်းအားကြီးရတာလား

“ဟုတ်တယ် အကြီးဆုံးအကိုကြီးက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မူလအဆင့်ကို ရောက်သွားခဲ့တာပဲ” ကျိုးကျွင်းက ပြောလိုက်လေသည်။

“အမ၂ကလည်းပဲ မူလအဆင့်လေ။ ဒါပေမယ့် သူမရဲ့ အခြေအနေက နည်းနည်းထူးခြားနေတာမို့လို့ သူမကိုတော့ ဂိုဏ်းအပြင်ကို မစေလွှတ်သေးဘူး။ဆရာ့ရဲ့ တပည့်တွေမှာ မူလအဆင့်ကို မရောက်သေးတာဆိုလို့ မင်းနဲ့ ငါပဲ ကျန်တော့တယ်”

“ဟီးဟီး” လီဟမ်ရှန်းသည် ကျိုးကျွင်းကို ကြည့်ကာ ရယ်လိုက်လေသည်။

သနားစရာအကောင်းဆုံးက သူပင် ဖြစ်လေသည်။သူက ယခုမှ တက်လှမ်းခြင်းအဆင့် မဟုတ်လား။

ညနေစောင်းသော် ကျိုးကျွင်းက ပြန်ထွက်သွားလေတော့သည်။

သူထွက်သွားသည့်အချိန်အထိ ချင်းကျူးတောင်ကို တုန့်ဆိုင်းစွာဖြင့် ပြန်၍ လှည့်ကြည့်နေခဲ့တော့သည်။

လီဟမ်ရှန်းက လျို့ဝှက်အခန်းထဲတွင် ကျင့်ကြံလို‌ကြောင်းကို ရှုခွေအား ပြောခဲ့ပါသည်။

ရှုခွေက ဘာတခွန်းမှ မပြောပဲ ခေါင်းသာ ညိတ်ပြခဲ့သည်။

အမှန်တကယ်တော့ ရှုခွေမှာ အနည်းငယ် ထူးဆန်းနေဆဲပင် ဖြစ်ပါသည်။သူက ရှမူဟိုင်၏ တပည့်လက်ခံသည့် အရည်အသွေးနှင့် ကန့်သက်ချက်များကို ကောင်းကောင်းနားလည်ပါသည်။လီဟမ်ရှန်းလို ပါရမီနှင့် လူမျိုးသည် အပြင်စည်းသို့ ဝင်ရောက်နိုင်လျှင်ပင် ကြီးစွာသော ကံကောင်းမှုကြီး ဖြစ်နေခဲ့ချေပြီ။

ဒါပေမယ့် သူက တိုက်ရိုက်တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ရလေသည်။

သူက ဘာတွေ တွေးနေခဲ့တာလဲ။

ဒါပေမယ့် ရှမူဟိုင်က လီဟမ်ရှန်းကို ရွေးချယ်ခဲ့ပြီ ဖြစ်သောကြောင့် လီဟမ်ရှန်း၏ အိမ်တော်ထိန်းအဖြစ် တာဝန်ကို အကောင်းဆုံးထမ်းဆောင်ရန်သာ သူတွေးထားခဲ့လေ၏။

ထို့ကြောင့် သူက မဆိုင်သည့်အရာများကို မမေးခဲ့ပါချေ။

လျို့ဝှက်အခန်းသို့ ရောက်သောအခါတွင် လီဟမ်ရှန်းက ရွှေနယ်ပယ်ဆေးလုံးကို တခါတည်း ထုတ်သောက်လိုက်လေသည်။သူက တက်လှမ်းခြင်းအဆင့် ငါးသို့ အရင်ဆုံး ချိုးဖြတ်ရန် ဆုံးဖြတ်ထားလေသည်။

ထို့နောက်မှ သူ ကိုင်ဆွဲရန်အတွက် လက်နက်အမျိုးအစားကို ဆုံးဖြတ်မည် ဖြစ်သည်။ထို့နောက်မှ ပန်းချီကားများကို ကြည့်ရှုပြီး သိုင်းပညာဉာဏ်အလင်းရရှိအောင် အားထုတ်မည်ဖြစ်လေသည်။

သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းမှာ ဤနေရာမှ ပထမဦးဆုံးစတင်မည် ဖြစ်ပေ၏။

‌ဆေးကို မြိုချပြီးသည့်နောက်တွင် ဆေးစွမ်းအား အာနိသင်မှာ ချက်ချင်းကို သက်ရောက်လာခဲ့တော့လေသည်။လီဟမ်ရှန်း၏ အတွင်းအင်္ဂါများသည် တဆတ်ဆတ်ကို တုန်ရီလာခဲ့တော့လေ၏။

ကြောက်ရွံ့ဖွယ်ကောင်းလှသော ဆေးစွမ်းအားများသည် လီဟမ်ရှန်း၏ ကြွက်သားများနှင့် ဆဲလ်တခုချင်းစီသို့ ပျံ့နှံ့ကာ ပေါင်းစည်းလာခဲ့တော့လေ၏။သူ၏ ခန္ဓာကိုယ်မှာ တဖြေးဖြေးနှင့် ပြောင်းလဲလာသည်ကို လီဟမ်ရှန်းက ရှင်းရှင်းလင်းလင်းကို ခံစားနေခဲ့မိရတော့သည်။

သူက တက်လှမ်းခြင်းအဆင့်လေး အထွတ်အထိပ်တွင် ရောက်နေခဲ့ခြင်းကြောင့် ဆေးသောက်ပြီးနောက်တွင် တက်လှမ်းခြင်းအဆင့်ငါးသို့ ချိုးဖြတ်ရန်မှာ သိပ်မခက်ခဲခဲ့ပါချေ။

အဆင့်ငါးသို့ တရက်တည်းတွင် သူချိုးဖြတ်နိုင်လိမ့်မည်ဟု လီဟမ်ရှန်းက ခံစားနေရတော့သည်။

ချင်းရွှယ်တောင်ထိပ်

ရှမူဟိုင်သည် ထိုတောင်ထိပ်သို့ ရောက်ရှိနေခဲ့သည်။ သူ့တာအိုဝတ်ရုံများမှာ စုတ်ပြဲနေသည့်တိုင် ထိုတောင်ပေါ်မှ အအေးဒဏ်ကို စိုးစင်းမျှပင် သူမခံစားရပါချေ။

“မင်းက ဒီကို ရောက်နေတာပဲ”

တည်ငြိမ်ကာ အေးဆေးသည့် အသံတခု ထွက်ပေါ်လာခဲ့၏။

ရှမူဟိုင်က မော့ကြည့်လိုက်ရာ နှင်းများဖုံးလွှမ်းနေသော ခန်းမကြီး၏ အရှေ့၌ ထိုင်နေသော လူတယောက်ကို တွေ့လိုက်လေသည်။ထိုလူမှာ သစ်ကိုင်းတချောင်းကို လက်ထဲတွင် ကိုင်ထားပြီး နှင်းမြေပြင်ပေါ်တွင် တစုံတခုကို ရေးသားနေလေသည်။

ထိုသူမှာ ရှမူဟိုင်ကို မော့မကြည့်သည့်တိုင် ရှမူဟိုင်က ရွှယ်ချမ်းပိုင်၏ အရှိန်အဝါထဲတွင် ရောက်ရှိနေသည်ဟု ခံစားနေခဲ့ရ၏။

တိတိကျကျဆိုရသော် ဤ ချမ်းရွှယ်တောင်ကြီးတခုလုံးမှာ ရွှယ်ချမ်းပိုင်၏ အရှိန်အဝါထဲတွင် ‌ရောက်ရှိနေခြင်း ဖြစ်သည်။

လောကကြီး၏ အရာအားလုံး၊လှုပ်ရှားမှုများအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလားပင်။

“ဒုဂိုဏ်းချုပ်” ရှမူဟိုင်က လျှောက်သွားခဲ့သည်။

“ဂိုဏ်းချုပ်က အခုထိ ပြန်မရောက်သေးတဲ့ပုံပဲ။ သူ ဘယ်တော့လောက်ပြန်ရောက်မလဲဆိုတာကို သိပါသလား”

“ငါ မသိဘူး” ရွှယ်ချမ်းပိုင်က သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။

“အရင်တခေါက်တုန်းက ဂိုဏ်းချုပ်အပြင်ထွက်တုန်းကဆိုရင် သုံးနှစ်လုံးလုံး ပြန်မလာဘူးလေ။ အခုမှ သူ ထွက်သွားတာ လနည်းနည်းပဲ ရှိသေးတော့။ တကယ်ကို ပြောရခက်တယ်”

“အာ” ရှမူဟိုင်က ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်လေသည်။

“မင်းမှာ ပြသနာတခုခုရှိလို့လား” ရွှယ်ချမ်းပိုင်က အေးအေးဆေးဆေး မေးလိုက်သည်။

“ငါ ကူညီပေးနိုင်တာ ရှိမလား”

“ဒုဂိုဏ်းချူပ်က မကျေမချမ်းဝိဉာဉ်ကျိန်စာကို ဘယ်လိုချေဖျက်ရမလဲဆိုတာကို သိပါသလား” ရှမူဟိုင်က ‌ကွေ့ဝိုက်မနေပဲ မေးလိုက်သည်။

ငရဲမင်းကို‌တောင် ချုပ်နှောင်ပြီး ဖိနှိပ်၍သာ ရသည်။အပြီးသတ်ချေမှုန်းသတ်ဖြတ်၍ မရပေ။ တနေ့နေ့တွင် မမျှော်လင့်တာ တခုခုဖြစ်လာလျှင် မကျေမချမ်းဝိဉာဉ်ကျိန်စာက သူ့အသက်ကို နှုတ်ယူသွားနိုင်ပေလိမ့်မည်။

“မကျေမချမ်းဝိဉာဉ်ကျိန်စာ”ဟူသော အမည်ကို ကြားသော် ရွှယ်ချမ်းပိုင်၏ မျက်ခုံးများသည် အပေါ်သို့ မြင့်တက်သွားခဲ့လေ၏။

ရှမူဟိုင်က လှုပ်ရှားမှုမပြုနိုင်ခင်မှာပင် နှင်းဖုံးနေသော ခန်းမရှိ ရွှယ်ချမ်းပိုင်မှာ ပျောက်ကွယ်သွားခဲ့ချေပြီ။သူပြန်ပေါ်လာသည့်အခိုက် ရှမူဟိုင်၏ အရှေ့သို့ ရောက်နေခဲ့ချေပြီ။

သူက ရှမူဟိုင်၏ ကော်လာကို ဆွဲကာ ရှမူဟိုင်၏ လည်ပင်းမှ တစ္ဆေကလေးငယ်၏ လက်ကလေးကဲ့သို့ အမှတ်အသားကို ကြည့်လိုက်လေသည်။

“ဒါက တကယ်ပဲ မကျေမချမ်းဝိဉာဉ်ကျိန်စာပါပဲလား”

ရွှယ်ချမ်းပိုင်က ဖမ်းဆုတ်ထားသော လက်ကို လွှတ်ချလိုက်ပြီးနောက်

“ကျိန်စာ အစွမ်းက ပြလာပြီလား”

“ပြပြီးပါပြီ” ရှမူဟိုင်က တကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထနေခဲ့တော့သည်။ ထိုကျိန်စာအစွမ်းပြသည့် ခံစားချက်မျိုးကို သူ ထပ်မံ၍ မခံစားလိုတော့ပေ။

“ကံကောင်းတာက ကျုပ်က စီနီယာတယောက်စီက ရတနာတခု ရခဲ့တယ်။အဲ့ရတနာကြောင့်ပဲ လောလောဆယ်မှာ ဖိနှိပ်နိုင်ခဲ့တယ်။ ကျိန်စာအစွမ်းက အခုလက်တလောတော့ ပြဦးမှာ မဟုတ်ဘူး”

ရွှယ်ချမ်းပိုင်က ရှမူဟိုင်အား ကျောပေးလိုက်လေ၏။

“အဲ့ဒီ့လူက လီချန်ချင်းလား”

“ဟုတ်ပါတယ်”

ရှမူဟိုင်က ရွှယ်ချမ်းပိုင်အား လီချန်ချင်း၏ အကြောင်းကို ယခင်ကတည်းက ပြောပြထားသောကြောင့် သူ မလျို့ဝှက်ထားခဲ့ပါချေ။

“မကျေမချမ်းဝိဉာဉ်ကျိန်စာကိုတောင်မှ ဖိနှိပ်နိုင်တယ်ဆို‌တော့ ဒီလူက တကယ့်ကို ကျွမ်းကျင်သူတယောက်ပဲ”

ရွှယ်ချမ်းပိုင်က ဆက်ပြောသည်။

“မကျေမချမ်းဝိဉာဉ်ကျိန်စာကို ဘယ်လို ချေဖျက်ရမလဲတော့ မသိဘူး။ ဒါပေမယ့် ငါသိတာ တခုတော့ရှိတယ်”

“မင်းကို မကျေမချမ်းဝိဉာဉ်ကျိန်စာသင့်အောင် လုပ်ခဲ့တဲ့ လူကို ရှာပြီး သတ်ပစ်လိုက်ရင် ကျိန်စာကနေ လွတ်မြောက်သွားလိမ့်မယ်”

“အဲ့ဒါဆိုရင်တော့ ဒီကျိန်စာက ကုမရတော့ဘူးပဲ”

ပန်းချီကားချပ်မှာ သူ့ဘာသာသူ မီးလောင်သွားခဲ့လေပြီ။ ဘုရားကျောင်း၏ အဝင်ဝမှာ ဘယ်လိုမှ ရှာမရတော့ဘူးလေ။

ထို့အပြင် အဝင်ဝကို ရှာတွေ့သွားလို့ အေးခဲဘုရားကျောင်းကို ရောက်သွားတယ်ထားဦး။ အဲ့ဒီ့နေရာမှာ သူ့ရဲ့ ကျင့်ကြံခြင်းတွေကို ဖိနှိပ်ခံထားရမှာလေ။ပြီးတော့ ထိုတစ္ဆေကလေးငယ်ကို စိန်ခေါ်ဖို့က မဖြစ်နိုင်လွန်းလောက်ဘူး။

“ဂိုဏ်းချုပ်ကတော့ အဖြေသိကောင်းသိနိုင်လိမ့်မယ်။ မင်းအပြင်ထွက်ပြီး သူ့ကို လိုက်ရှာလို့တော့ရတယ်။သူ့ကို တွေ့ရင် တွေ့လောက်မှာပေါ့”

ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။

“ပြီးတော့ မင်းရဲ့ မကျေမချမ်းဝိဉာဉ်ကျိန်စာ ထဖောက်လို့ ဝေဒနာကို မခံနိုင်ရင် ငါ့ဆီကိုသာ လာခဲ့”

“အို... ဒုဂိုဏ်းချုပ်မှာ အဲ့ဒီ့ဝေဒနာကို ဖိနှိပ်‌ပေးဖို့အတွက် နည်းလမ်းရှိတယ်လား” ရှမူဟိုင်၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့တော့လေသည်။ ဗုဒ္ဓရုပ်ထုက မဖိနှိပ်နိုင်တော့ရင် ဘယ်လိုဆက်လုပ်ရမလဲဆိုပြီး သူတွေးပူနေခဲ့ရတာ၊ အခုကြည့်ရသလောက်ကတော့ ရွှယ်ချမ်းပိုင်မှာ နည်းလမ်းတခု ရှိနေပုံပဲ။

“ငါ့ ဓားက သိပ်မြန်တာ။ မင်း ဘာနာကျင်မှုမှ မခံစားရစေဘူးလို့ ငါ အာမခံတယ်”

ရွှယ်ချမ်းပိုင်က လေးလေးနက်နက် ပြောလိုက်သည်။

All Chapters