ထူးဆန်းသော အရုပ်
Vol. 6 Ch. 54
ရှမူဟိုင်သည် နှုတ်မှ ပွစိပွစိ ရေရွတ်ပြီး အဝေးသို့ ထွက်သွားလေတော့သည်။
ရွှယ်ချမ်းပိုင်သည် တချက်ရယ်ကာ ခေါင်းခါလိုက်လေသည်။ထို့နောက်တွင် သစ်ကိုင်းနှင့် နှင်းတောထဲတွင် စာဆက်ရေးနေလိုက်တော့လေ၏။
အေးစက်နေသော လေထုမှာတိုက်ခတ်သွားပြီး နှင်းပွင့်များမှာ တဖျပ်ဖျပ်နှင့် ရစ်ဝဲကာ ကျဆင်းလာခဲ့တော့သည်။ သူရေးနေသော စာလုံးများမှာ ထိုနှင်းများကြောင့် ဖုံးကွယ်သွားခဲ့သည်။
ရွှယ်ချမ်းပိုင်က ထိုအရာကို စိတ်ထဲမထားနေခဲ့ပေ။ ထို့နောက်တွင် စာလုံးနှစ်လုံးကို ထပ်ရေးလိုက်လေ၏။
ချင်းယန်
ထိုစာလုံးများကို ကြည့်ရင်း ရွှယ်ချမ်းပိုင်သည် အတွေးရေယာဉ်ကျောထဲကို မျောနေခဲ့သည့်ပုံစံရှိနေတော့သည်။
ထိုအခိုက်မှာပင် နှင်းလင်းယုန်တကောင်သည် ကောင်းကင်ထက်မှ ပျံဝဲကာ ဆင်းသက်လာခဲ့၏။
၎င်းသည် နှင်းဖုံးနေသော ခန်းမ အနီးတွင် နားလိုက်သည်။ ရွှယ်ချမ်းပိုင်က လင်းယုန်ထံသို့ လျှောက်သွားကာ ပို့လာသော စာကို သွားယူလိုက်လေသည်။
သူက စာကို ဖွင့်ဖောက်လိုက်ရာ စာတကြောင်းရေးထားသည်ကိုသာ တွေ့လိုက်ရလေ၏၊
‘ပြသနာတွေ အစပျိုးနေပြီ၊ မလာပါနဲ့’
ထိုစာကို ဖတ်ပြီးနောက်တွင် ရွှယ်ချမ်းပိုင်၏ မျက်ဝန်းများမှာ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့တော့လေ၏။သူက စာကို ဝတ်ရုံထဲသို့ ထည့်လိုက်ပြီးသည့်နောက်တွင် မတ်တပ်ရပ်လိုက်သည်။
လေအေးနှင့် နှင်းပွင့်ချပ်များတချက် ဖြတ်တိုက်ခတ်သွားပြီးနောက်တွင် ရွှယ်ချမ်းပိုင်၏ ပုံရိပ်မှာ လုံးဝကို ပျောက်ကွယ်သွားခဲ့လေတော့၏။
အထီးကျန်နှင်းဖုံးခန်းမတခုကသာ လူမရှိသည်မှာ ကြာမြင့်နေသည့်အလား ကျန်ရစ်နေခဲ့တော့သည်။
နောက်တနေ့နံနက်ခင်း
ရှေးဟောင်းတာအိုဂိုဏ်းသို့ နံနက်ခင်းနေရောင်ခြည်ကျဆင်းလာသည့်အခိုက်တွင် လီဟမ်ရှန်း၏ ကျင့်ကြံခြင်းအခန်း၏ တံခါးမှ ပွင့်သွားခဲ့လေတော့သည်။
လီဟမ်ရှန်းက အထဲမှ အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
သူက မျက်လုံးကို မှိတ်ကာ နွေးထွေးနေသော နေရောင်ခြည်ကို ခံစားနေတော့သည်။
လီဟမ်ရှန်းသည် ယမန်နေ့ကနှင့် တူမနေခဲ့ပါ။ သူ့ ခန္ဓာကိုယ်မှ တရိပ်ရိပ်နှင့် ထွက်နေသော ဖြတ်လတ်မှုကြီး တခုရှိနေခဲ့၏။
သူ၏ ဖြတ်လတ်မှုမှာ အားမာန်အပြည့်နှင့်ဖြစ်နေကာ သူ၏ ခွန်အားမှာလည်း သိသိသာသာကို တိုးသွားခဲ့လေပြီ။
တက်လှမ်းခြင်းအဆင့်ဆိုသည်မှာ သေမျိုးခန္ဓာကိုယ်ကို အခွံချွတ်ကာ အစကနေ ပြန်လည်မွေးဖွားခြင်းပင် ဖြစ်၏။
ပထမ အဆင့်လေးဆင့်မှာ ကျင့်ကြံသူ၏ ခွန်အားနှင့် အမြန်နှုန်းကို မြှင့်တင်သည့် လုပ်ငန်းစဉ်ဖြစ်လေသည်။အဆင့်ငါးမှစ၍ အစစ်အမှန်ပြောင်းလဲမှုများ စတင်ခြင်းပင် ဖြစ်လေသည်။
အတွင်းအင်္ဂါငါးပါး၏ တက်ကြွမှုနှင့် အတူ အလုံးစုံသော ခွန်အားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို ထောက်ပံ့ပေးသော ကြွယ်ဝသော တက်ကြွမှုနှင့် ကိုယ်အင်္ဂါများရှိမှသာလျှင် ချီကို ထုတ်လွှတ်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်ကျမှသာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖြတ်နိုင်လိမ့်မည်။
ထို့ကြောင့် တက်လှမ်းခြင်းအဆင့်ငါးသို့ ရောက်မှသာ ကျင့်ကြံခြင်း၏ လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီဟု ပြောနိုင်ပေသည်။
သူက တက်လှမ်းခြင်းအဆင့်ငါးသို့ ရောက်ရှိပြီဖြစ်သောကြောင့် ကျင့်ကြံခြင်းနည်းလမ်းများကို နားလည်သဘောပေါက်ရန်အတွက် အရည်အချင်းပြည့်မှီပြီ ဖြစ်လေသည်။
“မင်္ဂလာနံနက်ခင်းပါ ဦးလေးရှု”
သူ အပြင်သို့ လျှောက်လာသည့်အခိုက် ရှုခွေမှာ အစေခံများအလုပ်လုပ်နေသည်ကို ကြည့်နေသည်ကို မြင်လိုက်သောကြောင့် လီဟမ်ရှန်းက လှမ်းနှုတ်ဆက်လိုက်လေ၏။
ရှုခွေက စကားသိပ်ပြောသည့် လူစားမျိုးမဟုတ်သောကြောင့် လီဟမ်ရှန်းအား ခေါင်းတချက်သာ ညိတ်ပြသည်။
အကြည့်တချက်နှင့်ပင် လီဟမ်ရှန်းမှာ တက်လှမ်းခြင်းအဆင့်ငါးသို့ ရောက်သွားသည်ကို သူသိသည့်တိုင် ဘာတခွန်းမှ မပြောပါချေ။
ရှုခွေသည် တစုံတခုကို သတိရသွားသောကြောင့် လီဟမ်ရှန်းထံသို့ လျှောက်လာရင်း သူ့ဝတ်ရုံထဲမှ တစုံတခုကို ဆွဲထုတ်လိုက်သည်။
၎င်းမှာ ရွှေတိုကင်ပြားတခုဖြစ်လေသည်။
“သခင်လေး ဒီတိုကင်က တိုက်ရိုက်တပည့်တွေရဲ့ တံဆိပ်ပြားပဲ။ရှေးဟောင်းနယ်မြေတွေကို ဝင်တဲ့အခါကျရင် ဒီတံဆိပ်ပြားကို လိုလာလိမ့်မယ်။အဲ့ဒါကြောင့်မို့ မပျောက်ပါစေနဲ့”
“ကျေးဇူးပါပဲ ဦးလေးရှု” လီဟမ်ရှန်းသည် တိုကင်ပြားကို ယူလိုက်လေသည်။တိုကင်ပြားမှာ လေးလံလှသည်။ထိုအပေါ်တွင်လည်း “ဟန်ကျီ” ဟူသော စာလုံးကို ရိုက်နှိပ်ထားလေ၏။
“မနက်စာ အသင့်ပြင်ထားပြီးပါပြီ။ သခင်လေး အချိန်မရွေး သုံးဆောင်နိုင်ပါပြီ”
ထိုစကားများကိုပြောပြီးနောက်တွင် ရှုခွေသည် အစေခံများ အလုပ်လုပ်နေသည်ကို ပြန်လည်ကြည့်ရှုနေခဲ့၏။
စားသောက်ပြီးသော် လီဟမ်ရှန်းက လမ်းလျှောက်ရန် ပြင်ဆင်လိုက်လေသည်။ထိုအချိန်ကျမှသာ ရှမူဟိုင်က သူ့ကို ပေးထားသော သစ်သားသေတ္တာလေးကို သတိရသွားခဲ့လေတော့၏။
လျို့ဝှက်ရတနာ
လီဟမ်ရှန်းသည် သူ၏ ကျင့်ကြံခြင်းအခန်းဆီသို့ ပြန်ပြေးသွားခဲ့တော့သည်။
သူက ထိုအရာက ဘာလဲဆိုတာကို ကြည့်ချင်သည်လေ။
သူက မည်သူမှ ဝင်လာလို့ မရအောင် တံခါးကို သေချာပိတ်လိုက်လေသည်။ထို့နောက်တွင် သေတ္တာကို ဖြေးညင်းစွာ ဖွင့်လိုက်၏။
ရွှေရောင်ပိတ်စမှာ တစုံတခုကို ထုတ်ပိုးထားလေသည်။လီဟမ်ရှန်းက ကိုင်ကြည့်လိုက်ရာ အလေးချိန်မှာ သိပ်မစီးလှချေ။
သူက ထုတ်ပိုးထားသော ပိတ်စကို ဖြေချလိုက်ရာ ပေါ်လာသည့်အရာမှာ... သစ်သားရုပ်တခု?
ထိုအရာမှာ သစ်သားဖြစ်သည့်တိုင် လူပုံသဏ္ဍာန်တခုကို ထွင်းထုထားခဲ့လေသည်။
“တော်တော်လှပတဲ့အရာပါလား” အကြည့်တချက်မှာပင် လီဟမ်ရှန်းသည် သူ့အရှေ့မှ ပစ္စည်းကြောင့် တုန်လှုပ်သွားခဲ့ရ၏။
ထိုအရာမှာ လူတယောက်ဖြစ်သည်။
လူပုံစံမှာ အသေးစိတ်ကျနလှသောကြောင့် မျက်လုံးများကိုပင် သေသေချာချာ မြင်နေရတော့သည်။
ဒီလိုလက်ရာမျိုးကို ဘယ်လိုများ ဖန်တီးခဲ့တာလဲ
ထိုလူသည် အသက်အရွယ်ကြီးရင့်နေသော လူအိုကြီးတယောက်၏ ပုံဖြစ်သည်။သူက နံရံကို မှီထားသည်။သူ၏ ဘယ်ဘက်လက်တွင်လည်း ဝိုင်ခွက်ကို ကိုင်ကာ အရက်မူးနေသည့်နှယ်ဖြစ်နေသည်။သို့သော် သူ၏ ညာလက်တွင်တော့ စုတ်တံတချောင်းကို ကိုင်ဆွဲထားလေ၏။
ရုတ်တရက် တစုံတခုမှားနေပြီဟု လီဟမ်ရှန်းခံစားလိုက်ရတော့သည်။
ထူးဆန်းသော အကြောင်းအရင်းတခုကြောင့် ထိုလူအိုကြီးကို ကြည့်လိုက်သည့်အချိန်တွင် ထူးဆန်းပြီးဆန်းကြယ်သော ခံစားချက်မှာ သူ့တကိုယ်လုံးကို လွှမ်းခြုံလာသည်ကို လီဟမ်ရှန်းက ခံစားမိလိုက်၏။
ထိုအရာ၏ ဆွဲဆောင်ခြင်းကို ခံစားလိုက်ရသည်။
ထိုဆွဲဆောင်မှုကြောင့် လီဟမ်ရှန်းသည် ထိုပန်းးပုရုပ်ကို နားလည်သဘောပေါက်ပြီး ဉာဏ်အလင်းရအောင် အားထုတ်ချင်လာမိသည်။
ဉာဏ်အလင်းရအောင် အားထုတ်ရတာက ပန်းချီကားတွေအပြင် တခြားဟာတွေကိုကော အသုံးပြုလို့ရလို့လား?
လီဟမ်ရှန်းသည် မသိစိတ်ထဲမှ အလိုလို နားလည်သဘောပေါက်အောင် ကျင့်ကြံမိနေခဲ့တော့သည်။
လူအိုကြီး၏ ပုံရိပ်မှာ လီဟမ်ရှန်း၏ စိတ်အာရုံထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။ ထိုပုံရိပ်မှာ အချိန်မြစ်ကြီးကို ဖြတ်သန်းကာ အသက်ဝင်လာသည့်အလားပင်။
လီဟမ်ရှန်းသည် ထိုလူအိုကြီး၏ ဘဝကို အစမှ ထိုင်ကြည့်နေမိတော့သည်။
ထိုခံစားချက်မှာ လွန်စွာမှကို ထူးဆန်းလှပေ၏။
အံ့ဩဖို့ကောင်းလွန်းလှပေသည်။
ထိုခံစားချက်မှာ လီဟမ်ရှန်းကို အချိန်မည်မျှကုန်ဆုံးသွားပြီလဲဆိုတာကို မေ့လျော့သွားစေခဲ့တော့သည်။ သူက ဘယ်နေရာကို ရောက်နေတာလဲဆိုတာကိုပင် မေ့လျော့သွားခဲ့လေတော့သည်။ သူ့ကိုယ်သူပင် မေ့လျော့သွား၏။
“ဒါက ဘယ်လို ရတနာမျိုးကြီးလဲ”
အချိန်ဘယ်လောက်ကြာမှန်းမသိတော့သည့်အချိန်ရောက်မှသာ လီဟမ်ရှန်းက သတိပြန်ဝင်လာခဲ့တော့၏။သူက မြေပြင်ပေါ်မှာ ထိုင်နေခဲ့၏။ ပန်းပုရုပ်ထုမှာလည်း သူ့အရှေ့ရှိ မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့သည်။ အခုဖြစ်ပျက်ခဲ့သည်များက ဘာမှ မဖြစ်ခဲ့သည့်အလားပင်။
“ညတောင်ရောက်သွားပြီလား” လီဟမ်ရှန်းက အပြင်သို့ ကြည့်လိုက်ရာ အပြင်ဖက်တွင် အလင်းရောင်ဖျော့ဖျော့လေးသာ ကျန်နေခဲ့တော့သည်။
လီဟမ်ရှန်းသည် ပန်းပုရုပ်ကို သေတ္တာလေးထဲသို့ ပြန်ထည့်လိုက်လေ၏။
ထို့နောက်တွင် သူက အပြင်သို့ တံခါးဖွင့်ကာ လမ်းလျှောက်ထွက်လာခဲ့တော့သည်။
“သခင်လေး တံခါးပိတ်ကျင့်ကြံနေတာ ပြီးသွားပြီလား” ရှုခွေက လီဟမ်ရှန်းအပြင်သို့ ထွက်လာသည်ကို မြင်လိုက်သောကြောင့် မေးလိုက်ခြင်းပင် ဖြစ်သည်။
“ကျွန်တော် တံခါးပိတ်မကျင့်ပါဘူး” လီဟမ်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျွန်တော်တို့ ဒီမနက်ပဲ တွေ့ခဲ့တာမဟုတ်ဘူးလား”
“ဒီမနက်?”
ရှုခွေက ထူးဆန်းသော အမူအရာနှင့် ပြောလိုက်သည်။
“ကျုပ်မှတ်မိတာ မမှားဘူးဆိုရင် ကျုပ်တို့တွေ့ခဲ့တာက လွန်ခဲ့တဲ့ ငါးရက်တုန်းကပဲ”
“ဟုတ်တယ် လွန်ခဲ့တဲ့ ငါးရက် မနက်စောစောမှာ တွေ့ခဲ့တာ” ရှုခွေက ခေါင်းညိတ်လိုက်သည်။
“ငါးရက်?”
လီဟမ်ရှန်းမှာ နဝေတိန်တောင် ဖြစ်သွားခဲ့သည်။
ဒါပေမယ့် ရှုခွေ၏ ပုံစံမှာ ဟာသလုပ်နေသည့် ပုံလုံးဝဖြစ်မနေပေ။ထို့အပြင် ရှုခွေလိုမျိုးလူစားက ဟာသလုပ်မည့် ပုံစံလည်း မရှိပေ။
သူက စကားတောင်သိပ်မပြောတာ ဟာသလုပ်မယ်တဲ့လား။
“ကျိုးကျွင်းတောင်ရောက်လာသေးတယ်။ဒါပေမယ့် သခင်လေး ကျင့်ကြံနေလို့ သူပြန်ထွက်သွားတယ်” ရှုခွေက ဆက်ပြောသည်။
“ကျွန်တော် နားလည်ပြီ” လီဟမ်ရှန်းသည် အိပ်မက်ယောင်နေသည့် လူပမာ သူ့အခန်းသို့ ပြန်လာခဲ့လေသည်။ ငါးရက်မှာ ဘယ်လို ကုန်ဆုံးသွားသည်ကို သူနည်းနည်းလေးမှ နားမလည်နိုင်အောင် ဖြစ်နေခဲ့တော့သည်။
သူ့အတွက်တော့ အချိန်ခဏလေးသာ ကြာမြင့်ခဲ့သည်လေ။
ပြီးတော့ အဲ့ဒီ့သစ်သားရုပ်က အတိအကျဆိုရင် ဘာများဖြစ်နိုင်မလဲ
အဲ့ဒီ့ လူအိုကြီးက ဘယ်သူများလဲ
သူက ထိုလူ့ကို စန်းယွမ်တိုက်ကြီးတွင် လုံးဝကို မကြားခဲ့ဖူးပေ။
ထို့အပြင် ဤအချိန်တိုလေးအတွင်း၌ လီဟမ်ရှန်းသည် သူမြင်ခဲ့သောမြင်ကွင်းများကို ခပ်ဝါးဝါးသာ မှတ်မိတော့လေသည်။ အိပ်စက်နေရာမှ နိုးလာပြီး အိပ်မက်မက်ခဲ့သည်များကို မမှတ်မိတော့သလို ဖြစ်နေခဲ့၏။သူ့မှတ်ဉာဏ်များမှာ တဖြေးဖြေးနှင့် လွင့်ပါးကာ ပျောက်ကွယ်နေခဲ့ချေပြီ။သူ မှတ်မိတာက ထိုလူအိုကြီး၏ အမည်ကိုသာ ဖြစ်သည်။
ထိုလူအိုကြီး၏ အမည်မှာ ဝူတောက်ကျီဟု ခေါ်သည်။
ထိုနာမည်မှာ သူ နှင့် အစိမ်းသက်သက်သာ ဖြစ်သည်။
လီဟမ်ရှန်းသည် တညလုံးတွေးတောနေသည့်တိုင် ထိုရတနာမှာ မည်သည့်ရတနာဖြစ်သည်ကို သူလုံးဝကို မခန့်မှန်းနိုင်ခဲ့ပေ။
အချိန်ငါးရက်ကြာမြင့်ခဲ့သော်လည်း ထူးထူးခြားခြား ဘာမှ မပြောင်းလဲသွားခဲ့ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း မူလအတိုင်းပင်ဖြစ်လေသည်။
သူ၏ ပါရမီမှာလည်း နဂိုအတိုင်း ညံ့ဖျင်းနေဆဲသာဖြစ်၏။
ဤအခြေအနေကို သူ၏ ဆရာသခင်ဖြစ်သူကိုသာ မေးမြန်းမှသာ ဖြစ်တော့မည်။
အရုဏ်တက်ချိန်၌ လီဟမ်ရှန်းသည် မျောလွင့်ပုံရိပ်ခန်းမသို့သွားရောက်ပြီး ကျင့်ကြံခြင်းနည်းလမ်းတခုကို ဖမ်းဆုတ်မိရန် စီစဉ်ထားခဲ့သည်။
လီဟမ်ရှန်းသည် သေးငယ်သော ရည်မှန်းချက်လေးတခုကို ချမှတ်ထားလေ၏။သုံးလအတွင်းတွင် သူက ကျင့်ကြံခြင်းနည်းလမ်းတခုကို ဖမ်းဆုပ်မိရမည်ဟူ၍ ဖြစ်သည်။
နံနက်စောစော၌ နံနက်စာစားသောက်ပြီးသော် လီဟမ်ရှန်းက မျောလွင့်ပုံရိပ်ခန်းမရှိရာသို့ ထွက်လာခဲ့တော့၏။
မျောလွင့်ပုံရိပ်ခန်းမသည် မျောလွင့်ပုံရိပ်တောင်ထိပ်တွင် တည်ရှိလေသည်။မူဟိုင်ဖုန်းတောင်နှင့် သိပ်မဝေးသည့်နေရာတွင် တည်ရှိလေသည်။ထိုနေရာသို့ မြင်းစီးသွားသည့်အခါတွင် အမွှေးတိုင်တတိုင်ထွန်းညှိသည့်ကြာချိန်တွင် ရောက်ရှိမည် ဖြစ်လေသည်။
ထိုနေရာတွင် မျောလွင့်ပုံရိပ်ခန်းမသို့ သွားလာနေကြသော တပည့်များစွာတို့ကို တွေ့ရလိမ့်မည် ဖြစ်သည်။
ယခုအကြိမ်မှာ လီဟမ်ရှန်း၏ ပထမဦးဆုံးအကြိမ်ရောက်ရှိလာမှုဖြစ်ပြီး သူ့ကို လွန်စွာ လန်းဆန်းသွားစေခဲ့သည်။
ထိုအချိန်တွင် တောင်တက်လမ်းတွင် စကားပြောနေကြသော တပည့်နှစ်ယောက်၏ စကားဝိုင်းမှာ လီဟမ်ရှန်း၏ အာရုံကို ဆွဲဆောင်သွားလေတော့သည်။
“ကြားပြီးပြီလား၊ မူဟိုင်ဖုန်းတောင်သခင်က တက်လှမ်းခြင်းအဆင့်ပဲရှိသေးတဲ့ တပည့်တယောက်ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုက်တယ်တဲ့”
“မနေ့က အကိုဟန်ပြောတာကိုကြားလိုက်တယ်။နောက်ထပ် နှစ်ဝက်ကြာရင် သူက အဲ့ဒီ့တပည့်ကို စိန်ခေါ်မယ်တဲ့”