အခန်း (၅၆)
Vol. 6 Ch. 56
“စီနီယာအစ်မလင်းထုံက ကျွန်တော့်ကို သိနေတာများလား”
လီဟမ်ရှန်းက အရှေ့သို့ တလှမ်းတိုးကာ လက်ကိုဆုပ်ကာ လင်းထုံနှင့် သူ့အားကြည့်နေသော အမျိုးသားကို အရိုအသေပေးလိုက်လေသည်။
“လီဟမ်ရှန်းဆိုတဲ့ နာမည်က ရှေးဟောင်းတာအိုဂိုဏ်းတခုလုံးမှာ ကျော်ကြားနေတာမို့လို့ မသိစရာမရှိပါဘူး”
လင်းထုံက တချက်ပြုံးကာ ပြောလိုက်သည်။
လီဟမ်ရှန်း၏ ပါရမီမှာ လွန်စွာ နိမ့်ပါးနေသည်ကို မြင်ရသော်လည်း လင်းထုံက မအံ့ဩတော့ပါချေ။ ကောလဟာလများမှာ ဂိုဏ်းအတွင်း၌ ပျံ့နှံ့နေပြီး ဖြစ်လေသည်။
“ဒီက စီနီယာက ဘယ်သူများလဲ”
လီဟမ်ရှန်းက နံဘေးတွင် ရပ်နေသော အမျိုးသားကို ကြည့်ကာ မေးလိုက်ခြင်းပင်။
ထိုအမျိုးသားသည် အသက်လေးဆယ်အရွယ်ခန့်ရှိပြီး စာပေပညာရှင်များ ဝတ်ဆင်သော အဖြူနှင့် အပြာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့်အပြင် သူ၏ ဥပဓိရုပ်မှာလည်း ကျောင်းတော်သားတယောက်နှင့် လွန်စွာ တူညီသော အရှိန်အဝါများထွက်ပေါ်နေခဲ့သည်။
“ဒါက မျောလွင့်ပုံရိပ်ခန်းမသခင် ပါ”
လင်းထုံက မိတ်ဆက်ပေး၏။
“ခန်းမသခင်ကို အရိုအသေပေးပါတယ်”
လီဟမ်ရှန်းက လေးစားစွာ နှုတ်ဆက်လိုက်လေ၏။
“အရမ်းကြီး လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပြနေစရာ မလိုဘူး”
ခန်းမသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါက မင်းရဲ့ ပထမဦးဆုံးအကြိမ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီက အခြေအနေနဲ့ စည်းကမ်းတွေကို ငါ ရှင်းပြပေးမယ်”
“ဟုတ်ကဲ့ပါ” လီဟမ်ရှန်းက လေးလေးနက်နက် နားထောင်လိုက်သည်။
“မျောလွင့်ပုံရိပ်ခန်းမဆိုတာက ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းက ပန်းချီရတနာတွေကို သိမ်းထားတဲ့ နေရာပဲ”
ပန်းချီကားက နှစ်မျိုးရှိတယ်။ မူလပန်းချီကားနဲ့ ပြန်ကူးဆွဲထားတဲ့ ပန်းချီကားနဲ့ ဆိုပြီးတော့ပေါ့။ ပန်းချီကားထဲမှာ ပါဝင်တဲ့ စိတ်ဝိဉာဉ်စွမ်းအားက အကန့်အသက်နဲ့ ရှိတယ်။ ရှေးခေတ်ကတည်းကနေ အခုခေတ်အထိ ပန်းချီကားတွေရဲ့ စိတ်ဝိဉာဉ်စွမ်းအားက တည်ရှိနေနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။
“အဲ့ဒါကြောင့်မို့လို့ ပန်းချီကားကိုပဲ ပြန်ကူးဆွဲပေးတဲ့ ပန်းချီဆရာတွေက ပေါ်လာခဲ့ရတာပဲ။ ပြန်ကူးဆွဲတဲ့ ပန်းချီကားရဲ့ လုပ်ဆောင်ပုံက မူရင်းပန်းချီကားနဲ့ အတူတူပဲ၊ ကွာခြားသွားတာက မူရင်းပန်းချီကားလောက် ရှင်းရှင်းလင်းလင်း အနုပညာလက်ရာမမြောက်တော့တာပေါ့”
“အဲ့ဒါကြောင့်မို့လို့လဲ ကူးဆွဲထားတဲ့ ပန်းချီကားကို ကြည့်ပြီး ဉာဏ်အလင်းပွင့်အောင် အားထုတ်ရင် ရရှိလာမယ့် နားလည်သဘောပေါက်မှုက ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ဒါပေါ့ အဲ့တာကလည်း တပည့်တယောက်ချင်းစီရဲ့ ပါရမီ အနည်းအများနဲ့လည်း ဆိုင်သေးတာပေါ့”
“အပြင်စည်းတပည့်နဲ့ အတွင်းစည်းတပည့်တွေက ပြန်ကူးဆွဲထားတဲ့ ပန်းချီကားချပ်တွေကိုပဲ ကြည့်ရှုခွင့်ရှိတယ်။ ဒါပေမယ့်လို့ တိုက်ရိုက်တပည့်တွေကတော့ မူရင်းပန်းချီကားကို ကြည့်ရှုနိုင်တယ်။ တခါဝင်ရင် သုံးနာရီအထိ ကြာချိန်ရမယ်။အဲ့ဒီ့ထက် ပိုပြီး နေလို့ မရဘူး”
ခန်းမသခင်မှာ စကားအများကြီးကို ဆက်တိုက်ပြောသွားသော်လည်း လီဟမ်ရှန်းမှာမူ ကောင်းကောင်း နားလည်ခဲ့ပါသည်။
မူရင်းပန်းချီကားချပ်များကို ကြည့်ပြီး နားလည်မှုသဘောတရားကို ဖမ်းဆုတ်နိုင်ခြင်းသည် အကောင်းဆုံးပဲ ဖြစ်လေသည်။
နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ပန်းချီကားအမွေအနှစ်များကို ထိန်းသိမ်းထားရန်မှာ ရှေးဟောင်းတာအိုဂိုဏ်းအတွက် လွယ်ကူမနေခဲ့ပါချေ။
“ကောင်းပြီ ဂျူနီယာမောင်လေးလီရေ၊ အမကတော့ သွားကျင့်ကြံလိုက်ဦးမယ်။ မောင်လေး အချိန်ရရင်တော့ အစ်မဆီကို လာလည်ပေါ့”
လင်းထုံက ထိုကဲ့သို့ ပြောပြီးသော် ခြေဖနောင့်တချက်ပေါက်လိုက်လေ၏။သူမ၏ ပုံရိပ်မှာ ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်။
လက်ရန်းများကို ခြေဖြင့်ကန်ရင်း သူမသည် ငါးထပ်မြောက်သို့ ရောက်ရှိသွားပြီးနောက် အခန်းထဲသို့ ဝင်သွားတော့လေသည်။
သူမသည် အခန်းတံခါးကို ပိတ်လိုက်သည်။
ဒီကောင်မလေးက အမြဲတမ်းပဲ စိတ်ကို မရှည်တတ်ဘူး
ခန်းမသခင်မှာ ခေါင်းကို ခါယမ်းရင်းဆိုလိုက်သည်။
လှေကားကနေ ရိုးရိုးတန်းတန်းတက်သွားလို့ ရတာကို ပျံသန်းသွားတယ်တဲ့လေ။
“မင်းက အခု တက်လှမ်းခြင်းအဆင့်ငါးကို ရောက်ပြီဆိုတော့ ကျင့်ကြံခြင်းနည်းလမ်းတခုခုကို ဖမ်းဆုတ်နိုင်အောင် ဒီကို ရောက်လာတာမဟုတ်လား။
ခန္ဓာသန့်စင်ခြင်းက ကျင့်ကြံသူတွေအတွက် အရေးပါဆုံးပဲ။ဒီမှာ ခန္ဓာသန့်စင်ခြင်းကျင့်စဉ်တွေရဲ့ စာရင်းရှိတယ်။ဘယ်တခုက မင်းအတွက်သင့်တော်မလဲဆိုတာကို ကြည့်ကြည့်လိုက်”
ထိုသို့ပြောပြီးနောက်တွင် ခန်းမသခင်မှာ လီဟမ်ရှန်းအား စာအုပ်တအုပ်ကို ကမ်းပေးလိုက်သည်။
လီဟမ်ရှန်းသည် စာအုပ်ကို ဖွင့်လိုက်ရာ အတွင်းရှိ များပြားလှကာ ပြည့်နှက်နေသော သိုင်းကျင့်စဉ်များကို မြင်ပြီးနောက်တွင် အသက်ရှု ရပ်မတက်ပင် ဖြစ်သွားခဲ့လေသည်။။
သိပ်ကို များလွန်းတယ်။
တချက်ကြည့်လိုက်တာနဲ့ ထောင်ချီနေသည်ကို တွေ့လိုက်ရတော့သည်။
“ရှေးဟောင်းတာအိုဂိုဏ်းမှာ ရှိတဲ့ ပန်းချီစာလိပ်ပေါင်း ၁၃၀၄ချပ်ကနေ ရရှိခဲ့တဲ့ ခန္ဓာသန့်စင်ခြင်းကျင့်စဉ်တွေပဲ”
“ဒါပေမယ့် သိုင်းပညာရပ်တွေမှာလည်း အဆင့်တွေခွဲခြားထားတယ်။ပန်းချီကားချပ်မျိုးစုံကနေ ဉာဏ်အလင်းပွင့်ပြီးရရှိနေတဲ့ သိုင်းကျင့်စဉ်တွေကလည်း ကွာခြားတယ်လေ။ ဒီသိုင်းပညာရပ်တထောင်ကျော်က သာမန်ပန်းချီဆရာတွေ ဆွဲထားတဲ့ ကားချပ်တွေကနေ လာတာပဲ။ သိုင်းပညာရပ် နှစ်ရာကျော်ကပဲ အဆင့်မြင့်ပန်းချီဆရာတွေရဲ့ ကားချပ်တွေကနေ ရတာ”
“ကျန်တဲ့ ပန်းချီကားတွေကတော့ အမည်မသိ ပန်းချီဆရာရေးဆွဲထားတာတွေနဲ့ ၊ ဆရာသခင်အဆင့် ပန်းချီဆရာတွေရဲ့ ကားချပ်တွေပဲ”
ခန်းမသခင်က မိတ်ဆက်ပေးလေသည်။
လီဟမ်ရှန်းမှာ အာရုံဖမ်းစားခြင်းကို ခံနေခဲ့ရတော့၏။ စာရင်းစာအုပ်ထဲ၌ စွမ်းအားကြီး သိုင်းကျင့်စဉ်များကို အမှတ်အသားပြုထားခဲ့လေသည်။
လီဟမ်ရှန်း၏ ပထမဦးဆုံးရွေးချယ်မှုမှာ ဆရာသခင်အဆင့် ရေးဆွဲထားသည့် ပန်းချီကားချပ်များကို ကြည့်ရှုကာ သဘောပေါက်နားလည်ရန် ဖြစ်သည်။
ထိုပန်းချီကားချပ်များတွင် လွန်စွာ စွမ်းအားကြီးမားလှသည့် တာအို ပါဝင်ပေသည်။ သဘောပေါက်နားလည်ရန် ခက်ခဲမှုနှုန်းမှာ မြင့်မားသည့်တိုင် ကြိုးစားကြည့်မှ ဖြစ်လိမ့်မည်။
သူ ယခုလို ပန်းချီသူတော်စင်များ၏ လက်ရာများကို ကြည့်ရှုနေရသည့်အကြောင်းကို သူ့ အဖေသာ သိပါက မနာလိုလိုက်မည် ဖြစ်လေခြင်း။
စာရင်းထဲမှ သိုင်းပညာရပ်များအနက် လီဟမ်ရှန်းသည် ရှေးဟောင်းတာအိုဂိုဏ်းတွင် အင်အားအကြီးမားဆုံးတခုဖြစ်သည့် ကျင့်စဉ်ကို ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဒီဟာကို ကျွန်တော် ရွေးတယ် ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ “
လီဟမ်ရှန်းက ဆုံးဖြတ်ထားသည့် လေသံနှင့် ဆိုလိုက်သည်။
မျောလွင့်ပုံရိပ်ခန်းမသခင်မှာ လီဟမ်ရှန်း၏ ရွေးချယ်မှုကို မအံ့ဩပါချေ။ ဤနေရာသို့ ရောက်လာကြသော တိုက်ရိုက်တပည့်တိုင်းလိုလိုပင် ထိုပန်းချီကားကို ရွေးချယ်ကြလေသည်။
ထိုပန်းချီကားမှာ အမည်မသိပန်းချီဆရာတဦး ရေးဆွဲခဲ့သော ပန်းချီကား ဖြစ်၏။
၎င်းပန်းချီကားမှာ နှစ်ပေါင်းမရေမတွက်လောက်အောင် ကြာမြင့်သည့်တိုင် ဂိုဏ်းတွင် ရှိနေခဲ့လေ၏။
ဒါပေမယ့်လည်း လွန်ခဲ့သော နှစ်တထောင်ခန့်က ရှေးဟောင်းတာအိုဂိုဏ်းက ပါရမီရှင်တယောက်သည် ထိုပန်းချီကားကို ကြည့်ရှုပြီး သိုင်းကျင့်စဉ်တခုကို နားလည်သဘောပေါက်နိုင်ခဲ့လေသည်။
ထိုကျင့်စဉ်၏ အမည်မှာ “အင်မော်တယ်၏ လှုပ်ရှားနေသော လက်ငါးချောင်း” ဖြစ်သည်။
ထို ကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် ထိုပါရမီရှင်မှာ အဆင့်တူတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့တော့လေသည်။
သူက ထိုခေတ်တုန်းက လူငယ်မျိုးဆက်များကြားတွင် ထူးချွန်ကာ ကျော်ကြားသူတယောက် ဖြစ်လာခဲ့၏။
သို့ပေမယ့် သူ၏ ပါရမီမှာ အရမ်းကို ထူးချွန်လှသောကြောင့် ကောင်းမွန်စွာ မကြီးပြင်းနိုင်ခင်မှာပင် အလုပ်ကြံခံခဲ့ရလေ၏။
ထိုအချိန်မှစ၍ နှစ်ပေါင်းထောင်ချီကြာမြင့်သည်အထိ ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားကို မည်သူမှ နားလည်သဘောမပေါက်နိုင်ခဲ့တော့ပါချေ။
“အင်မော်တယ်၏ လှုပ်ရှားနေသော လက်ငါးချောင်း” ကျင့်စဉ်မှာလည်း ပျောက်ဆုံးသွားခဲ့ရလေတော့သည်။
ထိုဖြစ်ရပ်မှာ ရှေးဟောင်းတာအိုဂိုဏ်းအတွက် ကြီးစွာသော ဆုံးရှုံးမှုကြီး တရပ်ဖြစ်ခဲ့တော့၏။
မရေမတွက်နိုင်သော တိုက်ရိုက်တပည့်များမှာ ဤနေရာသို့ လာကာ ထိုပန်းချီကားထံမှ တစုံတခု ရလိုရငြား ကြိုးစားခဲ့ကြလေသည်။ သို့သော် မည်သူမှ မအောင်မြင်ခဲ့ပါချေ။
‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားက ကိုးထပ်မှ ရှိတယ်။မင်းမှာ အချိန်သုံးနာရီ ရမယ်။ သွားကြိုးစားပါ”
“ကျေးဇူးတင်ပါတယ် ခန်းမသခင်”
လီဟမ်ရှန်းသည် လှေကားထစ်များမှ အပေါ်သို့ ဖြေးဖြေးချင်းတက်သွားတော့လေသည်။ ဖြေးဖြေးချင်းနှင့် ခုနှစ်လွှာကို တက်သွားခဲ့တော့သည်။
အထပ်တိုင်းတွင် အခန်းများစွာရှိလေသည်။တံခါးများတွင် အခန်းတွင်းရှိ ပန်းချီကားအမည်များကို ရေးသားထားလေသည်။
ထိုနေရာသို့ ရောက်မှသာ လီဟမ်ရှန်းကသတိထားမိသွားခဲ့တော့သည်။ဤနေရာသည် တိုက်ရိုက်တပည့်များအတွက် သီးသန့်ထားရှိသော ခန်းမတခုဖြစ်ပေသည်။ အတွင်းစည်းနှင့် အပြင်စည်းတပည့်များသည် ဤနေရာသို့ လာခွင့်လုံးဝမရှိပါချေ။
တိုက်ရိုက်တပည့်များ ရရှိသည့်အခွင့်အရေးမှာ အားနည်းသောသူများ ခန့်မှန်းထားသည်တို့ထက် အပုံကြီးသာလွန်နေခဲ့ပါတော့သည်။
ခုနှစ်လွှာတခုလုံးတွင် အခန်းအနည်းငယ်သာ ရှိပေ၏။
အဘယ်ကြောင့်ဆိုသော် ထိုအခန်းများရှိ ပန်းချီကာများမှာ ရှေးဟောင်းတာအိုဂိုဏ်းတွင် ရှိသော အဖိုးတန်ဆုံး ပန်းချီကားများ ရှိနေခြင်းကြောင့်သာ ဖြစ်သည်။
အချို့ပန်းချီကားများမှာ သိုင်းကျင့်စဉ်သုံးခုခန့် ပါဝင်ပေသည်။အချို့မှာ လေးခုပါဝင်သည်။
အားလုံးမှာ ထိပ်တန်းအဆင့်များသာ ဖြစ်သည်။
သာမန်တပည့်များမှာ ထိုပန်းချီကားများကို မြင်တွေ့ရန်အတွက် အရည်အချင်းမပြည့်မှီပါချေ။တိုက်ရိုက်တပည့်များးတွင်သာ ထိုကဲ့သို့ အရည်အချင်းမျိုး ရှိပေသည်။သာမန်တပည့်များ ကြည့်ရှုရသည့် ပန်းချီကားများမှာ ပုံတူပြန်ကူးဆွဲထားသည့် ကားချပ်များသာ ဖြစ်၏။ထိုကားချပ်များထံမှ ထိပ်တန်းအဆင့်သိုင်းကျင့်စဉ်ကို ရရှိနိုင်သည့် အခွင့်အလမ်းမှာ လွန်စွာမှကို နည်းပါးလွန်းလှပါသည်။
‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားရှိရာတံခါးသို့ ရောက်လာပြီးနောက်တွင် လီဟမ်ရှန်းသည် အသက်ပြင်းပြင်းရှုရှိုက်ကာ တံခါးကို တွန်းဖွင့်လိုက်လေသည်။
အခန်းမှာ တိတ်ဆိတ်နေကာ ခမ်းနားပေ၏။
အမွှေးအိုးထံမှ သင်းပျံ့သော ရနံ့များထွက်ပေါ်နေဆဲ ဖြစ်သည်။အခန်း၏ သပ်ရပ်ခမ်းနားမှုမှာ ရောက်လာသူကို သက်တောင့်သက်သာ ဖြစ်စေပါသည်။လီဟမ်ရှန်း၏ အကြည့်မှာတော့ အဝေးတွင် ရှိသော စာလိပ်ကို စိုက်ကြည့်နေခဲ့လေ၏။
စာလိပ်မှာ ဖွင့်ဟထားခြင်းမျိုးမရှိပေ။ထိုအစား စာလိပ်ကို ချိတ်ပိတ်ထားပါ၏။
သို့သော် တချက်ကြည့်ရုံနှင့် ထိုပန်းချီကားမှာ သူနှင့် လွန်စွာမှကို ရင်းနှီးနေသည့် ခံစားချက်ကို ရရှိနေခဲ့တော့သည်။
ထို့သို့ ဘာကြောင့် ခံစားနေရမှန်း လီဟမ်ရှန်းသည်ပင် သိမနေခဲ့ပါချေ။
လီဟမ်ရှန်းသည် ပန်းချီကားကို ချည်နှောင်ထားသော ပိုးချည်မျှင်စကို ဖြေလျှော့ကာ ဖြေချလိုက်တော့သည်။
ဝှစ်
‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားမှာ လီဟမ်ရှန်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေတော့သည်။
၎င်းပုံမှာ တောင်တန်း၏ ပုံကို ပြသထားခဲ့သည်။ခရမ်းရောင်တိမ်တိုက်များမှာ ကောင်းကင်အပြည့်ရှိနေပြီး မိုးကုပ်စက်ဝိုင်းတဝက်ခန့်ကို ဖုံးအုပ်ထားခဲ့လေ၏။
ထိုခရမ်းတိမ်တိုက်များအတွင်းတွင်တော့ ဧရာမပုံရိပ်ကြီးတခုက လေထဲတွင် လမ်းလျှောက်နေသည်ကို ခပ်ဝါးဝါးမြင်တွေ့ရလိမ့်မည် ဖြစ်သည်။
၎င်းပုံရိပ်မှာ အလွန်တရာမှကို ကြီးမားလွန်းလှပြီး ကောင်းကင်ကြီးကို မတင်ထားသည့်အလားပင် ဖြစ်နေ၏
၎င်းသည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ ခေါ်ဆောင်လာသော လူ့ဘီလူးကြီးထက် များစွာ ပိုမို၍ ကြီးမားလှပေ၏။
“ဒါကြီးက တကယ်ပဲ အင်မော်တယ် ဖြစ်နိုင်မလား”
လီဟမ်ရှန်းက စိတ်နှလုံးတခုလုံး လှုပ်ခါသွားခဲ့လေတော့သည်။ထို ပုံရိပ်ကြီးမှာ သူ့နှလုံးသားကို လေးလံလာစေခဲ့လေ၏။
ပန်းချီကားချပ်၏ အောက်တွင်တော့ စာတန်းရေးထိုးထားလေ၏။
“ကျောက်တောင်တန်းပေါ်ကိုတက်ခဲ့ပြီး အင်မော်တယ်ကို မြင်မိလေတယ်လေ”