အခန်း (၅၇)
Vol. 6 Ch. 57
ထိုစကားလုံး ရှစ်လုံးသာ ရှိ၏။
လီဟမ်ရှန်း၏ နှလုံးသားမှာ တင်းကြပ်သွားခဲ့တော့လေသည်။မှန်ပါသည်။ခရမ်းရောင်တိမ်တိုက်ကြားထဲရှိ ကြီးမားလှသည့် ပုံရိပ်ကြီးမှာ အင်မော်တယ်တပါးနှင့် ဆင်တူနေခဲ့လေသည်။
ဒါပေမယ့်လည်း ထိုအရာမှာ ထင်ယောင်ထင်မှားသာ ဖြစ်၏။
ထိုသို့ဆိုလျှင်တောင်မှ ထိုပန်းချီကားမှာ အပြောင်မြောက်ဆုံးလက်ရာတခု ဖြစ်နေပါသေးသည်။
ထို ထင်ယောင်ထင်မှားဖြစ်နေသည့် ပုံရိပ်ယောင်မှာ အင်မော်တယ်မှန်း မသေချာနေသည့်တိုင် ပန်းချီကားကို နားလည်သဘောပေါက်အောင် ကြည့်ရှုခြင်းဖြင့် စွမ်းအားကြီး သိုင်းပညာရပ်များကို ရရှိစေနိုင်သေးသည်လေ။
“ဒီလောကကြီးမှာ တကယ်ပဲ အဲ့လို ထူးခြားပြောင်မြောက်ပြီး စွမ်းအားကြီးတဲ့ လူတွေ ရှိနေတာပဲလား” လီဟမ်ရှန်းသည် ပန်းချီကားကို နက်နဲသော ခံစားချက်များဖြင့် ကြည့်ရှုလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းမှာ ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားမှ သိုင်းပညာများကို နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု လုံးဝကို မမျှော်လင့်ထားခဲ့မိပါချေ။
ရှေးဟောင်းတာအိုဂိုဏ်းသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းကိုက တည်ရှိလာသော ဂိုဏ်းကြီး ဖြစ်ပါသည်။မရေမတွက်နိုင်သော ပါရမီရှင်များသည်လည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်လေသည်။ဒါပေမယ့် သူတို့ထဲမှ ဘယ်သူမှ ထိုပန်းချီစာလိပ်မှ သိုင်းပညာရပ်ကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။
သူ့လိုမျိုး ပါရမီနိမ့်ပါးသူက သိုင်းကျင့်စဉ်ကို ရနိုင်ဖို့ဆိုတာက အိပ်မက်မက်နေသလိုကြီးပဲလေ။
ဒီနေရာကို လာရခြင်းကလည်း “အင်မော်တယ်တပါးရဲ့ ခမ်းနားကြီးကျယ်မှု”ကို မြင်တွေ့လိုခြင်းကြောင့်သာ ဖြစ်သည်။
“ဟင်”
ထိုအခိုက်မှာပင် လီဟမ်ရှန်းက ပန်းချီကားကို ကြည့်ကာ အလွန့်ကို အံ့အားသင့်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ပန်းချီကားထဲမှ ခရမ်းရောင်တိမ်တိုက်အတွင်းရှိ ဧရာမပုံရိပ်ကြီးက ၎င်း၏ လက်မောင်းကို လှုပ်သွားသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
လီဟမ်ရှန်းသည် သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်ဖြစ်သွားတော့သည်။
ဒါက ဘယ်လိုလုပ်ပြီး လှုပ်သွားရတာလဲ
သို့သော် ထိုအခိုက်တွင် လီဟမ်ရှန်း၏ ဆံပင်နှင့် ကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံးသည် အဆုံးစွန်အထိ ထောင်ထသွားလေတော့သည်။
ခရမ်းရောင်တိမ်တိုက်ထဲမှ ကြီးမားလှသော အင်မော်တယ်ပုံရိပ်ကြီးမှာ ဖြေးညင်းစွာနှင့် လှည့်လာခဲ့သည်။
ထိုအရိပ်မှာ လီဟမ်ရှန်းအား ကြည့်နေခဲ့သည်။
ဘာကြောင့်လဲ
ဘာကြောင့် ဒီပန်းချီကားက ရွေ့လျားနေရတာလဲ
တချိန်တည်းမှာပင် လီဟမ်ရှန်း၏ အသိစိတ်မှာ ပန်းချီကားချပ်ထဲသို့ အတင်းအကြပ်ကို စုပ်ယူခြင်းခံလိုက်ရလေသည်။
တောင်တလုံး၊မြစ်တစင်း၊ကျယ်ပြန့်သော ကောင်းကင်နှင့် ခရမ်းတိမ်တိုက်များ...
ထိုထက်အရေးကြီးသည်မှာ ခရမ်းတိမ်တိုက်ထဲမှ အင်မော်တယ်ပုံရိပ်ကြီး ဖြစ်လေသည်။
အရာအားလုံးမှာ အစစ်အမှန် ဖြစ်လွန်းနေသည်။
လီဟမ်ရှန်းမှာ သူ၏ မျက်လုံးများမှာ သူကိုယ်တိုင် မပိုင်ဆိုင်သလိုဖြစ်နေခဲ့တော့သည်။သူက ပန်းချီကားထဲမှ တာအိုပတ်လမ်းစီးကြောင်းများကို မြင်တွေ့နေခဲ့ရတော့သည်။
ဘာတွေဖြစ်ကုန်တာလဲ
လောကကြီးက လုံးဝကို ပြောင်းလဲသွားနေတာပဲ။
ပန်းပင်များနှင့် မြက်ခင်းပြင်တိုင်းသည် အသက်ဓာတ်နှင့်ပြည့်ဝနေခဲ့၏။ ခပ်လှမ်းလှမ်းမှ စီးဆင်းနေသည့် မြစ်မှာလည်း စည်းချက်ကျနေခဲ့တော့သည်။
စည်းချက်ကျနေသည့်အသံမှာ ဤလောက၏ တေးသံပင် ဖြစ်သည်။
လီဟမ်ရှန်းသည် ဤလောကရှိ နိယာမများစွာတို့ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သွား၏။
ပိုပြီးအရေးကြီးတာက အင်မော်တယ်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး လီဟမ်ရှန်း၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
“မင်းက ငါ့ကို မြင်နိုင်တယ်ပေါ့လေ”
“အံ့ဩစရာတော့ မရှိပါဘူးလေ။ မင်းကို စွမ်းအားကြီးမားတဲ့ အရိပ်တခုက ဖုံးလွှမ်းထားတာပဲ”
လီဟမ်ရှန်း၏ နားထဲသို့ အသံတသံထွက်ပေါ်လာခဲ့လေသည်။
လီဟမ်ရှန်း၏ နှလုံးသားမှာ မိုးချိန်းသလို လှုပ်ခတ်သွားခဲ့တော့၏။
အင်မော်တယ်က စကားပြောလိုက်တာလား
အင်မော်တယ်ရဲ့အသံကို သူကြားလိုက်ရတာလား။
ငါ့အပေါ်မှာ အရိပ်တခုရှိနေတယ်?
အဲ့ဒါက ဘာအဓိပ္ပာယ်လဲ
“ကြည့်ရတာ ငါတို့က ကံချင်းစပ်နေတာပဲ။ မင်းကို ငါ နည်းလမ်းတခုသင်ပေးမယ်။ ဘယ်လောက်အထိ နားလည်သဘောပေါက်မလဲဆိုတာကတော့ မင်းအပေါ်မှာ မူတည်တယ်”
ထိုအသံထွက်ပေါ်လာပြီးနောက်တွင် လီဟမ်ရှန်း၏ အရှေ့တွင်ရှိသော လောကကြီးမှာ ပြောင်းလဲသွားခဲ့တော့၏။
ဧရာမပုံရိပ်ကြီးက လောကကြီးတခုလုံးကို နင်းခြေတော့မည့်အလား လှုပ်ခတ်သွားသည်ကို သူမြင်လိုက်သည်။ထိုပုံရိပ်ထံမှ နေနဲ့လ ပုံ ထွက်ပေါ်လာသည်။
ခန္ဓာကိုယ်တပိုင်းမှာ နေမင်းဖြစ်နေပြီး ခန္ဓာကိုယ်တပိုင်းမှာ လမင်းစွမ်းအားများနှင့် ဖုံးလွှမ်းနေတော့၏။
နေနဲ့လက ငိုကြွေးစဉ်မှာ နတ်ဘုရားနဲ့ နတ်ဆိုးတွေက အတူတကွ ကခုန်တယ်၊ နဂါးငွေ့တန်းက သူတို့ကို ဝန်းရံလို့ပေါ့
လီဟမ်ရှန်းသည် ထိုမြင်ကွင်းကို ကြက်သေသေစွာနှင့် ကြည့်ရှုနေခဲ့တော့သည်။
ဒါကြီးက ဒဏ္ဍာရီလာ အင်မော်တယ်လား
သူက တကယ်ပဲ အင်မော်တယ်နဲ့ တွေ့ဆုံနေတာပဲ။
လီဟမ်ရှန်း၏ အင်မော်တယ်၏ ပြောင်းလဲမှုများအားလုံးကို မြင်တွေ့နေခဲ့ရတော့သည်။ သူ့မျက်လုံးများမှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ခဲ့နေသည်။
အင်မော်တယ်၏ ပြသမှုတွင် သူ၏ အာရုံကို အပြည့်အဝ နစ်မြုတ်လိုက်လေတော့သည်။
ဒုန်းး
အနည်းငယ် တုန်ခါမှုတခု ဖြစ်လာခဲ့သည်။တုန်ခါမှုမှာ တဖြေးဖြေးနှင့် ပြင်းထန်လာတော့၏။နောက်ဆုံးတွင် မျော့လွင့်ပုံရိပ်ခန်းမဆောင်တခုလုံးပင်လျှင် စတင်၍ တုန်ခါလာခဲ့တော့လေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ပန်းချီကားချပ်များကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေကြသော တပည့်များအားလုံး နိုးထလာခဲ့တော့သည်။မျော့လွင့်ပုံရိပ်ခန်းမအရှေ့ရှိ ကွင်းပြင်မှ တပည့်များသည်လည်း ကြောင်အသွားတော့သည်။
ငလျင်လှုပ်တာများလား
ဒါပေမယ့် မျော့လွင့်ပုံရိပ်ခန်းမတခုတည်းကပဲ လှုပ်သွားတဲ့ပုံစံပဲ။
မျော့လွင့်ပုံရိပ်ခန်းမသခင်သည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး ခြေတလှမ်းနှင့် အပြင်သို့ ထွက်လိုက်သည်။သူက မျော့လွင့်ပုံရိပ်ခန်းမတခုလုံးကို မော့ကြည့်လိုက်ကာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်းကို လေးနက်နေခဲ့ပါသည်။
“ဒါက...”
မျော့လွင့်ပုံရိပ်ခန်းမသခင်၏ မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့တော့သည်။
“တယောက်ယောက်က သိုင်းကျင့်စဉ်အသစ်ကို နားလည်သဘောပေါက်သွားခဲ့တာပဲ”
မျော့လွင့်ပုံရိပ်ခန်းမသခင်မှာ အံ့ဩသင့်စွာဖြင့် ရေရွတ်လိုက်သည်။
မျော့လွင့်ပုံရိပ်ခန်းမသခင်တယောက်တည်းကသာ ထိုအရာကို ခံစားမိလိုက်ခြင်းမဟုတ်ပါချေ။ရှေးဟောင်းတာအိုဂိုဏ်း၏ တောင်ထိပ်သခင် ၃၆ပါးစလုံးသည်လည်း မျော့လွင့်ပုံရိပ်ခန်းမမှ သန်မာသော အရှိန်အဝါတခု တဟုန်ထိုး ထိုးတက်နေသည်ကို ခံစားမိလိုက်ကြတော့သည်။
ထိုကဲ့သို့သော ရိုက်ခတ်မှုအရှိန်အဝါကို ခံစားဖူးခဲ့ပါသည်။ ထိုအရှိန်အဝါမှာ တယောက်ယောက်က ပန်းချီစာလိပ်မှ ကျင့်စဉ်အသစ်ကို ရရှိခြင်း၊ပန်းချီကား၏ မွေးဖွားခြင်း အရှိန်အဝါ ဖြစ်သည်။
“တယောက်ယောက်က သိုင်းကျင့်စဉ်အသစ်ကို နားလည်သွားးတာလား” လီတထောင်တောင်ထိပ်တွင် နှာခေါင်းကောက်ကောက်နှင့် လူကြီးက အဝေးသို့ကြည့်ကာ ပြောလိုက်သည်။
“သိုင်းပညာအသစ်ကို နောက်ဆုံးနားလည်သဘောပေါက်သွားတာက ၁၃နှစ်တောင်ရှိနေပြီပဲ။ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ ဘယ်လူငယ်မျိုးဆက်တပည့်က လုပ်နိုင်ခဲ့တာလဲဆိုတာကို ငါသိချင်မိတယ်”
“သိုင်းပညာအသစ်၊ သိုင်းပညာအသစ်က မွေးဖွားခဲ့ပြီ။ ဘယ်ပန်းချီကားကလဲဆိုတာကို ငါသိချင်သွားပြီ”
“ဟင်” တောင်ထိပ်တနေရာတွင် ကျိုးကျွင်းမှာ သူ၏ မြင်းကို အစာကျွေးနေခဲ့တော့သည်။ ခရမ်းမိုးကြိုးမှာ အဝေးတနေရာသို့ လှမ်းကြည့်လိုက်လေသည်။ပြင်းထန်ကာ စွမ်းအားကြီးမားလှသော စွမ်းအားလှုပ်ခတ်မှုကို ကျိုးကျွင်းသည်လဲ ခံစားလိုက်ရတော့၏။
“မျော့လွင့်ပုံရိပ်ခန်းမမှာ မကောင်းဆိုးဝါးတကောင် ရှိနေတာပဲ” ကျိုးကျွင်းက တောက်တချက်ခေါက်လိုက်သည်။
“ညီ၄က ဒီနေ့ပဲ မျော့လွင့်ပုံရိပ်ခန်းမကို သွားနေတာ။ အခုလိုမျိုး သူသွားတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ပဲ စိတ်လှုပ်ရှားစရာ အဖြစ်တွေ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး”
“တယောက်ယောက်က သိုင်းကျင့်စဉ်အသစ်ကို နားလည်နိုင်ခဲ့တာပဲ”
“ဘုရားရေ၊ ပန်းချီကားထဲက သိုင်းပညာတွေအားလုံးနီးပါးက နားလည်သဘောပေါက်ပြီးသား မဟုတ်ဘူးလား။ နောက်ထပ်အသစ်တခု ဘယ်လိုထပ်ရှိလာခဲ့တာလဲ။ တယောက်ယောက်က လမ်းကြောင်းအသစ်တခုကို ဖွင့်ဟလိုက်နိုင်တာပဲ။ ဒါက စွမ်းအားကြီးလိုက်တာ”
တပည့်တယောက်က မနာလိုစွာ ပြောလိုက်သည်။
“စီနီယာအကို ဟိုးအရင်ကတည်းကနေ အခုထိ တပည့်တွေက သိုင်းကျင့်စဉ်အသစ်ကို နားလည်သဘောပေါက်တာ မရှိတော့ဘူးလေ။ သိုင်းကျင့်စဉ်တွေကလည်း တခြားလူတွေ နားလည်သွားတာနဲ့တင် အကုန် ကုန်နေပြီ မဟုတ်ဘူးလား။ အဲ့ဒါကိုတောင်မှ ဘယ်လိုလုပ်ပြီး ကျင့်စဉ်အသစ်တခုကို ရအောင် နားလည်သွားခဲ့တာလဲ”
အပြင်စည်းတပည့်မှာ သူ၏ စီနီယာအကိုကို သိလိုစွာ မေးမြန်းလိုက်သည်။
စီနီယာအကိုဆိုသူမှာ ချောင်းတချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီးနောက် “တခြားလူဖောက်ထားတဲ့ လမ်းကို အတုယူတာက ရိုးရှင်းတယ်၊ ဒါပေမယ့် ကိုယ့်လမ်းကြောင်းကို ကိုယ်ဖောက်တာက အများကြီးခက်ခဲလွန်းပါတယ်”
“ကျင့်စဉ်အသစ်ကို အရင်ဆုံး ရရှိတဲ့လူက တကယ့်ကို ပြိုင်စံရှားပါရမီရှင်ပဲ။
ပန်းချီကားချပ်ကနေ သိုင်းကျင့်စဉ်ပုံစံအသစ်ကို နားလည်သဘောပေါက်တဲ့ လုပ်ငန်းစဉ်က ဘာမှ မရှိတာကနေ တစုံတခု ရှိလာအောင် လုပ်ယူရတာမျိုးပဲ၊ အဲ့အပြင်ကိုမှ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့လည်း ထဲထဲဝင်ဝင် နားလည်နိုင်စွမ်းလဲ ရှိရဦးမယ်။ဒီအဖြစ်မျိုးက သာမန်လူတွေ လုံးဝ မရရှိနိုင်တဲ့ အခြေအနေမျိုးပဲလေ။ဒီလို လုပ်နိုင်တဲ့လူတွေက သဘာဝအလျှောက် ပါရမီ ပါတဲ့လူတွေပဲ”
စီနီယာအကိုဆိုသူမှာ သူ၏ ဦးခေါင်းကို ခါလိုက်ကာ
“ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းမှာ သိုင်းကျင့်စဉ်တွေအများကြီးရှိလို့ဆိုပြီး အထင်မကြီးသွားနဲ့။ ငါတို့တပည့်တွေကိုယ်တိုင်ကြိုးစားပြီး နားလည်သဘောပေါက်နိုင်တာက တစ်ရာအောက်ပဲရှိတယ်။ ကျန်တာတွေက ဟိုးရှေးခေတ်ကတည်းက ဂိုဏ်းတပည့်ဟောင်းတွေ နားလည်ခဲ့တဲ့ဟာတွေကြီးပဲ”
“ဘယ်စီနီယာအကိုက သိုင်းပညာအသစ်ကို ဖမ်းဆုတ်သွားနိုင်တယ်ဆိုတာကိုတော့ ငါမသိဘူး။ ငါပြောနိုင်တာ တခုကတော့ ဒီလူက အနာဂတ်မှာ ငါတို့ဂိုဏ်းရဲ့ ပင်မထောက်တိုင်ကြီး ဖြစ်လာမယ်ဆိုတာပဲ”
စီနီယာအကိုက အပြုံးတခုနှင့် ပြောလိုက်သည်။
လူတိုင်းမှာ ထိုစကားကြောင့် ဆွံ့အသွားလေသည်။
ဒါပေမယ့် ဘာမှမရှိသော အရာတခုမှ တစုံတခုဖြစ်ပေါ်အောင် ဖန်တီးရခြင်းမှာ ခက်ခဲလွန်းလှသည်ကို သူတို့အားလုံး နားလည်ကြပေသည်။
ပန်းချီကားကို ထိုကဲ့သို့သော အနေအထားတခု ရောက်သည်အထိ နားလည်နိုင်ခြင်းကြောင့် ထိုသူမှာ ပန်းချီပညာရပ်တွင်လည်း အဆင့်တခုတော့ ရောက်နေမှ ဖြစ်ပေလိမ့်မည်။
၎င်းတို့၏ သိလိုစိတ်များမှာ ဆွလိုက်သည့်အလားပင်။
ဒီလို သဘာဝအတိုင်း ချီးမြှင့်ခြင်းခံရတဲ့ ပါရမီရှင်က ဘယ်သူများလဲ
ထိုအချိန်၌ အဝေးမှ ပုံရိပ်များ ပျံသန်းလာခဲ့သည်။
“လီတထောင် တောင်သခင်”
“လီဟယ်တောင်သခင်”
“ဟားဟားဟား ဂိုဏ်းက နောက်ထပ် ပါရမီရှင် မျိုးဆက်သစ်တယောက်ကို မွေးထုတ်ပေးလိုက်ပြန်ပြီပဲ။ တကယ့်ကို ဝမ်းမြောက်ဖွယ်ရာအခိုက်အတန့်ပဲ။ ဒီပါရမီရှင်က ဘယ်သူလဲဆိုတာကို ငါသိချင်တယ်။ ငါ့ရဲ့ လီဟယ်တောင်က တပည့်လားကွ”
လီဟယ်တောင်သခင်မှာ သူ၏ ဆူဖြိုးနေသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။
“အရှက်မဲ့မနေစမ်းနဲ့။ မင်းရဲ့ လီဟယ်တောင်က အရင်းအမြစ်လေးနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
နှာခေါင်းကောက်ကောက်နှင့် လီတထောင်တောင်သခင်က လှောင်လိုက်သည်။
“ငါ့ရဲ့ တိုက်ရိုက်တပည့် ကျောက်ဝူယင် က ဒီနေ့ မျော့လွင့်ပုံရိပ်ခန်းမကို လာခဲ့တယ်။ ငါထင်တာက ဒီလိုမျိုး သိုင်းကျင့်စဉ်အသစ်ကို ရသွားတာ သူပဲ ဖြစ်ရလိမ့်မယ်”
သို့ပေမယ့်လည်း ထိုအချိန်တွင် မျော့လွင့်ပုံရိပ်ခန်းမအတွင်းရှိ ခန်းမသခင်မှာ လွန်စွာ လေးနက်နေကာ တုန်လှုပ်မှုများမှာလည်း သူ၏ မျက်နှာထက်တွင် အထင်းသား ပေါ်နေခဲ့သည်။
အရှိန်အဝါ လှုပ်ခတ်မှုမှာ ပို၍ပို၍ စွမ်းအားကြီးလာခဲ့၏။
စွမ်းအားကြီးမားလှသောကြောင့် ထိုလှုပ်ခတ်မှု၏ ဇစ်မြစ်ကိုပင် လူတိုင်းက ခံစားမိနေကြတော့သည်။
ထိုလှုပ်ခတ်မှုမှာ အခြား အခန်းသာ ဖြစ်နေပါက အဆင်ပြေနေသေးသည်။
ဒါပေမယ့် လှုပ်ခတ်မှုဇစ်မြစ်မှာ ခုနစ်ထပ်မှ ဖြစ်နေခဲ့သည်။
‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကား
“အဲ့ဒါက မူဟိုင်ဖုန်းတောင်က နောက်ဆုံးတိုက်ရိုက်တပည့် ဖြစ်နေတာပဲ”
မျော့လွင့်ပုံရိပ်ခန်းမသခင်မှာ သူမြင်နေရသည်ကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။အခြားလူက ကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်တယ်ဆိုရင်တောင် အဆင်ပြေသေးတယ်။ အခုက တက်လှမ်းခြင်းအဆင့်မှာပဲရှိသေးတဲ့ ကောင်လေးပေါ့လေ?”
သိုင်းပညာအသစ်ကို နားလည်သဘောပေါက်တာက တခု၊
ဒါပေမယ့် သူ ရသွားတာက ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားက ဖြစ်နေတာလေ။