နေမင်း
Vol. 6 Ch. 59
ကုန်ဆုံးခဲ့သော ရက်များတွင် လီဟမ်ရှန်းမှာ အိပ်မက်ထဲတွင် နေထိုင်နေခဲ့ရသလိုမျိုးကို ခံစားနေခဲ့ရတော့သည်။
တန်ဖိုးမရှိသော အစေခံတပည့်မှနေ၍ သူက တိုက်ရိုက်တပည့်တယောက် ဖြစ်လာခဲ့၏။ထို့နောက်တွင် ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားမှ သိုင်းပညာကို နားလည်သဘောပေါက်လာနိုင်ခဲ့သည်။
ထိုဖြစ်ရပ်များမှာ အိပ်မက်တခုကဲ့သို့ပင်။
အင်မော်တယ်မှ သူ့အား သင်ကြားပေးသော နည်းလမ်းကြောင့်ပင် ကောင်းကင်ကြီး ဘယ်လောက် ကျယ်ပြောသွားသည်ကို သိလိုက်ရတော့လေသည်။
“နေလအင်မော်တယ်နတ်ဆိုးခန္ဓာ”
၎င်းသည် ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားမှ လီဟမ်ရှန်း ရရှိခဲ့သော ခန္ဓာကျင့်စဉ်ဖြစ်ပေသည်။
၎င်းသည် ခန္ဓာကိုယ်ကို အထူးပြုကာ ကျင့်ကြံရသော ကျင့်စဉ်ဖြစ်ပါသည်။လီဟမ်ရှန်းကိုယ်တိုင်ပင် ထိုကျင့်စဉ်က ဘယ်လောက်အထိ စွမ်းအားကြီးမားလဲဆိုတာကို သေချာ မသိနေပါချေ။
လီဟမ်ရှန်းက မျောလွင့်ပုံရိပ်ခန်းမမှ ပြန်ထွက်လာသည့်အခါတွင် သူ့အား အကြည့်များစွာတို့က စိုက်ကြည့်နေကြတော့လေ၏။
ထိုကဲ့သို့ အကြည့်များဖြင့် စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် အားလုံး၏ စိတ်အာရုံကို ရရှိခြင်းဟူသည့်အတွေ့အကြုံကို ပထမဦးဆုံးအကြိမ်ဖြင့် ရရှိသွားခဲ့လေ၏။
“ညီ၄ မင်းထွက်လာပြီပဲ” မြေပြင်ပေါ်၌ ထိုင်နေသည့် ကျိုးကျွင်းမှာ လီဟမ်ရှန်းကို မြင်သော် ငေါက်ခနဲ ခုန်ထလိုက်သည်။
“အကို၃ ပါလား၊ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ” လီဟမ်ရှန်းမှာလည်း ကျိုးကျွင်းကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့တော့သည်။
“ဟားဟား ဘယ်လိုစကားမျိုးပြောလိုက်တာလဲကွာ။မူဟိုင်ဖုန်းတောင်က တပည့်က သိုင်းပညာရပ်အသစ်တခုကို သဘောပေါက်နားလည်နိုင်ခဲ့တယ်လေ။ အကိုကြီးဖြစ်တဲ့ငါက မင်းကို စောင့်ရှောက်ရမှာပေါ့ကွ”
ကျိုးကျွင်း၏ အကြည့်မှာ ရောက်ရှိနေကြသော တပည့်များအားလုံးကို လွှမ်းခြုံသွားပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။
“အဲ့ဒါမှပဲ မျက်ကန်းတပည့်တွေက ငါ့ညီလေးကို မနှောင့်ယှက်ကြတော့မှာပေါ့။သူတို့တွေက ငါတို့ မူဟိုင်ဖုန်းက တပည့်တွေက ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေကြတယ်”
သူ့အသံမှာ ကြည်လင်ကာ ကျယ်လောင်လှပေသည်။ရောက်ရှိနေကြသောလူတိုင်းမှာ သေချာကို ကြားလိုက်ရလေတော့၏။
တပည့်များမှာ အသံတသံမှပင် မထွက်ရဲကြတော့ချေ။
တချက်မှာ ကျိုးကျွင်းကို ရန်မစရဲခြင်းကြောင့်ဖြစ်ပြီး နောက်တချက်မှာ လီဟမ်ရှန်းက မျောလွင့်ခန်းမမှ လွန်စွာ စွမ်းအားကြီးမားသော ကျင့်စဉ်ကို ရရှိခဲ့ခြင်းကြောင့်ပင်။
ထို နားလည်သဘောပေါက်မှုကြောင့်ပင် သူတို့က ရန်စသော စကားကို တခွန်းမှ မပြောရဲခြင်းပင် ဖြစ်သည်။
ထိုနှစ်ယောက်နှင့် ယှဉ်လျှင် သူတို့က များစွာကို နောက်ကျနေခဲ့သည်လေ။
“ကျေးဇူးတင်ပါတယ် အကို၃” လီဟမ်ရှန်းက ကျိုးကျွင်း၏ ထောက်ပံ့မှုကြောင့် စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ရတော့သည်။
“လီဟမ်ရှန်း”
ထိုအခိုက် မျော့လွင့်ခန်းမသခင်သည် ခန်းမအတွင်းမှ ထွက်လာခဲ့ပြန်သည်။
“ခန်းမသခင်”
သူတို့နှစ်ယောက်စလုံးက အရိုအသေ အလျင်အမြန်ပြုလိုက်လေသည်။
ခန်းမသခင်၏ အကြည့်မှာ လီဟမ်ရှန်း၏မျက်နှာပေါ်တွင်သာ ကျရောက်နေခဲ့သည်။သူက ပြုံးရင်းပြောလိုက်သည်။
“မင်းလုပ်တာကောင်းတယ်။ပြန်သွားပြီးတော့ ကောင်းကောင်းလေ့ကျင့်လိုက်ပါဦး။အထဲမှာတုန်းက မင်းကို ငါပြောခဲ့တာကို မှတ်မိတယ် မဟုတ်လား”
ထိုစကားကိုကြားပြီးသော် လီဟမ်ရှန်း၏ မျက်နှာမှာလည်း လေးနက်သွားခဲ့လေသည်။
သူအပြင်သို့ ထွက်ခါနီးတွင် ခန်းမသခင်က သူ့အား စကားပြောခဲ့၏။
သူက ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားမှ နားလည်သဘောပေါက်ခဲ့သည့်အကြောင်းကို မည်သူ့ကိုမျှ မပြောပြရန် သတိပေးခဲ့လေသည်။
ပြောမိလျှင် ပြသနာများစွာကို ဆွဲဆောင်နိုင်ပေမည်။
ခန်းမသခင်က လီဟမ်ရှန်းမှာ “ဝမ်ချင်းလေညနေခင်း” ပန်းချီကားမှ ဉာဏ်အလင်းပွင့်ကာ သိုင်းပညာရပ်ကို ရခဲ့သည်ဟု သတင်းလွှင့်မည်ဟု ပြောခဲ့သည်။ ထိုပန်းချီကားကလည်း ပန်းချီသူတော်စင်တပါး၏ လက်ရာဖြစ်လေသည်။
ဒါပေမယ့် ထိုပန်းချီကားမှ ရရှိသော သိုင်းပညာရပ်များမှာ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေခြင်းနှင့် ကိုယ်တိုင်ကျင့်ကြံရခြင်းများဖြစ်ပြီး ခြိမ်းခြောက်မှု မကြီးမားသောကြောင့် အခြားလူများက သိပ်ဂရုပြုကြလိမ့်မည် မဟုတ်ပေ။
“တပည့်က မှတ်သားထားပါ့မယ်” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“အနာဂတ်မှာ မင်းတခုခုနားမလည်တာရှိရင် ငါ့ကို အချိန်မရွေးလာရှာနိုင်တယ်။ ငါက ဒီနေရာမှာပဲ ရှိတယ်”
ခန်းမသခင်သည် လီဟမ်ရှန်းအား တန်ဖိုးထားသော မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်ပါသည်။
ပြိုင်ဘက်ကင်း နားလည်နိုင်စွမ်း
ခန်းမသခင်၏ အမြင်တွင် သူ၏ ပါရမီမှာ နိမ့်ပါးသည့်တိုင် လီဟမ်ရှန်း၏ ပန်းချီကားများကို နားလည်နိုင်စွမ်းမှာ အမှန်တကယ်ကို ပြိုင်ဘက်ကင်းလွန်းလှပေသည်။
သူ့ထက် အများကြီး သာလွန်လှပေသည်။
“ကျေးဇူးပါပဲ ခန်းမသခင်” လီဟမ်ရှန်းက နောက်တကြိမ် ကျေးဇူးထပ်တင်လိုက်ပြန်သည်။
ထိုအခြေနေမှာ ရောက်နေကြသော တပည့်များကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။ခန်းမသခင်မှာ ပုံမှန်ဆိုလျှင် ယခုလောက် စကားများများ မပြောပါချေ။
ဂိုဏ်းမှ ခန်းမသခင်အား တပည့်လက်ခံရန်အတွက် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည့်တိုင် အကြိမ်တိုင်းတွင် ခန်းမသခင်က ငြင်းဆိုခဲ့ပေ၏။
သူတို့က ယခုလိုမျိုး ခန်းမသခင်က ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိကြပေ။
“သွားပါ” ခန်းမသခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“တပည့် သွားပါတော့မယ်”
လီဟမ်ရှန်းက အမြန်ပြန်ပြီးတော့ “နေလအင်မော်တယ်နတ်ဆိုးခန္ဓာ” ကို ပြန်ကျင့်ကြံချင်နေခဲ့ပြီ။
“အကို၃ သွားကြမယ်” လီဟမ်ရှန်းက ကျိုးကျွင်းကို ပြောလိုက်သည်။
“သွားကြရအောင် ဆရာဒီမှာ ရှိမနေတာ ကံဆိုးတာပဲ။သူ ရှိနေရင်တော့ မင်းကို ကိုယ်တိုင် လာကြိုမှာ။ အကိုကြီးနဲ့ အမ၂တို့သာ ဒီအကြောင်းကို သိရင် သေလောက်အောင် အံ့အားသင့်သွားကြမှာပဲ”
လီဟမ်ရှန်းကို ချင်ကျူးတောင်ပေါ်သို့ ပြန်ပို့ပြီးသောအခါ လီဟမ်ရှန်းမှ ကျိုးကျွင်းကို လက်ဖက်ရည်ကြမ်းသောက်ရန် ခေါ်သည့်တိုင် ကျိုးကျွင်းက ငြင်းပယ်ခဲ့သည်။
“မင်း ကျင့်ကြံရဦးမယ်မဟုတ်လား။ နောက်များမှပေါ့ကွာ”
လီဟမ်ရှန်းကလည်း ထပ်မံ၍ ဆွဲမနေတော့ပဲ ကျင့်ကြံရန်တန်းသွားလိုက်သည်။
“သခင်လေးပြန်လာပြီ”
ရှုခွေမှာ အတွင်းတွင် စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာမြင့်လှလေပြီ။
“ဦးလေးရှု ကျွန်တော် တံခါးပိတ်ကျင့်လိုက်ဦးမယ်။ ဆရာက ကျွန်တော့်ကို လာရှာရင် လှမ်းသာ ခေါ်လိုက်ပါ” လီဟမ်ရှန်းက မှာလိုက်လေသည်။
“ကောင်းပြီ” ရှုခွေ၏ လီဟမ်ရှန်းအပေါ် အကြည့်မှာ ပြောင်းလဲသွားခဲ့လေပြီ။
အပြင်လောကတွင် အုတ်အော်သောင်းနင်းဖြစ်နေခဲ့သည်မဟုတ်ပါလား။ရှုခွေလည်း သတင်းမရပဲ မနေပေ။
သူက မျော့လွင့်ပုံရိပ်ခန်းမသို့ ပထမဦးဆုံးသွားရောက်သည့် နေ့မှာပင် ပန်းချီသူတော်စင် ပန်းချီကားက သိုင်းကျင့်စဉ်ကို ရခဲ့တယ်။ဒီလိုမျိုး နားလည်သဘောပေါက်နိုင်စွမ်းကတော့ တဘီလီယံမှာ တယောက်လောက်ပဲ ရှိတာမျိုးပေါ့။
ရှမူဟိုင်က သူ့ကို တပည့်အဖြစ်လက်ခံထားတာက မဆန်းတော့ဘူးပဲ။
သူက တကယ့်ကို ထူးခြားနေတာပဲ
“ငါ့ရဲ့အမြင်က ဆရာကြီးလောက် မနက်ရှိုင်းသေးဘူးပဲ” လီဟမ်ရှန်း၏ ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ရှုခွေက သက်ပြင်းဖွဖွချလိုက်လေသည်။
ကျင့်ကြံခန်း၌...
လီဟမ်ရှန်းမှာ တင်ပလ္လင်ခွေထိုင်လိုက်လေ၏။သူရရှိခဲ့သော ကျင့်စဉ်ကို ပြန်လည်တွေးတောကာ စိတ်ကူး ပုံဖော်လိုက်တော့သည်။
“နေလအင်မော်တယ်နတ်ဆိုးခန္ဓာ”
၎င်းသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို နေနှင့်လ၏ ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း ကျင့်ကြံပြီး ကိုယ်ခန္ဓာကို အင်မော်တယ်နတ်ဆိုးခန္ဓာဖြစ်လာအောင် ထုလုပ်ရလေသည်။
၎င်းသည် လွန်စွာမှကို စွမ်းအားကြီးမားလှသည့် ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ဖြစ်လေသည်။သို့ပေမယ့် စတင်၍ကျင့်ကြံလိုက်သည်နှင့် ထိုကျင့်စဉ်၏ အားနည်းချက်ကို လီဟမ်ရှန်းက ရှာတွေ့ခဲ့လေသည်။
အားနည်းချက်မှာ ကျင့်ကြံရ လွန်စွာခက်ခဲခြင်းပင် ဖြစ်သည်။
၎င်း၏ စွမ်းအားမှာ လွန်စွာ ကြီးမားသည့်တိုင် လိုအပ်သော စွမ်းအင်မှာ အလွန့်အလွန်ကို များပြားလွန်းလှပေသည်။သူ၏ နိမ့်ကျသော ပါရမီနှင့်ဆိုလျှင် စတင်ဖို့ရန်တောင် အတော်လေးကို ခက်ခဲလွန်းလှပေသည်။
နေ့တဝက်ခန့်ကျင့်ကြံပြီးသည့်နောက်တွင် လီဟမ်ရှန်းမှာ နေလအင်မော်တယ်ခန္ဓာကျင့်စဉ်၏ ရိုးရှင်းသောအဆင့်ဖြစ်သည့် နေနှင့်လ ပေါ်ထွက်ခြင်းအဆင့်ကိုပင် မကျင့်နိုင်ကြောင်းကို သိလိုက်ရတော့လေသည်။
ထို့ကြောင့် စိတ်ပိုင်းဖြတ်လိုက်ကာ လီဟမ်ရှန်းသည် ရွှေနယ်ပယ်ဆေးလုံးနှစ်လုံးကို တကျိုက်တည်း မျိုချလိုက်လေသည်။
ပြင်းထန်လှသော ရွှေနယ်ပယ်ဆေးလုံး၏ သက်ရောက်မှုမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့တော့လေသည်။သာမန်အခြေအနေတွင်သာ ထိုကဲ့သို့ ပြုလုပ်လိုက်မည်ဆိုပါက ထိုဆေးနှစ်လုံးမှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို ပျက်စီးသွားစေလိမ့်မည် ဖြစ်သည်။
သို့ပေမယ့် ရွှေနယ်ပယ်ဆေးလုံးနှစ်လုံး လီဟမ်ရှန်း၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် လီဟမ်ရှန်းမှာ နေလအင်မော်တယ်ခန္ဓာကျင့်စဉ်ကို ချက်ချင်း လည်ပတ်လိုက်လေ၏။ပြင်းထန်များပြားလှသော ရွှေနယ်ပယ်ဆေးလုံး၏ ဆေးစွမ်းအားများကို ကျင့်စဉ်မှာ အလွန်လျင်မြန်သော အဟုန်ဖြင့် စုပ်ယူသွားခဲ့တော့သည်။
“စုပ်ယူနှုန်းက အရမ်းကို မြန်လွန်းတယ်” လီဟမ်ရှန်းမှာ အနည်းငယ်အံ့အားသင့်နေခဲ့၏။
သူက ယခုထိ စကျင့်ကြံသည့်အဆင့်တောင်မရောက်ရှိသေးပေ။ ယခုလိုအချိန်မှာတောင်မှ အခုလောက်အထိ စုပ်ယူမှုနှုန်းက မြန်ဆန်နေပါက သူသာ နောက်ထပ် အဆင့်ကြီးများကို အနာဂတ်တွင် ကျင့်ကြံနိုင်သွားလျှင် အားကုန်ပြီးတော့ မသေနိုင်နေဘူးလား။
သူ၏ မူလအတွေးမှာ ရှမူဟိုင်ပေးထားသော ရွှေနယ်ပယ်ဆေးလုံးများမှာ များပြားလှလွန်းသောကြောင့် တက်လှမ်းခြင်းအဆင့်ကိုးသို့ ရောက်ရှိရန် လွယ်ကူမည် ဟုပင်၊ ယခုအခြေအနေအရဆိုလျှင် ထိုသို့ ဖြစ်နိုင်တော့မည့် ပုံမပေါ်ပါချေ။
ယခုတွင်မူ သူ့လက်ထဲတွင် ရှိသော ဆေးများမှာ လုံးဝကို မလုံလောက်နေပါချေ။
သို့ပေမယ့် မည်သို့ပင် ဖြစ်နေပါစေ၊ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်ကျင့်စဉ်ကို စဦးအဆင့်လောက်အထိရောက်ရှိအောင် သူကျင့်မှကို ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လီဟမ်ရှန်းသည် ကျန်ရှိနေသော ရွှေနယ်ပယ်ဆေးလုံးများကို သိမ်းဆည်းမထားတော့ပဲ နှစ်လုံးစီ မျိုချလိုက်လေတော့သည်။
သူက ၎င်းတို့ကို သိမ်းဆည်းရန် မတွေးတောတော့ပေ။
ဒါပေမယ့် ပြန်လည်သက်ရောက်လာမှုမှာ သိပ်ကို ကောင်းမွန်လှပေသည်။
လီဟမ်ရှန်း၏ ကိုယ်ပေါ်တွင် နေနှင့်လတို့၏ ပုံရိပ်များ ထွက်ပေါ်လာလေတော့သည်။
သူ့ အနောက်တွင် နေနှင့် လတို့၏ အရိပ်ကို ဝေဝေဝါးဝါးနှင့် မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ထိုနေနှင့်လတို့၏ အလယ်တွင်တော့ ပုံရိပ်တခုမှာ တင်ပလ္လင်ခွေထိုင်နေခဲ့တော့သည်။
ထိုပုံရိပ်မှာ ဝေဝါးနေဆဲပင် ဖြစ်သည်။
ကျင့်ကြံမှုမှာ ရှေ့သို့ဆက်တိုးနေစဉ်မှာပင် ထိုပုံရိပ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးမျိုးဆက်တခုပေါ်ပေါက်လာခဲ့တော့လေသည်။
ထိုသွေးမျိုးဆက်မှာ လွန်စွာမှကို အားနည်းလွန်းလှပေသည်။
သို့သော်လည်း လီဟမ်ရှန်းမှာ ထိုသွေးမျိုးဆက်၏ ပေါ်ပေါက်လာမှုကို ကောင်းမွန်စွာကို ခံစားခဲ့ရလေတော့သည်။
သူ့ခန္ဓာကိုယ်မှာလည်း မူလကနှင့်မတူညီစွာ လုံးဝဉသုံစတင်၍ ပြောင်းလဲနေခဲ့ချေပြီ။