အခန်း (၆၀)
Vol. 6 Ch. 60
၎င်းသည် ပြောင်းလဲမှု ပြီးဆုံးသွားသည့် ခံစားချက်ပင် ဖြစ်လေ၏။
ထိုခံစားချက်မှာ အရင်တုန်းက လီဟမ်ရှန်း လုံးဝကို မခံစားဖူးသော ခံစားချက်ပင် ဖြစ်ပါသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် သွေးချီစွမ်းအားများမှာ တက်လှမ်းခြင်းအဆင့်ငါးသို့ သူရောက်ကာစအချိန်တွေတုန်းကထက် ပိုမို များပြားနေခဲ့လေ၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချီနှင့်သွေးများမှာ လှိုင်းလုံးများအလားရိုက်ခတ်နေပြီး သူ့တွင် မကုန်ဆုံးနိုင်သည့် ခွန်အားများရှိနေသည့်အလား လီဟမ်ရှန်းက ခံစားနေရတော့လေ၏။
“ငါက အခုဆို တက်လှမ်းခြင်းအဆင့်ငါးကို ရောက်နေတာ၊ အခုလေးတင်ပဲ ရွှေနယ်ပယ်ဆေးလုံးတွေ အများကြီးကို ငါစားပြီးပြီ၊အဲ့ဒါတောင်မှ အဆင့်ခြောက်ကို မတက်နိုင်သေးဘူး။ ငါ့အရိုးတွေက တကယ်ပဲ အားနည်းနေတာပဲ” လီဟမ်ရှန်းက စိတ်ပျက်စွာ ပြောလိုက်သည်။
“ဆေးစွမ်းအားတော်တော်များများကို နေလအင်မော်တယ်နတ်ဆိုးခန္ဓာက စုပ်ယူသွားတယ်ဆိုရင်တောင်မှ ကျန်သေးတဲ့ ဆေးစွမ်းအားနဲ့ အဆင့်က တက်တော့တက်သင့်တယ်လေကွာ၊ ဒါကြီးကတော့ အရမ်းကို လွန်သွားပြီ”
“ဒါပေမယ့် ငါက တက်လှမ်းခြင်းအဆင့်ငါးမှာပဲရှိနေသေးပေမယ့် ငါ့ခန္ဓာကိုယ်က သွေးချီတွေက သာမန် တက်လှမ်းခြင်းအဆင့်ငါးထက် အများကြီး သာလွန်နေတယ်လို့ ငါခံစားနေရတယ်”
ထိုခံစားချက်မှာ ထင်ယောင်ထင်မှာ မဟုတ်ပါချေ။
အဘယ်ကြောင့်ဆိုသော် နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်ကို မကျင့်မီက လီဟမ်ရှန်းမှာ တက်လှမ်းခြင်းအဆင့်ငါးသို့ ရောက်နေပြီးသား ဖြစ်လေသည်။
သူ့နယ်ပယ်မှာ နဂိုအတိုင်းသာ ရှိနေသော်လည်း သူ၏ ခွန်အားမှာတော့ သိသိသာသာပင် ပြောင်းလဲသွားခဲ့ရလေတော့သည်။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်ကို မကျင့်ရသေးသော လီဟမ်ရှန်း ဆယ်ယောက်ကို ယခုရင်ဆိုင်ရမည်ဆိုပါက သူ့အနေနှင့် အေးအေးဆေးဆေး အမှောက်သိပ်နိုင်ပေသည်။
ထိုပြောင်းလဲမှုမှာ လီဟမ်ရှန်းကို အရမ်းစိတ်လှုပ်ရှားသွားစေခဲ့လေ၏။
သူက သန်မာရန်အတွက် လမ်းကြောင်းပထမခြေလှမ်းကို စတင်၍ လှမ်းခဲ့ပြီး ဖြစ်လေသည်။
ဒါပေမယ့် လီဟမ်ရှန်း၏ မျက်နှာ အမူအရာမှာ မှိုင်ကျသွားခဲ့တော့သည်။
ကျောက်စိမ်းပုလင်းထဲရှိ ရွှေနယ်ပယ်ဆေးလုံးများမှာ မူလကထက် တဝက်ခန့် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
ထိုရွှေနယ်ပယ်ဆေးလုံးများမှာ ရှမူဟိုင်မှ သူ့အား တက်လှမ်းခြင်းအဆင့်ကိုးအထိရောက်အောင် ကျင့်ကြံနိုင်ရန်အတွက် အလုံအလောက်ပေးထားခြင်းများ ဖြစ်ပါသည်။သူက ထိုဆေးလုံးများကို တဝက်ကျော်အထိ အသုံးပြုလိုက်ပြီးချေပြီ။ ယခုအထိ အဆင့်ခြောက်သို့ပင် မရောက်သေးပါချေ။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်မှာ လွန်စွာစွမ်းအားကြီးမားသည့်တိုင် ၎င်းကို ကျင့်ကြံရန် လိုအပ်သည့်အရင်းအမြစ်များမှာတော့ အလွန်များပြားလွန်းသဖြင့် ကြောက်ရွံ့ဖွယ်ကောင်းလွန်းလှပေသည်။
“အနာဂတ်နဲ့ပတ်သက်ပြီးတော့ နောက်မှပဲ စိတ်ပူတော့မယ်လေ။ လူရှင်တယောက်ကို သေးနဲ့ အသက်ရှုကျပ်အောင် သတ်လို့မရနိုင်ပါဘူး။ အဆိုးဆုံးအခြေအနေဖြစ်လာရင် ငါအပြင်ထွက်ပြီးတော့ အလုပ်လုပ်မယ်ကွာ”
လီဟမ်ရှန်းက သူ့စိတ်ကို သူပြင်ဆင်ကာ ကျင့်ကြံခြင်းတိုးတက်အောင် ဆက်လက်၍ ကျင့်ကြံနေခဲ့တော့သည်။
ထို့ကြောင့် ရွှေနယ်ပယ်ဆေးလုံးများအားလုံးကို မျိုချလိုက်လေတော့သည်။
ထို့နောက်တွင် နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်အား ထပ်မံ၍ လှည့်ပတ်လိုက်ပြန်၏။
ခုနစ်ရက်ကြာမြင့်ပြီးနောက်တွင်တော့ လီဟမ်ရှန်းမှာ သူ၏ ကျင့်ကြံခန်းထဲမှ ပြန်ထွက်လာခဲ့တော့သည်။
ထိုခုနစ်ရက်အတွင်း၌ လီဟမ်ရှန်းသည် သူ့တွင်ရှိသမျှသော ရွှေနယ်ပယ်ဆေးလုံးများကို အသုံးပြုခဲ့ပြီး ဖြစ်လေသည်။
တချိန်တည်းမှာပင် လီဟမ်ရှန်း၏ ကျင့်ကြံဆင့်မှာလည်း တက်လှမ်းခြင်းအဆင့်ခြောက်သို့ ချိုးဖြတ်လာနိုင်ခဲ့လေသည်။
လီဟမ်ရှန်းမှာ အဆင့်ခြောက်သာ ရှိသေးသော်လည်း သူ၏ သွေးချီစွမ်းအားများမှာ အဆင့်တူများထက် များစွာမှကို သာလွန်နေခဲ့ပါသည်။
လီဟမ်ရှန်းသည် သူ၏ စွမ်းအားကြီးမားသော သွေးချီစွမ်းအားများကြောင့် တက်လှမ်းခြင်းအဆင့်ကိုးသို့ရောက်နေသူများကိုပင် ယှဉ်တိုက်နိုင်လိမ့်မည်ဟုပင် ခံစားမိနေတော့လေ၏။
သွေးချီစွမ်းအားက သန်မာလေလေ၊ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖြတ်တက်နိုင်ခဲ့လျှင် ရရှိမည့် ချီစွမ်းအားမှာ သန်မာလေလေဖြစ်၏။
သိုင်းကျင့်ကြံသူသည် ကွန်တိန်နာတခုနှင့် အလားသဏ္ဍာန်တူလေသည်။
သွေးချီစွမ်းအားက သန်မာလေလေ၊ ရုပ်ပိုင်းဆိုင်ရာခွန်အားက သန်မာမည်၊အရှိန်ကလည်း မြန်ဆန်လိမ့်မည်။အနာဂတ်တွင်လည်း ထိုအခြေခံကြောင့် ပိုမို၍ သန်မာနေဦးမည် ဖြစ်သည်။
လီဟမ်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်မှာ အခြားတပည့်များစွာတို့ထက် အများကြီးသန်မာသည်ဟု ပြောနိုင်ပေသည်။
“သခင်လေး အပြင်ထွက်လာပြီပဲ” လီဟမ်ရှန်းအပြင်သို့ ထွက်လာသည်ကို မြင်လိုက်သောကြောင့် ရှုခွေက နှုတ်ဆက်လိုက်လေသည်။
သူ့အရှေ့ရှိ လီဟမ်ရှန်းမှာ တက်လှမ်းခြင်းအဆင့်ခြောက်သာ ရှိနေသော်လည်း လီဟမ်ရှန်း၏ ကိုယ်မှထွက်ပေါ်နေသည့် ကျယ့်ပြန်ကာ အဆုံးမရှိသော စွမ်းအားများကို ရှုခွေက အာရုံခံမိနေခဲ့သည်။
သွေးချီစွမ်းအား?
လီဟမ်ရှန်း၏ ကိုယ်တွင်းရှိ သွေးချီစွမ်းအားများမှာ သူ့ကျင့်ကြံအဆင့်တွင် ရှိမနေသင့်သည့်အရာများ ဖြစ်နေသည်ကိုမြင်လိုက်ရသဖြင့် ရှုခွေ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားခဲ့တော့လေသည်။
“ဦးလေးရှု ဒီရက်ပိုင်းမှာ ကျွန်တော့်ကို တယောက်ယောက်ကများ လာရှာခဲ့ပါသလား”
“ဆရာကြီးကတော့ ပြန်မလာသေးဘူး။ ဒါပေမယ့် ကျုပ်မြင်ရသလောက်ကတော့ သခင်လေးရဲ့ သွေးချီတွေက အရမ်းကို ပြင်းထန်နေတယ်။သခင်လေးက တခုခုကို အောင်အောင်မြင်မြင်နဲ့ နားလည်သဘောပေါက်ခဲ့တယ်ထင်တယ်။ သခင်လေးက လက်သီးသိုင်းကို ကျင့်မှာလား၊ လက်နက်ကိုပဲ အထူးပြုပြီး ကျင့်မှာလား”
“လက်နက်”
လီဟမ်ရှန်းက တုန့်ဆိုင်းမနေခဲ့ပါချေ။
လက်သီးသိုင်းများမှာ စွမ်းအားကြီးမားသည့်တိုင်၊လီဟမ်ရှန်းက လက်နက်ကို ပို၍ သဘောကျလေသည်။
ထို့အပြင် ရှမူဟိုင်က သူ့အား ကြယ်အလင်းသတ္တုကိုလည်း ပေးထားသေးသည်မဟုတ်ပါလား
ဘယ်လက်နက်ကို အသုံးပြုရမလဲဆိုတာကို သူ ဆုံးဖြတ်ချက်မချရသေးပေ။
“လက်နက်ဆိုရင်တော့ ဒီအစေခံအိုကြီးမှာ အကြံပေးစရာရှိပါတယ်” ရှုခွေက ပြောလိုက်သည်။
“ပြောပါ ဦးလေးရှု”
“သခင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းကို စွမ်းအားကြီးနေတာကို ကျုပ်မြင်မိပါတယ်။အဲ့ဒါကြောင့်မို့လို့ လေးလံတဲ့ လက်နက်မျိုး၊ဒါမှမဟုတ် ရှည်တဲ့လက်နက်မျိုးတွေကို အသုံးပြုပြီး အားသာချက်ယူသင့်ပါတယ်။
ဥပမာ- တူတို့ လှံရှညတို့ပေါ့”
“ဓားတွေက ပိုပြီး စွမ်းအားကြီးတယ်ဆိုပေမယ့် ကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုရင် လေးလံတဲ့ လက်နက်တွေမှာလည်း အားသာချက်ရှိပါတယ်။
ရှုခွေက လီဟမ်ရှန်းအတွက် တွေးကာ ပြောလိုက်လေ၏။
“ဒီလိုလား”
လီဟမ်ရှန်းသည် ရှုခွေ၏ ပြောပြမှုများကို နားထောင်ရင်းနှင့် တွေးတောနေခဲ့မိနေတော့သည်။
မှန်၏ လီဟမ်ရှန်းကိုယ်တိုင်ကလည်း လက်နက်အရှည်များကို သဘောကျသည်လေ။
လှံသိုင်း?
ဒါက တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လောက်မယ်
“သခင်လေးက ဆုံးဖြတ်ပြီးသွားရင်တော့ မျောလွင့်ပုံရိပ်ခန်းမကို သွားလို့ရပါတယ်။မူဟိုင်ဖုန်းမှာ ပန်းချီစာလိပ်တွေရှိပေမယ့် အဲ့ဒါတွေက အပြင်စည်းတပည့်တွေအတွက်ပါ။သခင်လေးလိုမျိုး နားလည်သဘောပေါက်နိုင်စွမ်းအားကောင်းတဲ့လူအတွက်ကတော့ မျောလွင့်ပုံရိပ်ခန်းမကို သွားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်”
ရှုခွေက စိတ်ရင်းနှင့်ပြောလိုက်လေသည်။
မျောလွင့်ပုံရိပ်ခန်းမသို့ လီဟမ်ရှန်း ပထမဦးဆုံးအကြိမ်သွားစဉ်ကာလတုန်းက ရှေးဟောင်းတာအိုဂိုဏ်းတဂိုဏ်းလုံး တုန်လှုပ်သွားစေလောက်မည့် သိုင်းပညာရပ်တခုကို သဘောပေါက်နားလည်နိုင်ခဲ့လေသည်။
ယခုလိုမျိုး လက်နက်အတွက်သိုင်းပညာရွေးချယ်သည့်အခါတွင်လည်း ပိုမိုကောင်းမွန်သော ပန်းချီစာလိပ်များရှိရာသို့ သွားသင့်သည် မဟုတ်ပါလား
“ဟုတ်ပြီ”
လီဟမ်ရှန်းသည်လည်း မျော့လွင့်ပုံရိပ်ခန်းမသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
ဒါပေမယ့် လီဟမ်ရှန်းက ချက်ချင်းမသွားခဲ့ပေ။
အချိန်ကာလကို တွက်ချက်ကြည့်လိုက်သော် ယခုအချိန်သည် လီချန်ချင်းထံသို့ စာရေးရန် အချိန်ကျနေခဲ့ပြီ ဖြစ်သည်။
လီချန်ချင်းမှာ သူ့အား ငွေစခုနစ်ထောင်ကို ပို့ခဲ့ဖူးလေ၏။ထိုအချိန်ကတည်းကနေ ယခုထက်ထိ သူ ဘာလုပ်နေလဲဆိုတာကို လီဟမ်ရှန်း မသိသေးပေ။
သူ့အား ချူးတပြားမှ မကူညီနိုင်သော သူ့အဖေနှင့် ပတ်သက်ပြီး ယခင်က လီဟမ်ရှန်းက ခေါင်းကိုက်ခဲ့ရလေတော့သည်။သို့သော် နောက်ဆုံးအကြိမ်က လီချန်ချင်းရေးပေးလိုက်သော စာကြောင့် လီဟမ်ရှန်းမှာ မိဘမေတ္တာကို ပြန်လည်ခံစားခဲ့ရလေ၏။
သူ့ဖခင်မှာ သူ့အား ဂရုစိုက်နေသေးသည်မဟုတ်ပါလား
အရင်နှစ်များတုန်းက သူသည် ကျောထောက်နောက်ခံမရှိသော ကလေးတယောက်ဖြစ်ခဲ့ရသည်။
ဝမ်းနည်းမှုများ၊အားငယ်မှုများကို သူတယောက်တည်းသာ သယ်ဆောင်နေခဲ့ရလေတော့သည်။
ခါးသက်သော မျက်ရည်များကို သူတယောက်တည်းသာ မျိုသိပ်ထားခဲ့ရလေတော့၏။
သူက ထိုကဲ့သို့သော ဘဝမျိုးကို အသားကျသွားပြီဟု ထင်ခဲ့မိသည့်တိုင် ဖခင်၏ နွေးထွေးသော မေတ္တာကို တောင့်တမိနေပါသေးသည်။
စာကြည့်ခန်းထဲ၌ လီဟမ်ရှန်းသည် စာရွက်နှင့် စုတ်တံကိုထုတ်ကာ တခဏတွေးတောပြီးသည့်နောက်တွင် စာတစောင်ကို ရေးသားလိုက်တော့သည်။သူက လောလောဆယ် ငွေပြတ်လပ်နေသည်ကို သတိထားမိသွားတော့၏။ တိုက်ရိုက်တပည့်ဖြစ်နေသောကြောင့် သူက လတိုင်း မြောက်မြားစွာသော ငွေကြေးနှင့် အရင်းအမြစ်များကို ရရှိသည့်တိုင် နောက်တကြိမ် ထုတ်ယူရမည့် အချိန်က လိုပေသေး၏။
သူ့တွင် ကျန်နေသေးသော ငွေကြေးကို သူ တွက်ချက်ကြည့်လိုက်ရာ ငွေစလေးရာကျော်ကျန်နေသေးသည်ကို သိလိုက်ရတော့သည်။
ထိုငွေကြေးမှာ ပြီးခဲ့သည့်တခေါက်က လီချန်ချင်းပို့လိုက်သော ငွေကြေးများမှ သူ သုံးစွဲပြီး၍ ကျန်ရစ်နေသော ငွေများဖြစ်လေသည်။
စာကိုရေးပြီးသော် လီဟမ်ရှန်းသည် စာအိတ်ထဲသို့ ငွေများကို ထည့်ကာ ပြန်၍ပို့ရန် ပြင်လိုက်လေ၏။
လီချန်ချင်းသည် ပြီးခဲ့သည့်အချိန်တုန်းက ငွေများစွာ ရရှိအောင် လုပ်နိုင်ခဲ့မှန်းကို လီဟမ်ရှန်းက သိလေသည်။ဒါပေမယ့် လီဟမ်ရှန်းက သူ့အဖေအကြောင်းကို အသိဆုံးပင် ဖြစ်၏။ ငွေ ဘယ်လောက်ပဲရှိရှိ သူ့ဖခင်၏ လက်ဖွာတတ်သော အကျင့်စရိုက်ကြောင့် အချိန်အနည်းငယ်အတွင်း တပြားမှ ကျန်ရစ်တော့လိမ့်မည် မဟုတ်တော့ပေ။
ထို့အပြင် လီချန်ချင်း၏ ပန်းချီဆွဲရာ၌ အသုံးပြုသော စုတ်တံများ၊ဆေးနှင့် စာရွက်များမှာ အလွန်အင်မတန်ကို ဈေးကြီးလွန်းလှပေသည်။
လောလောဆယ်တော့ ကျန်ရစ်နေသော ငွေများကို လီချန်ချင်းထံသို့ ပို့ထားပေးရမည်။
နောက်လအတွက် အရင်းအမြစ်ထုတ်ယူချိန်ကျမှ ရရှိသော ငွေများကို ဖခင်ဖြစ်သူအတွက် ထပ်ပို့မှ ဖြစ်ပေမည်။
စာကို ရေးသားပြီးသော် လီဟမ်ရှန်းက ရှုခွေအား အိမ်သို့ ဒီစာကို ပို့ပေးရန် မှာကြားခဲ့လေသည်။
ထို့နောက်တွင် သူက ချင်ကျူးတောင်ပေါ်မှ မျောလွင့်ပုံရိပ်ခန်းမဆီသို့ ထွက်လာခဲ့သည်။