ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြောင်းပြန်အကြေးခွံကို ထိပါးတဲ့လူက သေရမယ်(ဃ)
Vol. 54 Ch. 827
မီးတောက်များသည် အလွန်ထူးခြားသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိပြီးနောက် ရွှီချင်းသည် ၎င်းတို့ကို တိမ်းရှောင်ရန် ရည်ရွယ်ခဲ့သော်လည်း မီးတောက်များသည် သူ့ကို ထိမိသွားဆဲဖြစ်သည်။ ယင်းက သူ၏ ကိုယ်တွင်းထဲမှ တချို့အရာများကို လောင်ကျွမ်းသွားစေခဲ့သည်။ ထိုလောင်ကျွမ်းမှုက ခရမ်းသလင်းကျောက်ကို အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ခရမ်းသလင်းကျောက်သည် တစ်ခါမှမဖြစ်ဖူးသော ဆွဲငင်အားကို ထုတ်လွှတ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းနေသော မီးတောက်များကို စိတ်လှုပ်ရှားစွာ ဝါးမျိုပစ်လိုက်သည်။
မကြာမီ ခရမ်းသလင်းကျောက်၏ အတွင်းထဲမှာ အလင်းရောင်ဖျော့ဖျော့ တောက်ပလာသည်။
လျှပ်တစ်ပြက်အတွင်း ထိုအလင်းရောင်သည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ လင်းထိန်လာသည်။ ယင်းက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သော်လည်း သူ၏ ပထမသက်စောင့်မီးအိမ်ဖြစ်သော ထီးနက်ထံမှ ထိပ်ဖျားသည် ပျောက်ဆုံးသွားကြောင်း ရွှီချင်း သတိပြုမိသွားသည်။ ယင်းက အရည်ပျော်သွားသည့်အလားပင်။
ထိုအကြောင်းအရင်းကြောင့် ဂုဏ်ပြုပွဲအခမ်းအနား၌ ရွှီချင်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအခိုက်အတန့်မှာ အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း ယင်းကို အသေးစိတ် စစ်ဆေးလေ့လာရန် အခြေအနေကမသင့်တော်ပေ။
ထို့ကြောင့် စခန်းသို့ ပြန်ရောက်လာသည့်အခါ ရွှီချင်းသည် ယင်းကို စစ်ဆေးလေ့လာရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
မုန့်ယွင်ပိုင်သည် အလည်ရောက်လာပြီး နတ်သမီးလျှိုလန်သည်လည်း သူ့အား လာဖိတ်ခေါ်သည်။
သို့သော်လည်း သူတို့အားလုံးသည် ရွှီချင်း၏ ယဉ်ကျေးစွာ ငြင်းပယ်ခြင်းခံခဲ့ရသည်။ တစ်ဖက်တွင် သူ့မှာ အချိန်မရှိသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် သူသည် နန်းမြို့တော်၏ မည်သည့်ကိစ္စကိုမှ ဝင်မပါချင်သောကြောင့် ဖြစ်သည်။
သူနှင့် ခုန်းရှန်းလုံသည် ထိုကိစ္စကို ဂုဏ်ပြုပွဲအခမ်းအနားမှ ပြန်ရောက်လာပြီးနောက် လီယွမ်ရှန်းထံသို့ တင်ပြခဲ့သည်။
တစ်ဖက်လူ၏ ဆုံးဖြတ်မှုသည် သူတို့နှင့် အတူတူဖြစ်ပြီး ကိစ္စများကို သူတို့ထက်ပင် ပိုပြီးအသေးစိတ်မြင်သည်။
“ ကြည့်ရတာ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို တတ်ရောက်ဖို့အပြင် သတ္တမမင်းသားက မင်းသမီးအန်းဟိုင် ရုတ်တရက် ရောက်ချလာရတဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ချင်လို့ မင်းတို့ကို တမင်ဖိတ်ကြားခဲ့တာဖြစ်နိုင်တယ် ”
“ ရွှီချင်း လော့ကျင်းစုန်ကို မင်းသတ်ခဲ့တာ မှန်တယ်… ဓားကိုင်ရုံးတော်သခင်ဟောင်းရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့အတွက် သူဟာ သေဖို့ထိုက်တန်တယ်… ဒီကိစ္စကို အမတ်ယောင်ဆီ ငါသတင်းပို့လိုက်မယ်… သူရဲ့လုပ်ဆောင်ပုံတွေနဲ့ ဖြောင့်မတ်မှုကြောင့် အဲ့ဒါက ဘာပြဿနာမှဖြစ်လာမှာ မဟုတ်ပါဘူး ”
ဤစကားများကို လီယွမ်ရှန်းကိုယ်တိုင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခုနစ်ရက်မြောက်နေ့တွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပသည်။
ပွဲအခမ်းအနားသည် အလွန်ကြီးကျယ်ခမ်းနားသည်။ နန်းမြို့တော်မှ တစ်စုံတစ်ယောက်က ဧကရာဇ်အမိန့်တော်ကို ဖတ်ပြသည့်အခါ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြည့်အရှင်လေးပါးသည် အစစ်အမှန်ခန္ဓာကိုယ်များဖြင့် ရောက်လာကြပြီး ဘိုးဘေးအင်ပါယာ၏ ပုံရိပ်သည် သက်ဆင်းလာသည်။
ဘိုးဘေးအင်ပါယာ၏ ပုံရိပ်ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့်မြေပြင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေကြမ်းသည် တဟူးဟူး တိုက်ခတ်လာသည်။ အင်မော်တယ်အူခွေသစ်ပင်ဧရိယာတစ်ခုလုံးသည် အပြင်းအထန် ဖိနှိပ်ခံလာရသည်။
ဤသည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်၏ ဖိအားဖြစ်သည်။
အမှန်မှာတော့ ထိုခဏလေးအတွင်းမှာ အချိန်နှင့် ဟင်းလင်းပြင်သည်ပင် ကမောက်ကမာဖြစ်သွားဟန် ရသည်။ ထို့အပြင် ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့်၏ ပုံရိပ်လေးမျှသာ ဖြစ်သည်။
ယင်းက ရွှီချင်းအား နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံနေရသည်ဟု ခံစားမိစေသည်။ သို့သော်လည်း ခြားနားမှုသည် ဖော်ပြရန် အတော်လေး ခက်ခဲကြောင်း သူရှာတွေ့သွားသည်။
“ ဝိညာဉ်စုစည်းခြင်းအဆင့်… စကားလုံးတွေနဲ့ ဖော်ပြဖို့မဖြစ်နိုင်ဘူး… နတ္ထိပြန်ခြင်းလို့ သတ်မှတ်တယ်… အဲ့ဒါက သဏ္ဍာန်မဲ့ခြင်းနဲ့ ပုံရိပ်မရှိခြင်းရဲ့ ပြယုဂ်ပဲ… နားလည်ရအတော်ခက်တဲ့ အခြေအနေတစ်ခုဖြစ်တယ်… အဲ့ဒါက စတင်ခြင်း ဒါမှမဟုတ် မမြင်နိုင်တဲ့ အဆုံးသတ်ဖြစ်တယ် ”
ပွဲအခမ်းအနားထဲတွင် လီယွမ်ရှန်းသည် နောင်တရသော အမူအရာဖြင့် နူးညံ့စွာ ပြောသည်။
ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်သည်။ ကောင်းကင်ပေါ်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြည့်အရှင့်လေးပါးကို သူမြင်လိုက်သည်။ သူတို့၏ အနောက်တွင် လောကကြီးကို ထမ်းပိုးထားဟန်ရသော ဝေဝေဝါးဝါး ဧရာမပုံရိပ်တစ်ခု ရှိသည်။ ပုံရိပ်၏ ဦးခေါင်းကိုသော်လည်းကောင်း ခြေထောက်ကိုသော်လည်းကောင်း သူမမြင်နိုင်ပေ။ ယင်းက အဆုံးမဲ့ဟန်ထင်ရပြီး အနန္တဖြစ်တည်မှု ဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဘိုးဘေးအင်ပါယာသည် အချိန်ကြာကြာ မနေပေ။ ဧကရာဇ်အမိန့်တော်ကို ကြားနာပြီးနောက် သူ၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။
ဧကရာဇ်အမိန့်တော်ထဲတွင် သန့်စင်ရေလှိုင်းမျိုးနွယ်ဘိုးဘေးကို အလွန်မြင့်မားသော အသိအမှတ်ပြုခြင်းနှင့် ချီးမွမ်းထောပနာပြုခြင်း ပါရှိသည်။ ဘိုးဘေးဟူသော ဂုဏ်ပုဒ်ကို ပြန်လည်သိမ်းယူလိုက်ပြီး သူ့အား ‘သန့်စင်ရေလှိုင်းမှူးမတ်ချုပ်’ဟူသော ဂုဏ်ပုဒ်ကို မြှောက်စားလိုက်သည်။
သန့်စင်ရေလှိုင်းဒေသကြီး၏ နာမည်ကိုတော့ မပြောင်းလဲခဲ့ပေ။ သို့သော်လည်း ယင်းက မူလဒေသကြီး၏ ဧရိယာထက်ဝက်မျှသာ ဖြစ်သည်။ ကျန်ဧရိယာထက်ဝက်ကိုတော့ ရှင်းလန်ဒေသကြီးဟု နာမည်မှဲ့တွင်ခဲ့သည်။
ရှင်းလန်ဒေသကြီးသည် ဖုန်းဟိုင်ဒေသငယ်ထဲမှာ မပါဝင်ပေ။ ယင်းက သတ္တမမင်းသား၏ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိပြီး စစ်ရေးဗဟိုဌာနအဖြစ် ဆောင်ရွက်လိမ့်မည်။ မင်းသမီးအန်းဟိုင်သည် အုပ်ချုပ်ရေးကိစ္စများနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အကူအညီပေးရန် ခန့်အပ်ခံရသည်။
ထိုသို့ဖြင့် ပွဲအခမ်းအနားသည် နောက်ဆုံးမှာ ပြီးဆုံးသွားသည်။ ရွှီချင်းနှင့် တခြားလူများသည် ဖုန်းဟိုင်ဒေသငယ်သို့ ပြန်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း သူတို့မပြန်ခင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။
သတ္တမမင်းသားသည် ဖုန်းဟိုင်ဒေသငယ်ပိုင်သော ပြည်နယ်သုံးခုကို အရင်ဦးစွာ ပြန်ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာ သူက ပြည်နယ်လေးခုကို ဖုန်းဟိုင်ဒေသငယ်ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်မှစ၍ ဖုန်းဟိုင်ဒေသငယ်တွင် ပြည်နယ်(၁၇)ခုရှိလာတော့မည် ဖြစ်သည်။
ဤကိစ္စကို သတ္တမမင်းသားက ဦးစွာအဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ မင်းသမီးအန်းဟိုင်သည်လည်း ဤကိစ္စကို သဘောတူခဲ့သည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်က လျှို့ဝှက်စွာ သိမ်းယူထားသော ကွမ်ယွဲ့ဒေသငယ်သည် ရှင်းလန်ဒေသကြီး၏ ထိန်းချုပ်မှုအောက်သို့ ချောချောမွေ့မွေ့ ကူးပြောင်းသွားခဲ့သည်။
အသေးစိတ်ကိစ္စကို ရွှီချင်းသည် ရှင်းလင်းစွာ မသိထားချေ။ အတိတ်တွင် အမတ်ယောင်က ကွမ်ယွဲ့ဒေသငယ်အကြောင်း သူ့ကို ပြောပြလာခဲ့စဉ်က လဲလှယ်မှုတစ်ခုရှိလာလိမ့်မည်ဟု သူမှန်းဆထားခဲ့သော်လည်း နောက်ကွယ်မှာ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူမသိပေ။
ဤသည်မှာ အမတ်ယောင်နှင့် သတ္တမသခင်ကြီးကဲ့သို့ ရာထူးမြင့်အကြီးအကဲများသာ ကိုင်တွင်ဆုံးဖြတ်နိုင်သောကိစ္စ ဖြစ်သည်။
သို့သော်လည်း သူသည် ဧကရာဇ်အမိန့်တော်မှတဆင့် အနာဂတ်အခြေအနေနှင့်ပတ်သက်ပြီး အနည်းနှင့်အများတော့ မြင်နိုင်သည်။
ရှင်းလန်ဒေသကြီး၏ စစ်ရေးနှင့် စီမံအုပ်ချုပ်ရေးသည် မင်းသမီးအန်းဟိုင်၏ တည်ရှိမှုကြောင့် ကွဲထွက်သွားခဲ့သည်။