← Chapters

ချင်းလေး ကိစ္စကြီးလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား

Vol. 54 Ch. 828

ချင်းလေး ကိစ္စကြီးလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား

Vol. 54 Ch. 828

သန့်စင်ရေလှိုင်းဒေသကြီးနှင့် ရှင်းလန်ဒေသကြီးကြားမှ နယ်နိမိတ်အလယ်တွင် အင်မော်တယ်အူခွေသစ်ပင်ဧရိယာရှိသည်။

ဖုန်းဟိုင်ဒေသငယ်၏ စစ်တပ်က ရွေ့လျားနေသော ဧရိယာသည် ယခု ရှင်းလန်ဒေသကြီးဟု အမည်ပြောင်းလဲသွားသည်။ ရှင်းလန်ဒေသကြီးသည် အင်မော်တယ်အူခွေသစ်ပင်ဧရိယာမှစတင်၍ ဖုန်းဟိုင်ဒေသငယ်၏ တည်နေရာအထိ ရှည်လျားသည်။

ဧရာမမှော်ယာဉ်ပျံအများအပြားသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသည်။

လက်တလော ထုတ်ပြန်ခဲ့သော ဧကရာဇ်အမိန့်တော်ထဲတွင် ဖုန်းဟိုင်ဒေသငယ်အပေါ်သို့ တိုက်ရိုက်အခွင့်အရေးပေးခြင်း မပါရှိပေ။ သို့သော်လည်း သတ္တမမင်းသားအပေါ် ထောက်လှမ်းစုံစမ်းမှုနှင့် မင်းသမီးအန်းဟိုင်၏ ပေါ်ထွက်မှုက ဖုန်းဟိုင်ဒေသငယ်ကို ရုတ်တရက် အလေးပေးလာစေသည်။

သို့သော်လည်း နှစ်ဖက်စလုံး၏ ဖုန်းဟိုင်ဒေသငယ်ကို သိမ်းပိုက်ရန် ယှဉ်ပြိုင်မှုသည် သာမန်အသိအမြင်ဖြင့် စိတ်ကူးယဉ်နိုင်သော ဇတ်ညွှန်းတစ်ခုထက်ပိုပေသည်။ လက်တွေ့တွင် ထိုသို့အဆင့်အတန်းမြင့်မားသော အထက်တန်းမိသားစုများတွင် သစ္စာခံခြင်းကို ရှာဖွေရန် ကြိုးစားကြလေ့ရှိသော်လည်း သူတို့သည် အလွန်အကျူးလုပ်ဆောင်ကြခြင်း မရှိပေ။

သတ္တမမင်းသားက ထပ်ပေါင်းပေးအပ်ခဲ့သော ပြည်နယ်လေးခုကိစ္စသည်တော့ ယင်းက ထင်သလောက် မရိုးရှင်းပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့က ဖုန်းဟိုင်ဒေသငယ်ကို အရေးပါသော ညှိနှိုင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်ခွင့်မပြုနိုင်သောကြောင့် ဖြစ်သည်။ မှန်ပေ၏။ ဖုန်းဟိုင်ဒေသငယ်က မတုံးအသရွေ့ ယင်းသည် ပြန်လည်နာလန်ထူရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကိုရရှိရန် သေချာစေလိမ့်မည်။

ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်က လိုအပ်နေသော အရာလည်းဖြစ်သည်။

ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

ဤအခိုက်အတန့်မှာ သူက မဟာအတောင်ပံ၏ လျှို့ဝှက်အခန်းတစ်ခုထဲမှာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေခြင်းဖြစ်သည်။ ကျင့်ကြံခြင်းအဆုံးသတ်လိုက်သည့်အခါ သူရှူထုတ်လိုက်သော လေသည် သူ၏ အရှေ့မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သူရှူထုတ်လိုက်သော မြူခိုးထဲမှာ မြင့်မားသော အပူချိန်ပါရှိသည်။ ယင်းက အခန်းထဲမှ အပူချိန်ကို အနည်းငယ် မြင့်တတ်သွားစေပြီး ပူပြင်းလာစေသည်။

ရွှီချင်းသည် သူ၏ အရှေ့မှ မြူခိုးကို ကြည့်လိုက်သည်။ မြူခိုးထဲမှ အပူချိန်ကို ခံစားမိသွားသောအခါ သူ၏ မျက်လုံးသည် တောက်ပသွားသည်။

“ ဒီခရီးကနေ အခုလိုရိတ်သိမ်းမှုကြီး ရလာမယ်လို့ မထင်ထားဘူး ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ နှလုံးခုန်သံသည် အနည်းငယ် မြန်ဆန်လာပြီး တအိအိ လှိုင်းထလာသည်။

ထိုအရာအားလုံး၏ ဇစ်မြစ်သည် ကောင်းကင်မြေပြင်ဘူးသီးခြောက်ထဲမှ မီးတောက်များ ဖြစ်သည်။

ရွှီချင်းသည် ရက်အနည်းငယ်ကြာ သုတေသနပြုလုပ်ပြီးနောက် ကောင်းကင်မြေပြင်ဘူးသီးခြောက်ထဲမှ မီးတောက်များသည် အန္တရာယ်မရှိကြောင်း အတည်ပြုနိုင်ခဲ့ရုံသာမက ၎င်းမှာ သက်စောင့်မီးအိမ်များကို လောင်ကျွမ်းစေနိုင်သော အကျိုးသက်ရောက်မှုရှိကြောင်းလည်း ရှာတွေ့ခဲ့သည်။

မီးတောက်သည် ထူးဆန်းသည်။ ၎င်းကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည့်အခါ ခရမ်းသလင်းကျောက်သည် အသက်ဝင်လာပြီး မီးတောက်ကို စိတ်လှုပ်ရှားစွာ စုပ်ယူလိမ့်မည်။

ထို့နောက် မယုံကြည်နိုင်သော အပြောင်းအလဲတချို့ ဖြစ်ပေါ်လာလိမ့်မည်။ ခရမ်းသလင်းကျောက်သည် ခရမ်းရောင်အလင်း တလက်လက်တောက်ပလာပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ အလင်းပြန်လိမ့်မည်။ ခရမ်းရောင်အလင်းက အသက်မြူခိုးထဲရှိ သက်စောင့်မီးအိမ်များပေါ်တွင် လင်းထိန်သွားသည့်အခါ အလင်းသည် သူတို့ကို အရည်ပျော်သွားစေလိမ့်မည်။

ထိုသို့အရည်ပျော်ခြင်းသည် ယာယီဖြစ်စဉ်မဟုတ်ပေ။ ယင်းက သက်စောင့်မီးအိမ်၏ ပုံသဏ္ဍာန်ကို ပြောင်းလဲသွားစေသည်။

ဤမတိုင်ခင်အထိ ရွှီချင်းသည် ထိုသို့အဖြစ်အပျက်မျိုးကို တစ်ခါမှ မတွေ့ကြုံဖူးချေ။ သူသိထားသည်မှာ သက်စောင့်မီးအိမ်များသည် အခြေခံသဘောတရားအားဖြင့် မဖျက်ဆီးနိုင်ပေ။

ထိုအချက်က ရွှီချင်းအား သူဖတ်ဖူးသော သတင်းအချက်အလက်တစ်ခုကို ပြန်အမှတ်ရစေသည်။

“ ကောင်းကင်အလွန်က အလင်းရောင်လား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း ထိုခန့်မှန်းမှုကို မြန်ဆန်စွာ ပယ်ဖျက်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်အလွန်မှ အလင်းရောင်ကို ရရှိခဲ့သော ရှေးဟောင်းအုပ်ချုပ်သူ၏ မှတ်တမ်းထဲတွင် တစ်ဖက်လူသည် သူ၏ သွေးမျိုးစက်ကို သက်စောင့်မီးအိမ်ထဲသို့ ပေါင်းစပ်ခဲ့ပြီး သူ့ကိုယ်ပိုင် သက်စောင့်မီးအိမ်ဖြစ်လာရန် ကောင်းကင်အလွန်မှ အလင်းရောင်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ယခု ရွှီချင်းတွေ့ကြုံနေရသော အဖြစ်အပျက်နှင့် အခြေခံသဘောတရားချင်း ခြားနားသည်။

ဤရက်များတွင် ရွှီချင်း၏ အဓိကလေ့လာမှုသည် ထိုအရည်ပျော်ခြင်းလုပ်ငန်းစဉ်က သက်စောင့်မီးအိမ်ကို လုံးဝပျောက်ကွယ်သွားစေပြီး အသုံးမပြုနိုင်သည်အထိ ဖြစ်စေနိုင်သလားဟူသော အချက်ပေါ်တွင် မူတည်သည်။

“ အဲ့လိုမဟုတ်ဘူး ”

ရွှီချင်းသည် လက်မြှောက်လိုက်လေရာ လက်သည်းခွံအရွယ်ရှိသော အနီရောင်သလင်းကျောက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

သက်စောင့်မီးအိမ်များ၏ အရည်ပျော်ခြင်းဖြစ်စဉ်အတွင်း သူတို့က သူ၏ အသိစိတ်ပင်လယ်အတွင်းမှာ ပြန့်ကျဲသွားမည့် နားလည်ရခက်ခဲသော ဒြပ်ဝတ္ထုတချို့သို့ ပြောင်းလဲသွားပြီး သူ့ကိုယ်ပိုင်သွေးမျိုးစက်ထဲသို့ ပေါင်းစပ်သွားလိမ့်မည်။ ယင်းက သူ၏ သွေးမျိုးစက်ကို အနည်းငယ် ပြောင်းလဲသွားစေဟန်ရပြီး ခြားနားသော အရည်အသွေးကို ဖြစ်ပေါ်စေသည်။

ထိုအနီရောင်သလင်းကျောက်၏ အသုံးဝင်ပုံကို ရွှီချင်းမသိပေ။ ယင်းကို သူ၏ လက်ထဲမှာ ကိုင်ထားစဉ် ထိုသလင်းကျောက်ထဲမှာ သက်စောင့်မီးအိမ်၏ အဆီအနှစ်တချို့ ပါရှိသည်ဟု သူအာရုံခံမိသည်။ ယင်းက သူ့ဘာသာ အလင်းတောက်ပနိုင်ပြီး သူ့ကိုယ်ပိုင်အပူကို ထုတ်လွှတ်နိုင်သည်။

တစ်ခဏကြာ လေ့လာပြီးနောက် ရွှီချင်းသည် အနီရောင်သလင်းကျောက်ကို မျှော်လင့်တောင့်တသော စိတ်ခံစားချက်ဖြင့် ပြန်သိမ်းဆည်းလိုက်သည်။

“ တကယ်လို့ ဒီလိုမီးတောက်တွေသာ အလုံအလောက်ရှိမယ်ဆိုရင် ခရမ်းသလင်းကျောက်ကို ပိုပြီးတော့ ငါလှုံ့ဆော်လာနိုင်မယ်… အဲ့ဒါဆို ငါ့ရဲ့သက်စောင့်မီးအိမ်တွေအားလုံး အရည်ပျော်သွားပြီး ငါ့သွေးမျိုးစက်ထဲကို ပေါင်းစပ်သွားလိမ့်မယ် ”

“ အဲ့ဒီအခါ… ငါ့ကိုယ်ပိုင်သက်စောင့်မီးအိမ်ကို ဖွဲ့စည်းဖို့ ဒီဒြပ်ဝတ္ထုကို အသုံးပြုနိုင်မလား ”

ထိုနည်းလမ်းသည် သီအိုရီအရ ဖြစ်နိုင်ခြေရှိသည်ဟု ရွှီချင်းခံစားမိသည်။ သို့သော်လည်း ယင်းက ရှေးဟောင်းအုပ်ချုပ်သူလျှောက်ခဲ့သော လမ်းစဉ်နှင့် ခြားနားနေသည်။ တစ်ဖက်လူသည် သူ၏ သွေးမျိုးစက်ကို သက်စောင့်မီးအိမ်ထဲသို့ ပေါင်းစပ်ခဲ့ပြီး သက်စောင့်မီးအိမ်၏ ပိုင်ရှင်ကို ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ နည်းလမ်းသည် ရှေးဟောင်းအုပ်ချုပ်သူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူက သက်စောင့်မီးအိမ်ကို အရည်ပျော်စေပြီး သူ၏ သွေးမျိုးစက်ထဲမှာ ပြန့်ကျဲသွားစေမည်ဖြစ်သည်။ ထို့နောက် သူ့ကိုယ်ပိုင်သွေးမျိုးစက်ဖြင့် သက်စောင့်မီးအိမ်ကို ပုံဖော်မည်ဖြစ်သည်။

“ သီအိုရီအရ ဖြစ်နိုင်ခြေရှိတယ်ဆိုပေမဲ့ အတည်ပြုကြည့်ဖို့ လိုအပ်နေသေးတယ်… အဓိက လိုအပ်ချက်ကတော့ ငါ့မှာ ဒီလိုမီးတောက်တွေ အလုံအလောက်ရှိဖို့ပဲ ”

ရွှီချင်းသည် ကောင်းကင်မြေပြင်ဘူးသီးခြောက်ကို ကြည့်လိုက်သည်။

ဘူးသီးခြောက်ထဲမှ မီးတောက်များသည် အဆုံးမဲ့စွာတည်ရှိခြင်း မဟုတ်ချေ။ ဤအတောအတွင်း ရွှီချင်း၏ လေ့လာစမ်းသပ်မှုများအရ မီးတောက်အများစုသည် ကုန်ဆုံးသွားခဲ့သည်။ ယခု ဘူးသီးခြောက်ထဲမှာ မီးတောက်သည် အလွှာတစ်ခုအောက်သာ ကျန်ရှိတော့သည်။

ရွှီချင်းသည် ၎င်း၏ ဇစ်မြစ်ကို အင်မော်တယ်အူခွေသစ်ပင်ဧရိယာ၌ သူရှိနေစဉ်အတောအတွင်း လိုက်လံမေးမြန်းခဲ့ပြီး ရုံးတော်သခင်လီယွမ်ရှန်းထံမှ အဖြေတစ်ခုကို ရရှိခဲ့သည်။

“ အဲ့ဒါက လဝတ်ပြုဒေသကြီးနဲ့ လို့ခါးဒေသကြီးကြားက နယ်နိမိတ်မှာတွေ့ရတတ်တဲ့ ကောင်းကင်ဘုံမီးတောက်ပဲ ”

“ လို့ခါးဒေသကြီးက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ တောင်ဘက်စွန်းမှာရှိတဲ့ နယ်မြေတစ်ခုပဲ… အဲ့ဒါက ဗျူဟာအရ အရေးပါတဲ့ အခြေအနေမှာရှိပြီး လဝတ်ပြုဒေသကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်… ပြီးတော့ ဒေသကြီးနှစ်ခုကြားက နယ်နိမိတ်ထဲမှာ ပင်လယ်ကျွန်းစုတစ်ခုရှိတယ်… ဒါပေမဲ့ အဲ့ဒီပင်လယ်ထဲမှာ ရေတွေမရှိဘူး… မီးတောက်တွေပဲ ရှိတယ်… မင်းက ပင်လယ်ရဲ့ အနက်ပိုင်းထဲကိုဝင်သွားတာနဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ မီးတောက်အစွမ်းတွေကို မြင်တွေ့ရလိမ့်မယ်… အဲ့ဒါက သူ့လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်စွမ်း ရှိတယ် ”

“ ဒါပေမဲ့ အဲ့ဒီမီးတောက်ပင်လယ်က သဘာဝအလျောက် ဖြစ်ပေါ်လာတာမဟုတ်ဘူး… အဲ့ဒီအစား ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတာ ”

“ ကောင်းကင်ဘုံမီးတောက်ပင်လယ်ရဲ့ အလယ်ဗဟိုကိုရောက်တဲ့အခါ ကောင်းကင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုရှိတာကို မြင်ရလိမ့်မယ်… အဆုံးမဲ့တဲ့ မီးတောက်လှိုင်းတွေက အဲ့ဒီအက်ကွဲကြောင်းထဲကနေ သွန်ကျလာတာ… အဲ့ဒါက မီးတောက်ရေတံခွန်ပုံစံဖြစ်ပေါ်လာပြီး နောက်တော့ တဖြည်းဖြည်း ပင်လယ်အဖြစ် ပြောင်းလဲသွားတာ ”

“ ကောင်းကင်ဘုံမီးတောက်ကလည်း ထူးခြားတယ်… မင်းက အဲ့ဒီကနေ ထွက်သွားတာနဲ့ ကောင်းကင်ဘုံမီးတောက်က သာမန်မီးတောက်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားလိမ့်မယ်… အထူးရတနာတချို့ပဲ မီးတောက်ကို မူလဂုဏ်သတ္တိမပျောက်သွားအောင် ထိန်းသိမ်းထားနိုင်တယ်… မင်းရဲ့ ကောင်းကင်မြေပြင်ဘူးသီးခြောက်က အဲ့ဒီအတွက်ဖန်တီးထားတဲ့ အထူးရတနာတစ်မျိုးပဲ… ဒါပေမဲ့ အဲ့ဒါနဲ့တောင် မီးတောက်ကို အချိန်ကြာကြာ မသိုလှောင်ထားနိုင်ဘူး ”

ထိုစကားများကို လီယွမ်ရှန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းအရာများကို ပြန်အမှတ်ရသွားသောအခါ ဝမ်ကူးကုန်းမြေ၏ တောင်ပိုင်းဒေသကြီးများသည် ရွှီချင်း၏ စိတ်ထဲမှာ စတင်ရှင်းလင်းလာသည်။ မှတ်တမ်းများထဲတွင် ယခင်က သူမြင်ခဲ့ဖူးသော မူကြမ်းမြေပုံသည် သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

ယခု ဖုန်းဟိုင်ဒေသငယ်၏ အနောက်မြောက်ဘက်ပိုင်းသည် ရှင်းလန်ဒေသကြီးဖြစ်သည်။ ထိုဒေသကြီး၏ မြောက်ဘက်ပိုင်းသည် သန့်စင်ရေလှိုင်းဒေသကြီးဖြစ်သည်။ သန့်စင်ရေလှိုင်းဒေသကြီး၏ အနောက်ဘက်ပိုင်းတွင် စတေးခံယင်မြစ်ဟုခေါ်သော မြစ်ရှည်ကြီးတစ်ခု ရှိသည်။

ထိုစတေးခံယင်မြစ်ကို ကျော်လွန်သွားလျှင် ဆန်းကြယ်သော လဝတ်ပြုဒေသကြီးကို ရောက်ရှိလိမ့်မည်။

လဝတ်ပြုဒေသကြီး၏ အရှေ့မြောက်ဘက်နယ်စပ်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အစွန်အဖျားဒေသနှင့် ထိစပ်နေသည်။

“ လဝတ်ပြုဒေသကြီး… ”

ထက်ရှသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက မတ်တတ်ထရပ်လိုက်ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်မှ အေးစက်စက်လေက တဟူးဟူး တိုးဝင်လာသောအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေသော အပူဓာတ်ကို လွင့်ပြယ်သွားစေသည်။

စစ်တပ်သည် ဖုန်းဟိုင်ဒေသငယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ဖြစ်သည်။ ဒေသငယ်မြို့တော်သို့ရောက်ရန် သိပ်မလိုတော့ချေ။

အဆောက်အဦးတစ်ခုထဲသို့ သူက လျှောက်သွားနေစဉ် ခုန်းရှန်းလုံသည် ကောင်းကင်ကို ငေးကြည့်နေသည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်း တစ်ခုခုရခဲ့တာလား ”

ရွှီချင်းသည် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက ခုန်းရှန်းလုံ၏ ဘေးတွင် မတ်တတ်ရပ်လိုက်ပြီး လဝတ်ပြုဒေသကြီး၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် မျှော်လင့်တောင့်တခြင်းနှင့် စိတ်ဝင်စားခြင်းတို့ ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာ သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်လိုက်သည်။

“ စီနီယာအကိုကြီး… မင်းသတင်းသွားစုဆောင်းတာ အခြေအနေဘယ်လိုလဲ… ဒီမှာ ငါသတင်းတစ်ခု ရထားတယ် ”

မကြာမီ အသံပို့လွှတ်ကျောက်စိမ်းပြားသည် တုန်ခါသွားသည်။ မကြားရကြာပြီဖြစ်သော ခေါင်းဆောင်၏ ပျင်းရိပျင်းတွဲအသံသည် ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။

“ ငါပြန်ရောက်တာ ရက်အနည်းငယ်ကြာပြီ… မင်း ငါတို့သားလေးရဲ့ နေရာကနေ ပြန်ရောက်လာမှာကို ငါက စောင့်နေတာ ”

“ ကောင်းပြီ… ဒေသငယ်မြို့တော်ကို နောက်လေးနာရီကြာပြီးရင် ငါရောက်လိမ့်မယ် ”

( ရွှီချင်းနဲ့ ခေါင်းဆောင်ရဲ့သားက အင်မော်တယ်အူခွေသစ်ပင်တွေကို ဝါးမျိုသွားတဲ့ ကောင်းကင်ဘုံတာအိုပါ )

သူတို့သည် အသေးစိတ်ကို မဆွေးနွေးပေ။ စကားပြောခြင်းကို အဆုံးသတ်ပြီးနောက် ရွှီချင်း၏ နှလုံးသားထဲမှ မျှော်လင့်တောင့်တမှုသည် ပိုပြီးအားကောင်းလာသည်။

ခုန်းရှန်းလုံသည် ရွှီချင်းကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ရွှီချင်း… မင်းနဲ့ အားကိုးမရတဲ့ မင်းရဲ့စီနီယာအကိုကြီးက ကိစ္စကြီးတစ်ခုခုကို သွားလုပ်တော့မလို့လား ”

ရွှီချင်းသည် ခုန်းရှန်းလုံ၏ ပခုံးကို ပုတ်လိုက်ပြီး တိုးတိုးကလေး ပြောသည်။

“ မင်း ငါတို့နဲ့ အတူပါချင်လား ”

ခုန်းရှန်းလုံသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းနေသော အမူအရာကို ထုတ်ဖော်ပြသည်။ တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူက ခေါင်းခါလိုက်သည်။

“ မင်းရဲ့စီနီယာအကိုကြီးက ငါ့ကို ရောင်းစားသွားမှာ စိုးရိမ်တယ်… အခုဆို နင်ယန်က မင်းရဲ့စီနီယာအကိုကြီးကို မြင်တာနဲ့ သေလောက်အောင် ကြောက်နေတာ မင်းအမြင်ပဲမဟုတ်လား ”

ရွှီချင်းသည် လေးနက်စွာ သဘောတူလိုက်သည်။ နင်ယန်သည် ဤတစ်ကြိမ်တွင်လည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သူခံစားမိသည်။ မည်သို့ဖြစ်ပါစေ သူက အလွန်အသုံးဝင်သော လက်နက်တစ်ခုဖြစ်နေဆဲပင်။

စစ်တပ်သည် ဖုန်းဟိုင်ဒေသငယ်၌ ကြိမ်ဖန်များစွာ တည်နေရာပြောင်းရွှေ့ပြီးနောက် လေးနာရီအကြာမှာ ဒေသငယ်မြို့တော်သို့ ပြန်ရောက်ရှိလာသည်။

ရွှီချင်းသည် မဟာအတောင်ပံပေါ်မှ ဆင်းသက်လိုက်သည်နှင့် ခေါင်းဆောင်၏ အလျင်လိုနေသော အသံအမှာစာကို လက်ခံရရှိသွားသည်။ ထို့ကြောင့် သူ့အား လာရောက်ကြိုဆိုသော သတ္တမသခင်ကြီးကို နှုတ်ဆက်ပြီးသည်နှင့် သူက အလျင်စလို ထွက်သွားသည်။

သူက ဓားကိုင်ရုံးတော်ဆီသို့ မပြန်ပေ။ ယင်းအစား မြို့တော်ထဲမှ စားသောက်ဆိုင်တစ်ဆိုင်တွင် ခေါင်းဆောင်ကို ရှာတွေ့သွားသည်။

ထိုဆိုင်သည် ခေါင်းဆောင်က သူ့ကို ချိန်းဆိုခဲ့သောနေရာ ဖြစ်သည်။

ဆိုင်ထဲသို့ဝင်ရောက်ပြီးသောအခါ ခေါင်းဆောင်၏ အခန်းထဲမှ ပြန်ထွက်လာသော လီရှစ်ထောင်ကို သူမြင်သွားသည်။ ရွှီချင်းကိုမြင်သောအခါ လီရှစ်ထောင်သည် ပြုံးပြသည်။ သူက မည်သည့်စကားမှ မပြောဘဲ စားသောက်ဆိုင်ထဲမှ ထွက်သွားသည်။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အခန်းထဲသို့ လျှောက်ဝင်သွားသည်။

အခန်းထဲသို့ ရောက်သောအခါ အစားအစာအပြည့်နှင့် သောက်စရာအပြည့်တင်ထားသော စားပွဲတစ်လုံးကို သူမြင်သွားသည်။ ခေါင်းဆောင်သည် စားပွဲ၏ ဘေးတစ်ဖက်တွင် ထိုင်နေပြီး မက်မွန်သီးတစ်လုံးကို ဖြည်းဖြည်းချင်း ကိုက်စားနေသည်။

သူက ခေါင်းမော့လိုက်သည့်အခါ ရွှီချင်းထံသို့ အကြည့်ရောက်သွားပြီး ဘဝင်မြင့်သော အမူအရာဖြင့် ပြောသည်။

“ ဟူး ချင်းလေး… အတိတ်တုန်းက မင်းရဲ့စိုးရိမ်မှုကို ငါနားလည်သွားပြီ… တကယ်လို့ မင်းက အရမ်းထူးချွန်နေပြီး မိန်းကလေးတွေက အခုလိုလိုက်ကပ်နေမယ်ဆိုရင် အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ ”

ခေါင်းဆောင်သည် စကားပြောနေရင်း အင်္ကျီလက်ကို မြှောက်လိုက်ပြီး သန့်ရှင်းပြီးသား သူ၏ မျက်နှာကို သုတ်ပစ်လိုက်သည်။ ယခင်က ထိုနေရာမှာ နှုတ်ခမ်းရာတစ်ခုရှိနေကြောင်း ရွှီချင်းကို သူက ပြောပြချင်နေဟန် ရသည်။

“ အခုပဲကြည့် နေ့လယ်စာစားဖို့အတွက် သူက ငါ့ကို အတင်းလာဖိတ်တယ်လေ… တကယ် စိတ်ပျက်ဖို့ကောင်းတာပါကွာ ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။

အလွန်ဈေးကြီးသော အစားအသောက်များဖြင့် ပြည့်နှက်နေသည့် စားပွဲကို ကြည့်လိုက်သည့်အခါ ရွှီချင်း၏ အမူအရာသည် ထူးဆန်းသွားသည်။ ဟင်းလျာတစ်မျိုးစီကို ဝိညာဉ်စွမ်းအင်ရှိသော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားခြင်းဖြစ်သည်။

ထို့အပြင် စားပွဲပေါ်မှာ လူနှစ်ယောက်စာအတွက် ပန်းကန်လုံးများနှင့် ဇွန်းတူများ ရှိသည်။ တစ်စုံသည် ဗလာဖြစ်နေပြီး ကျန်တစ်စုံသည်တော့ ဟင်းလျာများက တောင်ပို့တစ်ခုနှယ် ပြည့်လျှံနေသည်။

တစ်စုံတစ်ယောက်က တခြားတစ်ယောက်အတွက် ဟင်းလျာများကို ယူထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

မည်သူက မည်သူ့ကို ဟင်းထည့်ပေးခဲ့ကြောင်းကိုတော့ အရေးကြီးသည်ဟု ရွှီချင်း မမြင်ချေ။ ခေါင်းဆောင်ပျော်ရွှင်နေဖို့သည်သာ အဓိကဖြစ်သည်။

ထို့ကြောင့် သူက မနာလိုဖြစ်သော အမူအရာကို ထုတ်ဖော်ပြလိုက်သည်။

ထိုအမူအရာက ခေါင်းဆောင်ကို လွန်စွာမှ သက်တောင့်သက်သာ ခံစားရစေသည်။ သူက မက်မွန်သီးကို အကြိမ်ရေအနည်းငယ် ကိုက်စားလိုက်ပြီးနောက် ရွှီချင်းကို ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး အကန့်အသတ်စည်းတစ်ခုကို ရေးဆွဲလိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။

“ ချင်းလေး… ကိစ္စကြီးလုပ်ဆောင်ဖို့ မင်းစိတ်ကို ပြင်ဆင်ပြီးပြီလား ”

ဤသည်ကို ရွှီချင်းကြားသောအခါ ယင်းက ခေါင်းဆောင်၏ နိဒါန်းပျိုးခြင်းဖြစ်ကြောင်း သူသိလိုက်သည်။ ယေဘုယျအားဖြင့် သူနောက်ဆက်ပြောမည့် အကြောင်းအရာသည် အတော်လေး ထိတ်လန့်စရာကောင်းလိမ့်မည်။

ထို့ကြောင့် ရွှီချင်းသည် တစ်ဖက်လူနှင့် ပူးပေါင်းဆောင်ရွက်ရန် သူ၏ မျက်နှာကို တည်ကြည်သွားစေသည်။ ထို့နောက် သူက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ရွှီချင်း၏ နာခံပုံကိုမြင်သောအခါ ခေါင်းဆောင်သည် ပိုပြီးပျော်ရွှင်လာသည်။ သူက ချောင်းဟန့်လိုက်ပြီး စကားပြောရန်ပြင်လိုက်သည်နှင့် မျက်လုံးက ဝင်းလက်သွားသည်။

“ ဂျူနီယာညီလေး တကယ်ဆို မင်းက အခုချိန် ဒေသအကြီးအကဲဖြစ်နေရမှာ ”

“ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အလုံအလောက် မမြင့်မားသေးတာကြောင့် ပယ်ချခံခဲ့ရတယ်… အမတ်ယောင်က ငါတို့နေရာမှာ ဝင်စီမံနေတာကို ဒီအတိုင်း လွှတ်ထားသင့်သလား ”

“ အဲ့ဒါကြောင့် ငါတို့ရဲ့ ကျင့်ကြံခြင်းကို ဝုန်းခနဲဒိုင်းခနဲ မြင့်တတ်သွားအောင် ဘယ်လိုလုပ်ရမလဲလို့ ငါစဉ်းစားခဲ့တယ် ”

“ နောက်ဆုံးမှာတော့ နည်းလမ်းတစ်ခုကို ငါရှာတွေ့သွားတယ် ”

ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ဘာနည်းလမ်းလဲ ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ကောင်းကင်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အနီရောင်လကို ဝါးမျိုမယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သူသည် အဓိပ္ပာယ်မဲ့စွာ အသေမခံနိုင်ပေ။ ခေါင်းဆောင်သည် အသိစိတ်လွတ်သွားပြီ ဖြစ်သည်။ ဤပြဿနာကို သူတစ်ယောက်တည်း မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် သူတို့ဆရာကို အကူအညီသွားတောင်းမည် ဖြစ်သည်။

ရွှီချင်းက ထွက်သွားတော့မည်ကို မြင်သောအခါ ခေါင်းဆောင်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

“ ဟူး… ငါ့စကားဆုံးအောင် နားထောင်ပါဦးလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။ သူက လဝတ်ပြုဒေသကြီးကို သွားချင်သော်လည်း နီလာနတ်သမီး၏ အစာ ဖြစ်မလာချင်ပေ။ ဤသည်မှာ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားကို ကိုယ်ပွားတစ်ခုတည်းဖြင့် ဝါးမျိုပစ်ခဲ့သော အဆင့်မြင့်နတ်ဘုရားဖြစ်သည်။

နီလာနတ်သမီး၏ အိမ်တံခါးရှေ့သို့ သူ့ကိုယ်သူ သွားရောက်ပို့ဆောင်ရန် လုံးလုံးရူးသွပ်သွားဖို့လိုသည်ဟု ရွှီချင်းခံစားမိသည်။

“ ဂျူနီယာညီလေး သေချာစဉ်းစားကြည့်စမ်းပါ… အနီရောင်လက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေတာနော်… ဒါက ကောင်းကင်ဘုံကပို့လိုက်တဲ့ မဟာအခွင့်အရေးကြီး… တကယ်လို့ ငါတို့သာ သူ့ကို ဝါးမျိုနိုင်သွားမယ်ဆိုရင် အဲ့ဒါက အပိုင်းသေးသေးလေးဆိုရင်တောင် မင်းက ဝိညာဉ်သိုက်အဆင့်ကို ဝှီးခနဲ ချက်ချင်းရောက်သွားမှာနော်… တကယ်တော့ ငါတို့သာ အများကြီး ပိုဝါးမျိုနိုင်မယ်ဆိုရင် ဗလာနတ္ထိအဆင့်ကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”

ခေါင်းဆောင်၏ မျက်လုံးက နီရဲလာလေရာ ရွှီချင်း ရင်းနှီးကျွမ်းဝင်သော ရူးသွပ်မှုက ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး ကိစ္စကြီးတွေလုပ်ဖို့ အရင်က ငါမင်းကို ခေါ်သွားတဲ့အခါ မအောင်မြင်ဖူးတာရှိလို့လား ”

ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး ရုတ်တရက် ပြောသည်။

“ စီနီယာအကိုကြီး… မင်းရဲ့အရင်ဘဝတွေမှာရော အဲ့လိုကိစ္စမျိုး လုပ်ခဲ့ဖူးလား ”

All Chapters