လဓားပြအဖွဲ့
Vol. 54 Ch. 829
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ ဟဲ ဟဲ အဲ့ဒါက အရေးမကြီးပါဘူး… အဲ့ဒါကို နောက်မှပြောကြရအောင်… အရင်ဆုံး အနီရောင်လအကြောင်း ပြောကြမယ် ”
“ ဂျူနီယာညီလေး မင်း တခြားဘက်ကနေ ပြောင်းတွေးကြည့်ပါ… တကယ်လို့ ငါတို့တွေ သူ့ကို ဝါးမမျိုဘူးဆိုရင် သူနိုးထလာတဲ့အခါ ငါတို့ကို အတွေးတစ်ချက်နဲ့ ရှာဖွေနိုင်လိမ့်မယ် ”
“ မင်းမှာ နီလာနတ်သမီးရဲ့ နတ်ဘုရားအရင်းအမြစ်ရှိတယ်… ငါ့မှာ သူ့ရဲ့အရှိန်အဝါရှိတယ်… နီလာနတ်သမီးရဲ့ အမြင်မှာတော့ ငါတို့က အခြေခံအားဖြင့် သူခိုးတွေလို့ဆိုနိုင်တယ်… အဲ့ဒါကြောင့် သူနိုးထလာတာနဲ့ ငါတို့ကို သေချာပေါက် သတ်ပစ်လိမ့်မယ် ”
“ ဒီတော့ သူနိုးထမလာခင် ငါတို့က သူ့ကို အရင်သတ်ပစ်ရမယ် ”
“ သူက မိန်းမသားတစ်ယောက်ပါပဲ… ဘာကြောက်စရာရှိလို့လဲ ”
ခေါင်းဆောင်သည် မက်မွန်သီးတစ်လုံးကို လှမ်းယူလိုက်ပြီး အကြီးကြီးတစ်ကိုက် ကိုက်စားလိုက်သည်။
ရူးသွပ်ဖွယ်အတွေးများက သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်နှင့် ရွှီချင်းသည် အသက်ရှူမြန်လာသည်။ သူ၏ မျက်လုံးသည် သွေးရောင်ပြောင်းလဲသွားသည်။ ခေါင်းဆောင်သည် ကိစ္စကြီးတစ်ခုခုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သူသိသည်။ ယင်းက ယခင်အခေါက်များထက် ပို၍ကြီးမားလိမ့်မည်ဟုလည်း သူသံသယဝင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ဤအတိုင်းအတာအထိ ကြီးမားလိမ့်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပေ။
“ စီနီယာအကိုကြီး ငါ့ကို အသေးစိတ်ပြောပြပါ ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ စိတ်လှုပ်ရှားမှုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အလျှင်အမြန် ပြောသည်။
“ ချင်းလေး… လဝတ်ပြုဒေသကြီးက အရမ်းထူးခြားတဲ့ ဒေသကြီးတစ်ခုပဲ… ကောင်းကင်နက်မျိုးနွယ်အတွက်တော့ အဲ့ဒီနေရာက မြင့်မြတ်နယ်မြေတစ်ခုနဲ့ တူညီတယ်… ဒါမှမဟုတ် အဲ့ဒီနေရာက မြင့်မြတ်နယ်မြေပဲ ”
“ ဘာဖြစ်လို့လဲဆိုတော့ လဝတ်ပြုဒေသကြီးက အနီရောင်လဖြတ်သန်းသွားတဲ့နေရာ ဖြစ်လို့ပဲ ”
“ အနီရောင်လက အနီရောင်လ… နီလာနတ်သမီးက နီလာနတ်သမီး ”
ခေါင်းဆောင်သည် ရွှီချင်းကို လေးလေးနက်နက် အမူအရာဖြင့် ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်တစား နားထောင်သည်။
“ အရင်ဆုံး မင်းက အယူအဆတစ်ခုကို နားလည်ထားရမယ်… နီလာနတ်သမီးက အနီရောင်လပေါ်မှာ နေထိုင်တယ် အိပ်စက်တယ်… အနီရောင်လဆိုတာ မြင့်မြတ်ခန္ဓာကိုယ်လိုမျိုး ကြယ်ဂြိုလ်တစ်ခု… လဂြိုလ်တစ်ခု… ပြိုင်ဘက်ကင်း ကောင်းကင်ခန္ဓာကိုယ်ပဲ ”
“ အဲ့ဒါကြောင့် တကယ်လို့ ငါတို့က နီလာနတ်သမီးကို ဝါးမျိုချင်တယ်ဆိုရင် သူနေထိုင်တဲ့နေရာ အနီရောင်လဆီ အရင်ဝင်ရမယ် ”
“ ဒါပေမဲ့ အနီရောင်လက ကောင်းကင်ပေါ်မှာရှိတယ်… အဲ့ဒါက သေချာတဲ့ ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်တယ်ဆိုပေမဲ့ နေရာကို ခြေရာကောက်ဖို့ ခက်ခဲနေတုန်းပဲ… ငါတို့က အနီရောင်လကို မြင်ရင်တောင် အနားကပ်ဖို့ အတော်လေး ခက်ခဲတယ် ”
“ ဒါပေမဲ့ အဲ့ဒါက လဝတ်ပြုဒေသကြီးမှာဆိုရင် ခြားနားတယ်… အဲ့ဒီဒေသကြီးရဲ့ အလယ်ဗဟိုမှာ နောင်တလွင်ပြင်ဆိုတာရှိတယ်… လွင်ပြင်ပေါ်မှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ရုပ်တုတစ်ခုရှိတယ် ”
ရုပ်တုအကြောင်းကိုပြောသည့်အခါတွင် ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ထူးဆန်းလာသည်။ သူ၏ အမူအရာထဲမှာ ခံစားချက်ပေါင်းစုံ ရောပြွန်နေပြီး အတိတ်ကို လွမ်းဆွေးတမ်းတသည့်ပုံပေါ်သည်။
ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် တစ်ခဏမျှ တွေးတောလိုက်သည်။
“ ရုပ်တုက နောင်တရပြီး ဒူးထောက်နေတဲ့ပုံစံဆိုပေမဲ့ အတော်လေး ရှည်လျားတယ်… သူက ကောင်းကင်နဲ့ မြေပြင်ကို ပံပိုးထားသလိုမျိုး အမြင့်က ဖော်ပြဖို့ ခက်ခဲတယ်… သူက ကောင်းကင်ရဲ့ ထိပ်ဖျားနဲ့ အင်မတန်မှ နီးကပ်တယ် ”
“ အနီရောင်လက သူ့ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်တဲ့အခါ ရုပ်တုရဲ့ ဦးခေါင်းထိပ်ကို ဖြတ်သန်းသွားရလိမ့်မယ်… အဲ့ဒါကြောင့် ရုပ်တုရဲ့ ထိပ်ဖျားပေါ်မှာ ရပ်နေတာက အနီရောင်လကို လက်လှမ်းမီနိုင်တယ်… အဲ့ဒါက အနီရောင်လရဲ့ ဂြိုလ်ပတ်လမ်းကြောင်းထဲမှာ အနိမ့်ဆုံးနေရာပဲ… ငါရရှိခဲ့တဲ့ သတင်းအချက်အလက်တွေက အဲ့ဒီအချက်ကို ပိုပြီးသေချာစေတယ် ”
“ အဲ့ဒါကြောင့် ရုပ်တုရဲ့ ထိပ်ဖျားပေါ်ကို ငါတို့ရောက်အောင် သွားရမယ်… ပြီးသွားရင် အနီရောင်လဖြတ်သန်းသွားတဲ့အခါ လပေါ်ရောက်အောင် အစွမ်းကုန်သုံးပြီး ငါတို့ခုန်ရမယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် မက်မွန်သီးနောက်တစ်လုံးကို စားပွဲပေါ်မှ လှမ်းယူလိုက်သည်။ သူက မက်မွန်သီးကို တစ်ကိုက်ဝါးစားပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
“ အနီရောင်လပေါ်ရောက်တဲ့အခါ ဘာဆက်လုပ်ရမလဲဆိုတာတော့ အဲ့ဒီအတွက် ငါအစီအစဉ်တွေ ဆွဲထားပြီးပြီ… နီလာနတ်သမီး… ဒီတစ်ကြိမ်တော့ ငါနင့်ကို သေချာပေါက် ဝါးမျိုပစ်မယ် ”
ရူးသွပ်မှုကြောင့် ခေါင်းဆောင်၏ မျက်လုံးသည် အနီရောင်ပြောင်းသွားသည်။
ချင့်ချိန်စဉ်းစားသော အရိပ်အယောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ခဏအကြာမှာ သူက မေးသည်။
“ စီနီယာအကိုကြီး အဲ့ဒီရုပ်တုရဲ့ သရုပ်ကရော ဘာလဲ ”
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ သူက ရွှီချင်းထံသို့ မက်မွန်သီးတစ်လုံး ပစ်ပေးလိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ အဲ့ဒီရုပ်တုက ရှေးဘုရင်ရွှမ်ယုံနဲ့အတူ ထွက်သွားဖို့ ငြင်းဆန်ခဲ့တဲ့ လူသားအုပ်ချုပ်သူတစ်ယောက်ပဲ… အစက လဝတ်ပြုဒေသကြီးဟာ သူ့အုပ်ချုပ်မှုအောက်မှာ ရှိတယ် ”
“ အတိတ်မှာ သူနဲ့ နီလာနတ်သမီးကြားမှာ မကြုံစဖူး တိုက်ပွဲတစ်ခု ရှိခဲ့တယ်… နောက်ဆုံးမှာတော့ အုပ်ချုပ်သူက တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်… ဒါပေမဲ့ သူနဲ့ နီလာနတ်သမီးကြားမှာ တခြားရန်ငြိုးတွေလည်း ရှိခဲ့တယ်ထင်တယ်… အဲ့ဒါကြောင့် နီလာနတ်သမီးက သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ထာဝရ ဝပ်စင်းစေဖို့ ကျိန်စာတိုက်လိုက်တယ်… ပြီးတော့ သူ့ရဲ့ ပိုက်နက်ကို စားကျက်မြေအဖြစ် ပြောင်းလဲစေခဲ့တယ် ”
“ အဲ့ဒီနောက်တော့ အချိန်တစ်ခုကြာသွားတိုင်း လဝတ်ပြုဒေသကြီးမှာ သက်ရှိတွေ ရင့်ကျက်လာတဲ့အခါတိုင်း အနီရောင်လက ဆင်းသက်လာပြီး သက်ရှိတွေအားလုံးကို ဝါးမျိုပစ်လိမ့်မယ်… သေမျိုးဖြစ်ဖြစ် ကျင့်ကြံသူတွေဖြစ်ဖြစ် သူတို့အားလုံးက အစားအစာတွေ ဖြစ်တယ် ”
“ အထူးသဖြင့် ကျင့်ကြံသူတွေပဲ… သူက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အစဉ်လိုက် ဝါးမျိုလိမ့်မယ်… သူက အဆင့်မြင့်ဆုံးကနေ စတယ်… ပထမဆုံး ဝါးမျိုခံရတဲ့လူတွေက ဗလာနတ္ထိအဆင့် ကျင့်ကြံသူတွေပဲ… ကျိန်စာရဲ့တည်ရှိမှုကြောင့် လဝတ်ပြုဒေသကြီးထဲမှာ မွေးဖွားလာကြတဲ့ သက်ရှိတွေအားလုံးက သူတို့တစ်ဘဝလုံး အပြင်ကို ခြေတစ်လှမ်းတောင် မထွက်သွားနိုင်ကြဘူး… အဲ့ဒီစည်းမျဉ်းကို ချိုးဖောက်တဲ့ဘယ်သူမဆို ချက်ချင်း သေဆုံးသွားလိမ့်မယ် ”
“ အဲ့ဒါကြောင့် လဝတ်ပြုဒေသကြီးမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးက နာကျင်မှုတွေ ပဋိပက္ခတွေနဲ့ ပြည့်နေကြတယ်… သူတို့အတွက် ကျင့်ကြံခြင်းလမ်းကြောင်းရဲ့ အဆုံးသတ်က သေခြင်းတရားပဲ… ဒါပေမဲ့ အဲ့ဒီလို ပရမ်းပတာပတ်ဝန်းကျင်မှာ နေထိုင်တဲ့အခါ သူတို့က ကောင်းမွန်စွာ မကျင့်ကြံဘူးဆိုရင် အသက်ရှည်ရှည်နေဖို့ မဖြစ်နိုင်ဘူး… အဲ့ဒါက ဘေးကျပ်နံကျပ်အခြေအနေပဲ ”
ခေါင်းဆောင်က မက်မွန်သီးကို အကြမ်းပတမ်း ကိုက်ဝါးပစ်လိုက်သည့်အခါ သူ၏ လေသံသည် လေးနက်လာသည်။
“ ဘာပဲဖြစ်ဖြစ် လဝတ်ပြုဒေသကြီးမှာ အစစ်အမှန်နေမရှိဘူး… အတုအယောင်အလင်းရင်းမြစ်တွေနဲ့ ကောင်းကင်ဘုံမီးတောက်ရဲ့ ပြတ်တောင်းပြတ်တောင်း ထွန်းလင်းလာတဲ့ အလင်းရောင်ပဲ ဒေသကြီးတစ်ခုလုံးကို အလင်းပေးတယ်… ဒါပေမဲ့ အဲ့ဒါတွေက ပြင်းထန်တဲ့ နာကျင်မှုကို သယ်ဆောင်လာတယ် ”
“ နီလာနတ်သမီးတွေရဲ့ နောင်သားမျိုးဆက်တွေလည်း အဲ့ဒီမှာရှိနေတာဖြစ်လို့ သူတို့က နီလာနတ်သမီးအတွက် ထိန်းကျောင်းပေးနေတာဖြစ်တယ်… အဲ့ဒါကြောင့် မျိုးနွယ်အသီးသီးက ရာထူးမြင့်ပုဂ္ဂိုလ်ကြီးတွေက လဝတ်ပြုဒေသကြီးကို အနီရောင်လရဲ့ ‘စိတ်ဝိညာဉ်ခြံဝန်း’လို့ သတ်မှတ်ကြတယ် ”
( စိတ်ဝိညာဉ်ခြံဝန်းဆိုတာ ဒီနေရာမှာတော့ မွေးမြူရေးခြံကို ရည်ညွှန်းပါတယ်… နီလာနတ်သမီးက သူစားဖို့အတွက် သက်ရှိတွေကို မွေးမြူထားတဲ့သဘောပါ )
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ယခင်က သူ၏ ရှာတွေ့ခဲ့သော သတင်းအချက်အလက်များနှင့် ပေါင်းစပ်လိုက်သည်။ လဝတ်ပြုဒေသကြီးအတွင်းဝယ် မည်မျှပရမ်းပတာဖြစ်နေပြီး ထိုနေရာရှိ မျိုးနွယ်အသီးသီး တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများကို သူစိတ်ကူးကြည့်နိုင်ပေသည်။
ထိုသို့ပတ်ဝန်းကျင်မျိုးတွင် သူတို့၏ အကျင့်စရိုက်များသည် အကန့်အသတ်သို့ တွန်းပို့ခံရမည်မှာ သေချာပေါက် သံသယရှိရန်မလိုပေ။ သူတို့၏ အဆိုးဝါးဆုံး လက္ခဏာရပ်များသည်လည်း အစွန်းရောက်သည်အထိ တွန်းပို့ခံရလိမ့်မည်။
“ ကြွေးချွတ်သန့်စင်ဘုံ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူက လက်ထဲမှ မက်မွန်သီးကို ကိုက်စားတော့မည့်အချိန် ခေါင်းဆောင်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ မင်းလက်ထဲမှာ ဘယ်လိုလုပ် မက်မွန်သီးရှိနေတာလဲ ”
“ မင်းပဲ ငါ့ကို ပေးခဲ့တာလေ ”
ရွှီချင်းသည် အံ့ဩသွားသည်။
ခေါင်းဆောင်သည် မက်မွန်သီးကို အမြန်ပြန်ယူလိုက်ပြီး ပန်းသီးတစ်လုံးကို ရွှီချင်း၏ လက်ထဲသို့ အစားထည့်ပေးလိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပန်းသီးကို ကိုက်စားလိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံမီးတောက်အကြောင်း စဉ်းစားမိသွားပြီး မေးသည်။
“ ကောင်းကင်ဘုံမီးတောက်လား… အဲ့ဒီအပိုင်းကို ငါသိပ်အာရုံမထားခဲ့ဘူးဆိုပေမဲ့ သတင်းအချက်အလက်တချို့တော့ ငါ့မှာရှိတယ် ”
ခေါင်းဆောင်သည် သူ၏ စိတ်ထဲမှ အတွေးများကို တစ်ခဏကြာ စုစည်းပြီးနောက် ပြောသည်။
“ အဲ့ဒီမီးတောက်ပင်လယ်ရဲ့ ဇစ်မြစ်က ကောင်းကင်ပေါ်က အက်ကွဲကြောင်းလို့ ပြောကြတယ်… အဲ့ဒါက ဟိုးရှေးခေတ်ကတည်းက တည်ရှိခဲ့တာ… အစကတော့ အဲ့ဒါက သေးသေးလေး… ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အဲ့ဒါက တဖြည်းဖြည်း ကြီးမားလာတယ် ”
“ လူနည်းစုလောက်ပဲ အက်ကွဲကြောင်းထဲက အရာကို သိကြတယ်… မျိုးနွယ်အများကြီးက အဲ့ဒါကို စုံစမ်းဖော်ထုတ်ဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားခဲ့ကြတယ်… ဒါပေမဲ့ သူတို့အားလုံး မအောင်မြင်ခဲ့ကြတဲ့ပုံပဲ… ငါတို့သိထားတာတော့ အဲ့ဒါက အဆုံးမရှိတဲ့ မီးတောက်နယ်မြေတစ်ခုပဲ… အဲ့ဒီထဲဝင်ရောက်တာက သေလမ်းရှာဖွေတာနဲ့ အတူတူပဲ ”
“ ဂျူနီယာညီလေး… မင်းက ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီ သွားဖို့ စီစဉ်နေတာလား ”
ခေါင်းဆောင်က သံသယဖြစ်စွာ မေးသည်။
ရွှီချင်းသည် ခေါင်းညိတ်သည်။
“ အဲ့ဒါက အဆင်ပြေတယ်… ငါ့ရဲ့တွက်ချက်မှုအရ အနီရောင်လ ရောက်လာဖို့ နီးကပ်နေပြီဆိုပေမဲ့ အဲ့ဒါက မကြာခင် ဖြစ်လာဦးမှာမဟုတ်သေးဘူး… ဒီကိစ္စကြီးအတွက် လဝတ်ပြုဒေသကြီးထဲမှာ ငါအပြီးသတ်ရမယ့် အစီအစဉ်တချို့လည်း ကျန်ရှိနေသေးတယ် ”
“ ဒါမှပဲ အနီရောင်လရောက်လာတဲ့အခါ ငါတို့အစီအစဉ်က ပိုပြီးသေချာနိုင်မယ်… ဒီတော့ မင်းမှာ အချိန်အလုံအလောက်ရှိတယ်… ဒီရက်ထဲမှာ ငါတို့တွေ တိတ်တိတ်ကလေး ထွက်သွားကြမယ်… မင်းက မင်းရဲ့အလုပ်မှာ အာရုံစိုက်ပါ… ငါကတော့ တခြားအစီအစဉ်တွေကို အပြီးသတ်ဖို့ ငါတို့လက်နက်ကို သွားယူမယ် ”
“ ပြီးသွားရင် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ ငါတို့တွေ့ကြမယ်… အဲ့ဒါက ဒီနေရာမှာ ”
ခေါင်းဆောင်သည် စကားပြောနေရင်း လဝတ်ပြုဒေသကြီး၏ မြေပုံကို ထုတ်လိုက်ပြီး ထိုဧရိယာထဲမှ တစ်နေရာကို ညွှန်ပြလိုက်သည်။
“ ဘယ်လိုလဲ ချင်းလေး… မင်းလုပ်မှာလား မလုပ်ဘူးလား ”
ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ အရင်သွားကြည့်ကြတာပေါ့… ငါတို့ လုပ်သင့်မလုပ်သင့်ကိုတော့ ဟိုရောက်မှ အခြေအနေကြည့်ပြီး ဆုံးဖြတ်ကြမယ် ”
“ ပြီးတော့ စီနီယာအကိုကြီး မင်း ငါမေးတာကို မဖြေရသေးဘူး… အရင်ဘဝတွေမှာတုန်းက မင်း ဒီလိုကိစ္စမျိုးကို လုပ်ခဲ့ဖူးလား ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး သူ၏ လက်ညှိုးကို မြှောက်လိုက်ကာ မြေပုံပေါ်မှ နေရာသို့ နောက်တစ်ကြိမ် ထောက်ပြလိုက်သည်။
“ အဲ့ဒီတောင်ကုန်းရဲ့ နာမည်ကို သေချာစဉ်းစားကြည့်ပါ ”
“ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းလေ ”
ရွှီချင်း၏ အမူအရာသည် ထူးဆန်းလာသည်။
အဆုံးမဲ့ဟူသည် အဆုံးမရှိကြောင်းကို ဆိုလိုသည်။ ကောင်းကင်နွားသည်တော့…
( ခေါင်းဆောင်၏ နာမည် ချန်းအားညိုမှ ညိုသည် နွားဟု အဓိပ္ပာယ်ရသည် )
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ အဲ့ဒီတောင်ကုန်းကို ငါ နာမည်ပေးခဲ့တာ… အဲ့ဒါက နောင်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး… ချင်းလေး… ခေတ်ကာလတစ်ခုက ငါ့အလောင်းက အဲ့ဒီတောင်ကုန်းထဲမှာ တည်ရှိနေတယ် ”
“ အဲ့ဒီတုန်းက ကံတရားက ငါ့ဘက်မှာ မရှိခဲ့ဘူး… နတ်ဘုရားကို ဝါးမျိုဖို့ ငါကျရှုံးခဲ့တယ်… အဲ့ဒါတွေအားလုံးက အတိတ်တုန်းက ဘာမှအားကိုးမရတဲ့ ငါ့ရဲ့အဖွဲ့သားတွေကြောင့်ပေါ့… ငါက လွတ်မြောက်သွားခဲ့ပေမဲ့လည်း အချိန်ကြာကြာ အသက်မရှင်နိုင်ခဲ့ဘူး ”
“ အဲ့ဒီမှာတွေ့ဖို့ ပြောရတဲ့ အဓိကအကြောင်းအရင်းက အရင်ဆုံး သင်္ချိုင်းတူးဖော်ဖို့ မင်းကိုခေါ်သွားမလို့ပဲ ”
ခေါင်းဆောင်၏ စကားကြောင့် ရွှီချင်းသည် ရယ်ရအခက် ငိုရအခက်ဖြစ်သွားသည်။
“ မင်းက ကိုယ့်သင်္ချိုင်းကို ပြန်ဓားပြတိုက်တော့မလို့လား ”
ခေါင်းဆောင်သည် ဝမ်းသာအားရ ရယ်မောလိုက်သည်။
“ ဟဲဟဲ တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားလာပြီ… ပြီးတော့ အဲ့ဒါက နီလာနတ်သမီးကို ဝါးမျိုဖို့ ငါ့ပြင်ဆင်မှုတွေထဲက တစ်ခုပဲရှိသေးတယ် ”
ထိုသို့ဖြင့် ခေါင်းဆောင်သည် အသေးစိတ်အချက်အလက်များကို ရွှီချင်းနှင့် ဆွေးနွေးသည်။ အားလုံးကို သေချာအတည်ပြုပြီးသောအခါ သူတို့သည် နောက်သုံးရက်ကြာပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ထွက်သွားကြမည်ကိုတော့ သူတို့မှာ တူညီသောအမြင် ရှိသည်။
ရွှီချင်း၏ သရုပ်သည် အနည်းငယ် ထူးခြားသည်။ အကယ်၍ သူက ဖုန်းဟိုင်ဒေသငယ်မှ ထွက်သွားမည်ဆိုလျှင် လျှို့ဝှက်အန္တရာယ်တချို့ကို ဖိတ်ခေါ်လာနိုင်ပေသည်။ သို့ဖြစ်၍ အကောင်းဆုံးနည်းလမ်းသည် သူအပြင်ထွက်သွားကြောင်း မည်သူမှ မသိထားရန် ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် သူ၏ ဆရာနှင့် နတ်မိမယ်ကျစ်ရွှမ်းကိုသာ ပြောပြသည်။ အစကတော့ သူတို့သည် သဘောမတူကြသော်လည်း အဆုံးမှာ လက်ခံလိုက်ကြသည်။ သို့သော်လည်း သူတို့သည် ရွှီချင်းကို အကာအကွယ်ရတနာတချို့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရွှီချင်းသည် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း အများပြည်သူသိရှိရန် အသိပေးကြေညာလိုက်သည်။
သူသည် တံခါးပိတ်မကျင့်ကြံမီ ကျန်းစန်း၏ နေရာသို့ သွားရောက်ခဲ့သည်။ အတိတ်တွင် တစ်ဖက်လူသည် ချီယွဲ့ထုံဂိုဏ်းနှင့်အတူ ဒေသငယ်မြို့တော်သို့ ပြောင်းရွှေ့ခဲ့သည်။ ဤအတောအတွင်း သူသည် ရွှီချင်းအတွက် ဝိညာဉ်စစ်သင်္ဘောတစ်စင်းကို ဆောက်လုပ်ပေးနေပြီး ယင်းက အပြီးသတ်သွားခဲ့ပြီ ဖြစ်သည်။
ရွှီချင်းသည် စစ်သင်္ဘောကို ယူဆောင်ပြီးနောက် အားလုံး၏ မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားသည်။
အချိန်သည် ကုန်ဆုံးသွားပြီး တစ်လပြည့်သွားပြီ ဖြစ်သည်။
ဒေသငယ်ထဲမှ အရာအားလုံးသည် ပုံမှန်အတိုင်းပင်။ မည်သည့်အပြောင်းအလဲမှ မရှိပေ။ ချင်းရွှမ်းဂိုဏ်း၏ တည်ထောင်မှုသည် ပြီးမြောက်သွားပြီ ဖြစ်သည်။ နတ်မိမယ်ကျစ်ရွှမ်း၏ ညွှန်ကြားမှုအောက်မှာ အားလုံးသည် အစီအစဉ်တကျသွားနေပြီး ဖြည်းဖြည်းမှန်မှန် ဖွင့်ဖြိုးတိုးတတ်လာနေသည်။
ဖုန်းဟိုင်ဒေသငယ်သည်တော့ အဓိကကိစ္စကြီးအားလုံး ရပ်တန့်သွားပြီးနောက် အနားယူနိုင်သွားပြီး တည်ငြိမ်အေးချမ်းသော ကာလထဲသို့ ဝင်ရောက်သွားသည်။
သတ္တမသခင်ကြီးနှင့် အမတ်ယောင်က စောင့်ကြပ်ပေးနေသောကြောင့် မည်သည့်ပြဿနာမှ မရှိပေ။ အထူးသဖြင့် အမတ်ယောင်က ဗလာနတ္ထိစတုတ္ထအဆင့်စွမ်းအားကို ထုတ်ပြခဲ့သောကြောင့် ဒေသငယ်ထဲမှ မျိုးနွယ်အသီးသီးသည် သူတို့၏ မူလအတွေးများကို ပြန်ရုပ်သိမ်းသွားကြသည်။
ဤအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းဒေသကြီး၏ အနောက်ဘက်စွန်းတွင် သေမျိုးရထားလုံးများသည် အတန်းလိုက်ဖြင့် တရားဝင်လမ်းမပေါ်မှာ မောင်းနှင်နေကြသည်။
ဤသည်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်၏ အစောင့်အကြပ်ကိုယ်စားလှယ်ဌာနမှ ခရီးသွားယာဉ်တန်းဖြစ်သည်။ သူတို့သည် တရားဝင်တာဝန်များအပြင် အခြားသော ပုဂ္ဂိုလ်ရေးတာဝန်တချို့ကိုလည်း လက်ခံကြသည်။ ဥပမာ ခရီးသွားကုန်သည်များကို စတေးခံယင်မြစ်အနီးနားမှ တိုင်းပြည်ငယ်လေးများဆီသို့ စောင့်ကြပ်လိုက်ပို့ပေးခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ခရီးသွားယာဉ်တန်းထဲတွင် မျက်နှာတစ်ပြင်လုံး တင်းတိပ်များရှိသော အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ယောက်သည် ရထားလုံးပေါ်မှာ အကူအညီမဲ့စွာ ထိုင်နေသည်။ သူက မြင်းရထားသမားသဖွယ် မြင်းဇတ်ကြိုးကို ကိုင်ထားလျက် ရံဖန်ရံခါ အားမပါတပါ ဆွဲဆောင့်လေ့ရှိပြီး အော်ဟစ်လေ့ ရှိသည်။
လူငယ်သည် နင်းယန်ဖြစ်သည်။
သူ၏ အနောက်တွင် လူငယ်တစ်ယောက် ရပ်နေသည်။ သူက လက်နောက်ပစ်လျက် ခေါင်းမြင့်မြင့်မော့ထားကာ အဝေးသို့ မောက်မာထောင်လွှားသော အမူအရာဖြင့် ကြည့်နေလေသည်။
နေရောင်ခြည်က သူ၏ ခန္ဓာကိုယ်ကို ပို၍ကိုယ်ရောင်ကိုယ်ဝါ တောက်ပသွားစေဟန်ရသည်။ သူ၏ ကိုယ်ပေါ်မှလည်း မွန်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေသေးသည်။
“ သေမျိုးလောကရဲ့ အရှင်သခင် ကြွချီလာနေပြီ… ကောင်းကင်ဘုံနဲ့ မြေပြင်က ဗုံသံမောင်းသံတွေနဲ့ ကြိုဆိုနေကြတယ် ”
ဤသည်ကိုကြားသောအခါ နင်ယန်သည် စိတ်တိုသွားသည်။ မည်သို့ကြောင့် သူ၏ အော်ဟစ်သံက ဗုံသံမောင်းသံဖြစ်သွားရသနည်း။ ခရီးတစ်လျှောက်လုံး မဆီမဆိုင်သော ပေါက်ကရကဗျာများကို ရွတ်ဆိုနေလေ့ရှိသည့် သူ၏ ဘေးမှ လူကို နင်ယန် ငြီးငွေ့လာသည်။
ထို့ကြောင့် သူက ဘေးတစောင်း စိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဘယ်လိုအရူးကောင်လဲ ”
ဤသည်ကို ဝူကျန်းဝူကြားသည့်အခါ သူက နင်ယန်ကို စိုက်ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်စဉ် သူ၏ မျက်လုံးထဲမှာ အထင်သေးရှုံ့ချသော အကြည့် ထွက်ပေါ်လာသည်။
“ လေက တရှဲရှဲ တိုက်ခတ်တယ်… ကြက်ကလေး ဘဲကလေးက တအီအီ အော်မြည်တယ်… အနီးကပ်ကြည့်လိုက်တော့ အို ကလေးငယ်လေးပါလား ”
နင်ယန်သည် စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်သည်။
ဝူကျန်းဝူသည် မောက်မာထောင်လွှားစွာ ပြန်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ စိတ်အားထက်သန်သော အသံသည် ရထားလုံးထဲမှ ထွက်ပေါ်လာသည်။
“ ဒီကဗျာက မဆိုးဘူး… ရှေးဘုရင်ရဲ့ ဆွဲဆောင်မှုလည်း တစ်မျိုတစ်ဖုံ ပါသေးတယ်… ငါဖိတ်ခေါ်ထားတဲ့ ချီယွဲ့ထုံဂိုဏ်းက ပထမတောင်ထွတ်ရဲ့ ကောင်းကင်ရွေးချယ်ခံဆိုတဲ့အတိုင်းပါပဲ… သူ့ကို ရှေးဘုရင်ရွှမ်ယုံရဲ့ အသန်မာဆုံး အရိုက်အရာဆက်ခံမယ့်သူလို့ လူတွေသိကြတယ်… လာပါ နောက်ထပ် ကဗျာတစ်ပုဒ်လောက် ကြားပါရစေလားဗျာ ”
ဤသည်ကို ကြားသောအခါ ဝူကျန်းဝူသည် စိတ်လှုပ်ရှားသွားပြီး အလွန်ပျော်ရွှင်လာသည်။ ထိုစဉ် နင်ယန်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းငုံ့ထားလိုက်သည်။ သူက လက်ထဲမှ မြင်းဇတ်ကြိုးကို အကြမ်းပတမ်း ဆောင့်ဆွဲလိုက်ပြီး ဒေါသကို ဖြေလျော့လိုက်သည်။
ရထားလုံးထဲမှ ရွှီချင်းသည် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ခေါင်းဆောင်က နင်ယန်ကို ခေါ်ဆောင်လာမည်ဟု သူမျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ဝူကျန်းဝူလည်း လိုက်ပါလာခြင်းက သူ့ကို အနည်းငယ် ဇဝေဇဝါဖြစ်စေသည်။
ဤအခိုက်အတန့်မှာ လင်းအာသည် ကော်လံထဲမှ ထွက်လာပြီး ရွှီချင်း၏ နားပေါ်တွင် တွယ်ကပ်နေကာ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် လင်းအာကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ရွှီချင်းကို တိုးတိုးကလေး ပြောသည်။
“ ဒီငတုံးကောင်ကို အရင်ချော့ပေါင်းထားရမယ်… သူက ငါ့အစီအစဉ်မှာ အရမ်းအသုံးဝင်တာ ”
ထို့နောက် ခေါင်းဆောင်သည် ကြေညာလိုက်သည်။
“ အခုကစပြီး ငါတို့တွေ လဓားပြအဖွဲ့ကို ဖွဲ့စည်းလိုက်ကြပြီ… ညီအကိုတွေ… အကောင်းဆုံးကြိုးစားကြရအောင် ”