ယင်ယန်ပန်းပွင့်ဂိုဏ်း၏ တပည့်သစ် ရွှီချင်း(က)
Vol. 54 Ch. 830
သန့်စင်ရေလှိုင်းဒေသကြီးနှင့် လဝတ်ပြုဒေသကြီးကြားမှ နယ်နိမိတ်တွင် ဘေးပတ်ပတ်လည်၌ ပြန့်ကျဲနေသော သေမျိုးတိုင်းပြည်ငယ်တချို့ ရှိသည်။ မြစ်ကြောင်းတစ်လျှောက် ခရီးသွားလာကြသော ဈေးသည်တချို့လည်း ရှိသည်။
မည်သို့ဖြစ်ပါစေ အပြင်လူများသည် လဝတ်ပြုဒေသကြီးတွင် အချိန်ကြာကြာ မနေသရွေ့ ကျိန်စာ၏ သက်ရောက်မှုကို ခံရမည်မဟုတ်ချေ။ သို့ဖြစ်၍ ကုန်သည်တချို့သည် ထိုနေရာသို့ အရောင်းအဝယ်လာလုပ်ကြသည်။
ဒေသကြီးနှစ်ခုကို ကြီးကျယ်မြင့်မြတ်သော မြစ်ကြီးတစ်စင်းက တားဆီးထားသည်။
မြစ်ကြီး၏ နာမည်ကို စတေးခံယင်မြစ်ဟု ခေါ်သည်။ ၎င်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ဝန်းရံထားပြီး လွှမ်းခြုံထားသည်။
မြစ်ရေသည် တစ်နှစ်ပတ်လုံး အနီရောင်ဖြစ်ပြီး သွေးနှင့် ဆင်တူသည်။ အနံ့သည်လည်း သွေးနံ့နှင့် တူညီသည်။ ရံဖန်ရံခါ မြစ်ကိုဖြတ်သန်းတိုက်ခတ်လာသော လေသည် သွေးနံ့ကို ကမ်းစပ်သို့ သယ်ဆောင်သွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားစေသည်။
ထိုအရာအားလုံးကို နားမလည်သည့်လူများသည် အနံ့ရပြီးနောက် အလိုအလျောက် နိုးကြားလာကြလိမ့်မည်။ သို့သော်လည်း ထိုဧရိယာနှင့် နီးကပ်လာသည့်အခါ ဖြတ်သန်းသွားလာသူ အများစုသည် အနံ့ကို ယဉ်ပါးသွားကြလေ့ရှိသည်။
ယင်းက ရွှီချင်းတို့ ခရီးသွားယာဉ်တန်းတွင်လည်း အတူတူ ဖြစ်သည်။
ခရီးသွားကုန်သည်များနှင့် အစောင့်အကြပ်များသည် ထိုလမ်းကြောင်းနှင့် ရင်းနှီးကျွမ်းဝင်ကြသည်မှာ ရှင်းလင်းသည်။ သို့ဖြစ်၍ သူတို့၏ အမူအရာသည် မပြောင်းလဲသွားကြချေ။
ရွှီချင်းသည် အနံ့ရှူလိုက်ပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။
သွေးနံ့အပြင် နီလာနတ်သမီး၏ အရှိန်အဝါ တစ်စွန်းတစ်စလည်း ရေးတေးတေး ပါရှိသည်ဟု သူအာရုံခံမိသည်။
သို့သော်လည်း ထိုအရှိန်အဝါသည် အလွန်အမင်း အားနည်းသည်။ အကယ်၍ ရွှီချင်းမှာသာ ခရမ်းလမရှိလျှင် ယင်းကို အာရုံခံမိရန် မဖြစ်နိုင်ပေ။
“ အဲ့ဒီမှာ ကျိန်စာရှိတယ် ”
လင်းအာသည် ရုတ်တရက် ပြောသည်။ သူ၏ အသံသည် နားထဲသို့ ပျားရည်လောင်းထည့်လိုက်သည့်နှယ် သာယာနာပျော်ဖွယ်ကောင်းသည်။
ရထားလုံးထဲတွင် ခေါင်းဆောင်သည် သမ်းဝေလိုက်ပြီး အကြောအခြင်ဖြေလျှော့လိုက်သည်။ သူက ခန်းဆီးကို အနောက်သို့ ဆွဲလိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်ကာ ပြုံးလိုက်သည်။
“ အဲ့ဒါက စတေးခံယင်မြစ်ကလာတဲ့ အနံ့ပဲ… အဲ့ဒီမြစ်က သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘူး… အဲ့ဒီအစား နီလာနတ်သမီးက လဝတ်ပြုဒေသကြီးက သက်ရှိတွေရဲ့ အသက်စွမ်းအင်ကို စုစည်းလိုက်ပြီး ကျိန်စာကို တံဆိပ်ခတ်ဖို့ သူတို့ရဲ့သွေးတွေကို ပြောင်းလဲပစ်လိုက်တာကြောင့် ဖြစ်ပေါ်လာခဲ့တာ ”
“ ဒီမြစ်က အပြင်လူတွေအတွက် အန္တရာယ်မရှိဘူး… မင်းက ယဇ်ပူဇော်တာကို အလုံအလောက်ပြုလုပ်သရွေ့ အလွယ်တကူ ဝင်နိုင်ထွက်နိုင်တယ်… ဒါပေမဲ့ လဝတ်ပြုဒေသကြီးထဲက မျိုးနွယ်စုအသီးသီးအတွက်တော့ အဲ့ဒါက လှောင်အိမ်တံခါးပဲ ”
“ အချိန်ကိုတွက်ဆကြည့်မယ်ဆိုရင် ကမ်းစပ်ကို ဒီနေ့ညနေမှာ ငါတို့ရောက်နိုင်လိမ့်မယ်… ရက်အနည်းငယ်ကြာပြီးရင် လဝတ်ပြုဒေသကြီးဆီ ငါတို့ဝင်နိုင်လိမ့်မယ် ”
ခေါင်းဆောင်၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
သူတို့သည် ဖုန်းဟိုင်ဒေသငယ်ထဲမှ ထွက်ခွာလာပြီးနောက် ရှင်းလန်ဒေသကြီးတစ်လျှောက် ပုန်းအောင်းနေခဲ့သည်။ သန့်စင်ရေလှိုင်းဒေသကြီးထဲသို့ ခြေချလိုက်သည့်အခါမှာ သူတို့သည် ပိုပြီးသတိထားလာကြသည်။ နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြံပေးမှုအောက်မှာ သူတို့သည် ဤခရီးသွားယာဉ်တန်းထဲသို့ ခိုးဝင်လိုက်ကြပြီး အရှေ့သို့ ခရီးဆက်ခဲ့ကြသည်။
သေမျိုးများကြားထဲတွင် ခရီးဆက်ခြင်းသည် မန္တန်များကို အသုံးပြု၍ သူတို့ကိုယ်သူတို့ ဖုံးကွယ်ခြင်းထက် ပို၍ကောင်းမွန်သည်။
ထိုသို့ဖြင့် သူတို့သည် ဤနေရာသို့ တစ်လအကြာမှာ ရောက်လာခဲ့သည်။
မကြာမီ နေဝင်ဆည်းဆာချိန်သို့ ရောက်ရှိလာသည်။ ကောင်းကင်သည် အနီရောင်အလင်း၏ ဖုံးလွှမ်းခံလိုက်ရသည်။ ယင်းက ရွှီချင်းနှင့် တခြားလူများ၏ မျက်လုံးထဲမှာ အလင်းပြန်နေသော မြစ်ရေပြင်၏ အရောင်နှင့် အတူတူဖြစ်သည်။
သွေးနီမြစ်သည် လှပသည်ဟူသော ခံစားမှုကို မပေးချေ။ ယင်းအစား ချောက်ချားဖွယ်ကောင်းပြီး အတိတ်နိမိတ်ဆိုးခံစားမှုကို ပေးသည်။
ဤနေရာတွင် ရွှီချင်းနှင့် တခြားလူများသည် ခရီးသွားယာဉ်တန်းထဲမှ ထွက်သွားကြပြီး စတေးခံယင်မြစ်၏ ကမ်းစပ်ပေါ် ခြေချလိုက်ကြသည်။
တသွင်သွင်စီးဆင်းနေသော မြစ်သည် တောင်ဘက်သို့ ဦးတည်သွားနေပြီး ပြင်းထန်သော သွေးနံ့ကို ထုတ်လွှတ်နေသည်။ မြစ်ထဲတွင် အရိုးအကြွင်းအကျန်များက နိမ့်ချည်မြင့်ချည် ပေါလောပေါ်နေကြသည်ကို မည်သူမဆို ဝိုးတိုးဝါးတား မြင်နိုင်လိမ့်မည်။ ဤသည်မှာ လဝတ်ပြုဒေသကြီးမှ ထွက်သွားရန် ကြိုးစားခဲ့ကြသူများ၏ အရိုးအကြွင်းအကျန်များ ဖြစ်သည်။
မြစ်၏ တိုက်စားမှုအောက်တွင် သူတို့၏ အသွင်အပြင်သည် အသက်ရှိစဉ်ကအတိုင်း ဆက်လက်မရှိတော့ချေ။ သို့သော်လည်း အရိုးအရွယ်အစားအရ သူတို့ထဲတွင် ကလေးငယ်အများကြီးပါရှိကြောင်း မြင်နိုင်ပေသည်။
“ လဝတ်ပြုဒေသကြီးမှာ သက်ရှိတွေမွေးဖွားလာတာနဲ့ သူတို့က အစာဖြစ်လာကြတယ် ”
ခေါင်းဆောင်သည် တည်ငြိမ်စွာ ပြောသည်။
လင်းအာသည် ထိုအရာအားလုံးကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူက မည်သည့်စကားမှ မပြောသော်လည်း ရွှီချင်း၏ အနားသို့ တိုးကပ်သွားသည်။ ဤသည်မှာ ရွှီချင်း၏ ကိုယ်ပေါ်မှ အနွေးဓာတ်က သူ့ကို ပိုပြီးလုံခြုံမှုပေးနိုင်ဟန် ရသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းမော့လိုက်ကာ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်လိုက်သည်။
ဝမ်ကူးကုန်းမြေတစ်ခုလုံးက လဝတ်ပြုဒေသကြီးနှင့် အတူတူပင် မဟုတ်ပါလော။
သူတို့နှစ်ယောက်၏ အနောက်မှ နင်ယန်သည် အစကတည်းက ဝမ်းနည်းပူဆွေးသော အမူအရာရှိပြီးသား ဖြစ်သည်။ ယခု ပို၍ခါးသီးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူသည် လိုက်မလာချင်ပေ။ မြို့တော်ထဲတွင် နေထိုင်ရသည့် သူ၏ ဘဝသည် အေးချမ်းပြီး သက်တောင့်သက်သာရှိသည်။ သို့သော် သူသည် ဤသောက်ကျိုးနည်းနေရာသို့ အတင်းအကျပ် ဆွဲခေါ်ခံရသည်။
လဝတ်ပြုဒေသကြီးအကြောင်းကို သူသိသည်။
သူက ထိုဒေသကြီးအကြောင်းကို ကြားဖူးထားသောကြောင့် အလွန်ကြောက်ရွံ့ပြီး အနားကပ်ရန်ပင် ဆန္ဒမရှိပေ။
‘ ဒီခွေးမသားချန်းအားညိုက အရမ်းလွန်သွားပြီ ’
နင်ယန်သည် သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာကို ထုတ်ဖော်မပြဝံ့ချေ။ သူသည် အကိုက်ခံရမည်ကို ကြောက်ရွံ့သည်။
သူက ဆန္ဒမရှိသော်လည်း ဝူကျန်းဝူသည်တော့ ဤတစ်ကြိမ်တွင် ပူးပေါင်းပါဝင်ရန် အလွန်စိတ်အားထက်သန်သည်။
ဤမြစ်သည် ထူးဆန်းသော်လည်း ယင်းက သူ၏ နှလုံးသားထဲမှ မောက်မာထောင်လွှားမှုကို သက်ရောက်နိုင်စွမ်းမရှိပေ။ ဤအခိုက်အတန့်မှာ သူက ကမ်းစပ်ပေါ်မှာ ရပ်နေပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
“ နေဝင်ဆည်းဆာနဲ့ အထီးကျန်မီးခိုးကို ငါမြင်တယ်… မဟာမြစ်ကြီးရဲ့ လှိုင်းလုံးတွေက နှစ်ခုနစ်သောင်းကြာအောင် လှုပ်ရှားထကြွနေတယ် ”
“ ကောင်းလိုက်တဲ့ ကဗျာ ”
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူ၏ မျက်လုံးသည် ဝင်းလက်တောက်ပသွားပြီး ချီးမွမ်းလိုက်လေသည်။
ဝူကျန်းဝူသည် ချောင်းဟန့်လိုက်ပြီး မေးစေ့ကို မြင့်မြင့်မြှောက်လိုက်သည်။ သူက နောက်တစ်ပုဒ် ထပ်ရွတ်တော့မည့်အချိန် ရွှီချင်းက မျက်မှောင်ကြုတ်နေကြောင်း မြင်သွားသည်။ သူက အလျှင်အမြန် ပါးစပ်ပိတ်လိုက်သည်။
ရွှီချင်းသည် နားငြီးလာသည်။ လမ်းတစ်လျှောက်တွင် တစ်ဖက်လူသည် ကဗျာပုဒ်ပေါင်းတစ်ရာထက်မနည်း ရွတ်ဆိုခဲ့သည်။ ဤအခိုက်အတန့်မှာ သူက လက်ဝှေ့ယမ်းလိုက်လေရာ ဝိညာဉ်စစ်သင်္ဘောတစ်စင်းသည် လေထဲမှာ ထွက်ပေါ်လာပြီး မြစ်ပေါ်သို့ ကျဆင်းသွားသည်။
ရွှီချင်း၏ ဝိညာဉ်စစ်သင်္ဘောကို ကျန်းစန်းက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။ ဆဌမတောင်ထွတ်မှ အကြီးအကဲများသည် ၎င်းကို သူ့အတွက် ဆောက်လုပ်ပေးခဲ့ကြသည်။ ၎င်း၏ အသွင်ပုံစံသည် သူ၏ မှော်ယာဉ်ပျံနှင့် လုံးလုံးခြားနားသည်။
ဤသည်မှာ ကျန်းစန်း၏ ပြောင်မြောက်သော ဒီဇိုင်းလက်ရာ ဖြစ်သည်။
၎င်းက ခါးကုန်းနေသော အဖွားအိုတစ်ယောက်နှင့် ဆင်တူသည်။ ၎င်းသည် ပေငါးထောင် ရှည်လျားပြီး ကျယ်ပြောသော အနက်ရောင်ဝတ်ရုံကို ခြုံထားသည်။
၎င်း၏ ခါးကုန်းပေါ်တွင် အဆောက်အဦးများစွာ တည်ဆောက်ထားပြီး သင်္ဘောစောင့်အခန်းအဖြစ် အသုံးပြုနိုင်သည်။
၎င်း၏ ဝတ်ရုံသည် မြစ်ရေပြင်ပေါ်တွင် ဖြန့်ကြက်သွားပြီး လှိုင်းအတွန့်အတွန့်များကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ စစ်သင်္ဘော၏ ရွက်အစုံဖြစ်သည်။
ပို၍ထူးဆန်းသည်မှာ အဖွားအို၏ လက်နှစ်ဖက်ဖြစ်သည်။
၎င်း၏ လက်နှစ်ဖက်သည် အစိမ်းရောင်ဖျော့ဖျော့အလင်း ထုတ်လွှတ်နေသော မီးအိမ်တစ်လုံးကို ကိုင်ထားသည်။ ရံဖန်ရံခါ မီးတောက်များသည် မီးအိမ်ထဲမှာ တောက်လောင်လာပြီး အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာလေ့ ရှိသည်။
ဤသည်မှာ စွမ်းအားအရင်းအမြစ် ဖြစ်သည်။
၎င်း၏ ဘယ်ဘက်လက်ပေါ်တွင် မျောလွင့်နေသော အနီရောင်မျက်လုံးတစ်လုံး ရှိသည်။ မျက်လုံးသည် အရပ်ရှစ်မျက်နှာသို့ အစဉ်မပြတ် ကြည့်ရှုနေသည်။
ဤသည်မှာ ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို တုပပြုလုပ်ထားသောအရာ ဖြစ်သည်။
ရွှီချင်းသည် ယခင်က ဤစစ်သင်္ဘောကို ရယူခဲ့စဉ်က ထိတ်လန့်သွားခဲ့သည်။ ယခု ၎င်းကို မြစ်ပေါ်သို့ သက်ဆင်းစေလိုက်သည့်အခါ နင်ယန်သော်လည်းကောင်း ဝူကျန်းဝူသော်လည်းကောင်း စစ်သင်္ဘောကို မြင်သွားသည့်အခိုက် နှလုံးတုန်သွားကြသည်။
“ အဲ့ဒါ သတ္တမတောင်ထွတ်ရဲ့ ဝိညာဉ်စစ်သင်္ဘောလား ”
ဝူကျန်းဝူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လူသားဘာသာစကားဖြင့် ပြောသည်။
ဘေးမှ ခေါင်းဆောင်သည် ပြုံးလိုက်သည်။
“ ကြည့်ရတာ ကျန်းစန်းက ပင်းတင်နဲ့ပတ်သက်ပြီး အတွေးတချို့ ရှိနေတဲ့ပုံပဲ ”
ထိုအဖွားအို၏ အသွင်ပုံစံသည် ရေသူကျွန်းမှ နတ်ဘုရားမပင်းတင်နှင့် အတော်လေး ဆင်တူသည်။