← Chapters

ယင်ယန်ပန်းပွင့်ဂိုဏ်း၏ တပည့်သစ် ရွှီချင်း(ခ)

Vol. 54 Ch. 831

ယင်ယန်ပန်းပွင့်ဂိုဏ်း၏ တပည့်သစ် ရွှီချင်း(ခ)

Vol. 54 Ch. 831

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောချေ။ သူက ခန္ဓာကိုယ်တစ်ချက် ရွေ့လျားလိုက်လေရာ အဖွားအို၏ ကျောပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး အဝေးသို့ မျှော်ကြည့်လိုက်သည်။

တခြားလူများသည်လည်း အလျှင်အမြန် ခုန်တတ်လိုက်ကြသည်။ မကြာမီ အဖွားအို၏ လက်ထဲမှ မီးအိမ်က တဖျပ်ဖျပ်လင်းလက်သွားသည်နှင့် သင်္ဘောရွက်များနှင့်ဆင်တူသော ဘေးပတ်ပတ်လည်မှ အနက်ရောင်ဝတ်ရုံသည် ချက်ချင်း တဖျပ်ဖျပ်လှုပ်ခတ်လာသည်။ ထို့နောက် အဖွားအို၏ ပုံရိပ်သည် မြစ်ရေပြင်ပေါ်မှာ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။

စတေးခံယင်မြစ်၏ အတိုင်းအတာသည် မသေးငယ်ပေ။ ၎င်းက အလွန်ကျယ်ပြောသည်။ ရွှီချင်း၏ ဝိညာဉ်စစ်သင်္ဘောမှ အလျင်ဖြင့်ပင် မြစ်၏ တစ်ဝက်ကိုကျော်ဖြတ်ရန် ငါးရက်ကြာခဲ့သည်။

ထိုအတောအတွင်း သူတို့သည် အန္တရာယ်တချို့နှင့် တွေ့ဆုံခဲ့သည်။ သို့သော်လည်း ချီယွဲ့ထုံဂိုဏ်း၏ တုပဓမ္မရတနာ၏ စစ်ဆေးရှာဖွေမှုအောက်မှာ အန္တရာယ်အများစုကို သူတို့ရှောင်ရှားနိုင်ခဲ့သည်။ သို့သော်လည်း သူတို့သည် မမျှော်လင့်ထားသော အခြေအနေတချို့နှင့် ရင်ဆိုင်ခဲ့ရဆဲပင်။

ဥပမာ ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော သွေးဆံချည်မျှင်များသည် မြစ်ထဲမှ တိုးထွက်လာကြပြီး ဝိညာဉ်စစ်သင်္ဘော၏ ဘေးပတ်ပတ်လည်ကို ရစ်ပတ်ချုပ်နှောင်ထားကြသည်။ တစ်ချိန်တည်းမှာ သွေးဆံချည်မျှင်များသည် ရွှီချင်းနှင့် တခြားလူများဆီသို့ အမြန်ချဉ်းကပ်လာနေကြသည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်သည် လှုပ်ရှားရန် မလိုချေ။

ဝူကျန်းဝူက သူ၏ အစွမ်းအစကို ထုတ်ဖော်ပြရန် ဤအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ အခွင့်အရေးပေးလာသည်ကို မြင်သည်နှင့် သူက အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ ထိုအခါ အရိုင်းသားရဲဒါဇင်ခန့်သည် သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။

တချို့အရိုင်းသားရဲများသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။ တချို့သည် မြစ်ထဲသို့ ထိုးဆင်းသွားကြသည်။ နားကွဲလုမတတ် စူးရှသော အော်မြည်သံကို ထုတ်ဖော်နေသည့် ကြက်တူရွေးလေးတစ်ကောင်ပင် ရှိသည်။ ကြက်တူရွေးလေးသည် အတောင်ပံကို ဖြန့်ကားလျက် ဝူကျန်းဝူ၏ ဦးခေါင်းပေါ်တွင် ခြေချလိုက်သည်။

ကြက်တူရွေးလေးက မောက်မာထောင်လွှားစွာ ခေါင်းမြင့်မြင့်မော့လိုက်သည်။ ၎င်းသည် သစ်ချောင်းတစ်ချောင်းနှင့် ဆင်တူပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် လူသားဘာသာစကားဖြင့် ပြောသည်။

“ ငါ့ဖခင်က လောကကြီးဆီ လှည့်ပတ်သွားလာနေတာ ဘယ်အင်မော်တယ်တွေက အညံ့မခံရဲတာလဲ ”

ဝူကျန်းဝူသည် မာနထောင်လွှားသော အမူအရာဖြင့် တည်ငြိမ်စွာ ပြောသည်။

“ ဝူမိသားစုမှာ သားတော်ရှစ်ရာရှိတယ်… ဒီကျယ်ပြောတဲ့ လောကကြီးမှာ ဘယ်သူတွေက ရိုင်းစိုင်းရဲတာလဲ ”

ရွှီချင်း၏ အမူအရာသည် ထူးဆန်းသွားသည်။ လင်းအာ၏ မျက်လုံးက ပြူးကျယ်သွားစဉ် နင်ယန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ခေါင်းဆောင်သည်တော့ မျက်လုံးဝင်းလက်သွားသည်။

ဝူကျန်းဝူက ပြောလိုက်သည်နှင့် နောက်ထပ်ဝက်ဝံတစ်ကောင်သည် သူ၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာသည်။ ၎င်းက ခန္ဓာကိုယ်တစ်ချက် လှုပ်ယမ်းလိုက်လေရာ ပေရာပေါင်းများစွာ ရှည်လျားသွားသည်။ ထို့နောက် ၎င်းက ဝူကျန်းဝူ၏ အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

ဝက်ဝံ၏ ဟိန်းသံသည် မိုးခြိမ်းသံပမာ ထိတ်လန့်ဖွယ်ကောင်းသည်။ ၎င်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်စစ်သင်္ဘောပေါ်သို့ ပျံ့နှံ့လာနေသော သွေးဆံချည်မျှင်များကို ဖမ်းဆုပ်လိုက်ကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။

အရိုင်းသားရဲတစ်ကောင်စီသည် အတော်လေး ထူးဆန်းကြသည်။ ၎င်းတို့၏ အသွင်အပြင်သည် တစ်ကောင်နှင့်တစ်ကောင် မတူညီကြသော်လည်း ၎င်းတို့၏ သွေးမျိုးစက်ထဲမှာ ဘုံတူညီသော ဘိုးဘေးမျိုးဆက်ရှိဟန်တူသည်။ ၎င်းတို့သည် တစ်ကောင်နှင့်တစ်ကောင် အတွဲညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး ၎င်းတို့ကြားမှ ကွဲပြားခြားနားမှုများကို လျစ်လျူရှုထားနိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သွေးမျိုးစက်က သိသာသော အဆင့်တစ်ခုထိ ရောက်ရှိနေဟန် ရသည်။

မကြာမီ ၎င်းတို့၏ တိုက်ခိုက်မှုအောက်မှာ ဆံချည်မျှင်တချို့သည် ပြန့်ကျဲသွားပြီး မြစ်ထဲသို့ ပြန်ဆုတ်သွားကြသည်။

ဂုဏ်ယူဝင့်ကြွားသော လေထုနှင့်အတူ ဝူကျန်းဝူသည် သူ၏ ရင်ဘက်ကို ကော့ထားလိုက်သည်။ သူ၏ ခေါင်းပေါ်မှ ကြက်တူရွေးလေးသည်လည်း အားကြိုးမာန်တတ် ခေါင်းမော့လိုက်သည်။

သူတို့၏ လှုပ်ရှားမှုသည် ကိုးရိုးကားရားနိုင်သည်ဟု ထင်ရသော်လည်း သူတို့နှစ်ယောက်သည် ဤအကွက်ကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားပြီး ကျင့်သားရနေပြီဖြစ်ကြောင်း ထင်ရှား၏။

ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် တစ်ချိန်တည်း ပါးစပ်ဟလိုက်ကြပြီး သူတို့ကြိုတိုက်ထားသော စာကြောင်းများကိုပြောရန် ဟန်ပြင်လိုက်ကြသည်။

သို့သော်လည်း အန္တရာယ်သည် မပြီးဆုံးသေးပေ။ မြစ်တစ်ခုလုံးသည် ရုတ်တရက် အပြင်းအထန် လှုပ်ရှားထကြွလာပြီး သွေးနံ့သည် ပိုပြီးပြင်းထန်လာသည်။ မရေမတွက်နိုင်သော သွေးဆံချည်မျှင်များသည် မြစ်ထဲမှ တစ်ဟုန်ထိုး ပျံသန်းထွက်လာကြပြီး လေထဲသို့ ဦးတည်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း ဆံချည်မျှင်များသည် ပေတစ်ထောင်ရှည်လျားသော ပုံရိပ်တစ်ခုအသွင် ရစ်ပတ်သွားကြသည်။ ပုံရိပ်သည် အကြမ်းထည်မျှသာဖြစ်ပြီး အသွေးအသားများ မရှိပေ။

၎င်းသည် အရိုးခြောက်နှင့်ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

၎င်းက ရွှီချင်းနှင့် တခြားလူများကို ငုံ့ကြည့်လိုက်သည်။

“ ဆက်ကြေးပေး ”

ဝေဝါးဝါးစကားသံသည် ဧရာမသွေးနီပုံရိပ်၏ နက်ရှိုင်းသော ဟိန်းသံနောက်မှ ထပ်ဆင့်လိုက်ပါလာသည်။ ၎င်း၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ဘေးပတ်ပတ်လည်မှ သွေးမြစ်သည် စတင်ဆူပွက်လာသည်။ ထို့နောက် ဒုတိယသွေးနီပုံရိပ်၊ တတိယသွေးနီပုံရိပ်၊ စတုတ္ထသွေးနီပုံရိပ်… အစရှိသဖြင့် သွေးနီပုံရိပ်အများအပြား ထွက်ပေါ်လာကြသည်။

သွေးနီပုံရိပ်သည် စုစုပေါင်း (၃၇)ခုရှိသည်။ ၎င်းတို့က ရွှီချင်းတို့အုပ်စုကို ဘေးပတ်ပတ်လည်မှ ဝိုင်းရံထားကြသည်။

၎င်းတို့သည် မြစ်ရေပြင်ပေါ်မှာ ထွက်ပေါ်လာပြီးနောက် တူညီသော စကားကို ပြောကြသည်။

“ အဲ့ဒါတွေက စတေးခံယင်မြစ်က မြစ်စောင့်ဝိညာဉ်တွေပဲ… ဒီနေရာမှာ ဆက်ကြေးပေးရတဲ့ ဓလေ့ထုံးစံရှိတယ် ”

ခေါင်းဆောင်က ရှင်းပြသည်။ သူသည် ဤအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို မြစ်ထဲသို့ ပစ်လိုက်သည်။

သိုလှောင်အိတ်ထဲတွင် မည်သည့်အရာပါကြောင်း ရွှီချင်းမသိပေ။ သို့သော်လည်း သိုလှောင်အိတ်က မြစ်ထဲသို့ ကျဆင်းသွားသည့်အခါ သွေးနီပုံရိပ်ထက်ဝက်ကျော်သည် ဝေဝါးလာပြီး ပျောက်ကွယ်သွားကြသည်။

ကျန်ရှိနေသော သွေးနီပုံရိပ်များက ပျောက်ကွယ်သွားတော့မည့်အချိန် ရုတ်တရက် နင်ယန်ကို တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။

“ ဆက်ကြေးပေး ”

နင်ယန်၏ အမူအရာသည် ပြောင်းလဲသွားသည်။

ခေါင်းဆောင်သည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ နင်ယန်၏ သွေးမျိုးစက်က သာမန်မဟုတ်ကြောင်း သူသိသည်။ သို့သော်လည်း ယင်းက မြစ်စောင့်ဝိညာဉ်များကို နောက်တစ်ကြိမ် ဆက်ကြေးတောင်းလာစေသည်အထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“ မြစ်စောင့်ဝိညာဉ်တွေက အရသာရှိလား ငါသိချင်မိသား… ”

ခေါင်းဆောင်သည် ဘေးပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ဤနေရာတွင် နောက်ထပ်မြစ်စောင့်ဝိညာဉ်များ ရှိနေနိုင်သေးသည်ဟု သူခံစားမိသည်။ သို့ဖြစ်၍ သူက သက်ပြင်းချလိုက်လေသည်။

ကံကောင်းစွာဖြင့် သူက ဤတစ်ကြိမ်မှာ ကောင်းမွန်စွာ ကြိုပြင်ဆင်ထားခဲ့သည်။ သူက မပျော်ရွှင်သော်လည်း နောက်ထပ်သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်ဆဲပင်။ သူက သိုလှောင်အိတ်ကို မြစ်ထဲသို့ ပစ်လွှတ်တော့မည့်အချိန် ရွှီချင်းက ရုတ်တရက် ပြောသည်။

“ စီနီယာအကိုကြီး ငါစမ်းကြည့်ပါရစေ ”

ခေါင်းဆောင်သည် နှုတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ… ငါပြင်ဆင်ထားတဲ့ ဆက်ကြေးတွေက လဝတ်ပြုဒေသကြီးမှာပါ အသုံးဝင်တယ် ”

ရွှီချင်းသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။ သူက မြစ်ထဲမှ သွေးနီပုံရိပ်များကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ လမ်းဖယ်ပေးစမ်း ”

သူ၏ စကားဆုံးသည်နှင့် မျက်လုံးထဲမှ ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလဝိညာဉ်နတ်သူငယ်သည် မျက်လုံးဖွင့်လိုက်ပြီး ၎င်း၏ စွမ်းအားကို ထုတ်ဖော်ပြလိုက်သည်။ ၎င်းက ကိုယ်ထင်ပြလာပြီး နတ်ဘုရားအခွင့်အာဏာ၏ အငွေ့အသက်နှင့်အတူ ဆင်းသက်လာသည်။

ချက်ချင်းပင် စတေးခံယင်မြစ်မှ လှိုင်းအတတ်အကျများသည် ငြိမ်သက်သွားပြီး လေတိုက်ခတ်ခြင်းပင် ရပ်တန့်သွားဟန် ရသည်။ ရွှီချင်း၏ ခရမ်းလစွမ်းအား ပေါ်ထွက်လာသည်နှင့်ချက်ချင်း အရာအားလုံးသည် အေးခဲသွားဟန် ရသည်။

မြစ်စောင့်ဝိညာဉ်များသည် ရုတ်တရက် တုန်ယင်လာကြပြီး အလျှင်အမြန် ခေါင်းငုံ့လိုက်ကြကာ ဒူးထောက်လိုက်ကြသည်။

“ နတ်တမန်တော်ကို နှုတ်ဆက်ပါတယ် ”

တူညီသော အသံသည် ဘေးပတ်ဝန်းကျင်မှ ပျံ့လွင့်ထွက်လာကြပြီး ပိုမိုများပြားသော မြစ်စောင့်ဝိညာဉ်များသည် ပေါ်ထွက်လာကြသည်။

အရေအတွက်ဒါဇင်ခန့်မှ ရာပေါင်းများစွာအထိ တိုးပွားသွားကြပြီး ထောင်သောင်းချီသည်အထိ ဆက်လက်တိုးပွားနေကြဆဲဖြစ်သည်။

၎င်းတို့အားလုံးက ရိုသေလေးစားစွာ ဒူးထောက်လိုက်ကြသည်။

ထိုသို့မြင်ကွင်းအတွက် နင်ယန်သည် သူ့စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း သူ၏ နှလုံးသည် မြန်ဆန်စွာ ခုန်ပေါက်သွားနေဆဲ ဖြစ်သည်။

လင်းအာ၏ မျက်လုံးသည် စိတ်ရှုပ်ထွေးမှုကြောင့် ပြူးကျယ်သွားသည်။ ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သောကြောင့် မျက်လုံးတောက်ပလာသည်။ ချင်းလေးသာ သူ့အနားမှာရှိမည်ဆိုလျှင် လဝတ်ပြုဒေသကြီးဆီသို့ ခရီးစဉ်သည် အောင်မြင်နိုင်ခြေ အတော်လေး များပြားသည်ဟု သူတွေးမိသွားသည်။

ဝူကျန်းဝူသည်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ၏ ဦးခေါင်းပေါ်မှ ကြက်တူရွေးလေးသည်လည်း မောက်မာထောင်လွှားသောပုံစံကို ထိန်းသိမ်းရန် မေ့လျော့သွားသည်။

ထိုသို့ဖြင့် အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရွှီချင်း၏ တည်ငြိမ်သောအသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

“ ငါတို့ကို စောင့်ကြပ်လိုက်ပို့ချေ ”

“ နတ်တမန်တော်ရဲ့ အမိန့်တော်ကို နာခံပါတယ် ”

သွေးဆံချည်မျှင်များဖြင့် ဖွဲ့စည်းထားသော လူပုံသဏ္ဍာန် မြစ်စောင့်ဝိညာဉ်များသည် တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြပြီး ရွှီချင်း၏ ဝိညာဉ်စစ်သင်္ဘောကို ဝန်းရံလိုက်ကြသည်။ ၎င်းတို့၏ တည်ရှိမှုသည် လွှမ်းမိုးဖိနှိပ်သော သဘောနှင့် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါကို ဖြစ်ပေါ်စေသည်။ ထိုသို့ဖြင့် ရွှီချင်း၏ ဝိညာဉ်စစ်သင်္ဘောသည် မြစ်စောင့်ဝိညာဉ်များ၏ စောင့်ကြပ်ပေးမှုဖြင့် အရှေ့သို့ ဆက်လက်မောင်းနှင်သွားသည်။

All Chapters