ယင်ယန်ပန်းပွင့်ဂိုဏ်း၏ တပည့်သစ် ရွှီချင်း(ဃ)
Vol. 54 Ch. 833
ထိုစဉ် ဝူကျန်းဝူ၏ မျက်နှာပေါ်၌ မျှော်လင့်ချက်ကြီးမှုဖြင့် ပြည့်နှက်နေသည်။ ခေါင်းဆောင်သည် မျက်နှာသာမပေးဘဲ သူ့ကို ပုတ်လိုက်သည်။ ဝူကျန်းဝူ၏ အသွင်ပုံစံသည် မှေးမှိန်သွားပြီး လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ခေါင်းဆောင်နှင့် တခြားနှစ်ယောက်၏ ပြောင်းလဲမှုကိုမြင်သော်လည်း ရွှီချင်းသည် မအံ့ဩချေ။ ခေါင်းဆောင်သည် ချိပ်တံဆိပ်များကို ပိုပြီးဖြေလျှော့လာနိုင်သည်နှင့်အမျှ သူအသုံးပြုနိုင်သော အတတ်ပညာများသည် ပိုပြီးတွင်ကျယ်လာသည်။
“ ဂျူနီယာညီလေး… ငါမင်းအတွက် သရုပ်တစ်ခုကို ပြင်ဆင်ထားတယ် ”
ခေါင်းဆောင်သည် ကျောက်စိမ်းပြားတစ်ခုကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။
“ အခုကစပြီး မင်းက လဝတ်ပြုဒေသကြီးထဲက ယင်ယန်ပန်းပွင့်ဂိုဏ်းရဲ့ နယ်လှည့်ဂိုဏ်းတပည့်တစ်ယောက် ဖြစ်သွားပြီ… မင်းရဲ့ နာမည်က ထန်ချင်းဇီ ”
“ အဲ့ဒါက ခရီးသွားခွင့်ပြုမိန့်အဖြစ် အသုံးပြုနိုင်တဲ့ သရုပ်မှန်ကျောက်စိမ်းပြားပဲ… လဝတ်ပြုဒေသကြီးရဲ့ ဖရိုဖရဲကုန်းမြေတွေထဲမှာ ဘယ်တိုင်းပြည်နှင့် မျိုးနွယ်စုမဆို တစ်နေရာရာကို သွားတော့မယ်ဆိုရင် ခရီးသွားခွင့်ပြုမိန့်ကို လိုအပ်တယ်… ယင်ယန်ပန်းပွင့်ဂိုဏ်းက ဒီနေရာမှာ ရာထူးမြင့်တယ်… ယင်ယန်ပန်းပွင့်ဂိုဏ်းက အနီရောင်လဗိမာန်ရဲ့ ပွဲအခမ်းအနားတွေမှာ ကပြဖို့ တာဝန်ယူရတယ်… အဲ့ဒါကြောင့် သူတို့က ဂိုဏ်းတော်ကြီးတစ်ခုဖြစ်ပြီး အတော်လေး ဩဇာလွှမ်းမိုးမှုရှိတယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကိုကြည့်လိုက်ပြီး ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်သည်။ ခေါင်းဆောင်သည် ဤတစ်ကြိမ်တွင် အားလုံးကို သေသေချာချာ ပြင်ဆင်ထားကြောင်း သူပြောနိုင်သည်။ တစ်ဖက်လူသည် အနီရောင်လ၏ နှလုံးသားကို ဝါးမျိုရန် သေချာပေါက် စိတ်ဆုံးဖြတ်ထားသည်။
“ ဒါဆို ငါတို့တွေ ဒီနေရာမှာ လမ်းခွဲကြရအောင်… ပြီးသွားရင် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ ပြန်ဆုံကြမယ်… ဘယ်သူပဲ အရင်ရောက်ရောက် တစ်ဖက်လူကို အချိန်တစ်ခုထိ စောင့်ဆိုင်းရမယ် ”
“ တကယ်လို့ တစ်ဖက်လူက ရောက်မလာဘူးဆိုရင် မင်းက ပုန်းကွယ်ပြီး တစ်ဖက်လူကို သွားရှာရမယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ထဲမှာ ဖမ်းဆုပ်သော လက်ဟန်ပုံစံကို ပြုလုပ်လိုက်သည်။ ထိုအခါ ယပ်တောင်တစ်ချောင်း ထွက်ပေါ်လာသည်။
ယပ်တောင်ထွက်ပေါ်လာသည်နှင့် သူက ရွှတ်ခနဲ ယပ်တောင်ကို ဖွင့်လိုက်သည်။ သူက သာမန်ကာလျှံကာပုံစံဖြင့် အကြိမ်ရေအနည်းငယ် ယပ်ခတ်လိုက်သည့်အခါ အေးဆေးပြီး စိတ်ကျေနပ်သော လေထု ဖြစ်ပေါ်လာသည်။
“ ဂျူနီယာညီလေး မှတ်ထားပါ… ငါ့ရဲ့ လက်ရှိသရုပ်က ဝေ့ယန်ဇီ… ငါလည်းပဲ ယင်ယန်ပန်းပွင့်ဂိုဏ်းက ဂိုဏ်းတပည့်တစ်ယောက်ဖြစ်တယ်… ငါက မင်းရဲ့ စီနီယာအကိုကြီး… လအနည်းငယ်ကြာပြီးသွားရင် ဒီနာမည်က လဝတ်ပြုဒေသကြီးမှာ သေချာပေါက် နာမည်ကျော်ကြားလာလိမ့်မယ်… မင်းလည်း ခရီးသွားနေရင်း ကြားမိပါလိမ့်မယ် ”
“ သွားကြစို့ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရွှီချင်း၏ နှုတ်ဆက်အရိုအသေပေးမှုအောက်မှာ သူက နင်ယန်၊ ဝူကျန်းဝူနှင့်အတူ အဝေးသို့ လျှောက်သွားသည်။
နင်ယန်သည် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ ရံဖန်ရံခါ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို အကူအညီမဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။
ရွှီချင်းသည် သူ့ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူတို့သုံးယောက်ကို နှုတ်ဆက်လိုက်သည်။
ခေါင်းဆောင်သည် ပေတစ်ရာကျော် လျှောက်လှမ်းပြီးနောက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ရပြီး အနောက်လှည့်လိုက်ကာ အော်ပြောသည်။
“ ချင်းလေး… မင်းမှာ အချိန်ရရင် ယင်ယန်ပန်းပွင့်ဂိုဏ်းဆီ အလည်သွားသင့်တယ်… ငါမင်းကိုပေးထားတဲ့ သရုပ်က စစ်မှန်တယ်… အဲ့ဒီဂိုဏ်းက ယင်ယန်ညီမျှမှုကို အလေးထားပြီး တစ်ယောက်အလိုကို တခြားတစ်ယောက်က ဖြည့်ဆည်းပေးရတယ်… အဲ့ဒီမှာ မင်းအတွက် သင်ယူစရာတွေ အများကြီးရှိမယ်လို့ ငါထင်တယ်… မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မြန်မြန်သင်ယူနိုင်မှာပါ… ဒါမှ မင်းက မိစ္ဆာမတွေနဲ့ ရင်ဆိုင်တဲ့အခါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်လိမ့်မယ်… ပြီးတော့ တစ်ဖက်လူက မင်းအပေါ် အခွင့်အရေးယူနိုင်တော့မှာ မဟုတ်ဘူး ”
ဤသည်ကို လင်းအာကြားသောအခါ သူက ရွှီချင်း၏ ကော်လံထဲမှ အမြန်တွားသွားထွက်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ ငါရှိနေရင် အကိုရွှီချင်းကို ဘယ်မိစ္ဆာမမှ အခွင့်အရေးမယူနိုင်စေရဘူး ”
ခေါင်းဆောင်က ထပ်ပြောတော့မည်ကို မြင်သောအခါ ရွှီချင်းသည် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။
ခေါင်းဆောင်သည် သူ့ဘေးမှ လူနှစ်ယောက်ကို အဝေးသို့ ဆွဲခေါ်မသွားခင် ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်နှင့် တခြားနှစ်ယောက် အမှောင်ထဲသို့ ဝင်ရောက်သွားသည်အထိ စောင့်ကြည့်နေသည်။
ထိုစဉ် လင်းအာ၏ အမူအရာမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ရှက်ရွံ့စွာ ပြောသည်။
“ အကိုရွှီချင်း ဒါကို ငါတို့ရဲ့ချိန်းတွေ့မှုလို့ သတ်မှတ်နိုင်လားဟင် ”
ရွှီချင်းသည် ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ထို့နောက် သူက ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ပြီး အဝေးသို့ ဦးတည်လျှောက်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ အသွင်ပုံစံသည်လည်း ပြောင်းလဲသွားသည်။ သူက အလွန်ထူးချွန်သောအသွင်ပုံစံသို့ ပြောင်းလဲသွားခြင်းမဟုတ်ပေ။ ယင်းအစား ပိုပြီးသာမန်ဆန်လာသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ညအချိန်သည် ကုန်လွန်သွားသည်။
ထိုညတွင် ရွှီချင်းသည် လဝတ်ပြုဒေသကြီး၏ ကုန်းမြေဆီသို့ အရှိန်မြှင့်တင်လိုက်သည်။ မြေပြင်ပေါ်တွင် မျိုးနွယ်စုအသီးသီး၏ အရိုးစုများကို သူမြင်တွေ့ခဲ့သည်။ ထိုအထဲမှ အများစုသည် ဒြပ်နှောပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြသော လူတချို့လည်း ရှိသည်။
ထိုအရာအားလုံးသည် ရွှီချင်း၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။ လဝတ်ပြုဒေသကြီး၏ ထူးခြားဆန်းကြယ်သော ပတ်ဝန်းကျင်ကြောင့် ထိုနေရာသည် သေခြင်းအငွေ့အသက်နှင့် ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နှက်နေမည်မှာ သံသယရှိရန်မလိုပေ။
အရိုးစုများကို မြင်တွေ့ပြီးနောက် ရွှီချင်းနှုတ်ဆိတ်သွားသော ဧရိယာတချို့ပင် ရှိသည်။
ထိုနေရာများတွင် အရိုးစုတွင်းများ ရှိသည်။
ကမ်းစပ်ဧရိယာနားတွင် ပေတစ်သိန်းအကျယ်အဝန်းရှိသော ဧရာမအရိုးစုတွင်းများကို ရွှီချင်း ရှာတွေ့ခဲ့သည်။ အရိုးစုတွင်းတစ်ခုစီတွင် မရေမတွက်နိုင်သော အရိုးစုများဖြင့် ပြည့်နှက်နေသည်။
အရိုးစုများပေါ်မှ ကုတ်ခြစ်ရာများကို ထက်ရှသော လက်နက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုလူများသည် အသက်ရှိခဲ့စဉ်က အရေပြားနှင့် အသွေးအသားများကို အတင်းအကျပ် ဆွဲထုတ်ခံခဲ့ရကြောင်း မြင်သာလှသည်။ သိသာစွာပင် ထိုသို့လုပ်ဆောင်ခြင်းသည် ပိုပြီးလွယ်ကူစွာ စားသောက်နိုင်စေသည်။
လင်းအာသည် တိတ်ဆိတ်သွားသည်။
ထိုအရာများကိုကြည့်ပြီးနောက် ရွှီချင်းသည် တိတ်တဆိတ် ထွက်ခွာသွားသည်။ သူ၏ နှလုံးသားထဲမှ သတိထားမှုသည်လည်း အဆုံးမဲ့စွာ တိုးပွားလာသည်။ နံနက်အချိန်အခါသို့ ရောက်ရှိလာသောအခါ အတုအယောင်အလင်းကိုယ်ထည်များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး မှေးမှိန်သော အလင်းရောင်ကို ထုတ်လွှတ်လာကြသည်။
ထိုအခါ မြေပြင်သည် နက်မှောင်မနေတော့ဘဲ အဝါရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားသည်။
ထိုအရောင်သည် လဝတ်ပြုဒေသကြီးထဲမှာ စံသတ်မှတ်ချက်ဖြစ်သည်။
ရွှီချင်းသည် စွန့်ပစ်တောင်ကုန်းတစ်ခုပေါ်တွင် မတ်တတ်ရပ်နေပြီး အဝေးသို့ လှမ်းမျှော်ကြည့်နေသည်။ သူ၏ လက်ရှိတည်နေရာကို အတည်ပြုပြီးနောက် ခေါင်းဆောင်ပေးခဲ့သော မြေပုံကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။
“ ဒီဧရိယာကို ယဇ်ပလ္လင်ငယ်လို့ခေါ်တယ်… ဒီဧရိယာကို လဝက်ကြာဖြတ်သန်းပြီးနောက် မျိုးနွယ်စုနှစ်စု မဟာမိတ်ဖွဲ့ထားတဲ့နေရာကို ရောက်လိမ့်မယ်… အဲ့ဒီနေရာကို ငါဖြတ်သန်းပြီးတာနဲ့ ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီ ရောက်လိမ့်မယ် ”
ရွှီချင်းသည် မြေပုံကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းလိုက်ပြီး အဝါရောင်ဖျော့ဖျော့ကောင်းကင်အောက်မှာ အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
လဝက်ကြာပြီးသောအခါ ယဇ်ပလ္လင်ငယ်ဧရိယာကို ဖြတ်ကျော်သွားပြီး မျိုးနွယ်စုနှစ်စုမဟာမိတ်၏ နယ်နိမိတ်ထဲသို့ ရောက်ရှိတော့မည့် ရွှီချင်းသည် သူ့အနောက်မှ ဧရိယာ၏ နာမည်ကို ကောင်းမွန်စွာ နားလည်သွားသည်။
ထိုနေရာတွင် အရိုးစုတွင်းပေါင်း တစ်ထောင်ကျော်ရှိသည်။ ၎င်းတို့ကို လခြမ်းကွေးပုံသဏ္ဍာန် စီရီထားပြီး အလယ်ဗဟိုတွင် မြို့တစ်မြို့အရွယ်အစားရှိသော ရှေးဟောင်းယဇ်ပလ္လင်တစ်လုံး ရှိသည်။
ရွှီချင်းသည် အနားကပ်မသွားခဲ့ပေ။ အဝေးမှပင်လျှင် ထိုနေရာမှ အနီရောင်လ၏ အကြွင်းအကျန်အရှိန်အဝါ တစ်စွန်းတစ်စကို သူအာရုံခံမိသည်။
“ စိတ်ဝိညာဉ်ခြံဝန်း ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျိုးနွယ်စုနှစ်စုမဟာမိတ်၏ ပိုင်နက်ထဲသို့ ခြေချလိုက်သည်။
သို့သော်လည်း နယ်နိမိတ်ထဲသို့ ခြေချလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။
များမကြာမီ မှေးမှိန်သော အလင်းရောင်များသည် သူ၏ အရှေ့မှ မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ ပုံမှန်မဟုတ်သော ကြေးမုံအများအပြားသည် မြေကြီးထဲမှ ထိုးထွက်လာကြပြီး ရွှီချင်း၏ အရှေ့မှာ တောက်ပသွားကြသည်။
ကြေးမုံအများစုသည် လူတစ်ယောက်၏ အရွယ်အစားခန့် ရှည်လျားကြသည်။ ကြေးမုံများသည် ဝေဝါးနေကြပြီး မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းတချို့ပင် ရှိသည်။
သို့သော်လည်း ရွှီချင်း၏ ပုံရိပ်ကို အလင်းပြန်နေဆဲပင်။
ထူးဆန်းသော အရာမှာ ထိုကြေးမုံများထဲမှ ရွှီချင်း၏ ပုံရိပ်သည် ကောက်ကျစ်စဉ်းလဲသော အကြည့်ရှိပြီး အေးစက်စက် လေသံဖြင့် ပြောကြားသည်။
“ ခွင့်ပြုမိန့်ပြစမ်း ”
(ဝေ့ယန်ဆိုတာ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းက အဆုံးမဲ့ကို ရည်ညွှန်းပါတယ် )