ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပြိုင်ပွဲမှာ အလဲအလှယ်လုပ်ဖို့ နေ့မရှိဘူး(ဂ)
Vol. 54 Ch. 836
ရွှီချင်းသည် ပြုံးလိုက်သည်။ မရင်းနှီးသော ဤလောကကြီးထဲတွင် လွန်ခဲ့သောရက်များ၌ သူမြင်တွေ့ခဲ့ရသည်မှာ အမှောင်ထုချည်းသာ ဖြစ်သည်။ သို့သော်လည်း လင်းအာက သူ့ကို အဖော်ပြုပေးနေသောကြောင့် သူသည် အထီးကျန်ခြင်းကို မခံစားရပေ။
သို့ဖြစ်၍ သူက ခေါင်းညိတ်လိုက်သည်။ ရွှီချင်းသည် စီစဉ်စရာရှိသည်ကို ကြိုပြင်ဆင်လိုက်သည်။ ထို့နောက် အောက်ဘက်မှ ချော်ရည်မျက်နှာပြင်ပေါ်သို့ ဦးတည်ပျံသန်းလိုက်သည်နှင့် မျှော်လင့်တောင့်တသော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
သူဆင်းသက်လိုက်သည်နှင့်ချက်ချင်း မီးတောက်များသည် သူ၏ ဘေးပတ်ပတ်လည်မှာ ပေါ်လျှိုးလာကြသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်သည် တုန်ရီလာသည်။
ရွှီချင်းက ပါးစပ်ဟလိုက်ပြီး ရှူသွင်းလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှ မီးတောက်များသည် သူ၏ ပါးစပ်ထဲသို့ ဒလဟော တိုးဝင်လာကြသည်။
ရွှီချင်းက မီးတောက်များကို အစဉ်မပြတ် ဝါးမျိုနေစဉ် တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူက လက်မြှောက်လိုက်ပြီး ချော်ရည်မျက်နှာပြင်ကို ထိတွေ့လိုက်သည်။ အပူချိန်သည် အလွန်မြင့်မားသည်။ သို့သော်လည်း သူ၏ လက်သည် အကောင်းပကတိအတိုင်း ရှိနေဆဲပင်။
“ ငါ့ခန္ဓာကိုယ်က အဲ့ဒါကို တောင့်ခံနိုင်လောက်တယ် ”
ရွှီချင်းသည် ထိုသို့အတွေးရလာသောအခါ ချော်ရည်ထဲသို့ တိုက်ရိုက် နစ်မြုပ်သွားသည်။
သူ၏ ခန္ဓာကိုယ်ထက်ဝက်ကျော်က ချော်ရည်အောက်သို့ နစ်မြုပ်သွားသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အလွန်ပူပြင်းသော အပူဓာတ်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေကြောင်း သူအာရုံခံမိသည်။ မီးလောင်ကျွမ်းသော ခံစားမှုသည် သူ့အား ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။
“ ငါ နောက်ထပ် ဆက်မသွားနိုင်တော့ဘူး ”
ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထားလျက် သူက ပါးစပ်ဟလိုက်ပြီး ဘေးပတ်ပတ်လည်မှ မီးတောက်များကို ဆက်လက်စုပ်ယူလိုက်သည်။
များမကြာမီ မီးတောက်များကို အစဉ်မပြတ် စုပ်ယူမှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်သည် ရောင်ခြည်တန်းခြောက်ခုဖြင့် ထွန်းလင်းတောက်ပလာပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ကို အပြည့်အဝ အလင်းပြန်စေသည်။
ထိုအလင်းရောင်အောက်မှာ အသက်မြူခိုး၏ ဝေဝါးမှုသည် နည်းပါးလာသည်။ အထဲမှ သက်စောင့်မီးအိမ်ငါးခုသည် စတင်ကြည်လင်ပြတ်သားလာသည်။
ရွှီချင်း၏ နှလုံးသားထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ခရမ်းသလင်းကျောက်မှ ဖွဲ့စည်းလာသော အလင်းရောင်၏ လားရာကို မထိန်းချုပ်နိုင်သော်လည်း ယင်းက သူ၏ အသိစိတ်ပင်လယ်ထဲရှိ အသက်မြူခိုးပေါ်သို့ အလင်းပြန်သွားသရွေ့ ပထမဆုံး အလင်းရောင်ရရှိမည့်အရာသည် သေချာပေါက် ထီးနက်သက်စောင့်မီးအိမ်ဖြစ်သည်။
အတိတ်တွင် ရေသူကျွန်း၏ ဘုရားကျောင်းထဲမှ သူရရှိခဲ့သော သက်စောင့်မီးအိမ်သည် ရောင်ခြည်တော်ခြောက်သွယ်၏ အလင်းပြန်မှုအောက်မှာ အရည်ပျော်သည့် လက္ခဏာများ ထပ်မံပြလာသည်။
ထီးနက်၏ ကိုယ်ထည်မှ ထိပ်ဖျားသည် ယခင်ကဲ့သို့ ချွန်ထက်ခြင်း မရှိတော့ပေ။ ၎င်းက တဖြည်းဖြည်း လုံးဝန်းလာပြီး ပုံစံမကျဖြစ်လာသည်။ နောက်ဆုံးမှာတော့ ၎င်းက အရည်တစ်စက်သို့ ပြောင်းလဲသွားပြီး အောက်သို့ပြုတ်ကျသွားသည်။
ထိုအရည်စက်က အသိစိတ်ပင်လယ်ထဲသို့ ပြုတ်ကျသွားသည့်အခါ ရွှီချင်း၏ စိတ်ထဲကို ကောင်းကင်ဘုံမိုးကြိုးသွားတစ်စင်း ပစ်ခတ်လိုက်သည့်နှယ် ခံစားသွားမိသည်။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်နှင့် သက်စောင့်မီးအိမ်ထဲမှ ထူးဆန်းသော ဒြပ်ဝတ္ထုများသည် သူ၏ အသိစိတ်ပင်လယ်အတွင်းမှာ ပြန့်ကျဲထွက်သွားပြီး သူ၏ သွေးမျိုးစက်ထဲသို့ ပေါင်းစပ်သွားသည်။
အဖြစ်အပျက်အားလုံးသည် အတိတ်တွင် ရွှီချင်း အတည်ပြုခဲ့သောအရာနှင့် တစ်ထပ်တည်း တူညီ၏။
ရွှီချင်း၏ မျက်လုံးသည် တောက်ပလာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးတောက်များကို ပိုမိုများပြားစွာ စုပ်ယူလိုက်သည်။ ထိုအခါ ခရမ်းရောင် ရောင်ခြည်တန်းခြောက်သွယ်သည် ထပ်မံဖြစ်ပါ်လာပြီး သူ၏ သက်စောင့်မီးအိမ်ကို ဆက်လက်သန့်စင်ပေးနေသည်။
နှစ်နာရီကြာပြီးနောက် ဒုတိယအရည်စက်သည် ထီးနက်သက်စောင့်မီးအိမ်မှ ပြုတ်ကျလာသည်။
ထိုအတောအတွင်း ထီးနက်သက်စောင့်မီးအိမ်မှ ဖြစ်ပေါ်လာသော ဝိညာဉ်နတ်သူငယ်သည်လည်း ကိုယ်ထင်ပြလာသည်။ သက်စောင့်မီးအိမ်က အရည်ပျော်ကျလာနေသည်နှင့်အမျှ ဝိညာဉ်နတ်သူငယ်သည် စတင်ဝေဝါးလာနေသည်။
ရွှီချင်းသည် မီးတောက်များစုပ်ယူခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဝိညာဉ်နတ်သူငယ်ကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။
သူ၏ ဝိညာဉ်နတ်သူငယ်က ထိခိုက်ပျက်စီးသွားခြင်းမဟုတ်ဘဲ အရည်ပျော်နေသော သက်စောင့်မီးအိမ်နှင့် ပေါင်းစပ်သွားနေခြင်းဖြစ်ကြောင်း သေချာသွားသည့်အခါမှ ရွှီချင်းသည် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက မီးတောက်များကို ပြန်လည်စုပ်ယူလိုက်သည်။
သုံးရက်ကုန်ဆုံးသွားသည်။
အဆုံးမရှိသော မီးတောက်များ၏ အားဖြည့်ပေးမှုအောက်မှာ ရွှီချင်းသည် သက်စောင့်မီးအိမ်ကို ဆက်လက်အရည်ပျော်စေသည်။ ယခု ထီးနက်သက်စောင့်မီးအိမ်၏ သုံးဆယ်ရာခိုင်နှုန်းသည် အရည်ပျော်သွားပြီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ၎င်းက သက်စောင့်မီးအိမ်တစ်ခုနှင့် မတူညီတော့ပေ။ ၎င်းက ကျိုးပဲ့နေသော ထီးစုတ်တစ်ချောင်း ဖြစ်လာသည်။
သူ၏ သွေးမျိုးစက်ထဲတွင် သက်စောင့်မီးအိမ်မှ ဖြစ်ပေါ်လာသော ဆန်းကြယ်ဒြပ်ဝတ္ထုများ၏ သိပ်သည်းဆသည်လည်း တိုးမြှင့်လာနေသည်။
သန့်စင်ခြင်းလုပ်ငန်းစဉ်က သေချာသော အဆင့်တစ်ခုထိ ရောက်ရှိသွားသည့်အခါ သူ့ကိုယ်ပိုင်ဖြစ်သော သက်စောင့်မီးအိမ်တစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု ရွှီချင်း ခံစားမိနေသည်။
ထိုသို့တွေးမိသောအခါ ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။
သို့သော်လည်း ရွှီချင်းသည် သူ့ကိုယ်သူ ချုပ်တည်းလိုက်ပြီး မီးတောက်များစုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားသည်။
တစ်ရက်ကြာပျံသန်းပြီးနောက် သူက တခြားဦးတည်ရာကို ပြောင်းလဲလိုက်သည်။ လုံခြုံသော ပတ်ဝန်းကျင်အသစ်သို့ ရောက်ရှိသွားသည့်အခါ သူက မီးတောက်များကို နောက်တစ်ကြိမ် စုပ်ယူရန် ချော်ရည်ထဲသို့ နစ်မြုပ်သွားသည်။
မရင်းနှီးသော ပတ်ဝန်းကျင်တွင် ရှိနေခြင်းကြောင့် ရွှီချင်း၏ သတိကြီးပြီး သံသယများသော အကျင့်စရိုက်သည် ချီယွဲ့ထုံဂိုဏ်းသို့ ပထမဆုံး သူရောက်လာခဲ့စဉ်က အချိန်ကို ပြန်ရောက်သွားစေဟန် ရသည်။
သူသည် နေရာတစ်ခုတည်းတွင် အချိန်ကြာကြာ မနေသင့်ကြောင်း သိသည်။ သို့မဟုတ်လျှင် အန္တရာယ်ဖြစ်နိုင်ခြေသည် အလွန်မြင့်မားလိမ့်မည်။
သူ၏ တည်နေရာကို ပြောင်းလဲပြီးနောက် ရွှီချင်းသည် ဤနေရာတွင် မည်သည့်အမှားအယွင်းမှမရှိကြောင်း သေချာစေရန် ဘေးပတ်ဝန်းကျင်ကို ဦးစွာစစ်ဆေးကြည့်လိုက်သည်။
“ ဒီမီးတောက်ပင်လယ်က စည်းချအစီအရင်ပြုလုပ်ဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်မဟုတ်တာ နှမြောစရာပဲ… မဟုတ်ရင် မီးတောက်စုပ်ယူတဲ့လုပ်ငန်းစဉ်က အများကြီး ပိုလွယ်ကူလာလိမ့်မယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
တစ်ခဏကြာ တွေးတောပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ဝေဝါးလာပြီး ဆန်းကြယ်မိစ္ဆာမျိုးနွယ်၏ အောက်လမ်းတာအိုပုံစံသို့ ပြောင်းလဲသွားသည်။
ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် သူ့ကိုယ်သူ ဖုံးကွယ်နိုင်ပြီး ဘေးပတ်ဝန်းကျင်မှ မီးတောက်များကို ဘေးကင်းစွာ စုပ်ယူနိုင်လိမ့်မည်။
ခရမ်းသလင်းကျောက်မှ ရောင်ခြည်တော်အလင်းများ၏ အစဉ်မပြတ် ထွန်းလင်းမှုကြောင့် ပုံပျက်တွန့်လိမ်နေသော ထီးနက်သက်စောင့်မီးအိမ်သည် ထပ်မံအရည်ပျော်လာသည်။ သို့သော်လည်း အဆုံးသတ်သို့ နီးကပ်လာသည့်အခါ သက်စောင့်မီးအိမ်ကို အရည်ပျော်စေသော လုပ်ငန်းစဉ်သည် ပိုပြီးနှေးကွေးလာသည်။
အထူးသဖြင့် သက်စောင့်မီးအိမ်၏ တည်နေရာကြောင့် ဖြစ်သည်။
သို့ဖြစ်၍ သုံးရက်ကြာပြီးနောက် ရွှီချင်းက သူ၏ တည်နေရာကို ထပ်မံပြောင်းလဲလိုက်သည့်အခါ သက်စောင့်မီးအိမ်သည် ငါးဆယ်ရာခိုင်နှုန်းမျှသာ အရည်ပျော်သေးသည်။
“ ကိစ္စမရှိဘူး… အချိန်လုံလောက်တယ် ”
ရွှီချင်းသည် အလျင်မလိုချေ။ သူ၏ စည်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သည်။ သူက မည်သည့်နေရာတွင်မဆို သုံးရက်ထက် ပိုမနေပေ။ သုံးရက်ပြည့်သည့်အခါတိုင်း တည်နေရာပြောင်းသွားလေ့ရှိပြီး မီးတောက်များကို ထပ်မံစုပ်ယူသည်။
ထိုသို့ဖြင့် ထီးနက်သက်စောင့်မီးအိမ်၏ အရည်ပျော်နှုန်းသည် တဖြည်းဖြည်းချင်း (၅၀)ရာခိုင်နှုန်းမှ (၆၀)ရာခိုင်နှုန်း၊ (၇၀)ရာခိုင်နှုန်း၊ (၈၀)ရာခိုင်နှုန်းအထိ တိုးမြှင့်သွားသည်။
ထိုအတောအတွင်း အနီရောင်သလင်းကျောက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာကြသည်။ အနီရောင်သလင်းကျောက်တစ်ခု ဖြစ်ပေါ်လာသည့်အခါတိုင်း ယင်းတို့ကို သူက အလျှင်အမြန် သိမ်းဆည်းလိုက်သည်။
ထိုအနီရောင်သလင်းကျောက်က မည်သည့်အရာဖြစ်ကြောင်း သူမသေချာပေ။ သို့သော်လည်း ယင်းတို့ကို ထုတ်ဖော်ပြခြင်းသည် မကောင်းမွန်ကြောင်း သူနားလည်သည်။
ရွှီချင်း၏ သတိထားမှုသည် အလဟဿမဖြစ်ချေ။
“ အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက် ”
ကောင်းကင်မီးတောက်ပင်လယ်ပေါ်တွင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူအုပ်စုတစ်စုသည် လေထဲမှာ ပျံသန်းနေကြသည်။
သူတို့သည် ယခင်က ရွှီချင်းမြင်ခဲ့သော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များနှင့် ကွဲပြားခြားနားသည်။ သူတို့၏ ခန္ဓာကိုယ်သည် ကြေးမုံမဟုတ်ချေ။ ယင်းအစား သူတို့ဆီမှာ ရုပ်ခန္ဓာကိုယ်ရှိသည်။
သို့သော်လည်း သူတို့၏ အသွင်အပြင်များသည် သဟဇာတမဖြစ်ကြဘဲ သူတို့၏ ခန္ဓာကိုယ်များသည် တခြားမျိုးနွယ်အသီးသီးထံမှ ဖြစ်သည်။
ထို့အပြင် သူတို့၏ မျက်ခုံးနှစ်ခုကြားတွင် စိန်ပုံသဏ္ဍာန် ကြေးမုံအပိုင်းအစတစ်ခု ရှိသည်။ ကြေးမုံသည် အနီရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် မည်သည့်အက်ကွဲရာမှ မရှိပေ။ ယင်းက ကြည်လင်ပြတ်သားသည်။
သူတို့သည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ အထက်တန်းစားမျိုးနွယ်ဝင်များ၏ နောင်သားမျိုးဆက်များ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့၏ သွေးမျိုးစက်သည် သာမန်မျိုးနွယ်ဝင်များထက် အများကြီး သာလွန်သည်။
ထို့အပြင် သူတို့သည် မျိုးနွယ်ခြားများကို ကျွန်ပြုထားကြပြီး သူတို့၏ ရုပ်သေးခန္ဓာကိုယ်များအဖြစ် ပြုလုပ်ထားကြသည်။
ထိုအုပ်စုကို ဦးဆာင်လာသူသည် ကျောနောက်တွင် အတောင်ပံသုံးစုံရှိသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အကြေးခွံဖြင့် ဖုံးလွှမ်းထားပြီး ညာဘက်လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သံလိုက်အိမ်မြှောင်ပေါ်မှ မျက်နှာပြင်ပေါ်တွင် အနီရောင်တောက်ပနေသော တည်နေရာအမှတ်အသားတစ်ခု ရှိသည်။
“ ဒီနေ့ ငါ့ကံကြမ္မာက မဆိုးဘူးပဲ… အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်တစ်ခုကို တကယ်ကြီး ရှာတွေ့တယ် ”
“ အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်တွေက မီးတောက်ပင်လယ်ရဲ့ ဟိုးအောက်ခြေမှာပဲ ရှိတတ်ကြတာ… တစ်ခါတစ်လေမှ ချော်ရည်ပေါက်ကွဲမှုကြောင့် သလင်းကျောက်တချို့က အပေါ်ထွက်လာတတ်ကြတယ်… ဒါပေမဲ့ အဲ့ဒါတွေက အများကြီး မရှိဘူး ”