ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပြိုင်ပွဲမှာ အလဲအလှယ်လုပ်ဖို့ နေ့မရှိဘူး(ဃ)
Vol. 54 Ch. 837
“ မြန်မြန်သွားကြရအောင်… တကယ်လို့ ငါတို့အရမ်းနောက်ကျသွားမယ်ဆိုရင် တခြားလူတွေ ရှာတွေ့သွားလိမ့်မယ်… အဲ့ဒီအခါ ထပ်ပြီး တိုက်ခိုက်ရလိမ့်မယ် ”
ထိုကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် အသံတိုးညင်းစွာ ပြောသည်။ ထို့နောက် သူတို့သည် သံလိုက်အိမ်မြှောင်ညွှန်ပြသော ဦးတည်ရာသို့ အရှိန်မြှင့်တင်လိုက်ကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့၏ အမူအရာသည် ပြောင်းလဲသွားသည်။
အဖွဲ့ခေါင်းဆောင်၏ လက်ထဲမှာ ကိုင်ထားသော သံလိုက်အိမ်မြှောင်ပေါ်မှ အနီရောင်အစက်သည် ပျောက်သွားသည်။
“ သေစမ်း… တခြားတစ်ယောက်က ယူသွားပြီ ”
“ အဲ့ဒီသလင်းကျောက်ကို ဘယ်သူယူသွားလဲ ကြည့်ရအောင် ”
ထိုသို့အလားတူအဖြစ်အပျက်မျိုးက သူတို့တစ်အုပ်စုတည်းမှာ ဖြစ်ပျက်နေခြင်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ မီးတောက်ပင်လယ်၏ အခြားတစ်ဖက်မှ ကျင့်ကြံသူတချို့သည် ဤကိစ္စကို လိုက်လံစုံစမ်းနေကြသည်။ တစ်ကြိမ်ထက် ပိုပြီးအာရုံခံမိကြသော ကျင့်ကြံသူတချို့ပင် ရှိကြသည်။
“ အဲ့ဒါက နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ပေါ်ပေါ်လာတတ်ပြီး ပေါ်လာတဲ့အခါတိုင်း ချက်ချင်း ပျောက်သွားတယ် ”
“ ဒါဆို အဲ့ဒီကျင့်ကြံသူက ကောင်းကင်မီးသလင်းကျောက်တွေကို ဘယ်လိုရှာတွေ့ပြီး အဲ့လောက်မြန်မြန် သိမ်းယူနိုင်တာလဲ ”
အဝေးရှိ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ ကျင့်ကြံသူများသည် သံလိုက်အိမ်မြှောင်မှတဆင့် ထိုအဖြစ်အပျက်ကို အာရုံခံမိသွားကြသည်။ အပြင်လူများသည် အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ကောင်းကင်မီးတောက်ပင်လယ် အနီးနားတွင် နေထိုင်ကြသော သူတို့အတွက်တော့ အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်၏ တန်ဖိုးကို ရှင်းလင်းစွာ နားလည်ထားကြသည်။
“ ဒီလိုယဇ်ပူဇော်ပစ္စည်းက အချိန်တိုလေးအတွင်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေတာ သေချာပေါက် အကြောင်းအရင်းရှိရမယ် ”
“ သွားပြီး မျိုးနွယ်စောင့်ရှောက်သူကို ပင့်ဖိတ်လာခဲ့ချေ… သူ့ရဲ့ သံလိုက်အိမ်မြှောင်က ငါတို့ဟာထက် ပိုတိကျပြီး အတိုင်းအတာတစ်ခုထိ မီးလျှံအတားအဆီးတွေကို ထိုးဖောက်နိုင်တယ် ”
အပြင်လောက၌ မုန်တိုင်းတစ်ခုအစပျိုးလာနေစဉ် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးအိမ် အရည်ဖျော်ခြင်းလုပ်ငန်းစဉ်ကို လုံးလုံးစိတ်နှစ်မြှုပ်ထားသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထီးနက်သက်စောင့်မီးအိမ်သည် (၉၀)ရာခိုင်နှုန်းကျော်အထိ အရည်ပျော်သွားပြီ ဖြစ်သည်။ အပြည့်အဝ အရည်ပျော်ရန် အနည်းငယ်မျှသာ လိုတော့သည်။
“ အများဆုံး တစ်ရက်ပဲ ”
ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ အာရုံခံလိုက်သည်။ သူသည် အပြင်လောကမှ ဂယက်ထမှုနှင့်ပတ်သက်ပြီး ဘာမှမသိသော်လည်း ဤရက်များတွင် မိုဆာဆောသည် သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့သည်။ ယင်းက ရွှီချင်းအား ပိုပြီးသတိထားလာစေသည်။
ထို့ကြောင့် သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ရင်ဘက်အထိ နစ်မြုပ်နေသော ချော်ရည်ကို ကြည့်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး လင်းအာကို သူ၏ ခန္ဓာကိုယ်ထဲမှ မိုဆာဆောနတ်နန်းတော်ထဲသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူက ချော်ရည်ထဲသို့ နစ်မြုပ်သွားသည်။
ချက်ချင်းဆိုသလို ချော်ရည်သည် ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။
ရွှီချင်း၏ အရှိန်အဝါသည်လည်း ချော်ရည်ကြောင့် ဖျောက်ဖျက်ခံလိုက်ရသည်။
သို့သော်လည်း သူသည် အနက်ပိုင်းထဲထိ မနစ်မြုပ်နိုင်ပေ။ အများဆုံး သူသည် အနက်ငါးပေခန့်သာ နစ်မြုပ်နိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော အပူက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ထိုးဖောက်ဝင်လာနေစဉ် ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ချော်ရည်ထဲမှာ ဖြတ်သန်းသွားရန် အရှိန်တိုးမြှင့်လိုက်သည်။
ယင်းက သူ၏ အရှိန်အဝါနှင့် ခြေရာလက်ရာများကို လုံးလုံးလျားလျား ဖျောက်ဖျက်နိုင်လိမ့်မည်။
သူက ယခင်တည်နေရာနှင့် အလွန်ဝေးကွာသောနေရာသို့ ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်သော အကန့်အသတ်သို့ ရောက်သွားသည့်အခါမှ နောက်တဖန် တင်ပျဉ်ခွေထိုင်လိုက်ပြီး မီးတောက်များကို စုပ်ယူလိုက်သည်။
နောက်အခိုက်အတန့်မှာ အဆုံးမဲ့မီးတောက်မီးလျှံများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ ခရမ်းသလင်းကျောက်သည် အနည်းငယ် တုန်ခါသွားပြီး ပို၍တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်း နာရီ(၂၀)ကုန်လွန်သွားသည်။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ ထီးနက်သက်စောင့်မီးအိမ်သည် အက်ကွဲသံများ ထုတ်လွှတ်လာသည်။ ကျန်ရှိသော အစိတ်အပိုင်းက နောက်ဆုံးမှာတော့ နောက်ကျိသောအရည်စက်သို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
ဗုန်းဟူသော မြည်သံနှင့်အတူ အရည်စက်သည် ပေါက်ကွဲထွက်သွားပြီး ပဲ့တင်ထပ်သံများကို ဖြစ်ပေါ်လာစေသည်။
ထီးနက်သက်စောင့်မီးအိမ်သည် တစ်လနီးပါးကြာပြီးနောက် လုံးလုံးလျားလျား အရည်ပျော်သွားသည်။
ပဲ့တင်ထပ်သံများသည် အဆုံးမဲ့သော လှိုင်းဂယက်များကို လှုံ့ဆော်လိုက်သည်။ ယင်းက ကောင်းကင်အထိ ရိုက်ခတ်သွားပြီး ကောင်းကင်မိုးကြိုးကို ဆွဲဆောင်သွားသည်။ မိုးထစ်ချုန်းသံသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ပေါက်ကွဲထွက်လာသည်။
ဤအခိုက်အတန့်မှာ အလွန်အားကောင်းသော တုန်ရီမှုသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ချော်ရည်အတွင်းတွင် သူက အပူဒဏ်ကို မကြောက်မရွံဘဲ ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။ ထိုစဉ် မြူခိုးငွေ့များသည် အလျှင်အမြန် ပျံ့နှံ့လာပြီး သူ၏ အမြင်အာရုံကို ဖုံးအုပ်သွားသည်။
မြူခိုးသည် သူ၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်ရွေ့လျားနေပြီး သူ့အနားသို့ ချော်ရည်များ မချဉ်းကပ်နိုင်အောင် ကာကွယ်ပေးနေသည်။
ကောင်းကင်မိုးကြိုးက ဆက်လက် ထစ်ချုန်းသွားသည်နှင့် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ ချော်ရည်သည် တအိအိ လှုပ်ရှားထကြွလာသည်။ ထို့နောက် ဧရာမဝဲကတော့တစ်ခုသည် ရွှီချင်းကို ဗဟိုထား၍ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အပေါ်မှာ ထွက်ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်လာသည်။ ဝဲကတော့၏ လှည့်ပတ်သော အမြန်နှုန်းသည် အလွန်အမင်း မြန်ဆန်သည်မှာ ရှင်းလင်း၏။ သို့သော်လည်း ပေတစ်သောင်းအကျယ်အဝန်း၏ အပြင်ဘက်ရှိ မီးတောက်ပင်လယ်ထဲမှ မည်သူမှ ထိုအဖြစ်အပျက်ကို သတိမထားမိကြချေ။ ထိုဧရိယာ၏ အပြင်ဘက်တွင် အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေဟန် ရသည်။
ပေတစ်သောင်းအကျယ်အဝန်းထဲမှာသာ အချိန်ကာလက ခြားနားနေဟန် ရသည်။
ဝဲကတော့က အလွန်မြန်ဆန်သော အလျင်ဖြင့် လှည့်ပတ်လာနေစဉ် ရွှီချင်းသည် အထဲမှာ တင်ပျဉ်ခွေလျက်ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တလက်လက် တောက်ပလာနေစဉ် အသက်စွမ်းအင်အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲထွက်လာသည်။
ပို၍ကြီးမားသော မုန်တိုင်းသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲရှိ ထီးနက်သက်စောင့်မီးအိမ် ပျောက်ကွယ်သွားသောနေရာမှာ ဖြစ်ပေါ်လာသည်။
အရေအတွက်များပြားသော ခရမ်းရောင်ချည်မျှင်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး ထိုနေရာတွင် စုစည်းသွားကြသည်။
ထိုချည်မျှင်များက ဆက်လက် ရစ်ပတ်သွားသည်နှင့်အမျှ သက်စောင့်မီးအိမ်အသစ်တစ်ခုသည် ဖြစ်ပေါ်လာသည်။
ထိုသက်စောင့်မီးအိမ်သည် ရွှီချင်း၏ သွေးမျိုးစက်ကို အဓိကအရင်းအမြစ်အဖြစ် အသုံးပြု၍ ဖြစ်တည်လာနေခြင်းဖြစ်သည်။ ၎င်းသည် ဤလောကကြီးတွင် ပြိုင်ဘက်ကင်းသည်။
ရှေးဘုရင်များနှင့် ရှေးဟောင်းအုပ်ချုပ်သူများ၏ သက်စောင့်မီးအိမ်မွေးဖွားပုံသည် ဤပုံစံအတိုင်းသာ ဖြစ်သည်။
ရှေးခေတ်ကာလကတည်းက နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနိုင်သူများသည် ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင် အလွန်အမင်း ရှားပါးသွားချေ၏။
သို့ဖြစ်၍ သက်စောင့်မီးအိမ်အသစ်တစ်ခု ပေါ်ထွက်လာရန် ကိစ္စသည် အလွန်အမင်း ရှားပါးသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဤလောကကြီးတွင် တစ်ခါမှ မထွက်ပေါ်လာဖူးသော သက်စောင့်မီးအိမ်အသစ်တစ်ခုသည် စတင်မွေးဖွားလာနေပြီ ဖြစ်သည်။
ပထမဆုံးထွက်ပေါ်လာသည်မှာ ခရမ်းရောင် ကျောက်စိမ်းဒိုင်ကွက်ပြားတစ်ခု ဖြစ်သည်။ ၎င်းက တိမ်းစောင်းသွားပြီး ထောင်မတ်လာသည်။ ဒိုင်ကွက်ပြားပေါ်တွင် အချိန်နှစ်ဆယ့်လေးနာရီကို အပိုင်းတစ်ခုစီဖြင့် မှတ်သားထားသည်။ အပိုင်းတစ်ခုစီတွင် မှော်သင်္ကေတအများအပြားဖြင့် ပြည့်နှက်နေလေရာ ခရမ်းရောင် ကျောက်စိမ်းဒိုင်ကွက်ပြားက ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးသည်။
ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခရမ်းရောင်ချည်မျှင်များ၏ ပေါင်းစည်းမှုအောက်မှာ ဒိုင်ကွက်ပြား၏ အလယ်ဗဟိုတွင် နေနာရီလက်တံတစ်ခု တဖြည်းဖြည်း ဖွဲ့စည်းလာသည်။
နေနာရီလက်တံနှင့်အတူ အလယ်ဗဟိုတွင် လှည့်ပတ်ပျံသန်းနေသော အလင်းဘောလုံးတစ်လုံးလည်း ရှိသည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် အလင်းဘောလုံးအတွင်းမှာ တင်ပျဉ်ခွေလျက် ထိုင်နေသူသည် ရွှီချင်း၏ ဝိညာဉ်နတ်သူငယ် ဖြစ်သည်။
ဝိညာဉ်နတ်သူငယ်မှ ထုတ်လွှတ်လိုက်သော အလင်းရောင်က နေနာရီလက်တံပေါ်သို့ ကျရောက်သွားသည့်အခါ လက်တံ၏ အရိပ်သည် ဒိုင်ကွက်ပြားပေါ်မှာ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။
ဒါက နေနာရီပဲ…
ရွှီချင်း၏ သက်စောင့်မီးအိမ်သည် နေနာရီဖြစ်သည်။
နေနာရီ၏ ဒိုင်ကွက်ပြားကို ခရမ်းရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေရောင်အပ်သည် နေနာရီ၏ လက်တံဖြစ်သည်။
အလင်းရောင်သည် ကောင်းကင်ယံတွင် လှည့်ပတ်နေပြီး အချိန်၏ အရိပ်များကို ဖန်တီးနေသည်။
နေနာရီလက်တံက ရွေ့လျားသွားသည့်အခါ အလင်းနှင့် အရိပ်သည် ထာဝရတည်ရှိမှုသို့ ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သည့် ပြိုင်ပွဲတွင် အလဲအလှယ်လုပ်ရန် နေ့မရှိပေ။